Pages

Tuesday, May 4, 2010

မြန်မာနိုင်ငံရှိ အာဏာရှင်စနစ်၊ ကသောင်းကနင်း အခြေအနေနှင့် ပြိုယွင်းကျဆင်းနေမှု (၁ဝ)။ မြန်မာနိုင်ငံ ပညာရေး အခြေအနေနှင့် အရပ်ဖက်လူမှုအဖွဲ့အစည်းများ


သြစတြေလျအမျိုးသား တက္ကသိုလ်က ထုတ်ဝေတဲ့ "မြန်မာနိုင်ငံရှိ အာဏာရှင်စနစ်၊ ကသောင်းကနင်း အခြေအနေနဲ့ ပြိုယွင်းကျဆင်းနေမှု" စာအုပ်ကို တင်ပြနေ ပါတယ်။ ၂ဝဝ၇ ခုနှစ်၊ သံဃာတော်တွေ ဦးဆောင်တဲ့ ရွှေဝါရောင် တော်လှန်ရေး နောက်ပိုင်း မြန်မာနိုင်ငံရဲ့ နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေး အခြေအနေတွေကို သုံးသပ် ဖော်ပြထားတဲ့ စာရေးသူအများရဲ့ ဆောင်းပါးပေါင်းစုံ စာအုပ်ဖြစ်ပါတယ်။ ဒီတပတ်မှာတော့ မြန်မာနိုင်ငံ ပညာရေးစနစ်မှာ နိုင်ငံတော်အစိုးရက ပံ့ပိုးအားပေးမှု ချိနဲ့အားနည်းနေတဲ့နေရာမှာ ရပ်ရွာလူမှုအဖွဲ့အစည်းတွေက ဝင်ရောက် ဖြည့်ဆည်း ကူညီနေရပုံကို ဆက်လက်တင်ပြပါမယ်။

သောတရှင် မိတ်ဆွေများခင်ဗျား။
မြန်မာနိုင်ငံမှာ အစိုးရက ပညာရေးကဏ္ဍမှာ ပံ့ပိုးထောက်ပံ့ပေးမှု အားနည်းလှပါတယ်။ ဒီအနေအထားမှာ တိုင်းပြည်က ကလေးတွေရဲ့ပညာရေးကိစ္စတွေအတွက် ရပ်ရွာ၊ အရပ်ဖက်လူမှုအဖွဲ့အစည်းတွေက တတတ် တအား ဝင်ရောက်ဖြည့်စွက် ကူညီကြရပါတယ်။ ဒီအကြောင်းကို ဂျပ်စ်မင် လော့ခ်ျ (Jasmin Lorch) က သေသေချာချာ လေ့လာပြီး၊ ဆောင်းပါး ရေးသားထားခဲ့ပါတယ်။ သူက ဂျာမန်နိုင်ငံသူ ပညာရှင်တဦးဖြစ်ပြီး မြန်မာနိုင်ငံမှာ အရပ်ဖက်လူမှုအဖွဲ့အစည်းတွေ ဖွံ့òဖိးတိုးတက်လာပုံ၊ တိုင်းရင်းသားအရေးကိစ္စတွေနဲ့ အရှေ့ တောင်အာရှ ဒေသဆိုင်ရာကိစ္စတွေအကြောင်း လေ့လာနေသူ ဖြစ်ပါတယ်။ သူ့ဆောင်းပါးကို "နိုင်ငံတော်ရဲ့ အားနည်းနေတဲ့ ကဏ္ဍမှာ အရပ်ဖက်လူမှုအဖွဲ့အစည်းတွေ ပြန်လည်ထူထောင်လာပုံ၊ မြန်မာနိုင်ငံ ပညာရေး ကဏ္ဍနဲ့ ပတ်သက်လို့ လေ့လာချက်"လို့ အမည်ပေးထားပါတယ်။

