Pages

Saturday, March 13, 2010

မြန်မာနိုင်ငံရှိ အာဏာရှင်စနစ်၊ ကသောင်းကနင်း အခြေအနေနှင့် ပြိုယွင်းကျဆင်းနေမှု (၄)။ ရွှေဝါရောင် တော်လှန်ရေး နောက်ပိုင်း စစ်တပ်တွင်း အခြေအနေ


သြစတြေလျအမျိုးသား တက္ကသိုလ်က ထုတ်ဝေတဲ့ "မြန်မာနိုင်ငံရှိ အာဏာရှင်စနစ်၊ ကသောင်းကနင်း အခြေ အနေနဲ့ ပြိုယွင်းကျဆင်းနေမှု" စာအုပ်ကို တင်ပြနေပါ တယ်။ ၂ဝဝ၇ ခုနှစ်၊ သံဃာတော်တွေ ဦးဆောင်တဲ့ ရွှေဝါရောင် တော်လှန်ရေး နောက်ပိုင်း မြန်မာနိုင်ငံရဲ့ နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေး အခြေအနေတွေကို သုံးသပ် ဖော်ပြထားတဲ့ စာရေးသူ အများရဲ့ ဆောင်းပါးပေါင်းစုံ စာအုပ်ဖြစ်ပါတယ်။ ဒီတပတ်မှာတော့ ၂ဝဝ၇ သံဃာတွေ ဆန္ဒပြပွဲကို အကြမ်းဖက် ချေမှုန်းပြီးတဲ့ နောက်ပိုင်း မြန်မာ့တပ်မတော်အတွင်း ဆက်ဆံရေး အခြေအနေတွေ ကို တင်ပြ ပါမယ်။

သောတရှင် မိတ်ဆွေများခင်ဗျား။
ဦးဝင်းမင်းရဲ့ စစ်တပ်အတွင်း ဆက်ဆံရေးကိစ္စတွေအကြောင်း ဆောင်းပါးကို ဆက်လက်တင်ပြလိုပါတယ်။ အထူး သဖြင့်တော့ ၂ဝဝ၇ ခုနှစ်၊ သံဃာတော်တွေ ဦးဆောင်တဲ့ ရွှေဝါရောင်တော်လှန်ရေးနောက်ပိုင်း စစ်တပ် ထဲက ဆက်ဆံရေး အပြောင်းအလဲကိစ္စတွေပါ။ ဒီကိစ္စတွေက မှားတယ်၊ မှန်တယ် အတည်ပြုရခက်သလို စာရေးသူ ကိုယ်တိုင်ကလည်း စစ်တပ်အတွင်းက အရာရှိတွေ၊ အရာရှိဟောင်းတွေ၊ နီးစပ်သူ စီးပွားရေးလုပ်ငန်း ရှင်တွေနဲ့ တွေ့ဆုံမေးမြန်း အတည်ပြုထားတဲ့ ကိစ္စတွေပါ။

ရွှေဝါရောင် တော်လှန်ရေးပြီးတော့ စစ်အစိုးရက အရပ်ဖက်လူမှုရေးအဖွဲ့အစည်းလို့ ပြောနေတဲ့ ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးအသင်းရဲ့ နာမည်အတော်ပျက်ခဲ့ပါတယ်။ အကြောင်းကတော့ ကြံ့ဖွံ့အဖွဲ့ဝင်တွေရယ်၊ စွမ်းအားရှင် ဆိုတဲ့ အုပ်စုတွေကို စစ်တပ်က ငြိမ်းချမ်းစွာဆန္ဒပြနေသူတွေကို ချေမှုန်းတဲ့ကိစ္စတွေမှာ အသုံးချခဲ့လို့ပါ။ ဒါပေ မယ့် ၂ဝဝ၇ ခုနှစ် ဆန္ဒပြပွဲတွေကို ချေမှုန်းပြီးတဲ့နောက်ပိုင်းမှာတော့ စစ်အစိုးရအပေါ် လူထုထောက်ခံမှုရှိ ကြောင်း ပြနိုင်ဖို့ ကြံ့ခိုင်ဖွံ့ဖြိုးရေးအဖွဲ့ရဲ့ လူစုလူဝေးနဲ့ အစည်းအဝေးကြီးတွေကို အတင်းအကျပ် စီစဉ်လာပါ တော့တယ်။ ဒီအစည်းအဝေးတွေကနေ ဆန္ဒပြသူတွေက ပြည်ပသွေးထိုးမှုတွေကြောင့် ဖြစ်ရတာ၊ စစ်အစိုးရရဲ့ လမ်းပြမြေပုံအတိုင်း ဆက်လက်ထောက်ခံသွားမယ်ဆိုတာတွေ အတည်ပြုပြောခဲ့ကြပါတယ်။ ကုလအထူးသံ မစ္စတာ အီဗရာဟင် ဂမ်ဘာရီ လာစဉ်မှာတောင် ခေါ်ပြီးပြသခဲ့ပါသေးတယ်။

