Pages

Saturday, April 10, 2010

မြန်မာနိုင်ငံရှိ အာဏာရှင်စနစ်၊ ကသောင်းကနင်း အခြေအနေနှင့် ပြိုယွင်းကျဆင်းနေမှု (၇)။ မြန်မာ-တရုတ် စီးပွား ဆက်ဆံရေး


သြစတြေလျအမျိုးသား တက္ကသိုလ်က ထုတ်ဝေတဲ့ “မြန်မာနိုင်ငံရှိ အာဏာရှင်စနစ်၊ ကသောင်းကနင်း အခြေအနေနဲ့ ပြိုယွင်းကျဆင်းနေမှု” စာအုပ်ကို တင်ပြနေပါ တယ်။ ၂ဝဝ၇ ခုနှစ်၊ သံဃာတော်တွေ ဦးဆောင်တဲ့ ရွှေဝါရောင် တော်လှန်ရေး နောက်ပိုင်း မြန်မာနိုင်ငံရဲ့ နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေး အခြေအနေတွေကို သုံးသပ်ဖော်ပြထားတဲ့ စာရေးသူအများရဲ့ ဆောင်းပါးပေါင်းစုံ စာအုပ်ဖြစ်ပါတယ်။ ဒီတပတ်မှာတော့ ဂျပန်ပညာရှင် တိုရှီဟီရို ကုဒိုသုံးသပ်ထားတဲ့ တရုတ်-မြန်မာ စီးပွားဆက်ဆံရေးကိစ္စနဲ့ အလားအလာတွေကို ဆက်လက်တင်ပြပါမယ်။

သောတရှင် မိတ်ဆွေများခင်ဗျား။
မြန်မာနဲ့ တရုတ်နိုင်ငံ ဆက်ဆံရေးက “ဆွေမျိုးပေါက်ဖော်ဆက်ဆံရေး” လို့ နှစ်နိုင်ငံလုံးက မကြာခဏ ဆိုသလို ဖော်ပြလေ့ရှိကြပါတယ်။ သမိုင်းတလျှောက် တရုတ်-မြန်မာ နှစ်နိုင်ငံဆက်ဆံရေးမှာ ပြေလည်သင့်မြတ် နေခဲ့တဲ့ အချိန်တွေ ရှိသလို၊ ပဋိပက္ခရန်ဖက်ဖြစ်နေရတဲ့ အချိန်တွေလည်း ရှိခဲ့ပါတယ်။ ဒါပေမယ့် အထူးသဖြင့် ၁၉၈၈ ခုနှစ် အာဏာသိမ်းပြီး ကာလနောက်ပိုင်းမှာတော့ တရုတ်-မြန်မာနှစ်နိုင်ငံဟာ စီးပွားရေးအရ ပူးပေါင်း ဆောင် ရွက်မှုတွေ အများအပြား တိုးတက်လာတာကတော့ အသေအချာပါပဲ။ အခု ဆောင်းပါးမှာ ဂျပန်ပညာရှင် တိုရှီ ဟီရို ကုဒိုက တရုတ်-မြန်မာစီးပွား ဆက်ဆံရေး အခြေအနေတွေကို သုံးသပ်ဖော်ပြထားပြီး၊ ဘယ်သူ က အကျိုးရှိလို့ ဘယ်သူတွေနစ်နာရမှာလဲဆိုတာကို ဆန်းစစ်ထားခဲ့ပါတယ်။ တိုရှီဟီရို ကုဒိုကတော့ ဂျပန် နိုင်ငံ ပြည်ပကုန်သွယ်ရေး အဖွဲ့အစည်း၊ ဖွဲ့ဖြိုးဆဲ စီးပွားရေး စနစ်တွေလေ့လာနေတဲ့ သိပ္ပံဌာနက ဒါရိုက်တာ ဖြစ်ပါတယ်။

