Pages

Saturday, April 24, 2010

မြန်မာနိုင်ငံရှိ အာဏာရှင်စနစ်၊ ကသောင်းကနင်း အခြေအနေနှင့် ပြိုယွင်းကျဆင်းနေမှု (၉)။ မြန်မာနိုင်ငံ ပညာရေး အခြေအနေ -၂



သြစတြေလျအမျိုးသား တက္ကသိုလ်က ထုတ်ဝေတဲ့ "မြန်မာနိုင်ငံရှိ အာဏာရှင်စနစ်၊ ကသောင်းကနင်း အခြေ အနေနဲ့ ပြိုယွင်းကျဆင်းနေမှု" စာအုပ်ကို တင်ပြနေပါ တယ်။ ၂ဝဝ၇ ခုနှစ်၊ သံဃာတော်တွေ ဦးဆောင်တဲ့ ရွှေဝါရောင် တော်လှန်ရေး နောက်ပိုင်း မြန်မာနိုင်ငံရဲ့ နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေး အခြေအနေတွေကို သုံးသပ် ဖော်ပြထားတဲ့ စာရေးသူအများရဲ့ ဆောင်းပါးပေါင်းစုံ စာအုပ်ဖြစ်ပါတယ်။ ဒီတပတ်မှာတော့ မြန်မာနိုင်ငံ ပညာရေးစနစ်မှာ နိုင်ငံတော်အစိုးရ၊ ပုဂ္ဂလိက စီးပွားရေးကဏ္ဍနဲ့ ရပ်ရွာတို့ ဆက်စပ်နေပုံ အကြောင်းကို မာရီ လားလ် (Marie Lall) က သုံးသပ်ထားတဲ့ ဆောင်းပါးကို ဆက်လက်တင်ပြပါမယ်။

သောတရှင် မိတ်ဆွေများခင်ဗျား။
ဒီစာအုပ်မှာ မြန်မာနိုင်ငံ ပညာရေးစနစ်နဲ့ ပတ်သက်တဲ့ ဒုတိယဆောင်းပါးကိုတော့ မာရီ လားလ်က ရေးသား ထားပါတယ်။ သူက လန်ဒန်တက္ကသိုလ်၊ ပညာရေးသိပ္ပံဌာန (Institute of Education) မှာ ပညာရေးမူဝါဒတွေ နဲ့ ပတ်သက်လို့ သင်ကြားပို့ချနေတဲ့ ဆရာမတဦးဖြစ်သလို၊ တောင်အာရှပိုင်းမှာ ရှိတဲ့နိုင်ငံတွေနဲ့ ပတ်သက်လို့ အထူး လေ့လာထားသူ တဦးလည်း ဖြစ်ပါတယ်။ ဒီစာအုပ်မှာတော့ မြန်မာနိုင်ငံမှာ ပညာရေးကဏ္ဍ ဖွံ့ဖြိုးလာပုံ နဲ့ ပတ်သက်လို့ နိုင်ငံတော် အစိုးရ၊ စီးပွားရေးလုပ်ငန်းကဏ္ဍနဲ့ ရပ်ရွာလူထုတွေက ဘယ်လို ဆက်စပ် ဆောင်ရွက် နေကြပုံကို တင်ပြထားပါတယ်။

