Pages

Friday, May 21, 2010

မြန်မာနိုင်ငံရှိ အာဏာရှင်စနစ်၊ ကသောင်းကနင်း အခြေအနေနှင့် ပြိုယွင်းကျဆင်းနေမှု (၁၃)။ မြန်မာနိုင်ငံ နယ်စပ်ဒေသ များရှိ ကျန်မာရေးစောင့်ရှောက်မှု အခြေအနေ


သြစတြေလျအမျိုးသား တက္ကသိုလ်က ထုတ်ဝေတဲ့ "မြန်မာနိုင်ငံရှိ အာဏာရှင်စနစ်၊ ကသောင်းကနင်း အခြေအနေနဲ့ ပြိုယွင်းကျဆင်းနေမှု" စာအုပ်ကို တင်ပြနေ ပါတယ်။ ၂ဝဝ၇ ခုနှစ်၊ သံဃာတော်တွေ ဦးဆောင်တဲ့ ရွှေဝါရောင် တော်လှန်ရေး နောက်ပိုင်း မြန်မာနိုင်ငံရဲ့ နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေး အခြေအနေတွေကို သုံးသပ် ဖော်ပြထားတဲ့ စာရေးသူအများရဲ့ ဆောင်းပါးပေါင်းစုံ စာအုပ်ဖြစ်ပါတယ်။ ဒီတပတ်မှာတော့ စာအုပ်နောက်ဆုံး အခန်းအဖြစ် မြန်မာနိုင်ငံ နယ်စပ်ဒေသရှိ ကျန်းမာရေး စောင့်ရှောက်မှု အခြေအနေအကြောင်း ဆက်လက် တင်ပြပါမယ်။

