Pages

Saturday, March 20, 2010

မြန်မာနိုင်ငံရှိ အာဏာရှင်စနစ်၊ ကသောင်းကနင်း အခြေအနေနှင့် ပြိုယွင်းကျဆင်းနေမှု (၅)။ မြန်မာ့ စီးပွားရေး အခြေအနေ


သြစတြေလျအမျိုးသား တက္ကသိုလ်က ထုတ်ဝေတဲ့ “မြန်မာနိုင်ငံရှိ အာဏာရှင်စနစ်၊ ကသောင်းကနင်း အခြေ အနေနဲ့ ပြိုယွင်းကျဆင်းနေမှု” စာအုပ်ကို တင်ပြနေပါ တယ်။ ၂ဝဝ၇ ခုနှစ်၊ သံဃာတော်တွေ ဦးဆောင်တဲ့ ရွှေဝါ ရောင်တော်လှန်ရေး နောက်ပိုင်း မြန်မာနိုင်ငံရဲ့ နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေး အခြေအနေတွေကို သုံးသပ် ဖော်ပြထားတဲ့ စာရေးသူ အများရဲ့ ဆောင်းပါးပေါင်းစုံ စာအုပ်ဖြစ်ပါတယ်။ ဒီတပတ်မှာတော့ မြန်မာပြည်က စီးပွားရေးပညာရှင် ဦးမြင့်ရဲ့ မြန်မာနိုင်ငံ စီးပွားရေး ဖွံ့ဖြိုးတိုးတက်တယ်ဆိုတာ တကယ်လားဆိုတဲ့ သမိုင်းနဲ့ယှဉ် သုံးသပ်ချက်တွေကို တင်ပြပါမယ်။

သောတရှင် မိတ်ဆွေများခင်ဗျား။
အခုစာအုပ် ၂ဝဝ၇ ခုနှစ် သံဃာတော်တွေ ဦးဆောင်တဲ့ ရွှေဝါရောင်လှုပ်ရှားမှုနောက်ပိုင်း စီးပွားရေးနဲ့ပတ်သက် တဲ့ ပညာရှင်တွေ သုံးသပ်ဖော်ပြချက်တွေထဲမှာ ဦးမြင့်က မြန်မာ့စီးပွားရေး ဖွံ့ဖြိုးမှုအခြေအနေကို သုံးသပ်ထား တာ ဖတ်ရပါတယ်။ ဦးမြင့်ကတော့ ရန်ကုန်တက္ကသိုလ်က အငြိမ်းစားယူခဲ့တဲ့ စီးပွားရေးပါမောက္ခတဦး ဖြစ်သလို တချိန်က အာရှ-ပစိဖိတ်စီးပွားရေး ပူးပေါင်းဆောင်ရွက်ရေး ကုလသမဂ္ဂရုံး (UN-ESCAP) မှာလည်း တာဝန် ယူခဲ့ဖူးသူ ဖြစ်ပါ တယ်။ သူက အဓိကအားဖြင့် မြန်မာနိုင်ငံရဲ့ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနှုန်း တနည်းပြောရရင် တိုင်းပြည်ရဲ့ စုစု ပေါင်းထွက်ကုန်တန်ဖိုး (ဂျီဒီပီ) တိုးတက်မှုနှုန်းအပေါ်မှာ စစ်ကြောဝေဖန် ထားတာ ဖြစ်ပါတယ်။ မြန်မာစစ်အစိုးရ က ၂ဝဝဝ ခုနှစ်ကနေ ၂ဝဝ၅ ခုနှစ်အထိ ၆-နှစ်တိုင်တိုင် မြန်မာနိုင်ငံရဲ့ ဂျီဒီပီဖွံ့ဖြိုးတိုးတက်မှု နှုန်းက ဆယ် ဂဏန်းအထက်မှာ ရှိတယ်လို့ ဖော်ပြထားခဲ့ပါတယ်။ ဒီကိစ္စအငြင်းပွားဖွယ် ဖြစ်နေတာကို သူက သမိုင်း ရှုထောင့်၊ အခြား ရင်းနှီးမြှုပ်နှံမှုပမာဏအချိုးဖက်က လှည့်ကြည့်တဲ့ ရှုထောင့်တခု ကနေ သုံးသပ်ထား ခဲ့ပါ တယ်။

