Pages

Tuesday, April 6, 2010

မြန်မာနိုင်ငံရှိ အာဏာရှင်စနစ်၊ ကသောင်းကနင်း အခြေအနေနှင့် ပြိုယွင်းကျဆင်းနေမှု (၆)။ မြန်မာ့နိုင်ငံ ပြင်ပမှ အိမ် ပြန်ပို့နေကြသည့်ငွေများ


သြစတြေလျအမျိုးသား တက္ကသိုလ်က ထုတ်ဝေတဲ့ "မြန်မာနိုင်ငံရှိ အာဏာရှင်စနစ်၊ ကသောင်းကနင်း အခြေအနေနဲ့ ပြိုယွင်းကျဆင်းနေမှု" စာအုပ်ကို တင်ပြနေပါ တယ်။ ၂ဝဝ၇ ခုနှစ်၊ သံဃာတော်တွေ ဦးဆောင်တဲ့ ရွှေဝါရောင် တော်လှန်ရေး နောက်ပိုင်း မြန်မာနိုင်ငံရဲ့ နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေး အခြေအနေတွေကို သုံးသပ် ဖော်ပြထားတဲ့ စာရေးသူ အများရဲ့ ဆောင်းပါးပေါင်းစုံ စာအုပ်ဖြစ်ပါတယ်။ ဒီတပတ်မှာတော့ မြန်မာပြည်ကနေ နိုင်ငံခြားကို အလုပ်ထွက်လုပ်ကြပြီး အိမ် ပြန်ပို့နေကြတဲ့ ငွေတွေ ဘယ်လောက်ရှိသလဲ၊ ဘယ်လိုနည်းလမ်းတွေ နဲ့ ပို့နေကြ သလဲ၊ ဘယ်လိုအသုံးချနေကြ သလဲဆိုတာ လေ့လာထားတဲ့ သြစတြေလျနိုင်ငံ အခြေစိုက် စီးပွားရေး ပညာရှင်တစုရဲ့ သုတေသနပြု သုံးသပ်ချက်တွေကို တင်ပြပါမယ်။

သောတရှင် မိတ်ဆွေများခင်ဗျား။
မြန်မာနိုင်ငံကနေ လူအများအပြားက အိမ်နီးချင်းနိုင်ငံတွေမှာ ရေကြည်ရာ၊ မြက်နုရာဆိုသလို ထွက်ပြီးအလုပ် လုပ်နေကြ တာ အတော့်ကို များလာပြီလို့ ဆိုနိုင်ပါတယ်။ ထိုင်းနိုင်ငံတခုတည်းမှာတင် သန်းဂဏန်းကျော်ရှိပါ တော့မယ်၊ အခြား အိမ်နီးချင်းနိုင်ငံတွေဖြစ်တဲ့ စင်္ကာပူ၊ မလေးရှားနိုင်ငံတွေမှာလည်း မနည်းပါဘူး။ ဒီလို ကိုယ့် နေရပ်ရင်းကနေ ထွက်ပြီး တိုင်းတပါးမှာ အလုပ်အကိုင်လုပ်ကိုင်ပြီး၊ အိမ်ကိုငွေပြန်ပို့နေကြတာတော့ မြန်မာ တနိုင်ငံတည်း မဟုတ်ပါဘူး။ လေ့လာ ချက်တွေအရ ၂ဝဝ၆ ခုနှစ်မှာ လူပေါင်း သန်း ၁၅ဝ လောက်ဟာ နိုင်ငံ ရပ်ခြားကို ရွှေ့ပြောင်းအလုပ်လုပ်ကိုင် နေကြပြီး တော့၊ သူတို့ဆီက အိမ်ပြန်ပို့ငွေ စုစုပေါင်းဟာ အမေရိကန် ဒေါ်လာ ၃ဝဝ ဘီလီယံလောက်ရှိတယ် ဆိုပါတယ်။ ဒီပမာဏဟာ ဖွံ့ဖြိုးဆဲနိုင်ငံတွေကရတဲ့ နိုင်ငံခြားရင်းနှီး မြှုပ်နှံမှုထက် များတယ်လို့လည်း ဆိုပါတယ်။ အခုနောက်ပိုင်းမှာ စီးပွားရေးပညာရှင်တချို့က ရွှေ့ပြောင်းလုပ်သား တွေရဲ့ (remittance) လို့ခေါ်တဲ့ အိမ်ပြန်ပို့ငွေကိစ္စကို အတော်လေး စိတ်ဝင်စားလာကြပါတယ်။ အကြောင်း ကတော့ ဒီငွေတွေက တရားဝင်စာရင်းမပေါက်ကြတဲ့အပြင် အတိအကျ သိဖို့ ကလည်း ခက်ပါတယ်။ တဖက်မှာ အခုလို ပြန်ပို့တဲ့ငွေတွေရနေခြင်းအားဖြင့် မတိုးတက်တဲ့နိုင်ငံတွေမှာ ဆင်းရဲမွဲတေမှု လျှော့ကျလာမယ်။ ဒီထက် ပိုများလာရင် ဒီနိုင်ငံတွေမှာ ရင်းနှီးမြှုပ်နှံမှုနဲ့ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကိစ္စတွေမှာ တစုံတရာ အထောက် အကူ ဖြစ်စေမလားဆိုပြီး စိတ်ဝင်စားကြတာပါ။