သောတရှင် မိတ်ဆွေများခင်ဗျား။
မြန်မာနိုင်ငံ နယ်စပ်ဒေသက ကျန်းမာရေးအခြေအနေအကြောင်း ဆောင်းပါးကို လူအများ စုပေါင်းရေးသား ထားကြတာ ဖြစ်ပါတယ်။ စောမန်းမန်း၊ ကက်သရင်း စီ-တီလာ၊ ကက်သရင်း အိုင်-လီး၊ ကာရာ အိုကော်နာ တို့ စုပေါင်းရေးသားထား ကြတာ ဖြစ်ပါတယ်။ အရင်တပတ်ကတော့ မြန်မာတနိုင်ငံလုံးမှာ ကျန်းမာရေး စောင့် ရှောက်မှုစနစ် ကျဆင်းညံ့ဖျင်းလာတဲ့ အကြောင်း တင်ပြခဲ့ပါတယ်။ ဒီလိုကျဆင်းလာတဲ့ ကျန်းမာရေးအခြေအနေ က တိုင်းရင်းသားအများစု နေထိုင်ကြတဲ့ ဝေးလံခေါင်သီတဲ့ နယ်စပ်ဒေသတွေမှာ ဆိုလို့ရှိရင် ပိုလို့ဆိုးပါတယ်။ ကျန်းမာရေးစောင့်ရှောက်မှု စနစ်ညံ့ဖျင်းတဲ့ အခြေအနေသာမက စစ်ပွဲတွေ၊ ဖိနှိပ်ဆက်ဆံခံနေရတဲ့ လူ့အခွင့် အရေးချိုးဖောက်မှုတွေ၊ နှစ်ပေါင်း ၅ဝ-ကျော်ကြာ ဖြစ်ပွားလာတဲ့ ပြည်တွင်းစစ်ဆိုးကျိုးတွေကိုလည်း ခံစားနေ ကြရပါတယ်။ ဒီဒေသမှာ ဖွံ့ဖြိုးမှုကလည်း အထူးနိမ့်ကျ လှပါတယ်။ စစ်ပွဲတွေ လူ့အခွင့်အရေးချိုးဖောက်မှုတွေ ကြောင့် အိုးအိမ်စွန့်ပစ် ထွက်ပြေးရတာတွေရှိသလို၊ (နဝတ-နအဖ) စစ်အစိုးရ တက်လာပြီးနောက်ပိုင်းမှာမှ အဓမ္မလုပ်အားခိုင်းစေမှုကလည်း သိသိသာသာ တိုးများလာပါတယ်။ ဖွံ့ဖြိုးရေးစီမံကိန်းကြီးတွေကြောင့်လည်း လူတွေ အိုးအိမ်စွန့်ပစ် ထွက်ပြေးရတာ၊ သူတို့ အိုးအိမ်ကနေ အတင်းအကျပ် နှင်ထုတ်ခံရတဲ့ ဖြစ်ရပ်တွေလည်း အများအပြား ရှိခဲ့ကြပါတယ်။ ဒီလိုထွက်ပြေးတဲ့ ဒုက္ခသည်အချို့ကတော့ အိမ်နီးချင်း နိုင်ငံတွေဆီမှာ ခိုလှုံနိုင် ကြပါတယ်။ ဒါပေမယ့် အများစုကတော့ နယ်စပ်ဖြတ်ကျော် မထွက်ပြေးနိုင်ကြဘဲ တောတောင်ထဲ ပြေးလွှားပုန်း အောင်းနေကြရတာလည်း ရှိပါတယ်။ အချို့က လည်း သူတို့ဘိုးဘွားပိုင် အိမ်ယာတွေကို စွန့်ပစ်မထွက် ပြေးချင် ကြလို့ တဝဲလည်လည်နဲ့ စစ်တပ်လာရင် ပြေးရှောင်လိုက်၊ မရှိရင် ပြန်နေလိုက် လုပ်နေကြတာမျိုးလည်း ရှိပါ တယ်။ ဒီလို ပြည်တွင်းမှာပဲ ပြေးလွှားနေကြရတဲ့ ဒုက္ခသည်တွေကို (IDP) (ပြည်တွင်းဒုက္ခသည်) တွေလို့ ခေါ်ကြ ပါတယ်။ မြန်မာစစ်တပ်က နေရာအနှံ့အပြားမှာ တိုးချဲ့ချထားလာတာကြောင့် ပိုလို့ အကျပ်အတည်း ကြုံနေကြ ရပါတယ်။ အခု ဆောင်းပါးမှာ အဓိကထားလေ့လာထားတာကတော့ အဲသည်ပြည်တွင်း ဒုက္ခသည် တွေရဲ့ ကျန်းမာရေး အခြေအနေပါ။

