Pages

Sunday, March 7, 2010

မြန်မာနိုင်ငံရှိ အာဏာရှင်စနစ်၊ ကသောင်းကနင်း အခြေအနေနှင့် ပြိုယွင်းကျဆင်းနေမှု (၃)။ ရွှေဝါရောင် တော်လှန်ရေး မတိုင်မီနှင့် နောက်ပိုင်း စစ်တပ်တွင်း အခြေအနေ


သြစတြေလျအမျိုးသား တက္ကသိုလ်က ထုတ်ဝေတဲ့ "မြန်မာနိုင်ငံရှိ အာဏာရှင်စနစ်၊ ကသောင်းကနင်း အခြေ အနေနဲ့ ပြိုယွင်းကျဆင်းနေမှု" စာအုပ်ကို တင်ပြနေပါ တယ်။ ၂ဝဝ၇ ခုနှစ်၊ သံဃာတော်တွေ ဦးဆောင်တဲ့ ရွှေဝါ ရောင်တော်လှန်ရေး နောက်ပိုင်း မြန်မာနိုင်ငံရဲ့ နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေး အခြေအနေတွေကို သုံးသပ် ဖော်ပြထားတဲ့ စာရေးသူ အများရဲ့ ဆောင်းပါးပေါင်းစုံ စာအုပ်ဖြစ်ပါတယ်။ ဒီတပတ်မှာတော့ ၂ဝဝ၇ သံဃာ တွေ ဆန္ဒပြပွဲကာလ မြန်မာ့တပ်မတော် အတွင်း ဆက်ဆံရေး အခြေအနေတွေကို တင်ပြပါမယ်။

သောတရှင် မိတ်ဆွေများခင်ဗျား။
ဦးဝင်းမင်းရဲ့ စစ်တပ်အတွင်း ဆက်ဆံရေးသုံးသပ်ချက် ဆောင်းပါးကို ဆက်လက်တင်ပြလိုပါတယ်။ အထူးသဖြင့် ၂ဝဝ၇ သံဃာတွေ ဦးဆောင်တဲ့ ရွှေဝါရောင်တော်လှန်ရေး မတိုင်မီနဲ့ နောက်ပိုင်းကာလတွေ အကြောင်းပါ။ ၂ဝဝ၄ မှာ ဗိုလ်ချုပ် ခင်ညွန့်နဲ့ ထောက်လှမ်းရေးယန္တယားတခုလုံးကို ဖြုတ်ထုတ်အပြီးမှာတော့ စစ်အစိုးရ အတွင်းမှာ အဓိက အာဏာက ထိပ်ပိုင်းစစ်ဗိုလ်ချုပ်ကြီး ၂ယောက်ဆီမှာ စုစည်းလာမိတယ်လို့ ဆိုပါတယ်။

နောက်ပိုင်းတက်လာတဲ့ ဝန်ကြီးချုပ်ဖြစ်သူ ဗိုလ်ချုပ်စိုးဝင်းက ဗိုလ်ချုပ်ခင်ညွန့်တို့ကို ခြစားမှုနဲ့ စွပ်စွဲခဲ့သလို သူ့ လက်ထက် မှာ သန့်စင်တဲ့ အစိုးရဖြစ်ရေးဆိုပြီး ဗိုလ်ခင်ညွန့်နဲ့ အပေါင်းပါ စီးပွားရေးသမားတွေကို အရေးယူခဲ့တာ အများအပြား ရှိပါတယ်။ ဒါပေမယ့် ဗိုလ်ချုပ်သန်းရွှေနဲ့ နီးစပ်တဲ့စီးပွားရေးသမား တွေဖြစ်တဲ့ ဦးတေဇ၊ ဝန်ကြီး ဦးအောင်သောင်းရဲ့သား အောင်ပြည့်ဖြိုးကုမ္ပဏီက ဦးနေအောင်တို့ကတော့ ခြစားမှုနဲ့ ပိုလို့ ကျော်စော ပေမယ့်လည်း ကင်းလွတ်ကျွင်းကျန် နေခဲ့တယ်လို့ ဦးဝင်းမင်းက ဖော်ပြပါတယ်။ ဦးတေဇဆိုတာက ဗိုလ်ချုပ် သန်းရွှေ မိသားစုရဲ့ စီးပွားရေးကိုယ်စားလှယ် အေးဂျင့်လို ဖြစ်နေသလို၊ ကိုနေအောင်ကလည်း အစိုးရဝန်ကြီး ဌာနတွေ အားလုံးအတွက် ပစ္စည်းတွေဝယ်ယူ တင်သွင်းခွင့် လက်ဝါးကြီးအုပ်ပိုင်ခွင့် ရထားသူပါ။