မြန်မာနိုင်ငံမှာ အစိုးရက ပညာရေးကဏ္ဍအတွက် တိုင်းပြည်စုစုပေါင်းထွက်ကုန်တန်ဖိုး (ဂျီဒီပီ) ရဲ့ ၁ ရာခိုင်နှုန်း ပဲ သုံးစွဲပါတယ်။ အဲဒီအခြေအနေမှာ ပညာရေးကဏ္ဍမှာ ချို့တဲ့တာ အံ့သြစရာတော့ မရှိပါဘူး။ ကျေးလက် ဒေသ တွေမှာ ဆိုရင် ကျောင်းတွေ မဆောက်နိုင်သလို၊ အချို့ကျောင်းတွေကို ပြန်ပြင်ဆင်နိုင်တဲ့ အနေအထား မရှိပါ ဘူး။ ကျောင်းတွေမှာလည်း ဆရာကမရှိ၊ ဆရာရှိပြန်ရင်လည်း ကျောင်းက ကောင်းကောင်းစာမသင်နိုင်တဲ့ အနေအထားပါ။ အဲဒါအပြင် ဆရာ-ဆရာမတွေကို လေ့ကျင့်သင်တန်းပေးရေးကိစ္စတွေမှာလည်း တဖြည်းဖြည်း အားနည်း ကျဆင်း လာပါတယ်။ ကျောင်းသုံးဖတ်စာအုပ်၊ သင်ကြားမှုထောက်ကူပစ္စည်းတွေကလည်း အားနည်း ချို့တဲ့ပါတယ်။ ဒီလိုအခြေအနေမှာ ပညာရေးတစုံလုံးနိမ့်ကျလာရပါတယ်။ အရင်တပတ်က ဖော်ပြ ခဲ့တဲ့ မာရီ လားလ်ရဲ့ လေ့လာချက်အရဆိုရင် အဲသလို ပညာရေးနိမ့်ကျလာတဲ့အခါ တတ်နိုင်တဲ့မိဘတွေက သားသမီး တွေကို နိုင်ငံခြားပို့ကြပါတယ်။ နိုင်ငံခြားမပို့နိုင်ရင်လည်း ပုဂ္ဂလိက ဘော်ဒါကျောင်းထားကြပါတယ်။ ကျောင်းစရိတ်ကြီးလွန်းလို့ မတတ်နိုင်တဲ့ မိဘတွေကတော့ ရပ်ရွာတွေက ဖွင့်တဲ့ကျောင်း၊ ဘုန်းတော်ကြီးသင် စာသင်ကျောင်းတွေမှာ ကလေးတွေကို ပို့ပြီး ပညာသင်ကြားစေရတာမျိုး ဖြစ်လာပါတယ်။

အခုလို ပညာရေးကဏ္ဍမှာ အရပ်ဖက် လူမှုအဖွဲ့တွေက ဖြည့်ဆည်းကူညီလာရပုံကို လေ့လာထားတဲ့ ဂျပ်စ်မင်း လော့ခ်ျ ကတော့ အထူးတလှယ် သူရဲ့တွေ့ရှိချက်တွေကို ဖော်ပြထားပါတယ်။ ဘုန်းတော်ကြီးသင်စာသင် ကျောင်းတွေ၊ ခရစ်ယန်နဲ့ အစ္စလမ်ဘာသာရေးကျောင်းတွေ အခြေအနေ၊ ရပ်ရွာက ထူထောင်တဲ့ကျောင်းတွေ၊ တိုင်းရင်းသား ရိုးရာနဲ့ ဘာသာစကားသင်အဖွဲ့တွေ၊ လူမှုရေးလုပ်ငန်း ကူညီသူတွေအတွက် အရည်အချင်းမြှင့် သင်တန်းတွေအပြင်၊ ဒေသခံ အဲန်ဂျီအိုတွေက ကူညီနေတဲ့ ကျောင်းတွေကိုလည်း သူက အသေးစိတ်ဖော်ပြ ပါတယ်။