စစ်တပ်က တိုင်းရင်းသားသူပုန်အုပ်စုတွေကို အရင်ကတော့ ဖြတ် ၄ ဖြတ်စစ်ဆင်ရေးနဲ့ အင်အားချိနဲ့အောင် လုပ်လေ့ ရှိကြပါတယ်။ ဖြတ် ၄-ဖြတ် ဆိုတာကတော့ လူတွေ့ရင် သတ်ဖြတ်တာ၊ ရိက္ခာဖြတ်တောက်တာ၊ သတင်း အဆက်အသွယ် ဖြတ်တောက်တာနဲ့ ရန်ပုံငွေဖြတ်တောက်တာတွေ လုပ်ပါတယ်။ အထူးထိခိုက်နစ်နာ ရတာကတော့ ပြည်သူလူထုတွေပါပဲ။ တခါ အခုကာလမှာ နေပြည်တော်မြို့သစ်တည်ဆောက်ပြီး မြို့တော်သစ် လုံခြုံရေးအတွက် တောင်ငူ၊ ပျဉ်းမနား အရှေ့ခြမ်း တောင်တန်းဒေသက တိုင်းရင်းသားတွေကို မောင်းထုတ်တာ တွေ၊ မြန်မာနိုင်ငံ အရှေ့ဖျားဒေသမှာ အပစ်အခတ်ရပ်စဲရေး မလုပ်သေးတဲ့ ကရင်၊ ကရင်နီ တိုင်းရင်းသားတွေ ကို တိုးလို့ ထိုးစစ်ဆင်တာတွေ လုပ်ခဲ့ပါတယ်။ ဒီဆောင်းပါးမှာ ဖော်ပြထားတာကတော့ အဲသလို ပြည်သူတွေ ကို ပစ်မှတ်ထားလာလိုက်တာ ၂ဝဝ၆ ခုနှစ်၊ ဖေဖေါ်ဝါရီလက စခဲ့တဲ့ စစ်ဆင်ရေးတွေကြောင့် လူ ၃၆ဝ ကျော် သေဆုံး၊ ၃ဝ,ဝဝဝ ကျော် အိုးအိမ်မဲ့ ဖြစ်ခဲ့ရတယ်လို့ ဖော်ပြပါတယ်။ အခုအခါ အပစ်ခတ်ရပ်စဲထားတဲ့အဖွဲ့တွေ ကိုလည်း မြန်မာ့တပ်မတော်အောက်မှာ နယ်ခြားစောင့်တပ်အဖြစ် နေရမယ်လို့ အတင်းအကျပ် ပုံသွင်းနေတာ ကြောင့် တင်းမာမှုတွေလည်း ဖြစ်နေရပါတယ်။ ဒီလို ပြည်တွင်းဒုက္ခသည်တွေက အစိုးရက ထောက်ပံ့ပေးတဲ့ ကျန်းမာရေးဝန်ဆောင်မှုတွေကို မရနိုင်ကြပါဘူး။ နယ်စပ်ဖြတ်ကျော်ပြီး တချို့ အစိုးရမဟုတ်တဲ့ အန်ဂျီအိုအဖွဲ့ တွေ၊ တိုင်းရင်းသား အဖွဲ့တွေ ပေးတဲ့ အကူအညီတွေကို မှီခိုရပ်တည်နေကြရတာ ဖြစ်ပါတယ်။ သူတို့ ရပ်တည် နေရတဲ့ အခြေအနေကို လေ့လာတင်ပြထားတဲ့ နာတာရှည်ခံစားနေရတဲ့ အရေးပေါ်ကပ်ဘေး အခြေအနေ (Chronic emergency) ဆိုတဲ့ အစီရင်ခံစာလည်း ရှိပါသေးတယ်။

ဒီလို ပြည်တွင်းဒုက္ခသည်တွေမှာ လူအသေအပျောက်အများဆုံး ခံစားကြရတဲ့ ရောဂါကတော့ ငှက်ဖျားရောဂါ လို့ဆိုပါ တယ်။ ၁၂ ရာခိုင်နှုန်းအထိ သေနှုန်းရှိတယ်လို့ ဆိုပါတယ်။ တောထဲတောင်ထဲ ပြေးလွှားနေရတဲ အခြေအနေကိုလည်း ထင်ဟပ်ဖော်ပြရာ ရောက်ပါတယ်။ ဒုတိယပြဿနာကတော့ အာဟာရချို့တဲ့မှုပြဿနာပါ။ ကလေး ၁၅ % လောက်မှာ အာဟာရချို့တဲ့မှု လက္ခဏာတွေ တွေ့နေရပါတယ်။ ဒါအပြင် လူ့အခွင့်အရေးချိုး ဖောက် ဖိနှိပ်မှုတွေ၊ သူတို့ရိက္ခာတွေ လုယက်ဖျက်ဆီးခံရတာ၊ စားနပ်ရိက္ခာ မလုံခြုံမှုကိုလည်း ကြုံတွေ့နေရတဲ့ အပြင်၊ သေစေလောက်တဲ့ မြေမြုပ်မိုင်း တွေကြားထဲ ပြေးလွှားနေကြရသူတွေပါ။ အချို့အဖွဲ့အစည်းတွေလေ့လာ ခန့်မှန်းချက်အရ အဲသည်လို ပြည်တွင်းဒုက္ခသည် အရေအတွက်က ၆ သိန်းကနေ တသန်းလောက်တောင်ရှိ တယ်လို့ ဆိုပါတယ်။