တရုတ်-မြန်မာ နှစ်နိုင်ငံ ဆက်ဆံရေးက အတက်အကျတွေ ရှိခဲ့ပါတယ်။ နယ်စပ်ချင်း ရှည်လျားစွာ ထိစပ်နေ သလို သမိုင်းအရလည်း ဆက်စပ်နေကြပါတယ်။ တချိန်က နှစ်နိုင်ငံဆက်ဆံရေးမှာ ငြိမ်းချမ်းစွာအတူယှဉ်တွဲ နေထိုင်ရေး ဘန်ဒေါင်းမူကို ကိုင်စွဲဆက်ဆံခဲ့ကြတယ် ဆိုပေမယ့်၊ တချိန်က တရုတ်နိုင်ငံက မြန်မာပြည်က ကွန်မြူနစ်သူပုန်တွေကို လက်နက်အလုံးအရင်း အကူအညီပေးခဲ့ဖူးတာလည်း ရှိပါတယ်။ မြန်မာခေါင်းဆောင် တွေဖက်က တချိန်လုံးစိုးရိမ်လာ နေခဲ့တာကတော့ သူတို့ရဲ့ အချုပ်အခြာအာဏာကို အိမ်နီးချင်းအင်အားကြီး နိုင်ငံကြီးက ထိပါးလာလေမလားဆိုတာ စိုးရိမ်စိတ်ကဲနေခဲ့ပါတယ်။ ဒါပေမယ့်လည်း ဒီလိုအခြေအနေတွေက ၁၉၈၈ ခုနှစ် စစ်အာဏာသိမ်းပြီးနောက်ပိုင်းမှာ ပြောင်းလဲခဲ့ပါတယ်။ စစ်အာဏာသိမ်းတက်လာတဲ့ (နဝတ) စစ် အစိုးရကို အနောက်တိုင်းနိုင်ငံတွေက အကူအညီ ဖြတ်တောက်၊ ပိတ်ဆို့ကြတဲ့ အခြေအနေမှာ တရုတ်နိုင်ငံက နိုင်ငံရေး-စစ်ရေး၊ စီးပွားရေး အကူအညီတွေအပေါ် မှီခိုလာရပါတယ်။ တဖက်မှာလည်း တရုတ်နိုင်ငံက မြန်မာကွန်မြူနစ်တွေအပေါ် အထောက်အပံ့ပေးနေတာတွေ ရပ်ဆိုင်းခဲ့ပြီးတဲ့နောက် ဗမာပြည်ကွန်မြူနစ် ပါတီလည်း ပြိုကွဲကျဆုံးခဲ့ရပါတယ်။ ဒီလိုအခြေအနေတွေက နှစ်နိုင်ငံ စီးပွားရေးဆက်ဆံမှု ပိုမိုတိုးတက်စေဖို့ အကြောင်းဖန် လာခဲ့တာပါ။

(နဝတ) ဒု-ဥက္ကဌ ဗိုလ်ချုပ်သန်းရွှေနဲ့ အတွင်းရေးမှူး (၁) ဗိုလ်ချုပ်ခင်ညွန့်တို့ တရုတ်နိုင်ငံကို ၁၉၈၉ ခုနှစ်၊ အောက်တိုဘာ ချစ်ကြည်ရေးခရီးအပြီးမှာတော့ ဆက်ဆံရေး အခြေအနေသစ်ကို အုတ်မြစ်တည်ခဲ့တယ်လို့ ဆိုနိုင်ပါတယ်။ တရုတ်ဆီက စစ်လက်နက်ပစ္စည်း အမြောက်အများ ဝယ်ယူလို့ စစ်တပ်ခေတ်မီပြောင်းလဲရေး လုပ်ဆောင်ခဲ့ကြသလို၊ နယ်စပ်ကုန်သွယ် ရေးကိုလည်း တိုးချဲ့ခဲ့ကြပါတယ်။