ထောင်စုနှစ်ဝင်အပြီး ကာလမှာ ၂ဝဝဝ ခုနှစ်က စလို့ မြန်မာနိုင်ငံရဲ့ ဂျီဒီပီ ဖွံ့ဖြိုးတိုးတက်မှုနှုန်းဟာ ဆယ်ဂဏန်း အထက်မှာ ရှိနေခဲ့တယ်၊ အချို့နှစ်တွေဆိုရင် ၁၂ ဒဿမ ၉ တောင် ရှိတယ်လို့ ဖော်ပြပါတယ်။ ဆရာဦးမြင့်က အဲသည်ကာလ အခြားနိုင်ငံ ၁၉-ခုရဲ့ ဂျီဒီပီ တိုးတက်မှုနှုန်းတွေနဲ့ ယှဉ်ပြခဲ့ပါတယ်။ ဒီ ၁၉-နိုင်ငံထဲမှာ ဖွံ့ဖြိုးစ အာဆီယံနိုင်ငံတွေ၊ သူ့နောက်ကလိုက်တဲ့ ဖွံ့ဖြိုးနေဆဲ နိုင်ငံတွေ၊ ဖွံ့ဖြိုးမှုနှုန်းနည်းတဲ့ နိုင်ငံတွေလည်း ပါဝင်ပါ တယ်။ ဒီနိုင်ငံတွေတောင်မှ အခုကာလမှာကြည့်ရင် ဂျီဒီပီဖွံ့ဖြိုးမှုနှုန်းက ၄. ၅ ကနေ ၅. ၈ လောက်သာပဲ ရှိပါ တယ်။ မြန်မာတနိုင်ငံတည်းက ထူးချွန်တက်နေတာလည်း သူက ထောက်ပြပါတယ်။ ဒီလို စီးပွားတက်နေ တယ်ဆိုရင် မြန်မာလူထုတွေရဲ့ ပြည်တွင်း စုဆောင်းငွေက တက်လာရဖို့အကြောင်း ရှိပါတယ်။ တခါ စုဆောင်း ငွေကို ပြန်လည်ရင်းနှီးမြှုပ်နှံကြမယ်ဆိုရင် ပြည်တွင်း ရင်းနှီးမြှုပ်နှံမှုကလည်း တိုးတက်လာရဖို့ ရှိတယ် ဆိုတာ စီးပွားရေးသဘောအရ ယူပြီး ဆရာဦးမြင့်က ပြည်တွင်းစုစုပေါင်း ရင်းနှီးမြှုပ်နှံမှုနဲ့ ဂျီဒီပီအချိုးကို ချလို့ တွက်ကြည့် ပြန်ပါတယ်။ ဒါပေမယ့် ဒီကာလမှာ အခြားကျန်နိုင်ငံတွေက ပြည်တွင်းစုစုပေါင်း ရင်းနှီးမြှုပ်နှံ မှုနဲ့ ဂျီဒီပီအချိုးက ၂၄ ရာခိုင်နှုန်းလောက် ရှိနေပေမယ့်လည်း မြန်မာနိုင်ငံကတော့ ၁၂ ရာခိုင်နှုန်းလောက်ပဲ နိမ့်ကျနေလေတော့ ဒါကလည်း မေးခွန်းထုတ်စရာ ဖြစ်လာပြန်ပါတယ်။

တကယ်ကတော့ မြန်မာစစ်အစိုးရရဲ့ စီးပွားရေး ကိန်းဂဏန်းတွေကို ယုံကြည်စိတ်ချမထားနိုင်ကြတာ ကြာပါပြီ။ အစိုးရက ၁၂ ရာခိုင်နှုန်းကျော် စီးပွားတက်နေပါတယ် ပြောပြော၊ အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့ (IMF) လို အဖွဲ့မျိုးက ၂ဝဝ၃-၂ဝဝ၄ ခုနှစ်မှာ မြန်မာပြည် စီးပွားရေးဖွံ့ဖြိုးမှုနှုန်းက (Zero Growth) သုည ဖွံ့ဖြိုးမှုလို့တောင် တွက်ချက်ခဲ့ပါတယ်။ စီးပွားတက်တယ်ဆိုပေမယ့် မြန်မာနိုင်ငံ စီးပွားရေးမှာ လယ်ယာနဲ့ ကုန်ကြမ်းထုတ်ကဏ္ဍကပဲ ပင်မဖြစ်နေပါသေးတယ်။ သူများနိုင်ငံတွေမှာတော့ ကုန်ထုတ်လုပ်မှု၊ ဝန်ဆောင်မှု ကဏ္ဍတွေက ရှေ့တက်လာကြပါတယ်။ တခါ စီးပွားတက်ရင် စွမ်းအင်အသုံးလည်း တက်ရပါမယ်။ စက်မှုလုပ် ငန်းတွေမှာ လောင်စာ၊ လျှပ်စစ်တွေ ပိုသုံးလာရဖို့ ရှိပါတယ်။ ပြည်ပက ငွေဖြစ်နိုင်တဲ့ သွင်းကုန်ကလည်း ပိုတက်လာဖို့ ရှိပါတယ်၊ ဒါပေမယ့် မြန်မာနိုင်ငံ စာရင်းတွေမှာက ကျဆင်းလာနေပါသေးတယ်။ ဒီအချက်တွေ ကြောင့် စစ်အစိုးရက ပြောတဲ့နှုန်းကို သူတို့က ငြင်းဆိုကြတာပါ။