ဗိုလ်ချုပ်စိုးဝင်း ကြိုးပမ်းချက်တွေကလည်း သူ့ကျန်းမာရေးကြောင့်ပါ ကြာရှည်မခံခဲ့ပါဘူး၊ နောက်ပိုင်း စင်္ကာပူ မှာ ဆေးကုရင်း ကွယ်လွန်ခဲ့ရပါတယ်။ ဒီကာလမှာ ထိပ်သီးဗိုလ်ချုပ်ကြီး ၂-ဦးကြားထဲမှာ သူ့တို့ကိုသစ္စာခံတဲ့သူတွေ နဲ့ ချန်ထားခဲ့ရေးကို ခြေပုန်းခုတ်ခဲ့ကြပါတယ်။ မြန်မာ့တပ်မတော်မှာ တရားဝင်အနားယူတဲ့အသက်က ၆ဝ ဖြစ်ပါ တယ်။ ဒါပေမယ့် ဒီဗိုလ်ချုပ်ကြီး ၂-ဦးလုံးက ၇ဝ ကျော် ဖြစ်နေကြပါပြီ။ ဗိုလ်ချုပ်သန်းရွှေက သူ့အား ထားရတဲ့ ဗိုလ်ချုပ်ရွှေမန်းကို တတိယ အာဏာနေရာကို ဆွဲတင်ပါတယ်။ ဗိုလ်ချုပ်မောင်အေးကို သူနဲ့အတူ တပါတည်း အနားယူဖို့ တိုက်တွန်းပေမယ့် လည်း တဖက်က လက်မခံဘူးလို့ဆိုပါတယ်။ ဗိုလ်ချုပ်မောင်အေးက လည်း သူ့ကိုသစ္စာခံသူတွေနဲ့ တပ်မတော်ကို ချန်သွား ချင်တာပါ။

ဗိုလ်ချုပ်မောင်အေး အဖို့ ဗိုလ်ချုပ်သန်းရွှေနေရာ ဆက်ဆံဖို့အရေးလည်း လမ်းပေါ်ခဲ့ပါသေးတယ်။ ၂ဝဝ၇ မှာ ဗိုလ်ချုပ် သန်းရွှေ စင်္ကာပူမှာ ရင်ပတ်အောင့်တဲ့ ဝေဒနာနဲ့ ဆေးရုံတက်ရပါတယ်။ နောက်ပိုင်းမှာတော့ ပြန်နာလံ ထူလာပါတယ်။ ဗိုလ်ချုပ်သန်းရွှေက နှလုံးရောဂါနဲ့ ဆီးချိုရောဂါခံစားနေရသူလို့ ဆိုပါတယ်။

