Pages

Friday, April 16, 2010

မြန်မာနိုင်ငံရှိ အာဏာရှင်စနစ်၊ ကသောင်းကနင်း အခြေအနေနှင့် ပြိုယွင်းကျဆင်းနေမှု (၈)။ မြန်မာနိုင်ငံ ပညာရေး အခြေအနေ


သြစတြေလျအမျိုးသား တက္ကသိုလ်က ထုတ်ဝေတဲ့ “မြန်မာနိုင်ငံရှိ အာဏာရှင်စနစ်၊ ကသောင်းကနင်း အခြေ အနေနဲ့ ပြိုယွင်းကျဆင်းနေမှု” စာအုပ်ကို တင်ပြနေပါ တယ်။ ၂ဝဝ၇ ခုနှစ်၊ သံဃာတော်တွေ ဦးဆောင်တဲ့ ရွှေဝါရောင် တော်လှန်ရေး နောက်ပိုင်း မြန်မာနိုင်ငံရဲ့ နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေး အခြေအနေတွေကို သုံးသပ် ဖော်ပြထားတဲ့ စာရေးသူအများရဲ့ ဆောင်းပါးပေါင်းစုံ စာအုပ်ဖြစ်ပါတယ်။ ဒီတပတ်မှာတော့ မြန်မာနိုင်ငံ ပညာရေးစနစ်အပေါ် သုံးသပ်ချက်ဆောင်းပါးတွေကို ဆက်လက်တင်ပြပါမယ်။

သောတရှင် မိတ်ဆွေများခင်ဗျား။
ဒီစာအုပ်မှာ မြန်မာနိုင်ငံ ပညာရေးစနစ်နဲ့ ပတ်သက်တဲ့ဆောင်းပါး ၃-ပုဒ် ဖော်ပြထားတာ တွေ့ရပါတယ်။ အခု တင်ပြမယ့် ပထမဆောင်းပါးကတော့ တချိန်က ရန်ကုန်က ပညာရေးတက္ကသိုလ်မှာ (၁၉၉၂ ကနေ ၂ဝဝ၁ အထိ) ပါမောက္ခချုပ် လုပ်ခဲ့ဖူးပြီး၊ အခုတော့ သြစတြေလျ အမျိုးသားတက္ကသိုလ် (ANU) မှာ ဧည့်သည်ပညာ ရှင်အဖြစ် ဆောင်ရွက်နေတဲ့သူ ဦးဟန်တင်ရဲ့ ဆောင်းပါးပါ။ သူက (၁၉၉ဝ-၁၉၉၃) ခုနှစ်မှာ ယူနက်စ်ကို (UNESCO) နဲ့ ယူအဲန်ဒီပီ (UNDP) တို့ရဲ့ မြန်မာ နိုင်ငံ ပညာရေးကဏ္ဍ လေ့လာရေး အမျိုးသားကော်မရှင် လမ်းညွှန် ကော် မီတီမှာ ပါဝင်ခဲ့ သူတဦးလည်း ဖြစ်ပါတယ်။ သူရေးသားထားတဲ့ မြန်မာ့ပညာရေး- ပြဿနာစိမ်ခေါ်ချက်များ၊ အလားအလာ နဲ့ ရွေးချယ်စရာလမ်းများဆိုတဲ့ ဆောင်းပါး ကို ဖတ်ရပါတယ်။