ဒီဆောင်းပါးမှာ အခြေခံစဉ်းစားချက်ကို တင်ပြထားတာက ဒုတိယကမ္ဘာစစ်ပြီး ကာလလောက်စလို့ ပညာရေး ဆိုတာ နိုင်ငံတော်အစိုးရတွေက အများကောင်းကျိုးအတွက် ဖြည့်ဆည်းပေးရမယ့်ကိစ္စတရပ်လို့ ယူဆခဲ့ကြပုံကို ပြောပါတယ်။ အဲဒါအပြင် ဖွံ့ဖြိုးရေးအယူအဆနဲ့ ပတ်သက်တဲ့ ပညာရှင်တွေကလည်း ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာ လူ တိုင်း လူတိုင်း မသင်မနေရ မူလတန်းပညာရေး စနစ် လုပ်ဆောင်ခြင်းဟာ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်မှုနဲ့ ဆက်စပ် နေတယ်။ အဲဒါအပြင် အမျိုးသမီးငယ် တွေကို ပညာသင်ပေးတာဟာ သူတို့ရဲ့ ကျန်းမာရေး၊ သားဖွားကိစ္စတွေ၊ လူထုကျန်းမာရေးကိစ္စတွေအပြင် တိုင်းပြည်ဖွံ့ဖြိုးမှု အတွက်ပါ အကျိုးဖြစ်စေတယ်ဆိုတာ လေ့လာပြီး အထောက်အထားတွေနဲ့ တင်ပြခဲ့ကြပါတယ်။ ယေဘုယျအားဖြင့်တော့ အခြေခံ ပညာတတ်ထားတဲ့ လူထုဟာ ပိုလို့ ကျန်းမာအောင်နေထိုင်တတ်တာကတော့ အမှန်ပဲ ဖြစ်ပါတယ်။ အဲဒါကြောင့် မူလတန်းပညာရေးကို မသင်မနေရဆိုပြီး နိုင်ငံတကာစနစ်တွေမှာလည်း ပြဌာန်းထားခဲ့ပါတယ်။ ဒါတင်မက ကိုလိုနီ အုပ်ချုပ်ရေး အောက်က လွတ်လပ်ပြီးခါစ နိုင်ငံတွေကလည်း ပညာရေးကို နိုင်ငံရေးကိစ္စတခုလို သဘောထားခဲ့ကြ ပါတယ်။ နိုင်ငံတခုရဲ့ အမျိုးသားရေးလက္ခဏာတွေ တည်ဆောက်ဖို့၊ တိုင်းပြည်ကို အုပ်ချုပ်နေကြတဲ့ လူနည်းစုရဲ့ ယုံကြည်မှုတွေ၊ အမြော်အမြင်တွေကို သွပ်သွင်းနိုင်ဖို့ ပညာရေးကို နိုင်ငံတော်အစိုးရက ချုပ်ကိုင်ဖို့ ကြိုးပမ်းခဲ့ ကြပါတယ်။

ဒါပေမယ့်လည်း အခု ဒီဘက်ခေတ်ရောက်လာတော့ ဂလိုဘယ်လိုက်ဇေးရှင်းလို့ ခေါ်တဲ့ ကမ္ဘာလွှမ်းပတ် ဆက် သွယ်စနစ် မှာ ပညာရေးကဏ္ဍမှာလည်း ဈေးကွက်စီးပွားရေး သဘောသက်ဝင်လာပါတယ်။ ပညာရေးမှာ ပုဂ္ဂလိက ကုမ္ပဏီတွေ ကလည်း ဝင်ရောက်ဆောင်ရွက်ခွင့် ရှိရမယ်ဆိုလာပါတယ်။ ဒါကို (WTO) လို့ခေါ်တဲ့ ကမ္ဘာ့ ကုန်သွယ်ရေး အဖွဲ့ကြီးတွေ၊ နိုင်ငံတကာ ငွေကြေးအဖွဲ့အစည်းတွေကလည်း တွန်းဆော်အားပေးကြ ပါတယ်။ ပညာရေးက ရောင်းကုန် ဖြစ်လာသလို၊ ကျောင်းသားတွေက စားသုံးသူတွေလို ဖြစ်လာကြပါတယ်။ အကျိုးအမြတ်ဆိုင်ရာဖက်ကို ကြည့်လာပါတယ်။ ပညာရေး ကဏ္ဍမှာလည်း ပုဂ္ဂလိကပိုင်ပြုရေး၊ ပုဂ္ဂလိကလက် လွှဲရေး ကိစ္စတွေ ဖြစ်လာခဲ့ပါတယ်။ ဒါပေမယ့် လေ့လာချက်တွေ ပြန်ကြည့်တော့ ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာ ဒီလို ကျင့်သုံးမှုကြောင့် လူနေမှုစနစ်တွေ ကျဆင်းခဲ့ရတယ်၊ လူတန်းစာကွာဟမှု၊ ဒစ်ဂျစ်တယ် ဒီဗိုက် (digital divide) လို့ ခေါ်တဲ့ နည်းပညာကွာဟမှုတွေ ဖြစ်လာတယ်၊ ပညာရေးစနစ်မှာ လမ်းကြောင်း ၂-ခု အပြိုင်သွားနေသလို ဖြစ် လာတယ်၊ ဦးဏှောက်ယိုစီးမှုတွေ ဖြစ်လာတယ်၊ နိုင်ငံတွေက သူတို့လိုချင်တဲ့ ပညာရေး စနစ်နဲ့ ပတ်သက် လို့ ကိုယ်ပိုင်ဆုံးဖြတ်ပိုင်ခွင့် ကျဆင်းလာရတယ် ... စတဲ့ ပြဿနာတွေကြုံရကြောင်း စာရေးသူက ထောက်ပြခဲ့ပါ တယ်။