မြန်မာနိုင်ငံ သမိုင်းမှာ ဂျီဒီပီ ဆယ်ဂဏန်းအထက် တက်တဲ့နှစ်တွေ မရှိခဲ့ဘူး မဟုတ်ပါဘူး။ ရှိခဲ့တာကို သမိုင်း အချက်အလက်တွေနဲ့ ဦးမြင့်ကထောက်ပြပါတယ်။ ၁၉၅ဝ ခုနှစ်များမှာ နှစ်ကြိမ် (၁၉၅ဝ နဲ့ ၁၉၅၆ ခုနှစ်တွေ)၊ ၁၉၆ဝ ခုနှစ်များမှာ ၃ ကြိမ် (၁၉၆၂၊ ၁၉၆၄ နဲ့ ၁၉၆၇ ခုနှစ်တွေ) ရှိခဲ့ဘူးတာကို ဆရာက အချက်အလက်တွေနဲ့ တင်ပြပါတယ်။ ဒါပေမယ့် သူ့တွေ့ရှိချက်မှာ အဲသလို တနှစ်က တိုးတက်မှုနှုန်း ဆယ်ဂဏန်းကျော် ဖြစ်ပြီးတဲ့ နောက်ပိုင်းမှာ နောက်နှစ်တွေမှာ ဖွံ့ဖြိုးမှုအနှုတ်နှုန်းနဲ့ လိုက်လာလေ့ရှိတာကိုလည်း သူက ထောက်ပြခဲ့ပါတယ်။

တခါ မြန်မာနိုင်ငံ လွတ်လပ်ပြီးစကာလမှာတောင် တိုင်းပြည်စုဆောင်းငွေ၊ တနည်းပြောရင် ပြည်တွင်းရင်းနှီး မြှုပ်နှံမှုနဲ့ ဂျီဒီပီ အချိုး (GDI/ GDP ratio) က ၁၉ ရာခိုင်နှုန်း၊ အဲဒီနောက်ပိုင်း စီးပွားဆုတ်ယုတ်လာတဲ့ မြန်မာ့ ဆိုရှယ်လစ် လမ်းစဉ် ပါတီအစိုးရ လက်ထက်တွေမှာတောင် အဲသည် ပြည်တွင်းရင်းနှီး မြှုပ်နှံမှုနဲ့ ဂျီဒီပီ အချိုးက ၁၂-၁၃ ရာခိုင်နှုန်း တဝိုက်မှာ ရှိခဲ့ပါတယ်။ အခုလို (နအဖ) လက်ထက် စီးပွားတိုးတက်မှုနှုန်းက ၁၂-၁၃ လို့ ဆယ်ဂဏန်းကျော် ပြောနေတဲ့ကာလမှာလည်း အဲသည် ပြည်တွင်းရင်းနှီး မြှုပ်နှံမှုနဲ့ ဂျီဒီပီ အချိုးက ၁၂ ရာခိုင် နှုန်းလောက်ပဲဆို တော့ တခုခုတော့ ကွဲလွဲနေပြီဆိုတာ တွက်ချက်နိုင်အောင် စစ်အစိုးရက ထုတ်ပြန်ထားတဲ့ ကိန်းဂဏန်းတွေကို ပဲသုံးပြီးဆရာက ထောက်ပြထားပါတယ်။ တဖက်မှာလည်း အခြားစဉ်းစားစရာတွေ ရှိပါ တယ်။ တကမ္ဘာလုံးမှာ စီးပွားထိုင်းမှိုင်းနေတဲ့ အချိန်၊ ကမ္ဘာ့ရာသီဥတု ဖောက်ပြန်ပူနွေးမှုဒဏ်နဲ့ ရုန်းကန် နေကြ ရတဲ့အချိန်မှာ တကိုယ်တော် ချွန်နေတာမျိုးပါ။