သူ့လေ့လာချက် အနှစ်ချုပ်အနေနဲ့ မြန်မာနိုင်ငံမှာ အရပ်ဖက်လူမှုအဖွဲ့တွေအနေနဲ့ ပညာရေးကဏ္ဍမှာ ပါဝင် ဆောင်ရွက်နေကြတာ လုပ်ငန်းပေါင်း စုံလှပါတယ်။ ဒါပေမယ့် ယေဘုယျအားဖြင့် ပညာရေးလုပ်ငန်းထဲ ထဲထဲ ဝင်ဝင် ပါခွင့်ရကြတာတော့ မဟုတ်ပါဘူး။ အဖွဲ့အစည်းအများစုက ပညာရေးကို ပံ့ပိုးပေးတဲ့လုပ်ငန်းတွေမှာသာ ပါခွင့်ရတာ ဖြစ်ပါတယ်။ သဘောကတော့ ကျောင်းဆောက်တာ၊ ကျောင်းသုံးပစ္စည်း ထောက်ပံ့ပေးတာမျိုးပါ။ ပညာရေးထဲ တိုက်ရိုက်ထဲထဲဝင်ဝင် ဆောင်ရွက်နိုင်တဲ့ အဲန်ဂျီအိုအဖွဲ့ကတော့ အနည်းငယ်ပဲ ရှိတယ်လို့ ဆိုပါ တယ်။ ပညာရေးမှာ ဝင်ကူနေကြတဲ့ ရပ်ရွာကျောင်း၊ ဘုန်းတော်ကြီးသင်ကျောင်းတွေကတော့ ပုံမှန် မဟုတ်တဲ့ ပညာရေးစနစ်နဲ့ သင်ကြားတယ်ဆိုပေမယ့် အစိုးရရဲ့ သင်ခန်းစာပြဌာန်းချက်တွေကိုသာ သင်ကြားနေရတာ ဖြစ်ပါတယ်။ အခုလို ပညာရေးကဏ္ဍမှာ ကူညီဖြည့်ဆည်းနေကြတယ်ဆိုပေမယ့် ကျောင်းအများစုက မူလတန်းနဲ့ မူလတန်းကြိုကျောင်းတွေသာ ဖြစ်ပါတယ်။ အလယ်တန်းအဆင့်အထိ အချို့ရှိပေမယ့်လည်း၊ အထက်တန်း ကျောင်း အဆင့်မှာတော့ ရပ်ရွာကဖွင့်တာ လက်ချိုးရေလို့ရလောက်အောင် နည်းပါတယ်။ အဲဒါအပြင် အဲသလို ပြင်ပကျောင်းတွေမှာ သက်မွေးဝမ်းကျောင်းပညာတွေ သင်ကြားပေးတာ၊ ပညာရေးအပြင် အခြားလူမှုဖူလုံရေး အကူအညီတွေ ပေးတာကိုလည်း ပူးတွဲတွေ့ရတတ်တယ် ဆိုပါတယ်။ ပြီးခဲ့တဲ့ နှစ်တွေအတွင်းမှာ ပညာရေး ကဏ္ဍမှာ ရပ်ရွာက လူမှုအဖွဲ့အစည်းတွေ ပါဝင်ဆောင်ရွက်မှု များလာတယ်ဆိုပေမယ့်လည်း၊ အစိုးရက အမြဲ သံသယနဲ့ စောင့်ကြည့်နေတတ်တာ၊ လွန်လွန်ကဲကဲ ထိန်းချုပ်ထားတာတွေ ရှိတယ်လို့လည်း ဖော်ပြပါတယ်။ ပညာရေးကဏ္ဍမှာ ပုဂ္ဂလိကလုပ်ငန်းတွေကို ခွင့်ပြုပေးတယ်လို့ ဥပဒေအရ ခွင့်ပြုပေမယ့်လည်း ရပ်ရွာကျောင်း တွေ၊ ဘုန်းတော်ကြီးသင်ကျောင်းတွေက ပညာရေးဝန်ကြီးဌာနမှာ မှတ်ပုံတင်လို့ မရကြပါဘူး။ သူတို့က သာသနာရေးဝန်ကြီးဌာန၊ လူမှု ဖူလုံရေး ဝန်ကြီးဌာနတွေနဲ့ မှတ်ပုံတင်ပြီး ဆောင်ရွက်နေကြရတုန်းပဲလို့လည်း ဆိုပါတယ်။