တရုတ်-မြန်မာ ကုန်သွယ်ရေး အခြေအနေကို လေ့လာတဲ့အခါမှာ တရုတ်နိုင်ငံဟာ မြန်မာနိုင်ငံရဲ့ အရေးပါတဲ့ ကုန်သွယ် ဖက်နေရာမှာ ယူထားပါတယ်။ ၁၉၉ဝ ခုနှစ်က မြန်မာနိုင်ငံ ပြည်ပပို့ကုန်ရဲ့ ၈. ၁ ရာခိုင်နှုန်း တရုတ်ကို သွားခဲ့ပြီး၊ ၂ဝဝ၆ ခုနှစ်မှာတော့ ၅. ၃ ရာခိုင်နှုန်း ရှိပါတယ်။ မြန်မာဖက်က တင်ပို့ကုန်တွေ ကြည့်တဲ့အခါ ကျွန်းသစ်၊ ကျောက်မြက်နဲ့ သီးနှံတွေ ဖြစ်ပါတယ်။ ဒါပေမယ့် သစ်တင်ပို့မှုက (၂ဝဝဝ-၂ဝဝ၃) စာရင်းမှာ တင်ပို့မှု အားလုံးရဲ့ ၇ဝ ရာခိုင်နှုန်း ရှိနေတာကို တိုရှီဟီရိုက ထောက်ပြပါတယ်။ တခါ မြန်မာနိုင်ငံကို ပြည်တွင်း သွင်းကုန် တွေကို ပြန်ကြည့်ရင်လည်း တရုတ်ကုန်ပစ္စည်း တွေက အဓိကနေရာယူထားပြန်ပါတယ်။ ဒီနေရာမှာ တော့ လူသုံးကုန်တွေတင်သွင်းနေရတာ ဖြစ်ပြီး၊ ၁၉၉ဝ ခုနှစ်က မြန်မာနိုင်ငံ စုစုပေါင်းတင်သွင်းကုန်ရဲ့ ၂ဝ ရာခိုင်နှုန်းလောက်ကိုသာ တရုတ်က နေရာယူထားပေမယ့်၊ ၂ဝဝ၆ ခုနှစ်မှာတော့ စုစုပေါင်း တင်သွင်းကုန် သုံးပုံတစ်ပုံက တရုတ်နိုင်ငံက လူသုံးကုန်ပစ္စည်းတွေ ဖြစ်နေပါပြီ။ ဒီအခြေအနေက မြန်မာ့ စီးပွားရေးအခြေခံနဲ့ စက်မှုဖွံ့ဖြိုးမှုကို တိုးတက်စေဖို့ မဖြစ်နိုင်ဘူးလို့ တိုရှီဟီရိုက သုံးသပ်ပါတယ်။ မြန်မာနိုင်ငံက သဘာဝ သယံဇာတ တွေ ထုတ်ယူရေးလောက်သာပဲ တရုတ်က စိတ်ဝင်စားနေပြီး၊ တဖက်မှာလည်း မြန်မာ့လူသုံးကုန် အများစုက တရုတ်ကို မှီခို နေရသလို ဖြစ်နေပါတယ်။ တဖက်မှာ ပို့ကုန်ကနည်း၊ သွင်းကုန်ကများတဲ့ အခြေအနေကြောင့် ကုန်သွယ် ရေး လိုငွေပြမှုတွေလည်း ကြီးထွားလာခဲ့ပါတယ်။ အဲဒါအပြင် အခုကုန်သွယ်ရေးက နယ်စပ်ကုန် သွယ်ရေးအနေနဲ့ ဖြစ်ပေါ်နေတာပါ။ နယ်စပ်ကုန်သွယ်ရေးက တရုတ်က မြန်မာကိုပို့ကုန်ရဲ့ ၅ဝ ရာခိုင်နှုန်း ရှိနေပြီး၊ မြန်မာဖက်က သွင်းကုန်ရဲ့ ၇ဝ ရာခိုင်နှုန်းအထိ ရှိနေပါတယ်။ ဒီအခြေအနေကြောင့် စီးပွားရေး ဒဏ်ခတ်ပိတ်ဆို့မှုတွေ အလုပ် ဖြစ်နိုင်-မဖြစ်နိုင် ကိုလည်း တိုရှီဟီရိုက မေးခွန်းထုတ်ပါတယ်။

တခြားတဖက်မှာလည်း တရုတ်နိုင်ငံက နှစ်နိုင်ငံကြား အကူအညီနဲ့ရင်းနှီးမြှုပ်နှံမှုတွေလည်း အလုံးအရင်းမြင့် တက်လာနေ ပါတယ်။ အထူးသဖြင့် အခြေခံ အဆောက်အဦနဲ့ စွမ်းအင်လောင်စာကဏ္ဍ သဘာဝဓာတ်ငွေ့၊ ရေအားလျှပ်စစ်၊ ရေနံ ပိုက်လိုင်း စသဖြင့်မှာ ရင်းနှီးမြှုပ်နှံနေတာပါ။ တရုတ်နိုင်ငံက မြန်မာနိုင်ငံမှာရနေတဲ့ နိုင်ငံ ခြားရင်းနှီးမြှုပ်နှံမှုမှာ ရာခိုင်နှုန်း အတော်များများ နေရာယူထားပေမယ့်၊ အခုလို သဘာဝအရင်းအမြစ် ထုတ်ယူ ရေးကိစ္စတွေမှာ ရင်းနှီးလုပ်ကိုင်နေကြတာ ဖြစ်ပါတယ်။