ပြည်တွင်းမှာ အခြေစိုက်ကြတဲ့ အဲန်ဂျီအိုခေါ် နိုင်ငံတကာအကူအညီပေးရေးအဖွဲ့တွေက နယ်စပ်ဒေသတွေကို လက်လှမ်း မမှီကြတော့ နယ်စပ်ဖြတ်ကျော်ပြီး အချို့အဖွဲ့တွေက အကူအညီပေးကြရပါတယ်။ ဒီအဖွဲ့တွေ အကြောင်းကိုလည်း အကျဉ်းဖော်ပြထားပါတယ်။ အဲဒီလို အကူအညီပေးနေကြတဲ့ အဖွဲ့တွေက နယ်လှည့် ကျောပိုးအိပ်ကျန်းမာရေး လုပ်သားများအဖွဲ့၊ ဒေါက်တာ စင်သီယာမောင် ဦးဆောင်တဲ့ မယ်တော်ဆေးခန်း၊ နယ်စပ် အခြေစိုက် မြန်မာနိုင်ငံ ကျန်းမာရေးပညာရှင်များအဖွဲ့ (BMA)၊ အမျိုးသား ကျန်းမာရေးနဲ့ ပညာရေး ကော်မီတီ (NHEC) ၊ ကရင်၊ ကရင်နီစသဖြင့် တိုင်းရင်းသားအဖွဲ့အစည်းတွေရဲ့ ကျန်းမာရေးဌာနတွေ ပါဝင် ကြပါတယ်။ ဒီအဖွဲ့တွေက ကျန်းမာရေး ပြုစု စောင့်ရှောက် ပေးမှုအပြင်၊ ကျန်းမာရေး ပညာပေး၊ မျိုးဆက်ပွား ကျန်းမာရေးကိစ္စတွေကိုလည်း ဆောင်ရွက်ကူညီပေးကြပါတယ်။ ဒီအဖွဲ့တွေထဲမှာ နယ်လှည့် ကျောပိုးအိပ် ဆေးလုပ်သားတွေအကြောင်း ဖော်ပြထားရာမှာ သူတို့အဖွဲ့တွေက တောတောင်ထဲမှာ အဖွဲ့လိုက်လှည့်လည် လို့ ပြည်တွင်းဒုက္ခသည်တွေကို ရှာဖွေကြပါတယ်။ ယေဘုယျအားဖြင့် ကျောပိုးအိပ်ဆေးအဖွဲ့ တဖွဲ့ဆိုရင် လူ ဦးရေ ၂ဝဝဝ လောက်ကို ကြည့်ရှုပေးနိုင်ပါတယ်။ ဒီအဖွဲ့သားတွေက ထိုင်းနိုင်ငံ နယ်စပ်မှာ သင်တန်းတွေရယူ နိုင်ကြသလို၊ တောတောင်ထဲ ပြေးလွှားနေရတဲ့သူတွေမှာ မိခင်နဲ့ ကလေးသေနှုန်း ကျဆင်းလာစေဖို့ ပညာပေး မှုတွေ၊ အရပ်လက်သည်တွေကို လေ့ကျင့်သင်တန်းပေးတာတွေလည်း လုပ်ဆောင် ကြပါတယ်။ ဒေါက်တာ စင်သီယာမောင်ရဲ့ မယ်တော်ဆေးခန်းကတော့ ဒုက္ခသည်တွေနဲ့ မြန်မာနိုင်ငံတွင်းမှာ ကျန်းမာရေးစရိတ်ကြီးမြင့် လွန်းလို့ ဆေးကုသခံဖို့လာကြတဲ့သူတွေကို ကုသပေးကြပါတယ်။ တိုင်းရင်းသားအဖွဲ့တွေရဲ့ ကျန်းမာရေးဌာန တွေကလည်း သူတို့ပိုင်ဆိုင်ဆက်စပ်ရာ ဒေသတွေမှာ နိုင်သမျှ ဝန်ထမ်းပေးကြပါတယ်။ သူတို့လုပ်ငန်းက လူသားချင်းစာနာမှု ကူညီတဲ့ လုပ်ငန်းဖြစ်ပေမယ့် သူပုန်တွေကို ပံ့ပိုးနေတယ်ဆိုတဲ့ စွပ်စွဲချက်တွေလည်းရှိပါ တယ်။ မြန်မာစစ်အစိုးရ တပ်တွေနဲ့ တွေ့ကြတဲ့အခါမှာလည်း သူတို့အတွက် အန္တရာယ်က မသေးလှပါဘူး၊ အသက် အန္တရာယ်ရှိနေတဲ့ကြားက စွန့်စားဆောင်ရွက်ပေးနေကြရတာပါ။ ဒီအဖွဲ့တွေနဲ့ ပူးပေါင်းဆောင်ရွက်နေ တဲ့ နိုင်ငံတကာအဖွဲ့အစည်း အများအပြားလည်း ရှိပါတယ်။ ဥပမာအဖြစ် ဒီဆောင်းပါးမှာတော့ (Planet Care/ Global Health Access Program) ကို မိတ်ဖက်နိုင်ငံတကာ အဖွဲ့တခုအဖြစ် ဖော်ပြထားပါတယ်။

