Pages

Saturday, February 27, 2010

မြန်မာနိုင်ငံရှိ အာဏာရှင်စနစ်၊ ကသောင်းကနင်း အခြေအနေနှင့် ပြိုယွင်းကျဆင်းနေမှု (၂)။ စစ်တပ်တွင်း အခြေအနေ


မိတ်ဆွေများအတွက် စာလက်ဆောင်ကဏ္ဍမှာ ပြင်ပဆောင်းပါးရှင် ဦးအောင် သူငြိမ်းက သြစတြေလျအမျိုးသား တက္ကသိုလ်က ထုတ်ဝေတဲ့ "မြန်မာနိုင်ငံရှိ အာဏာရှင်စနစ်၊ ကသောင်းကနင်း အခြေအနေနဲ့ ပြိုယွင်းကျဆင်းနေမှု" စာအုပ်ကို တင်ပြနေပါတယ်။ ၂ဝဝ၇ ခုနှစ်၊ သံဃာတော်တွေ ဦးဆောင်တဲ့ ရွှေဝါရောင် တော်လှန်ရေး နောက်ပိုင်း မြန်မာနိုင်ငံရဲ့ နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေး အခြေ အနေတွေကို သုံးသပ်ဖော်ပြထားတဲ့ စာရေးသူ အများရဲ့ ဆောင်းပါးပေါင်းစုံ စာအုပ်ဖြစ်ပါတယ်။ ဒီတပတ်မှာတော့ မြန်မာ့တပ်မတော်အတွင်း ဆက်ဆံရေး အခြေအနေတွေကို တင်ပြပါမယ်။

သောတရှင် မိတ်ဆွေများခင်ဗျား။
မြန်မာ့တပ်မတော်အတွင်းမှာ ဖြစ်ပျက်နေတဲ့ အခြေအနေ၊ အထူးသဖြင့် စစ်တပ်ခေါင်းဆောင်ပိုင်း ဗိုလ်ချုပ်တွေ ကြားထဲမှာ ဘယ်လိုဘယ်ပုံ ဆက်ဆံရေးရှိတယ်ဆိုတာ သိဖို့ခက်ခဲလှတဲ့ကိစ္စ ဖြစ်ပါတယ်။ ၂ဝဝ၇ ခုနှစ်၊ သံဃာ တွေ ဦးဆောင်တဲ့ ရွှေဝါရောင်တော်လှန်ရေးကို စစ်တပ်နဲ့အကြမ်းဖက် ချေမှုန်းပြီးတဲ့နောက်ပိုင်းမှာ စစ်တပ်ကွဲမှာ လေလား၊ တပ်မတော် ခေါင်းဆောင်ပိုင်းတွေအကြား သဘောထားကွဲလွဲမှုတွေ ဖြစ်လာလေမလားဆိုတာ လူ အများက အတော် စိတ်ဝင်စား ခဲ့ကြပါတယ်။ ဒီကိစ္စတွေအများစုက လူအများ မသိနိုင်တဲ့ လျှို့ဝှက်ချက်တွေဖြစ် သလို၊ ကောလဟာလတွေနဲ့ ရသလောက် သတင်းစာ၊ အခြားနီးစပ်သူတွေက သတင်းတွေနဲ့ မှန်းဆနေကြရတဲ့ ကိစ္စသာ ဖြစ်ပါတယ်။