ခြစားမှုနဲ့ နာမည်အပျက်နည်းတဲ့ စစ်အစိုးရ ဒု-ခေါင်းဆောင် ဗိုလ်ချုပ်ကြီးမောင်အေးကလည်း ဗိုလ်ချုပ်သန်းရွှေ နဲ့ နီးစပ်သူ အကျင့်ပျက် အရာရှိတချို့ကို အရေးယူဖို့ ကြိုးပမ်းခဲ့တာ ရှိပါတယ်။ အလယ်အလတ်ပိုင်း အရာရှိ တချို့ကို အရေးယူတာ မှာတော့ အောင်မြင်ခဲ့ပါတယ်။ ဥပမာ- ဗိုလ်ချုပ်သန်းရွှေ ဇနီးဒေါ်ကြိုင်ကြိုင်နဲ့ နီးစပ်သူ အကောက်ခွန် အရာရှိချုပ်ကို အရေးယူ ထုတ်ပစ်နိုင်ခဲ့တာမျိုး ဖြစ်ပါတယ်။ ဒါပေမယ့် အခုပြည်ထဲရေးဝန်ကြီး ဗိုလ်ချုပ်မောင်ဦးကို ခြစားမှုနဲ့ အရေးယူ အပစ်ပေးဖို့ ကြိုးစားတော့ မအောင်မြင်ခဲ့ဘူးလို့ ဆိုပါတယ်။ ဗိုလ်ချုပ် သန်းရွှေက အကာအကွယ်ပေးခဲ့တာ ဖြစ်နိုင်တယ်လို့ ဦးဝင်းမင်းက သုံးသပ်ပါတယ်။ ဗိုလ်ချုပ်မောင်အေးက ဒေါ်ကြိုင်ကြိုင်ကို မကျေလည်ဘူးလို့ ဆိုပါတယ်။ ဒီတော့ သူ့နဲ့ နီးစပ်တဲ့ လယ်ယာစိုက်ပျိုးရေးဝန်ကြီး ဗိုလ်ချုပ် ညွန့်တင်ရဲ့ လာဘ်စားမှုတွေကို ဖော်ထုတ်ရင်း ထွက်ချက်တွေမှာ ဒေါ်ကြိုင်ကြိုင်ကို ရတနာတွေပေးရတာ၊ စိန်တွေပေးရတာတွေကိုလည်း ဖော်ထုတ်ခဲ့သေးတယ် ဆိုပါတယ်။ ဗိုလ်ချုပ်မောင်အေးကိုတော့ တပ်ကို တကယ့် စစ်တပ်တခုလို ကိုင်တွယ်ချင်သူ၊ နိုင်ငံရေးကင်းချင်သူ၊ ကြံ့ဖွံ့ စွမ်းအားရှင် တွေ တိုက်ခိုက်မှုမျိုးကိစ္စတွေ မှာ ခပ်ကင်းကင်းလက်ရှောင်နေခဲ့သူလို့ ဦးဝင်းမင်းက အကောင်းသုံးသပ်ပါတယ်။ ဒါပေမယ့် နိုင်ငံရေးအာဏာ ကိစ္စမျိုးတွေမှာ သူက သိပ်ပြီးလိုဘ မရှိဘူးလို့လည်း မြင်ထားပါတယ်။ ဒါပေမယ့် သူတို့နှစ်ဦး နိုင်ငံတကာ ဆက်ဆံရေးမှာ တူညီတာကတော့ သဘောထားတင်းမာတာရယ်၊ ဖယ်ကျဉ်နေချင်တဲ့ ဆန္ဒရှိတယ်လို့ ဆိုပါတယ်။