တကယ်ကတော့ မြန်မာနိုင်ငံ ပညာရေးနဲ့ပတ်သက်လာရင် မေးခွန်းထုတ်စရာကိစ္စ အတော်များများရှိပါတယ်။ မြန်မာနိုင်ငံ မှာ တခြားနိုင်ငံတွေလို ၁၂-တန်းစနစ် လုပ်ရင်မကောင်းဖူးလား။ ဘာဖြစ်လို့ မလုပ်တာလဲ။ တက္ကသိုလ်တွေကလည်း ဆေး၊ စက်မှု၊ စီးပွား၊ စသဖြင့် သီးသန့်ခွဲခြားထားတာထက်စာရင် တက္ကသိုလ်ကြီး တခုအောက်မှာ မဟာဌာနတွေအဖြစ် ပေါင်းစု ရင် မကောင်းဘူးလား။ တက္ကသိုလ်တွေကလည်း ပညာရေး ဝန်ကြီး တခုထဲအောက်မှာ မဟုတ်ဘဲ ဘာဖြစ်လို့ ဝန်ကြီးဌာန ၁၃-ခုအောက်မှာ ပြန့်ကျဲရောက်နေကြတာလဲ၊ သင်ရိုး ညွှန်းတန်းတွေ တပြေးညီဖြစ်ဖို့ မခက်ဘူးလား။ ပြန်ပေါင်းစုရင် မဖြစ်ဘူးလား။ မြန်မာပညာရေး အောက်ကျ နောက်ကျ ဖြစ်နေရတဲ့ အခြေအနေကို ဘယ်လိုပြင်ဆင်ကြမလဲ စတဲ့ မေးခွန်း တွေ အများအပြားပါ။

အခုဆောင်းပါးရေးသူက တချိန်က မြန်မာနိုင်ငံ ပညာရေးတက္ကသိုလ်မှာ ပါမောက္ခချုပ်လုပ်ခဲ့သူ ဆိုတော့လည်း စိတ်ဝင်စား စရာ ကောင်းလှပါတယ်။ တချိန်က သူကိုယ်တိုင် ပါဝင်ဆောင်ရွက်ခဲ့တဲ့ မြန်မာ့ပညာရေး တိုးတက် ဖွံ့ဖြိုးစေဖို့ ပညာရေး ဝန်ကြီးဌာနနဲ့ ယူအဲန်ဒီပီ (ကုလသမဂ္ဂ ဖွံ့ဖြိုးမှုအစီအစဉ်) စတဲ့ အဖွဲ့အစည်းတွေ သုံးသပ် လေ့လာမှုတွေ လုပ်ခဲ့ပြီး၊ အဲဒီက ရလဒ်ကို အခုဆောင်းပါးမှာ ဖော်ပြထားခဲ့ပါတယ်။ "မြန်မာ့ ပညာရေးကဏ္ဍ တိုးတက်ဖွံ့ဖြိုးရေး အဆိုပြုချက်များ" ဆိုတဲ့ အစီရင်ခံစာတွေလည်း ပထမတွဲ၊ ဒုတိယဆိုပြီး ထွက်ခဲ့ဖူးပါတယ်။ ပညာရေးကဏ္ဍမှာ ပြင်ဆင်ဖို့ အဓိက လိုအပ်နေတဲ့ အချက် ၈ ချက်ကို သုံးသပ် အကြံပြုခဲ့ပါတယ်။ အဲဒါတွေကတော့-
- မူလတန်းပညာရေးကဏ္ဍကို ပြန်လည်သုံးသပ်ရန်
- ပြောင်းလဲလာတဲ့ ခေတ်နှင့် အညီ သင်ရိုးညွှန်းတမ်းတွေ ပြင်ဆင်ပြဌာန်းဖို့
- ထိရောက် မျှတမှုရှိတဲ့ ရွေးချယ်မှုစနစ် ဖန်တီးဖို့
- စဉ်ဆက်မပြတ် အကဲခတ်သင်ကြားခြင်းကို ဦးစားပေးဖို့
- ပညာသင်ကြားပြီးလို့ လုပ်ငန်းခွင် ဝင်တဲ့အခါ သင်ကြားခဲ့မှုက အထောက်အကူ ပြုနိုင်စေဖို့
- သင်ကြားပုံ သင်ကြားနည်းနှင့် ဆရာ၊ ဆရာမများ၏ အရည်အသွေး ပိုမို ကောင်းမွန်မှုရှိလာစေဖို့
- ထိရောက်တဲ့ သင်ကြားမှု ထောက်ကူပစ္စည်းနဲ့ အခြေခံအဆောက်အဦတွေ လုံလောက်မှု ရှိအောင် ဆောင်ရွက်ဖို့
- ပညာရေးကဏ္ဍ၏ လက်ရှိ စီမံခန့်ခွဲအုပ်ချုပ်ပုံကို တိုးတက်အောင် ပြုလုပ်ဖို့ စတာတွေ ပါဝင်ပါတယ်။