အခု "မြန်မာနိုင်ငံရှိ အာဏာရှင်စနစ်၊ ကသောင်းကနင်း အခြေအနေနဲ့ ပြိုယွင်းကျဆင်းနေမှု" စာအုပ်မှာတော့ ဦးဝင်းမင်းက ၂ဝဝ၇ ဆန္ဒပြပွဲတွေ မတိုင်မီ၊ အတောအတွင်းနဲ့ နောက်ပိုင်းကာလတွေအကြား မြန်မာ့စစ်တပ် အတွင်း ဆက်ဆံရေးဆိုပြီး သုံးသပ်ချက်ဆောင်းပါးတစောင် ရေးသားထားတာကို တွေ့ရပါတယ်။ ဦးဝင်းမင်းဆို တာကလည်း အရပ်ဖက်-စစ်ဖက် ဆက်ဆံရေးကိစ္စတွေကို လေ့လာသုံးသပ်နေသူဖြစ်ပြီး၊ မြန်မာနိုင်ငံအရေးကိစ္စ တွေကို သတင်းမီဒီယာ အတော်များများမှာ ပြောဆိုသုံးသပ်နေသူလည်း ဖြစ်ပါတယ်။ ဒီဆောင်းပါးမှာတော့ သူက စစ်တပ်အရာရှိဟောင်း၊ ထောက်လှမ်းရေး အရာရှိဟောင်း၊ စစ်တပ်နဲ့အတွင်းကျကျ နီးစပ်သူ၊ စစ်တပ်နဲ့ ဆက်ဆံနေကြရတဲ့ စီးပွားရေးလုပ်ငန်းရှင်တွေ အတော် များများကို တွေ့ဆုံမေးမြန်းပြီးတော့ သူတို့ပြောဆို ကိုးကားချက်တွေနဲ့ သုံးသပ်ရေးသားထားတာ ဖြစ်ပါတယ်။ ဒါပေမယ့် ဘယ်လောက်အတိုင်းအတာအထိ တိကျ မှန်ကန်တယ်ဆိုတာတော့ အတော်ပြောရခက်လှပါတယ်။ သူက ဒီဆောင်းပါး နိဒါန်းမှာ မြန်မာ့စစ်တပ်အတွင်း ၁၉၆၂ ခုနှစ်ကစလို့ ကဏ္ဍတွေခွဲပြီး အတွင်းဆက်ဆံရေး အခြေအနေကို သုံးသပ်ဖော်ပြ ထားပါတယ်။

မြန်မာစစ်တပ်ဟာ ဘယ်သူခွဲခွဲ ဒို့မကွဲလို့ သူတို့ကြွေးကြော်နေကြသလို၊ တသွေးတသံတည်း ညီညွတ်ရေး မျိုး မရှိခဲ့ဘူးလို့ သုံးသပ်ဖော်ပြပါတယ်။ ဖြစ်နေတတ်တဲ့ပုံက ထိပ်ပိုင်းစစ်တပ်ရဲ့ ခေါင်းဆောင်က အကြံအစည် အယူအဆ တခုကို ချ၊ သူရဲ့ အခြေခံအာဏာအဖြစ် အင်အားစုတည်ဆောက်၊ ပြီးတော့ စင်ပြိုင်၊ ဒါမဟုတ် ကိုယ် နဲ့ယှဉ်လာမယ်လို့ ယူဆတဲ့ အုပ်စုကို ချေမှုန်းဆိုတဲ့နည်းနဲ့ သူတို့အာဏာကို အင်အားသုံး ချုပ်ကိုင်ခဲ့ကြတယ်လို့ ဖြစ်စဉ်ကိုသူက သုံးသပ် ပါတယ်။