ဒီလိုနဲ့ ၂ဝဝ၇ မှာ ဓာတ်ဆီဈေးတွေ ရုတ်တရက်တက်လိုက်ပြီးတဲ့နောက် လမ်းလျှောက်ဆန္ဒပြတာ၊ သံဃာတွေ လှုပ်ရှားမှု တွေ ပေါ်လာပါတယ်။ ဒီအချိန်မှာ စီမံရတာက ဗိုလ်ချုပ်ကြီးရွှေမန်းဖြစ်တယ်၊ သူက ဒီကာလ တလျှောက်လုံးမှာ အမျိုးသား လုံခြုံရေးကောင်စီ အစည်းအဝေးမှာ သဘာပတိလုပ်ပြီး ကွပ်ကဲနေခဲ့တယ်လို့ ဦးဝင်းမင်းက ဖော်ပြပါတယ်။ ဒီအစည်းဝေး တွေမှာ ဗိုလ်ချုပ်သန်းရွှေ၊ ဗိုလ်ချုပ်မောင်အေးတို့ကိုယ်တိုင် မတက်ခဲ့ ကြဘူး ဆိုပါတယ်။ ဗိုလ်ချုပ်ရွှေမန်းက အရင်က ဗိုလ်ချုပ်မောင်အေးနဲ့ ပြဿနာဖြစ်မှာစိုးလို့ ခပ်လျှိုလျှိုနေခဲ့ပေ မယ့် အခုကိစ္စတွေမှာ ရှေ့တန်းတက်လာပါတယ်။ တချိန် တည်းမှာ လုံခြုံရေးကောင်စီ ဖွဲ့စည်းပုံကလည်း ဗိုလ်ချုပ်မောင်အေး အာဏာကို လျှော့ချနိုင်ဖို့ ကြံရွယ်ချက်လို့ ဆိုပါတယ်။ ဗိုလ်ချုပ်သန်းရွှေက ဗိုလ်ချုပ်မောင် အေးကို ကျော်ပြီး အမိန့်တွေစီးဆင်းလို့ ရသွားပါပြီ။ ဗိုလ်ချုပ်မောင်အေးက ကြံ့ဖွံ့တွေ၊ စွမ်းအားရှင်တွေ အသုံး ချတာမျိုးကို လက်မခံသလို၊ အင်အားသုံးပြီး အကြမ်းဖက်တာမျိုးကို မနှစ်မြို့ဘူးလို့လည်း ဆိုပါတယ်။ ၂ဝဝ၇ မှာ ကိုင်တွယ်ပုံက တပ်မတော်ကို ညွှန်ကြားထားရာမှာ တတ်နိုင်သမျှ ပစ်အားကို လျှော့သုံးဖို့ ညွှန်ကြားထားတယ်။ ဒီအချက်က ၁၉၈၈ က ချေမှုန်းပုံတွေနဲ့ ကွာခြားတယ်လို့ ဦးဝင်းမင်းက သုံးသပ်ပါတယ်။ တခါ ၂ဝဝ၇ ရွှေဝါရောင် သံဃာဆန္ဒပြပွဲတွေမှာ စစ်တိုင်းတွေအလိုက်လည်း ကိုင်တွယ်ပုံက ခြားနားပါတယ်။ ရန်ကုန်တိုင်းမှူး ဗိုလ်ချုပ် လှဌေးဝင်းနဲ့ မန္တလေးတိုင်းမှူးတို့က ပထမပိုင်းမှာ ကိုင်တွယ်ပုံ ပျော့ပြောင်းညင်သာခဲ့ပါတယ်။ ဒါပေမယ့် ဗိုလ်ချုပ်သန်းရွှေက သူနဲ့နီးစပ်တဲ့ ရန်ကုန်အထူးစစ်ဆင်ရေး (ကစထ) မှူး၊ တဖက်ကလည်း ဒေါ်ကြိုင်ကြိုင်ရဲ့ တူတော်သူ ဗိုလ်ချုပ်မြင့်ဆွေကို ဖိအားပေး ပြီး အကြမ်းဖက်ချေမှုန်းခိုင်းတဲ့ စက်တင်ဘာ ၂၆ နောက်ပိုင်းမှာမှ ဘုန်းကြီးကျောင်းတွေ ဝင်စီးတာ၊ ပစ်ခတ် သတ်ဖြတ်တာ ပိုများလာတယ်လို့ ဦးဝင်းမင်းက သုံးသပ်ပါတယ်။ အဲဒီအချိန်မှာ ရန်ကုန်က ၈-မိုင်၊ ကုန်းမြင့်သာယာမှာ ဌာနချုပ်ဖွင့်ပြီး ဦးစီးခဲ့သူတွေက ဗိုလ်ချုပ်မြင့်ဆွေ၊ ရန်ကုန် စစ်တိုင်းမှူး၊ ဒု-ပြည်ထဲရေးဝန်ကြီး ဗိုလ်မှူးချုပ် ဖုန်းဆွေ၊ ခြေမြန်တပ်မ (၇၇) မှူး ဗိုလ်မှူးချုပ်ဝင်းမြင့်တို့ လို့ ဆိုပါတယ်။ နောက်ပိုင်းမှာ ပြည်က တပ်မ-၆၆ ကိုပါ ခေါ်ယူခဲ့ပါတယ်။