တကယ်တော့ ပညာရေးဆိုင်ရာ ပညာရှင်တွေ လက်ခံထားကြတဲ့ ပညာရေးစနစ်နဲ့ ပတ်သက်တဲ့ အခြေခံမူ ၂-ခု ရှိပါတယ်။ တခုကတော့ ပညာရေးဟာ လူတဦးချင်းနဲ့ လူမှုအသိုင်းအဝိုင်းရဲ့ လိုအပ်ချက်ကို ဖြည့်ဆည်းပေး နိုင်ရပါမယ်၊ နောက် တချက်ကတော့ တန်းတူညီမျှမှုနဲ့ ဒီမိုကရေစီလည်း ရှိဖို့ လိုပါသေးတယ်။ အဲသည်တော့ ပညာရေးက ရောင်းကုန်လို ဖြစ်လာတာဟာ အကျိုးအမြတ်ကို ပိုကြည့်တဲ့အပြင် သူ့ရဲ့မူလရည်ရွယ်ချက်တွေ ကိုလည်း ဖြည့်ဆည်းနိုင်စွမ်း မရှိတော့တာ မြင်ရပါလိမ့်မယ်။ ဒါဖြင့်ဆိုရင် မြန်မာနိုင်ငံ ပညာရေးကဏ္ဍ အခြေ အနေက ဘယ်လိုရှိပါသလဲ။ စာရေးသူ မာရီ လားလ်က သူကိုယ်တိုင် မြန်မာပြည်ကို ၂ဝဝ၅ ခုနှစ်ကနေ ၂ဝဝ၇ ခုနှစ်အတွင်း ၇-ကြိမ်ခရီးထွက်လို့ လေ့လာခဲ့ပါတယ်။ အဲဒါအပြင် သုတေသနအကူတွေနဲ့ လိုအပ်တဲ့ စာရွက် မှတ်တမ်းတွေကို ဘာသာပြန်စေပြီး၊ လေ့လာခဲ့ပါသေးတယ်။ မန္တလေးအပြင် နယ်ဆိုလို့ သူက မြစ်ကြီးနား ဖက်ကိုသာ ရောက်ခဲ့ပါတယ်။