ဒီလိုအချိန်မှာ နိုင်ငံတကာဖိအားကြောင့်တော့ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံမယ်၊ ဒါပေမယ့် ဒေါ်စုဖက်က အချို့တောင်းဆိုချက်တွေကို လိုက်နာရမယ်ဆိုတာမျိုး လုပ်ခဲ့တာရှိသလို၊ အလုပ်သမားဝန်ကြီး ဦးအောင်ကြည် ကိုလည်း ဒေါ်စုနဲ့ တွေ့ဆုံဆွေးနွေးရေးအတွက် တာဝန်ပေးခန့်အပ်ခဲ့ရတာတော့ ရှိပါတယ်။

ဒီအချိန်မှာ ဝန်ကြီးချုပ်တာဝန်ယူထားသူက ဗိုလ်ချုပ်ကြီးသိန်းစိန်ပါ။ သူက အရင်ဗိုလ်ချုပ်ခင်ညွန့်တို့လို ရှေ့ ဆောင် ရှေ့ရွက် လမ်းထွင်တတ်သူမဟုတ်သလို၊ ဗိုလ်ချုပ်သန်းရွှေက ညွှန်ကြားတဲ့အတိုင်း လိုက်နာလုပ်မယ့် သူလို့ ဦးဝင်းမင်းက ဆိုပါတယ်။ ကျန်းမာရေးအရလည်း ဗိုလ်ချုပ်သိန်းစိန်က နှလုံးရောဂါရှိပြီး၊ နှလုံးမှာ နှလုံး နှိုးစက်တတ်ထားရတဲ့သူလို့ ဆိုပါတယ်။ အဲဒီလို ဆန္ဒပြပွဲတွေ ပြီးတဲ့အချိန်မှာ ဗိုလ်ချုပ်သန်းရွှေက စစ်တပ် အတွင်းမှာ တချို့အပြောင်းအလဲတွေ လုပ်ခဲ့ပါတယ်။ ဗိုလ်ချုပ်မောင်အေးကို စီးပွားကုန်သွယ်မူဝါဒတွေ ချမှတ် ရာမှာ အဓိကတာဝန်ရှိတဲ့ ကုန်သွယ်ရေးကောင်စီ ဥက္ကဋ္ဌအဖြစ်ကနေ အနားယူစေခဲ့ပြီး၊ ဗိုလ်ချုပ်သီဟသူရ တင်အောင်မြင့်ဦးကို ဥက္ကဋ္ဌနေရာအဖြစ် အစားထိုး တာဝန်ပေးခဲ့ပါတယ်။ ဗိုလ်ချုပ်တင်အောင်မြင့်ဦးက သဘော ထားတင်းမာတဲ့ ဗိုလ်ချုပ်တဦးလို့ နာမည်ကျော်ပြီး၊ ဗိုလ်ချုပ်မောင်အေးနဲ့ နီးစပ်တဲ့တပည့်တဦးလို့လည်း ဆိုပါ တယ်။ သူက (နအဖ) အဖွဲ့ရဲ့ အတွင်းရေးမှူး (၁) တာဝန်ရှိတဲ့သူလည်း ဆိုတော့ တချိန်မှာ ဝန်ကြီးချုပ် ဗိုလ်ချုပ် သိန်းစိန်၊ တပ်မတော် ကြည်း-ရေ-လေ ပူးပေါင်းစစ်ဆင်ရေး ကွပ်ကဲရေးမှူးချုပ် ဗိုလ်ချုပ်ရွှေမန်းတို့ကို စောင့် ကြည့်ထိန်းညှိမယ့်သူလို့ တွက်ကြပါတယ်။ ဒါပေမယ့် သူကလည်း ချမ်းသာတဲ့ ဗိုလ်ချုပ်တွေထဲမှာ တဦး အပါ အဝင် ဖြစ်တယ်လို့ ဦးဝင်းမင်းက ဖော်ပြပါတယ်။