တဖက်မှာလည်း လူမှုရေး၊ စီးပွားရေး အခြားညွှန်းကိန်းတွေက စီးပွားရေးဖွံ့ဖြိုးတိုးတက်နေပါတယ်ဆိုတာနဲ့ ကွဲလွဲပြနေတာကိုလည်း ဆရာဦးမြင့်က ထောက်ပြပါတယ်။ နောက်တချက်ကတော့ ပြည်ပပို့ကုန်တင်ပို့တဲ့ ပမာဏနဲ့ ဂျီဒီပီအချိုးဖြစ်ပါတယ်။ ဂျီဒီပီ တိုးတက်တယ်လို့ ဖော်ပြနေတဲ့အချိန်မှာ ပြည်ပပို့ကုန် အချိုးက ကျဆင်းနေတော့ ဘယ်လိုတိုးတက်တာလဲလို့ မေးစရာ ဖြစ်စေပါတယ်။ သမိုင်းမှာ ပြန်ကြည့်ရင် ၁၉၅ဝ-၆ဝ ခုနှစ်များကာလတွေမှာ ပြည်ပပို့ကုန်တန်ဖိုးနဲ့ ဂျီဒီပီအချိုးက ပျမ်းမျှအားဖြင့် ၂၂ ရာခိုင်နှုန်းကျော် ရှိပါတယ်။ ၂ဝဝဝ ကနေ ၂ဝဝ၃ ခုနှစ်အထိ ပြည်ပပို့ကုန်နဲ့ ဂျီဒီပီအချိုးကို ပြန်ကြည့်တော့ ပျမ်းမျှက ဝ. ၄၄ သာပဲ ရှိပါတယ်။ မေးခွန်းတွေ ဖြစ်လာရပြန်ပါတယ်။

နိဂုံးချုပ်အနေနဲ့တော့ ဆရာဦးမြင့်က ရွေးချယ်နိုင်စရာ နည်းလမ်း ၂-ခုကို အကြံပြုပါတယ်။ တခုကတော့ လူ အများ မယုံကြည်လောက်အောင် မြင့်မားနေတဲ့၊ လက်တွေ့မကျတဲ့ ဂျီဒီပီတိုးနှုန်းကို ဆက်လက်ကိုင်စွဲထားရင် လည်း ထားပေါ့။ ဒါပေမယ့် နိမ့်ကျလွန်းနေတဲ့ လူမှု-စီးပွားညွှန်းကိန်းတွေ ရှက်ဖွယ်ကြုံရစရာအကြောင်းတွေ လည်း ရှိပါတယ်။

အဲသလို မဟုတ်ဘူး ဆိုရင်တော့ လက်ရှိ ဂျီဒီပီတိုးတက်မှုနှုန်းကို အမှန်အတိုင်း ပြန်လည်ပြင်ဆင်ပြီး ပိုလို့ ကျိုးကြောင်း ဆီလျော်တဲ့ စနစ်ကို သွားဖို့ပါ။ ပထမနည်းကတော့ ကိုင်စွဲလာတာလည်း ကြာပြီ၊ တကယ် အလုပ် ဖြစ်တာလည်း မဟုတ်ဘူး။ အဲသည်တော့ ဒုတိယနည်းကိုပြောင်းပြီး ပိုလို့လက်တွေ့ကျတဲ့၊ လူတွေယုံကြည် လက်ခံ စရာရှိတဲ့ ပြင်ဆင်မှုလုပ်ကြဖို့ တိုက်တွန်းခဲ့ကြောင်းပါခင်ဗျား။

နောက်အပတ်တွေမှာတော့ သြစတြေလျတက္ကသိုလ်က ပါမောက္ခ ရှောင်တာနဲနဲ့ အဖွဲ့လေ့လာတင်ပြထားတဲ့ မြန်မာပြည်ပြင်ပမှာ အလုပ်လုပ်ကိုင် အိမ်ကို ငွေပြန်ပို့နေကြတဲ့ ပမာဏ လေ့လာချက်တွေနဲ့ ဂျပန်စီးပွားရေး ပညာရှင်တဦးရဲ့ တရုတ်-မြန်မာ စီးပွားဆက်ဆံရေးမှာ ဘယ်သူကနာလို့ ဘယ်သူက သာနေကြသလဲဆိုတာ ဆက်လက်တင်ပြပါမယ်။ အားလုံး ငြိမ်းချမ်းပျော် ရွှင်ကြပါစေ။

(ယခု ဆောင်းပါးကို လွတ်လပ်သောအာရှအသံ မြန်မာပိုင်းအစီအစဉ် RFA မှ ထုတ်လွှင့်သွားခဲ့ပြီး ဖြစ်ပါသည်။ RFA ၏ မူပိုင်သာဖြစ်ပြီး ပြန်လည်ဖော်ပြခြင်း ဖြစ်သည်။)

1 comment:

victorOway said...

သို့ 
ကိုအောင်သူငြိမ်း ကျနော့်ဘလော့နာမည်က jargyi.blogspot.comဖြစ်ပါတယ်။ ကျနော်ဘလော့ခေါင်းစဉ်က-ကျေးလက်နိုင်ငံတော်ဖြစ်ပါတယ်။ ကျနော်ရေးထားသည့် -နှင်းဆီရောင်တ်ေလှန်ရေး ရုပ်ပုံလွှာအပိုင်း(၇)အထိရှိသွားပါပြီ။ လာရောက်ပြီး ဝေဘန်အကြံပြုပေးသွားပါဦးလို့ လေးစားစွာဖိတ်ခေါ်အပ်ပါသည်။
ကျည်ဝေဖြိုး

Recent Comments