ဒါပေမယ့် ဆောင်းပါးနိဂုံးမှာတော့ မြန်မာ့ပညာရေး မြင့်မားခဲ့တဲ့ တချိန်က အဆင့်အတန်းကို ပြန်ရဖို့ ဆောင် ရွက်စရာ အတော်ကျန်ရှိနေသေးတာကို သူက ထောက်ပြပါတယ်။ ဒီလို အခြေအနေဖြစ်ဖို့ဆိုရင် ပညာရေး အတွက် ဖက်စုံကဏ္ဍက ချည်းကပ်ဆောင်ရွက်မှုတွေ လိုတယ်၊ ပုံမှန်ပညာရေးသာ မဟုတ်ဘဲ ပုံမှန်မဟုတ်တဲ့ ပညာရေး ဆောင်ရွက်မှုတွေလည်း လိုတယ်၊ လူထု ပြန်ကြားရေး သတင်းမီဒီယာနဲ့ စာပေတွေမှာလည်း ပညာ ရေးနဲ့ ပတ်သက်တဲ့ ပြဿနာတွေကို ဆွေးနွေး ငြင်းခုန်တာတွေ မရှိဘူးဆိုတာလည်း ပြောပါတယ်။ မျိုးဆက်သစ် တွေရဲ့ ပညာရေးမြင့်တက်လာမှသာ ပညာရေးစနစ်တခု လုံး ရေမြင့်ကြာတင့်ဆိုသလို မြင့်တက်လာမယ်၊ လူထု တခုလုံးရဲ့ တွေးခေါ်ပုံသဘောထားတွေလည်း ပြောင်းလဲဖို့ လိုတယ်ဆိုတာ ထောက်ပြပါတယ်။

ပါမောက္ခချုပ်ဟောင်း ဦးဟန်တင်ရဲ့ ဆောင်းပါးမှာ မြန်မာနိုင်ငံ ပညာရေးကဏ္ဍရဲ့ အားနည်းချက်တွေကို ထောက် ပြထား တာလည်း ကွက်ကျားတွေ့ရပါတယ်။ ဥပမာအားဖြင့်- ဘဏ္ဍာရေး အခက်အခဲကြောင့် မိဘတွေက ကလေးတွေကို ကျောင်းမထားနိုင်ဖြစ်ရတာ၊ မြန်မာနိုင်ငံ အခြေခံပညာရေးစနစ်မှာ အတန်းစနစ်တွေကို ပြုပြင်ပြောင်းလဲဖို့ လိုအပ်နေတာ၊ အလွတ်ကျက်စေတဲ့ ပညာရေးစနစ်မဟုတ်ဘဲ ဝေဖန်ပိုင်းခြားတတ်တဲ့ အလေ့အကျင့်ပေးဖို့လိုတာ၊ ကျေးလက်ဒေသက သင်ရိုးညွှန်းတမ်းတွေကို အခုလို တင်းတင်းကျပ်ကျပ် လုပ် ထားတာ မဟုတ်ဘဲ ကာလံဒေသံအလိုက် ပျော့ပြောင်းပေးသင့် တဲ့ အကြောင်းတွေ၊ စိုက်ပျိုးရေး အခြေခံ နိုင်ငံတခုမှာ သက်မွေးဝမ်းကျောင်း ပညာသင်ကျောင်းတွေကို ပြန်အားပေး သင့်တဲ့အကြောင်းတွေ တွေ့ရ ပါတယ်။ အဲဒါ အပြင် ဆရာတွေကို လစာထောက်ပံ့ပေးမှုနည်းတာကြောင့် ပြင်ပမှာ ကျူရှင်သင်စားနေရတဲ့ အဖြစ်တွေ၊ ပညာရေး ဝန်ကြီးဌာနက ပိုလို့ပံ့ပိုးမှုပေးသင့်တဲ့အကြောင်းတွေ၊ သင်တန်းတွေ ထပ်ပြီး အကျယ် အပြန့်လေ့ကျင့်ပေး ဖို့ လိုအပ်ပုံတွေ ထောက်ပြထားတာလည်း တွေ့ရပါတယ်။ အဆင့်မြင့် တက္ကသိုလ်အဆင့် ပညာရေးမှာလည်း ၁၉၈၈ ခုနှစ်က တက္ကသိုလ်၊ သိပ္ပံ ၃၂ ခုကနေ၊ ၂ဝဝ၈ ခုနှစ်မှာ တက္ကသိုလ် သိပ္ပံ ၁၅၆ ခုအထိ တိုးတက်လာပေ မယ့် အရေအတွက်အစား၊ အရည်အသွေးဖြစ်အောင် မြှင့်တင်သင့်တဲ့အကြောင်းတွေကို ထောက်ပြထားတာလည်း ဖတ်ခဲ့ရပါတယ်။ အခုအချိန်မှာ ပညာရေးအရည်အသွေး ကျဆင်းလာလိုက်တာဟာ အစိုးရ ကိုယ်တိုင် က ဖွင့်ထားတဲ့ အဝေးသင်ပညာရေးက ကျောင်းသားတွေအနေနဲ့ အစိုးရအလုပ်ရဖို့တောင် ခက်ခဲနေရတဲ့ အကြောင်းတွေကို ထောက်ပြထားခဲ့ပါတယ်။