သိသာတာက ဗိုလ်ချုပ်သန်းရွှေ-မောင်အေးတို့ကြားမှာ သူ့လူကိုယ့်လူတွေနဲ့ ထိန်းညှိထားတဲ့ကိစ္စပါ။ ၂ဝဝ၇ ခုနှစ်၊ အောက်တိုဘာလမှာတော့ ဗိုလ်ချုပ်သန်းရွှေနဲ့ နီးစပ်သူ မန္တလေးတိုင်းမှူး ဗိုလ်ချုပ်ခင်ဇော်၊ အနောက် မြောက်စစ်တိုင်းမှူး ဗိုလ်ချုပ်သာအေးတို့ကို အထူးစစ်ဆင်ရေးအဖွဲ့ (ဘီအက်စ်အို) မှူးတွေအဖြစ် ရာထူးတက် ပေးခဲ့ပါတယ်။ ဗိုလ်ချုပ်၂-ဦးအကြား ကြားနေသဘောဖြစ်နေတဲ့ အနောက်တောင်တိုင်း တိုင်းမှူး ဗိုလ်ချုပ်သူရ မြင့်အောင်ကိုတော့ စစ်ရေးချုပ်နေရာပေးခဲ့ပါတယ်။ ပြောရရင် သူ့ထက်စစ်တပ်မှာ စီနီယာကျတဲ့ဗိုလ်ချုပ်တွေကို ကျော်တက်တာဝန်ပေးခဲ့တာ ဖြစ်ပြီး၊ စာရေးသူ ဦးဝင်းမင်းကတော့ ဒီကိစ္စဟာ ဗိုလ်ချုပ်မောင်အေးဖက်က ဗိုလ် ချုပ်သန်းရွှေ အလိုကျချည်း မဖြစ်ရအောင် ပြန်ခုခံတဲ့အနေနဲ့ တင်ခိုင်းတာဖြစ်ပုံရတယ်လို့ သုံးသပ်ပါတယ်။ တချိန်တည်းမှာ မြန်မာနိုင်ငံ ရင်းနှီးမြှပ်နှံမှုကော်မရှင် ဥက္ကဋ္ဌတာဝန်ယူထားတဲ့ ဗိုလ်ချုပ်သန်းရွှေနဲ့ နီးစပ်သူ ဦးသောင်းကိုလည်း တပါတည်းနှုတ်ထွက်စေပြီး၊ မွေးမြူရေးနဲ့ ရေလုပ်ငန်းဝန်ကြီး ဗိုလ်ချုပ်မောင်မောင်သိန်းနဲ့ အစားထိုးခဲ့ပါတယ်။ လူတွေ ဘယ်လိုပြောင်းပြောင်း စီးပွားရေးအရ လုပ်ခင်းကိုင်ခင်းသာတဲ့ အခြေအနေတော့ ဖြစ်မလာခဲ့ပါဘူး။ တချိန်တည်းမှာ ရွှေဝါရောင်လှုပ်ရှားမှုကို အကြမ်းဖက်ချေမှုန်းလို့ အနောက်နိုင်ငံတွေက ဒဏ်ခတ်အရေးယူမှုတွေလည်း မြန်မာစစ်ဗိုလ်ချုပ်တွေသာမက၊ သူတို့နဲ့ နီးစပ်သူ စီးပွားရေးသမားတွေ အပေါ် မှာပါ တိုးတက်လာခဲ့ပါတယ်။ ဒီအချိန်နောက်ပိုင်းမှာ ဗိုလ်ချုပ်သန်းရွှေအနေနဲ့ ဒေါ်အောင်ဆန်းစုကြည် အပါ အဝင် အတိုက်အခံအဖွဲ့တွေနဲ့ ဆွေးနွေးလိုကြောင်းလည်း လေးလေးနက်နက် ပြသတာ မရှိတော့ပါဘူး။ လမ်းပြ မြေပုံအတိုင်း ချီတက်ကြပြီး၊ ၂ဝဝ၈ ခုနှစ် နာဂစ်မုန်တိုင်းဒဏ်ကြောင့် အပျက်အစီး ကြီးကြီးမားမား ကြုံနေရချိန် အတွင်းမှာတောင် ဖွဲ့စည်းပုံအခြေခံဥပဒေ ဆန္ဒခံယူပွဲကို တွန်းလုပ်ခဲ့ပါသေးတယ်။ တဖက်သတ်လမ်းကြောင်းကို လျှောက်ဖို့ ပိုများလာတယ်လို့ ဦးဝင်းမင်းက သုံးသပ်ပါတယ်။