ဒီလိုအခက်အခဲတွေကြားမှာ ဆောင်ရွက်နေရပေမယ့် အောင်မြင်မှုတွေလည်း ရှိသလောက် ရှိပါတယ်။ နယ်လှည့် ကျောပိုး အိပ်ဆေးအဖွဲ့က ၂ဝဝ၆ ခုနှစ်အတွင်းမှာ ရောဂါဝေဒနာရှင်ပေါင်း ၇-သောင်းကျော်ကို ကုသ ပေးနိုင်ခဲ့တဲ့အပြင်၊ လက်သည်သင်တန်းတွေ၊ ငှက်ဖျားရောဂါ ထိန်းချုပ်ရေး အစီအစဉ်တွေ၊ လူမှုရေး သုတေ သန လုပ်ငန်းတွေကိုလည်း ဆောင်ရွက်ပေးနိုင်ခဲ့ပါတယ်။ နယ်စပ်တလျှောက် ကျန်းမာရေးနဲ့ ပတ်သက်တဲ့ သတင်း အချက်အလက်စနစ် (Health Information System) တရပ်ကိုလည်း တည်ဆောက်လုပ်ကိုင် နေကြပါတယ်။ ဒါပေမယ့် နိဂုံးချုပ်သုံးသပ်ချက် အနေနဲ့တော့ မြန်မာနိုင်ငံမှာ လူ့အခွင့်အရေးချိုးဖောက်မှုတွေ မရပ်စဲနိုင်သရွေ့ သူတို့ ကျန်းမာရေးနဲ့ပတ်သက်တဲ့ အောင်မြင်တဲ့ စွမ်းဆောင်မှုတွေကိုလည်း ဆက်ထိန်း သိမ်းထားဖို့ ခက်လိမ့်မယ်လို့ ဖော်ပြခဲ့ကြောင်းပါခင်ဗျား။ ဒီစာအုပ်မှာတော့ ဒီဆောင်းပါးက နောက်ဆုံးပါပဲ၊ နောက်တပတ်မှာတော့ စာအုပ် သစ်တအုပ်ကို မိတ်ဆက်တင်ပြပေးဖို့ စဉ်းစားထားပါတယ်။ အားလုံး ငြိမ်းချမ်း ပျော်ရွှင်ကြပါစေ။

(ယခု ဆောင်းပါးကို လွတ်လပ်သောအာရှအသံ မြန်မာပိုင်းအစီအစဉ် RFA မှ ထုတ်လွှင့်သွားခဲ့ပြီး ဖြစ်ပါသည်။ RFA ၏ မူပိုင်သာဖြစ်ပြီး ပြန်လည်ဖော်ပြခြင်း ဖြစ်သည်။)

No comments:

Recent Comments