ဒီဆောင်းပါးကို ဖတ်နေစဉ်မှာ ကျနော်ကတော့ ကိုယ်ပျောက်လူသား ရုပ်ရှင်ကြည့်နေရတာကို သတိရနေပါ သေးတယ်။ ကိုယ်ပျောက်လူသား ရှိနေတာ သိရအောင် သူက ဆေးလိပ်သောက်ပြတာ၊ လက်အိပ်ဝတ် ထားတာ၊ ဦးထုပ်ဝတ်ထား တာတွေ လုပ်နေတော့ ကိုယ်ပျောက်လူ ရှိနေတာတော့ သိနေရပါတယ်။ ဒါပေမယ့် မမြင်ရတဲ့ အနေအထားပါ။ ဒီဆောင်းပါးမှာလည်း ပညာရေးကဏ္ဍအတွက် အဓိကအရေးပါတဲ့ (stakeholders) လို့ ခေါ်တဲ့ ပတ်သက်နေရသူ ၃-ဦးကို ဖော်ပြပါတယ်။ ဆရာ-မိဘနဲ့ ကျောင်းသား ၃-ဦးကို ဖော်ပြပါတယ်။ မြန်မာ့ လူမှုအဖွဲ့အစည်းမှာ ဆရာတွေက အန္တတော အန္တတဂိုဏ်းဝင်တွေဖြစ်တော့ ထက်-အောက် ဆက်ဆံ ရေးကို ဖြစ်စေတယ်၊ ရှေးရိုးစွဲ-သမားရိုးကျ ဆန်တဲ့ပုံစံနဲ့ သွားလိုတယ်၊ ပညာရေးသုတေသနဌာနက လုပ်ခဲ့တဲ့ လေ့ ကျင့်သင်တန်းတွေအတိုင်း သင်ရိုးပုံစံအသစ်တွေကို လက်ခံလုပ်ဆောင်လိုစိတ် မရှိဘူး၊ မအောင်မြင်ခဲ့ ဖူးဆိုတာ ဝေဖန်ထားပါတယ်။ မိဘတွေကဏ္ဍမှာတော့ ကျေးလက်ကနေ မြို့ပြကို လူတွေရွှေ့ပြောင်းလာနေကြ တဲ့အခါ မတည်မငြိမ် အခြေအနေတွေကြောင့် ပညာရေးခက်ခဲရတာတွေကို ထောက်ပြပါတယ်။ ကျောင်းသား တွေကဏ္ဍ မှာလည်း ကျောင်းသားတွေက တကယ်ကျောင်းပြီးသွားတဲ့အခါ သူတို့ရခဲ့တဲ့ ပညာရေးဟာ တကယ့်လက်တွေ့ ကမ္ဘာကြီးမှာ လိုအပ်နေတဲ့ အလုပ်တွေနဲ့ မညီဖြစ်နေတာ၊ ပေါ်ပင် ပုဂ္ဂလိကပညာရေး တွေက လွှမ်းမိုးနေတာ ထောက်ပြပါတယ်။ ဒါပေမယ့် ဆရာဦးဟန်တင် တာဝန်ယူနေစဉ်တလျှောက် မြန်မာနိုင်ငံ ပညာ ရေးကို အဓိက တာဝန်ယူ လမ်းညွှန်နေခဲ့တဲ့ ဗိုလ်ချုပ်ခင်ညွန့်ဦးဆောင်တဲ့ မြန်မာနိုင်ငံ အမျိုးသား ပညာရေး ကော်မီတီ၊ အခု နောက်ပိုင်းမှာလည်း အစိုးရနိုင်ငံတော်ရဲ့ အခန်းကဏ္ဍကို ထည့်သွင်းဆွေးနွေးထားတာ မတွေ့ရ ပါဘူး။ ဒါကြောင့် ကိုယ်ပျောက်ရုပ်ရှင် ကြည့်နေရလေသလားလို့ ကျနော်က ဆိုခဲ့တာပါ။