ဒီလိုဆိုရင် ရှေ့အလားအလာက ဘယ်လိုဖြစ်နိုင်ပါသလဲ။ စာရေးသူ ဦးဝင်းမင်းကတော့ ၃-ချက် သုံးသပ်ဖော်ပြ ထားပါတယ်။

ပထမအချက်က- ရွေးကောက်ပွဲတွေ ပြီးတဲ့တိုင် ဗိုလ်ချုပ်သန်းရွှေက ဆက်ကျန်နေရစ်ပြီး၊ ဗိုလ်ချုပ်ရွှေမန်းကို သမ္မတအဖြစ်တင်ထားမယ်။ ဗိုလ်ချုပ်မောင်အေးကိုလည်း သူက စစ်တပ်တာဝန်ယူထားတဲ့ အထိတိုင် ဆက်ရှိနေ စေမယ်၊ သဘောထားတင်းမာပြီး သူနဲ့နီးစပ်သူ ဦးသောင်း၊ ဦးအောင်သောင်းတို့ကလည်း အစိုးရအဖွဲ့သစ်ထဲမှာ ဆက်ရှိနေမယ်၊ ဒါက အဖြစ်နိုင်ဆုံး အလားအလာလို့ ဦးဝင်းမင်းက ဆိုပါတယ်။

ဒုတိယဖြစ်နိုင်ခြေကတော့- ဗိုလ်ချုပ်သန်းရွှေက အာဏာကနေ ဖြည်းဖြည်းချင်း ဆုတ်သွားမယ်၊ သူနားရင် ဗိုလ်ချုပ်မောင်အေးကိုလည်း တပါတည်းခေါ်သွားမယ်။ ဗိုလ်ချုပ်သန်းရွှေက သူ့ရဲ့ သာဝကဖြစ်သူ ဗိုလ်ချုပ် မြင့်ဆွေကို စစ်တပ်ကို ဦးဆောင်ဖို့ ချန်ထားခဲ့မယ်၊ ဗိုလ်ချုပ်ရွှေမန်းက သမ္မတဖြစ်လာမယ်လို့ တွက်ပါတယ်။

တတိယဖြစ်နိုင်ခြေကတော့- အကယ်၍ ဗိုလ်ချုပ်သန်းရွှေက ကျန်းမာရေးကြောင့် ရုတ်တရက်သေသွားရင် ဗိုလ်ချုပ်မောင်အေးက နေရာဝင်ယူမယ်၊ ကျန်းမာရေးဆိုးလာရင် အရင် ဗိုလ်ချုပ်စောမောင်ကို အရင်အနား ယူခိုင်းသလိုပဲ အာဏာတွေ လျှော့ချလာပြီး၊ အာဏာက အခြားအုပ်စုတွေကို ပိုလို့ ပျံ့နှံ့လာခြေရှိတယ်လို့ သုံးသပ်ခဲ့ပါတယ်။ ဒါပေမယ့် ဗိုလ်ချုပ်သန်းရွှေလွန်လေပြီး ကာလကတော့ ပဟေဠိတွေအပြည့်နဲ့ စိတ်ဝင်စား ဖွယ်ဖြစ်နေပါတယ်ခင်ဗျား။ အားလုံး ငြိမ်းချမ်းပျော် ရွှင်ကြပါစေ။

(ယခု ဆောင်းပါးကို လွတ်လပ်သောအာရှအသံ မြန်မာပိုင်းအစီအစဉ် RFA မှ ထုတ်လွှင့်သွားခဲ့ပြီး ဖြစ်ပါသည်။ RFA ၏ မူပိုင်သာဖြစ်ပြီး ပြန်လည်ဖော်ပြခြင်း ဖြစ်သည်။)

No comments:

Recent Comments