အခုလို မြန်မာနိုင်ငံကနေ ထိုင်းနိုင်ငံကိုလာပြီး အလုပ်လုပ်နေကြတဲ့ ရွှေ့ပြောင်း အလုပ်သမားတွေအကြားမှာ အိမ်ကို ပြန်ပို့ နေတဲ့ငွေက ဘယ်လောက်ရှိသလဲ၊ ဘယ်လိုဘယ်ပုံ ပြန်ပို့နေကြသလဲ၊ ပြန်ပို့တဲ့ငွေကို သူတို့မိသား စုတွေက ဘယ်လို သုံးကြသလဲ ဆိုတာ လူသိနည်းသေးတဲ့ကိစ္စ ဖြစ်ပါတယ်။ အခုစာအုပ်မှာတော့ သြစတြေလျ နိုင်ငံက စီးပွားရေးပညာရှင် ရှောင်တာနဲ၊ အယ်လီဆင် ဗစ်ကရေး၊ ဝီလီ ဘရက်ဒ်ဖို့ဒ်တို့က သုတေသနပြုလေ့ လာထားတဲ့ စာတန်းကို တွေ့ရပါတယ်။ နိုင်ငံတကာငွေကြေး ရန်ပုံငွေအဖွဲ့ (IMF) ရဲ့ ခန့်မှန်းချက်အရဆိုရင် ၂ဝဝ၄ ခုနှစ်မှာ အလုပ်သမားတွေ အိမ်ပြန်ပို့ငွေက မြန်မာနိုင်ငံမှာ တနှစ်ကို အမေရိကန်ဒေါ်လာ ၈၁. ၃ သန်း ရှိတယ်ဆိုပါတယ်။ မြန်မာနိုင်ငံမှာ လုပ်နေတဲ့ နိုင်ငံခြားသား တွေက ပြန်ပို့ကြတဲ့ငွေကို ပြန်နှုတ်ရင် အသားတင် အိမ်ပြန်ပို့ငွေက အမေရိကန်ဒေါ်လာ ၅၆. ၈ သန်းရှိတယ် ဆိုပါတယ်။ ဒီငွေက အတော်လေးကို မပြည့်မစုံနိုင်တဲ့ ကိန်းဂဏန်း ဖြစ်နိုင်ပါတယ်။ သင်္ဘောသားလို၊ တရားဝင် အလုပ်သွားလုပ်ကြသူ တွေလိုက ပို့တဲ့တရားဝင်ငွေ ဖြစ်ပြီး တရားမဝင် မလုပ်ထွက်လုပ်ကြတဲ့သူတွေက ပို့တဲ့ငွေတွေ စာရင်းမဝင်ဘဲ ကျန်နေနိုင် ပါတယ်။ ဒီလိုနဲ့ သူတို့ စီးပွားရေးပညာရှင်တွေအဖွဲ့က ထိုင်းနိုင်ငံရောက် မြန်မာအလုပ်သမားတွေကြားမှာ ကွင်းဆင်း သုတေသန လုပ်ခဲ့ကြပါတယ်။ ၂ဝဝ၂-၂ဝဝ၃ ခုနှစ် အတွင်းမှာ ထိုင်းနိုင်ငံထဲက မြန်မာရွှေ့ပြောင်းအလုပ်သမားတွေ အနေ များတဲ့ ခရိုင် ၁၂-ခုမှာ စစ်တန်းကောက်ခဲ့တာပါ။ မြန်မာအလုပ်သမား ၁ဝဝဝ လောက်ကို မေးမြန်းပြီး အချက် အလက်တွေ စုဆောင်းခဲ့တယ် ဆိုပါတယ်။ သူတို့တွေ့ရှိချက်တွေအရ မြန်မာအလုပ်သမားတွေက ဒေသ မျိုးစုံက လာကြတာဖြစ်ပြီး၊ စီးပွားရေး မပြေလည်မှုကစလို့ နိုင်ငံရေးဖိနှိပ်မှု အကြောင်းပေါင်းစုံနဲ့ ရောက်လာကြ တာ ဖြစ်ပါတယ်။ သူတို့က ထိုင်း နိုင်ငံမှာ ပထမဦးဆုံး အလုပ်လာလုပ်ရင် ပျမ်းမျှ ဘတ် ၂၅ဝဝ လောက် ရကြပါ တယ်။ သူတို့မေးမြန်းခဲ့တဲ့ အထဲမှာ တရာမှာ လူ ၄ဝ လောက်က တရားဝင် အလုပ်လုပ်ခွင့် လက်မှတ်ရှိပြီး သူတို့ဆိုရင် ဝင်ငွေပိုကောင်းတတ်ပါတယ်။ တလကို ဘတ် ၅ဝဝဝ လောက်အထိ ရတယ် ဆိုပါတယ်။ ဒါပေမယ့် လည်း အချို့ကတော့ တလကို ဘတ် ၁ဝဝဝ လောက်ပဲရပြီး အသက်မွေးနေကြရတာ ဖြစ်ပါတယ်။ သူတို့က အိမ်ကို ငွေ ဘယ်လောက်ပြန်ပို့နိုင်ကြသလဲ ဆိုတာ လေ့လာကြည့်တော့ တဝက်ကျော်လောက်က တနှစ်ကို ဘတ် တသောင်းခွဲ (၁၅ဝဝဝ) လောက်အထိ အိမ်ကို ပြန်ပို့ ပေးကြတယ်လို့ ဖြေပါတယ်။ အချို့လည်း နည်းနည်း ပဲ ပို့နိုင်တဲ့သူတွေ ရှိပါတယ်။ ဒီလိုနဲ့ ထိုင်းနိုင်ငံရောက် ရွှေ့ပြောင်း အလုပ်သမားတွေအားလုံးက အိမ်ပြန်ပို့တဲ့ငွေ ကို စီးပွားရေးပညာနဲ့ ခန့်မှန်းတွက်ကြည့်တော့ (၂ဝဝ၂-၂ဝဝ၃) ခုနှစ်မှာ စုစုပေါင်းက အမေရိကန်ဒေါ်လာ သန်း ၃ဝဝ လောက်ရှိနေတာကို တွေ့ခဲ့ကြရပါတယ်။ မြန်မာနိုင်ငံရဲ့ စုစုပေါင်း ထွက်ကုန်တန်ဖိုး (ဂျီဒီပီ) ရဲ့ ၅ % လောက်၊ မြန်မာနိုင်ငံကို ရောက်လာတဲ့ နိုင်ငံရေးပြင်ပ ရင်းနှီးမြှုပ်နှံမှုတန်ဖိုးရဲ့ ၂-ဆ ကျော်တောင် ဖြစ်နေတာ ကို တွေ့ကြရပါတယ်။ မနည်းလှပါဘူး။