မြန်မာနိုင်ငံမှာ တချိန်က ရှိခဲ့တဲ့ ကျောင်းသားတွေ တိုးတက်မှုကို အားပေးခဲ့ လူရည်ချွန်စီမံကိန်းတွေ ဘာကြောင့် ရပ်သွား ရတာလဲ၊ လူငယ်တွေ အဖွဲ့အစည်းသဘော စုပေါင်းလုပ်ဆောင်တတ်ရေးနဲ့ အများအကျိုး သယ်ပိုးစေ ရေးအတွက် အရင်က စာတတ်မြောက်ရေးမှာ တက္ကသိုလ်ကျောင်းသားတွေ စုပေါင်းလုပ်ဆောင်စေ သလိုမျိုး စီမံကိန်းတွေ မရှိတော့တာ ဘာကြောင့်လဲ၊ (နဝတ) တက်ပြီးနောက်ပိုင်း လုပ်ခဲ့တဲ့ ကျောင်းသား ပွဲတော်တွေ ဘာကြောင့် ရပ်သွားတာလဲ၊ နိုင်ငံတော် အစိုးရ ကိုယ်၌က ဘယ်လိုလူငယ်တွေကို မွေးထုတ်ချင် တာလဲ၊ ပညာရေးအသုံးစရိတ်တွေက ဘာဖြစ်လို့ နည်းနေတာလဲ စတဲ့ နိုင်ငံတော်နဲ့ ပတ်သက်တဲ့ အခန်းကဏ္ဍ တွေကို ဒီဆောင်းပါးမှာ ထောက်ပြထားတာကတော့ အားနည်းတယ်လို့ပဲ ဆိုပါရစေ၊ ဒါပေမယ့် ဆရာ ဦးဟန်တင်ရဲ့ ဆောင်းပါးမှာတော့ မြန်မာ့ လူမှုအဖွဲ့အစည်းဟာ တစုံတဦးက လွှမ်းမိုးချယ်လှယ် တဲ့ စနစ်ကနေ၊ ပိုလို့ ပွင့်လင်းတဲ့ သည်းညည်းခံနိုင်တဲ့စနစ် ကိုပြောင်းဖို့ လိုတယ်လို့တော့ ထောက်ပြခဲ့ပါတယ်။ နောက်တပတ် မှာတော့ လန်ဒန်တက္ကသိုလ်က ပညာရေးပညာရှင် မာရီ လားလ်ရဲ့ မြန်မာ့ပညာရေးလေ့လာချက်ကို ဆက်လက် တင်ပြပါမယ်။ အားလုံး ငြိမ်းချမ်း ပျော်ရွှင်ကြပါစေ။

(ယခု ဆောင်းပါးကို လွတ်လပ်သောအာရှအသံ မြန်မာပိုင်းအစီအစဉ် RFA မှ ထုတ်လွှင့်သွားခဲ့ပြီး ဖြစ်ပါသည်။ RFA ၏ မူပိုင်သာဖြစ်ပြီး ပြန်လည်ဖော်ပြခြင်း ဖြစ်သည်။)

No comments:

Recent Comments