အဲဒါအပြင် တရုတ်အကူအညီနဲ့ အစိုးရပိုင် စက်ရုံတွေလည်း တည်ဆောက်ခဲ့ပါတယ်။ တကယ်ကတော့ ပုဂ္ဂလိက ကဏ္ဍကို အားပေးပြီး၊ အစိုးရလုပ်ငန်းတွေကို လျှော့ချရမယ့်နေရာမှာ အစိုးရပိုင်စက်ရုံတွေ ပိုမိုများပြား လာပါတယ်။ ၁၉၈၆-နဲ့ ၁၉၉ဝ-၉၁ (၅) နှစ်တာမှာ စက်ရုံ ၁၉ ခုများလာပေမယ့်၊ ၉ဝ ကနေ ၉၅-၉၆ (၅) နှစ်တာမှာ စက်ရုံ (၉၂) ခုအထိ များပြား လာပါတယ်။ သက္ကရာဇ် ၂ဝဝဝ တိုင် တနှစ်ကို တရုတ်အကူအညီနဲ့ အစိုးရပိုင်စက်ရုံ ၂ဝ-၃ဝ လောက် တိုးများနေတယ် ဆိုပါတယ်။ ဒါပေမယ့် ဒီစက်ရုံတွေက ထိရောက်မှုမရှိတဲ့ အစိုးရ စီမံခန့်ခွဲမှုအောက်မှာ အရှုံးပေါ်ပြီး လည်ပတ်နေရတာမျိုး ဖြစ်နိုင်သလို၊ ဒီစက်ရုံတွေ ဆောက်တဲ့ အကြွေးချေးငွေတွေကို တချိန်ကျရင် မြန်မာပြည်သူတွေ ပေးကြရမှာပါ။ အနည်းဆုံး တရုတ်နိုင်ငံက ပြည်သူ တွေအခွန်က ဒီစရိတ်တွေကို ကျခံကြရမှာပါ။

နိဂုံးအနေနဲ့ ပညာရှင် တိုရှီဟီရို သုံးသပ်တာကတော့ တရုတ်နဲ့ စီးပွားဆက်ဆံရေးက တရုတ်နိုင်ငံအတွက်တော့ မြန်မာ နိုင်ငံဟာ သေးသေးလေးဖြစ်ပေမယ့်၊ မြန်မာဘက်ကတော့ အဓိကမှီခိုရာ ဖြစ်နေစေပါတယ်။ တဖက် မှာလည်း တရုတ်က ဒီလိုပတ်သက်နေလို့လည်း မြန်မာ့စီးပွားရေးကဏ္ဍတခုလုံး ထူးထူးခြားခြား ပြောင်း လဲသွားစရာ အကြောင်းမရှိဘူးလို့ သုံးသပ်ပါတယ်။ စစ်အစိုးရကိုတော့ အသက်ဆက်ရှင်စေနိုင်လိမ့်မယ်၊ ဒါပေ မယ့် တိုင်းပြည်က သဘာဝသယံဇာတ၊ ပတ်ဝန်းကျင်တွေ ထိခိုက်ပျက်စီးမယ်၊ စီးပွားရေးတခုလုံးလည်း ပြောင် ရောင် တိုးတက်လာစရာ မရှိဘူး၊ မြန်မာ့စီးပွားရေး ကိုလည်း တံခါးဖွင့်ပွင့်လင်းလာစေမှာ မဟုတ်ဘူးလို့ သုံးသပ် ပါတယ်။ တဖက်မှာလည်း အခုအကူအညီ ချေးငွေတွေ အတွက် မြန်မာပြည်သူတွေက တချိန်ပြန်ပေးဆပ်ကြ ရဦးမယ်လို့ သုံးသပ်ခဲ့ပါတယ်။ နောက်တပတ်မှာတော့ ဒီစာအုပ် ထဲကပဲ၊ မြန်မာပြည် ပညာရေး-ကျန်းမာရေး ဆိုင်ရာ အခြေအနေတွေကို ဆက်လက်တင်ပြပါမယ်။ အားလုံး ငြိမ်းချမ်း ပျော်ရွှင်ကြပါစေ။

(ယခု ဆောင်းပါးကို လွတ်လပ်သောအာရှအသံ မြန်မာပိုင်းအစီအစဉ် RFA မှ ထုတ်လွှင့်သွားခဲ့ပြီး ဖြစ်ပါသည်။ RFA ၏ မူပိုင်သာဖြစ်ပြီး ပြန်လည်ဖော်ပြခြင်း ဖြစ်သည်။)

2 comments:

မမသီရိ said...

ဘာပဲပြောပြော အနောက်အုပ်စု စီးပွား ပိတ်ဆို့လေ သူတို့ကြိုက်လေ ပါပဲ

စိတ်ကြိုက် လွှမ်းမိုး ချယ်လှယ်ခွင့် သူတို့ရခဲ့ပြီ
အမေရိကန်နဲ့ ဂျပန်နဲ့ က သူတို့နည်းဗျူဟာတွေ မပြောင်းရင် ဒီထက်ပို ဆိုးလာလိမ့်မယ်

Steve Evergreen said...

မမ သီရိ ပြောတာ အမှန်ပါပဲ။ စီးပွါးရေးပိတ်တာ ဆင်းရဲတဲ့ သူတွေပဲ ထိတာပါ။

Recent Comments