သူက တွေ့ရှိချက်တွေကို ဖော်ပြထားရာမှာ မြန်မာနိုင်ငံမှာ ပညာရေးစနစ်က မူလတန်းအတွက် အခမဲ့ပညာရေး စနစ်သာ ဆိုတယ်၊ ကျန်တဲ့ လိုအပ်ချက်ကြေးတွေ များလွန်းတာကြောင့် ကလေးတွေက မူလတန်းမပြီးခင် အများအပြား ဖြစ်နေတယ်ဆိုတာ ယူနီဆက်ဖ်၊ ယူနက်စကိုက လေ့လာချက် ကိန်းဂဏန်းတွေနဲ့ ထောက်ပြ ပါတယ်။ တကယ်တော့ မြန်မာနိုင်ငံမှာ မူလတန်းကျောင်းနေကလေးတွေရဲ့ ၂၇ % မျှသာပဲ မူလတန်းပြီးအောင် ကျောင်းနေနိုင်ပါတယ်။ အဲဒါအပြင် တချိန်က မြန်မာနိုင်ငံက ကြွားဝါခဲ့တဲ့ လူတိုင်းစာတတ်မြောက်တယ် ဆိုတဲ့ အခြေအနေကလည်း အခုဆိုရင် မေးခွန်းထုတ် စရာ ရှိနေတယ်လို့ ဆိုပါတယ်။ အခြားအာရှနိုင်ငံတွေက တချိန်က အားကျခဲ့ရတဲ့ မြန်မာနိုင်ငံ ပညာရေးစနစ်တစုံလုံး ကလည်း ထောက်ပံ့ပေးမှု၊ ရန်ပုံငွေ အားနည်းတာ ကြောင့် ကျဆင်းလာနေပါတယ်။ မြို့ပြမဟုတ်တဲ့ နယ်စပ်ဒေသတွေ၊ နယ်တွေမှာ ကျောင်းသားတွေက ပိုလို့ နစ်နာရပါတယ်။

အဲဒါအပြင် ၁၉၈၈ ခုနှစ်၊ စစ်တပ်အာဏာသိမ်းပြီးစမှာ တက္ကသိုလ်အားလုံးနီးပါးကို ကာလကြာရှည် ပိတ်ထားခဲ့ပါ သေး တယ်။ ၈၈ ကနေ သက္ကရာဇ် ၂ဝဝဝ အထိ ၁၂-နှစ်တာမှာ ၁ဝ နှစ်လောက် တက္ကသိုလ်တွေကို ပိတ်ထား ခဲ့ပါသေးတယ်။ နောက်ပိုင်းမှာ ပညာရေးကဏ္ဍ ဖွံ့ဖြိုးစေဖို့ဆိုပြီး အစိုးရက ဆောင်ရွက်ပေးတယ် ဆိုပေမယ့် ကျောင်းတွေကို အရေအတွက် များအောင် အသစ်ဖွင့်တာရယ်၊ ကျောင်းတွေကို ခွဲပစ်၊ နေရာပြောင်းပစ်တာပဲ ရှိပါတယ်။ အရည်အသွေးပိုင်း၊ ကျောင်းသားတွေ လက်လှမ်းမီမှုအပိုင်း၊ ကျောင်းပြီးမှု ရလဒ်အပိုင်းတွေမှာလည်း မေးခွန်းထုတ်စရာ ရှိနေပါတယ်။

အဲသလို အစိုးရက ထောက်ပံ့ပေးတဲ့ ပညာရေးက ညံ့ဖျင်းကျဆင်းလာနေချိန်မှာ တတ်နိုင်တဲ့သူတွေက ပုဂ္ဂလိက ကျူရှင် ကျောင်းတွေဖက်ကို လှည့်လာခဲ့ကြပါတယ်။ အချို့သိပ်ဆင်းရဲတဲ့ မိဘတွေကလည်း ဘုန်းတော်ကြီး ကျောင်း ပညာသင် ကျောင်းတွေလို အခမဲ့ စေတနာနဲ့ ကူညီကြတဲ့ ရပ်ရွာကျောင်းတွေဖက်ကို လှည့်လာခဲ့ ကြရပါတယ်။ အခုဆိုရင် ဘုန်းတော်ကြီးသင် စာသင်ကျောင်း ၁၅ဝဝ လောက်မှာ ကျောင်းသား ၉၃ဝဝဝ လောက် လက်ခံသင်ကြားပေးနေရတာပါ။ အဲသလိုပဲ ခရစ်ယန် ဘုရားကျောင်းတွေ၊ ရပ်ရွာတွေကလည်း နိုင်ရာဝန်ကို ဝင်ဖြည့်ထမ်းနေကြရပါတယ်။