ဒါပေမယ့် အစိုးရဖက်က ဒီအလုပ်သမားတွေ အဆင်ပြေ ပြေလည်အောင် လုပ်ပေးတာက အတော်နည်းလှပါ ကလားလို့ ကျနော်တွေးမိပါတယ်။ ဒီငွေတွေကို အိမ်ပြန်ပို့နေကြပုံ နည်းလမ်းကလည်း အမျိုးမျိုးပါ။ အစိုးရ ဘဏ်နဲ့ ပုဂ္ဂလိက ဘဏ်စနစ်ကို ယုံကြည်မှုနည်းကြသလို၊ အဆင်မပြေကြပါဘူး။ တဖက်မှာလည်း ဘဏ်စနစ် ကို မြန်မာတွေက အယုံအကြည်နည်းတဲ့အတွက် သိပ်အသုံးချလေ့ မရှိပါဘူး။ စစ်တန်းလေ့လာချက်အရ လူအများ စု (၄၄ %) က ဟွန်ဒီ စနစ်နဲ့ လွှဲတယ်လို့ ဆိုပါတယ်။ ဒါက တရားမဝင်နည်းနဲ့ ငွေလွှဲတာဖြစ်ပြီး၊ ဟိုဘက်သည်ဖက် ယုံကြည်မှုနဲ့ လွှဲကြတာပါ။ ဒီဖက်မှာ ထိုင်းဘတ်ငွေပေးရင်၊ ဟိုဘက်မှာ ဈေးပေါက်တဲ့ မြန်မာကျပ်ငွေကို ပြန်ပေး ပါတယ်။ ဒီအတွက် ကြားက ဆောင်ရွက်ပေးသူက အဖိုးအခနည်းနည်း ယူပါတယ်။ ကျန်တဲ့ ၂၂ % က မိသားစု ဝင်တွေကတဆင့် လွှဲတယ်၊ နောက်ထပ် ၂၂ % က လူကြုံ၊ ဒါမှမဟုတ် ကုန်သည်တွေနဲ့ လွှဲကြတယ် လို့ ဆိုပါ တယ်။ မြန်မာနိုင်ငံက ဘဏ်တွေ ကိုသုံးပြီး ငွေလွှဲတာက ၆ % လောက်ပဲ ရှိတယ်လို့ ဆိုပါတယ်။