ယခင် အာဏာရှင်ဗိုလ်ချုပ်ကြီး ဦးနေဝင်းလက်ထက်မှာလည်း အလားတူပါပဲ။ ၁၉၆၂ မှာ အာဏာသိမ်းပြီး ၁-နှစ်အကြာမှာ အာဏာသိမ်းဒုတိယခေါင်းဆောင်ဖြစ်တဲ့ ဗိုလ်မှူးချုပ်အောင်ကြီးကို ထုတ်ပစ်ပြီး၊ အရေးမပါတဲ့ တာဝန်မှာပဲ ထားခဲ့ပါတယ်။ အကြောင်းကတော့ စီးပွားရေးမူဝါဒတွေ၊ လုပ်ငန်းတွေ ပြည်သူပိုင်သိမ်းတဲ့အပေါ် သဘောမတူညီကြလို့ လို့ပြောပါတယ်။ တခါ ၁၉၇ဝ ခုနှစ်များ အလယ်ပိုင်းလောက်မှာ ကာကွယ်ရေးဝန်ကြီးနဲ့ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်ကြီး တင်ဦးကို ထုတ်ပစ်အရေးယူခဲ့ပြန်ပါတယ်။ သူကတော့ အခု အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ရဲ့ ဒု-ဥက္ကဋ္ဌဖြစ်ပြီး၊ တချိန်က တတိယအာဏာအရှိဆုံးလို့ ယူဆခံထား ခဲ့ရသူလည်း ဖြစ်ပါတယ်။ ဗိုလ်ချုပ်ကြီးတင်ဦးက နိုင်ငံရေးမစွက်ဖက်တဲ့ တပ်မတော်ကိုလိုလားပြီး၊ စစ်သားတွေ နဲ့ လူထုအကြား ချစ်ခင်လိုလားမှုပိုရလို့ ဦးနေဝင်းက မနာလိုစိတ်နဲ့ ထုတ်ပစ်ခဲ့ တယ်လို့လည်း ဆိုပါတယ်။ အဲဒီ နောက် ဦးတင်ဦးကို လေးစားကြည်ညိုတဲ့ အရာရှိငယ်တွေက မအောင်မြင်တဲ့ အာဏာသိမ်းမှုတခုကိုလည်း လုပ်ဆောင်ခဲ့ကြပါသေးတယ်။ အဲဒီနောက် ဗိုလ်ချုပ်ကြီးတင်ဦးကို သတင်းထိန်ချန်မှုနဲ့တောင် အရေးယူ အပစ် ပေးခဲ့ပါတယ်။ နောက်တခါ ၁၉၈၃ ခုနှစ်မှာ၊ စစ်တပ်ထောက်လှမ်းရေး ညွှန်ကြားရေးမှူးချုပ် ဗိုလ်မှူးချုပ်တင်ဦး ကိုလည်း ခြစားမှုနဲ့ စွပ်စွဲပြီး အရေးယူခဲ့ပါတယ်။ သူကတော့ မျက်မှန်တင်ဦးလို့ လူသိများကြပြီး၊ အာဏာရှိသူ တွေကြားထဲမှာ ဦးနေဝင်းပြီးရင် နံပါတ်တစ်ခွဲအထိ အာဏာ၊ လုပ်ပိုင်ခွင့်ရှိသူလို့ လူအများက ထင်ကြေးပေးကြ သူပါ။ ဦးနေဝင်းက သူ့အာဏာကို ပြိုင်ဆိုင်လာမယ် ယူဆလို့ အရေးယူခဲ့သူလည်း ဖြစ်ပါတယ်။ အဲသည်လို အာဏာရှိသူတယောက်ကို ထုတ်ပစ် အရေးယူရင်၊ တနွယ်ငင် တစင်ပါဆိုသလို သူနဲ့နီးစပ်သူ၊ သစ္စာခံသူ အောက်ခြေအရာရှိ အမြောက်အများ၊ ယန္တယားတစုံလုံးကိုပါ ထုတ်ပစ်လေ့ရှိကြောင်းလည်း စာရေးသူ ဦးဝင်းမင်း က အတိတ်ကို သုံးသပ်ဖော်ပြခဲ့ပါတယ်။