ဒါကြောင့်ပဲ ရပ်ရွာလူမှုအဖွဲ့အစည်းတွေရဲ့ ပညာရေး ကြိုးပမ်းဆောင်ရွက်မှုတွေက ဘာသာရေးခေါင်းစဉ် အောက်မှာ၊ တိုင်းရင်းသား ခေါင်းစဉ်အောက်မှာ ဆောင်ရွက်နေကြရတာ ဖြစ်တယ်လို့ ဆိုပါတယ်။ အဲသည်မှာ လည်း အားနည်းချက်တွေရှိတာ သူက လေ့လာတင်ပြပါတယ်။ အထူးသဖြင့် ဘုန်းတော်ကြီးသင် စာသင် ကျောင်းတွေမှာလည်း ကလေးတွေကို အလွတ်ကျက်စေတဲ့စနစ်နဲ့ သင်ကြားနေတာ၊ ပညာရေးထက် ဘာသာ ရေးဓမ္မတွေကို ရောထွေးသင်ကြားစေတာ၊ တခြားဘာသာ မကူးပြောင်းစေဖို့ ကာကွယ်ပေးတဲ့အနေနဲ့ စာ သင်ကြားပေးနေတာ၊ ကလေးတွေကို ကိုယ်ရင်ဝတ်ရှင်ပြုခိုင်းတာတွေလည်း ရှိတတ်ပါတယ်။ တဖက်က ခရစ်ယာန်ကျောင်းတွေမှာလည်း ဘာသာရေးစာပေတွေ သင်ကြားပေးနေတာတွေ တွေ့ရပါတယ်။ ခေတ်သစ် ပညာရေးစနစ်မှာ တိုင်းရင်းသားကိစ္စ၊ ဘာသာရေးကိစ္စ၊ ယဉ်ကျေးမှုတွေ ရောထွေး သင်ကြားနေသေးတဲ့ ပုံစံတွေ တွေ့နေရတုန်းပဲ ဆိုပါတယ်။ပြောရရင်တော့ မြန်မာနိုင်ငံက တကယ့်ကို အာဏာချုပ်ကိုင်မှု ပြင်းထန် နေသေးတဲ့ နိုင်ငံတခုဖြစ်ပြီး၊ အရပ်ဖက်လူမှုအဖွဲ့အစည်း တွေကို သိပ်လက်မခံချင်ကြသေးဘူး၊ သိပ်ပြီး နေရာ မပေးချင်ကြသေးတဲ့ သဘောတွေကိုလည်း တွေ့ရတယ် ဆိုပါတယ်။ အစိုးရဖက်ကလည်း သိပ်ပြီးတင်းမာတဲ့ သဘော ရှိပါတယ်။ ပုဂ္ဂလိက ပညာရေးကို တရားဝင် ခွင့်ပေးတယ် ဆိုသည့်တိုင် အရပ်ဖက်လူမှုအဖွဲ့အစည်း တွေကို အတင်းအကျပ် လိုက်နာစေတာ၊ သူတို့အလိုကျ ပူးပေါင်းစေတာမျိုး လုပ်ဆောင်နေသေးတယ်လို့ ဖော်ပြပါတယ်။

ဒါပေမယ့် အရပ်ဖက်လူမှု အဖွဲ့အစည်းတွေကတော့ ဒေသဆိုင်ရာ ပြဿနာတွေအတွက် အများကြီး ဖြည့်ဆည်း ကူညီ နိုင်တာကိုတော့ ဝန်ခံရမှာ ဖြစ်ပါတယ်။ ဒါပေမယ့် မျှော်မြင်မှုနဲ့ စွမ်းအားမှာတော့ အစိုးရက ပေးနေတဲ့ ပညာရေးကဏ္ဍကို အစားထိုးနိုင်ဖို့ဆိုတာ အများကြီး လိုအပ်နေပါသေးတယ်။ လိုအပ်နေတဲ့ ကွက်လပ်တွေကို ကြားက ပေါင်းကူးဝင်ဖြည့် ပေးတဲ့ သဘောမျှသာ ရှိနိုင်ပါသေးတယ်။ အရည်အသွေး သဘော ပညာရေးကို ရပ်ရွာ ပညာရေးစနစ်၊ ကျောင်းတွေက ဖြည့်ဆည်းပေးနိုင်ဖို့ အတော်လိုအပ်ချက်တွေ ရှိနေပါသေးတယ်။ တကယ်ကတော့ တိုင်းပြည်ရဲ့ ပညာရေးဖွံ့ဖြိုးတိုးတက် လာစေဖို့ ဆိုတာ ပံ့ပိုးပေးမှု၊ ပူးပေါင်းဆောင်ရွက်မှု၊ ပြင်ဆင်မှုတွေ အများကြီးလိုအပ်နေပါသေးတယ်။

နောက်တပတ်မှာတော့ မြန်မာနိုင်ငံက ကျန်းမာရေးကဏ္ဍ အခြေအနေ အကြောင်း ဆက်လက်တင်ပြပါမယ်။ အားလုံး ငြိမ်းချမ်း ပျော်ရွှင်ကြပါစေ။

(ယခု ဆောင်းပါးကို လွတ်လပ်သောအာရှအသံ မြန်မာပိုင်းအစီအစဉ် RFA မှ ထုတ်လွှင့်သွားခဲ့ပြီး ဖြစ်ပါသည်။ RFA ၏ မူပိုင်သာဖြစ်ပြီး ပြန်လည်ဖော်ပြခြင်း ဖြစ်သည်။)

No comments:

Recent Comments