ဒီငွေတွေကို ဘယ်လို ပြန်သုံးစွဲကြသလဲဆိုတာလည်း ကြည့်ကြရအောင်ပါ။ သူတို့စစ်တမ်းအရ မြန်မာပြည်မှာ ကျန်ခဲ့တဲ့ မိသားစု ၉၆ % က သူတို့ ရှင်သန်ရပ်တည်ရေးအတွက် သုံးကြရတယ်လို့ဆိုပါတယ်။ တကယ့်ကို မြန်မာပြည်က အခက်အခဲ အကျပ်အတည်းကို သိသာနိုင်ပါတယ်။ ကျန်တဲ့ ၄ % ကတော့ ပို့ငွေကို ငွေတိုး အကြွေးစားဖို့ ပြန်ချထားတာ၊ ပညာရေး၊ လယ်ယာ၊ အခြား ပစ္စည်းတွေဝယ်ဖို့၊ အိမ်ပြင်ဖို့၊ စီးပွားရေးတခုခု ထူထောင်ဖို့ သုံးကြတယ်လို့ ဆိုပါတယ်။

ပြောရမယ်ဆိုရင် အခုလို အိမ်ပြန်ပို့ငွေတွေကြောင့် မိသားစုတွေ ဆင်းရဲတွင်းက သက်သာစေတာ၊ အိုးအိမ် ပြန်ပြင်နိုင်တာ၊ ကလေးတွေ ပညာရေးကို စဉ်းစားနိုင်တာ၊ ကျန်မာရေးနဲ့ လူမှုရေး အသုံးစားရိတ်တွေသုံးလာ နိုင်တာကတော့ အမှန်ပါ။ အသက်ရှင်ရပ်တည်နိုင်ရေးနဲ့ ဆင်းရဲမွဲတေမှု လျှော့ချနိုင်ရေးအတွက် အာဏိသင် ရှိတယ်လို့တော့ ဆိုရပါလိမ့်မယ်။ ဒါပေမယ့် ဒီငွေတွေကို အကျိုးရှိရှိ နောက်ထပ်တိုးပွားလာစေဖို့၊ ကုန်ထုတ် လုပ်ငန်းတွေမှာ ရင်းနှီးမြှုပ်နှံမှုတွေ ဖြစ်လာစေဖို့ကတော့ အတော့်ကို နည်းလှသေးတာ တွေ့ရပါတယ်။ အခု စီးပွားရေးပညာရှင်တွေရဲ့ သုံးသပ်ချက်ကတော့ အခုလို ရွှေ့ပြောင်းလုပ်သားတွေ အိမ်ပြန်ပို့နေကြတဲ့ ငွေပမာဏက မနည်းလှဘူး။ အတော့်ကို များတယ်၊ အခြေအနေ သာပေးရင် တိုင်းပြည်စီးပွားဖွံ့ဖြိုးမှုကိုလည်း အထောက်အကူတောင် ဖြစ်စေနိုင်တယ်လို့ ဆိုကြပါတယ်။ ဒါပေမယ့်လည်း ငွေရှာပေးနေသူတွေက ပစ်ပယ် ထားခံရသလို၊ ဖိနှိပ်ခံနေကြရပါတယ်။ အများစုက အသက်ရှင်သန်ရပ်တည်ရေး အတွက်သာ သုံးစွဲနေရပြီး၊ ဒီအဆင့်ကနေ တက်နိုင်တဲ့ အနေအထားလည်း နည်းပါသေးတယ်။ တဖက်မှာလည်း အခုလို ရွှေ့ပြောင်း အလုပ် ထွက်လုပ်ရတဲ့ ဆိုးကျိုးကြောင့် ဦးဏှောက်ယိုစီးတာတွေ၊ တန်ဖိုးရှိတဲ့ ကျွမ်းကျင်လုပ်သားတွေ ဆုံးရှုံး ရတာတွေ၊ မိသားစုတွေ ခွဲခွာနေကြရတာတွေကိုလည်း ထောက်ပြထားခဲ့ပါတယ်။ အဲဒါအပြင် ပြန်ပို့တဲ့ငွေတွေ ကြောင့် စီးပွားရေးစနစ်ထဲမှာ မလို အပ်ဘဲ ငွေလဲလှယ်မှုနှုန်း မာနေတာတွေ၊ ကိုယ့်နိုင်ငံက ပို့ကုန်တွေ ဈေးကြီးသလို ဖြစ်နေတဲ့ အနေအထား ဖြစ်စေတာ စတဲ့ ဆိုးကျိုးသက်ရောက်မှုတွေကိုလည်း ထောက်ပြခဲ့ကြောင်းပါ ခင်ဗျား။

နောက်တပတ်မှာတော့ တရုတ်-မြန်မာ စီးပွားရေးဆက်ဆံမှုမှာ ဘယ်သူသာလို့၊ ဘယ်သူနာနေသလဲဆိုတာ ဆွေးနွေး တင်ပြထားတဲ့ ဂျပန်စီးပွားရေးပညာရှင်တယောက်ရဲ့ သုံးသပ်ချက်ကို ဆက်လက်တင်ပြပါမယ်။အားလုံး ငြိမ်းချမ်း ပျော်ရွှင်ကြပါစေ။

(ယခု ဆောင်းပါးကို လွတ်လပ်သောအာရှအသံ မြန်မာပိုင်းအစီအစဉ် RFA မှ ထုတ်လွှင့်သွားခဲ့ပြီး ဖြစ်ပါသည်။ RFA ၏ မူပိုင်သာဖြစ်ပြီး ပြန်လည်ဖော်ပြခြင်း ဖြစ်သည်။)

No comments:

Recent Comments