အထက်မြန်မာပြည်မှာလည်း မန္တလေးဖက်မှာတော့ အထူးစစ်ဆင်ရေးမှူး ဗိုလ်ချုပ်ရဲမြင့်နဲ့ တိုင်းမှူးဗိုလ်ချုပ်ခင် ဇော်တို့ ကိုင်တွယ်ပုံ ညင်သာပေမယ့်၊ ကချင်ပြည်နယ်မှာတော့ ဗိုလ်ချုပ်အုန်းမြင့်က ဘုန်းတော်ကြီးကျောင်းတွေ အကြမ်းဖက် ဝင်စီးတာတွေ လုပ်ခဲ့ပါတယ်။ ဆိုလိုတာက ဒီအချိန်မှာပဲ ဒေသအလိုက် ကိုင်တွယ်ပုံ တပြေး ညီ မဖြစ်ကြတဲ့ အကြောင်းပါ။ ဒီကာလမှာ စစ်တပ်က ထိပ်ပိုင်းခေါင်းဆောင်တွေရဲ့ မိသားစု တွေကို နိုင်ငံပြင်ပ ပို့ထားရတဲ့အထိ သူတို့ဖက်က စိုးရိမ်စိတ် ကဲခဲ့တာကိုလည်း ဦးဝင်းမင်းက အတည်ပြုဖော်ပြပါတယ်။ ဗိုလ်ချုပ် သန်းရွှေမိသားစု၊ ဦးအောင်သောင်းမိသားစုတွေက နိုင်ငံပြင်ပကို ရှောင်နေခဲ့ကြပါတယ်။ ၁၉၈၈ ခုနှစ် လူထုတွေ မုန်တိုင်းထန်နေစဉ်ကတောင် ဦးနေဝင်းမိသားစုတွေ ဒီလို ထွက်ပြေးတိမ်းရှောင်ခဲ့တာ မရှိဘူးလို့လည်း ဦးဝင်းမင်း က နှိုင်းယှဉ်သုံးသပ်ခဲ့ပါသေးတယ်။

နောက်တပတ်မှာတော့ သံဃာ့လှုပ်ရှားမှုအပြီး အခုကာလ ဘယ်သူတွေက ဘယ်လိုအခြေအနေလဲ၊ ရှေ့မှာ မြန်မာ့ တပ်မတော်အတွင်း ဘယ်လို ဖြစ်လာလေမလဲဆိုတာ ဦးဝင်းမင်းသုံးသပ်ထားတာ ဆက်လက်တင်ပြပါ မယ် ခင်ဗျား။ အားလုံး ငြိမ်းချမ်းပျော် ရွှင်ကြပါစေ။

(ယခု ဆောင်းပါးကို လွတ်လပ်သောအာရှအသံ မြန်မာပိုင်းအစီအစဉ် RFA မှ ထုတ်လွှင့်သွားခဲ့ပြီး ဖြစ်ပါသည်။ RFA ၏ မူပိုင်သာဖြစ်ပြီး ပြန်လည်ဖော်ပြခြင်း ဖြစ်သည်။)

No comments:

Recent Comments