အဲသည်အချိန်မှာ တတ်နိုင်တဲ့သူတွေကျတော့ မူလတန်း၊ မူကြိုကျောင်းကအစ နောက်ဆုံးတက္ကသိုလ်ဝင်တန်း ပုဂ္ဂလိက ဈေးကွက်တွေ ဖြစ်လာရပါတယ်။ ဒါပေမယ့် အဲသလို ကျောင်းအနည်းစု- ဥပမာ- နိုင်ငံတကာ ကျောင်း၊ သံတမာန် သားသမီးတွေအတွက် ကျောင်းကပဲ ကျောင်းလို့ခေါ်ပြီး၊ ကျန်တာတွေကတော့ "စင်တာ" (center) လို့ အမည်ခံပြီး ကျောင်းဖွင့်နေ ကြပါတယ်။ ဒီလိုကိစ္စကလည်း အစိုးရပညာရေးဌာနက စည်းမျဉ်း၊ စည်းကမ်း တွေ တင်းကျပ်ထားတာ၊ မတည်ငြိမ် အမျိုးမျိုး ပြောင်းနေတာကြောင့် ဖြစ်ပါတယ်။ ဒါပေမယ့် ပုဂ္ဂလိကကျောင်း အများစုကတော့ မြို့ပြမှာပဲ ရှိကြပါတယ်။ မိဘတွေက စရိတ်စက အကုန်အကျကြီးမားပေမယ့် အဲဒီကျောင်း တွေမှာ အရည်အသွေးရှိတဲ့ စာတွေ သင်ကြားပေးနိုင်မယ် ယူဆလို့ထားနေကြတာပါ။ စာရေးတဲ့သူ မာရီ လား ရောက်ခဲ့တဲ့ မြစ်ကြီးနားမှာတောင် တိုင်ဝမ်က ငွေကြေးထောက်ပံ့ထားတဲ့ တရုတ်ကျောင်းတွေ၊ တရုတ် တက္ကသိုလ် တွေကို တွေ့ရပါသေးတယ်။ ဒါပေမယ့် အစိုးရက သူရဲ့သင်ရိုးညွှန်းတန်းအတိုင်းသာ သင်ရမယ်လို့ တင်း ကျပ်ထားပါတယ်။ ပုဂ္ဂလိကကဏ္ဍမှာ အနည်းစုသာ ဘောင်ကျော် လုပ်ပိုင်ခွင့် ရပေမယ့်၊ ကျောင်း အများစုက အစိုးရ မစွမ်းနိုင်တာကို အဖြည့်သဘောသာ ဆောင်ရွက်ပေးနေကြရတာ ဖြစ်ပါတယ်။ နောက်ဆုံးတော့ ကောင်းမွန်တဲ့ပညာရေးဆိုတာ အင်္ဂလိပ်လိုသင်တာလိုမျိုး မိဘတွေက အထင်ရောက် နေကြရတဲ့ အခြေအနေပါ။ နောက်တပတ်မှာတော့ မြန်မာနိုင်ငံက ပုဂ္ဂလိကကျောင်းတွေ၊ ဘော်ဒါဆောင် ကျောင်းတွေနဲ့ အစိုးရ မဟုတ်တဲ့အဖွဲ့အစည်း အဲန်ဂျီအို တွေ၊ ရပ်ရွာလူမှုအဖွဲ့အစည်းတွေက ပညာရေးကဏ္ဍမှာ ပါဝင်အားဖြည့် နေရတဲ့ အကြောင်း ဆက်လက်တင်ပြပါမယ်။ အားလုံး ငြိမ်းချမ်း ပျော်ရွှင်ကြပါစေ။

(ယခု ဆောင်းပါးကို လွတ်လပ်သောအာရှအသံ မြန်မာပိုင်းအစီအစဉ် RFA မှ ထုတ်လွှင့်သွားခဲ့ပြီး ဖြစ်ပါသည်။ RFA ၏ မူပိုင်သာဖြစ်ပြီး ပြန်လည်ဖော်ပြခြင်း ဖြစ်သည်။)

No comments:

Recent Comments