တခါ ၁၉၈၈ စစ်အာဏာသိမ်းပြီး နဝတ စစ်အစိုးရတက်လာတော့ စစ်တပ်ခေါင်းဆောင်တွေအတွင်း ဆက်ဆံ ရေး၊ လုပ်ကိုင်ပုံတွေက ပထမနှစ်အနည်းငယ်အတွင်းတော့ နည်းနည်းခြားနားနေခဲ့တယ်လို့ ဦးဝင်းမင်းက သုံးသပ်ပါတယ်။ အာဏာက အရင်လို ထိပ်သီးခေါင်းဆောင်ကြီးတဦးထဲမှာ စုနေတာ မဟုတ်ပါဘူး။ ၁၉၉ဝ ခုနှစ်များ နှစ်အတော် ကြာကြာအထိ အာဏာက နဝတကောင်စီခေါင်းဆောင်တွေရယ်၊ ကျန်ရှိနေတဲ့ ဦးနေဝင်းရဲ့ အာဏာ အကြွင်းအကျန် တွေအကြား ရှိခဲ့ပါတယ်။ ဒါပေမယ့် နောက်ပိုင်းမှာတော့ အရင်လမ်းအတိုင်းပဲ ပြန်သွား ခဲ့ပါတယ်။ ၁၉၉၂ ခုနှစ်မှာ နဝတစစ်အာဏာသိမ်းခေါင်းဆောင် ဗိုလ်ချုပ်ကြီးစောမောင်ကို ကျန်းမာရေး အကြောင်းပြချက်နဲ့ အတင်းအကျပ် အနားပေးခဲ့ပါတယ်။ အကြောင်းကတော့ ၁၉၉ဝ ရွေးကောက်ပွဲမှာ အာဏာ လွှဲပြောင်းပေးမယ်လို့ သူက ကတိပေးထား တာရယ်၊ ကျန်တဲ့သူတွေက အနိုင်ရပါတီကို အာဏာမလွှဲ ပေးချင် ကြလို့ ဖြစ်တယ်ဆိုပြီး ယူဆကြပါတယ်။

နောက်ပိုင်းမှာတော့ အရင်ကစိတ်ဓာတ်စစ်ဆင်ရေးဌာနကို ကိုင်တွယ်လာခဲ့တဲ့ ဗိုလ်ချုပ်ကြီးသန်းရွှေက နဝတ ဥက္ကဋ္ဌအဖြစ် တာဝန်ယူခဲ့ပါတယ်။ သူက နည်းပရိယာယ်တွေ ကျွမ်းကျင်သလို သွေးခွဲအုပ်ချုပ်တဲ့နေရာမှာလည်း ဆရာကြီးလို့ ဆိုကြ ပါတယ်။ နေပြည်တော်မှာ ရုပ်ထုကြီးတွေ ထုထားတဲ့ စစ်အင်အားနဲ့ နိုင်ငံထူထောင်ခဲ့ကြတဲ့ ရှေးဗမာမင်း ၃-ပါးရဲ့ ပုံကိုကြည့်ရင် ဗိုလ်ချုပ်သန်းရွှေရဲ့ စဉ်း စားပုံကို သိနိုင်တယ်လို့ ဦးဝင်းမင်းကရေးပါတယ်။ နောက်ပိုင်းမှာလည်း နေပြည်တော်ကို မြို့သစ်နန်းသစ်အဖြစ် ထူထောင်ခဲ့ပါတယ်။ သူက အကြွင်းမဲ့အာဏာနဲ့ ကွပ်ညှပ်ချင်သူ၊ နိုင်ငံခြားသား မုန်းတီးသူ၊ ဗေဒင်လက္ခဏာ ယုံကြည်သူတဦးလို့လည်း လူသိများပါတယ်။

ဒီလိုနဲ့ ၁၉၉၇ ခုနှစ်မှာ ဝါရင့်စစ်ဗိုလ်ချုပ်ကြီးတွေ၊ ဝန်ကြီးတွေဖြစ်တဲ့ ဗိုလ်ချုပ်ထွန်းကြည်၊ ဗိုလ်ချုပ်ကျော်ဘ၊ ဗိုလ်ချုပ် မြင့်အောင်တို့ကို ထုတ်ပယ်တာ စဖြစ်လာပါတယ်။ (နဝတ) ကနေ နိုင်ငံတော် အေးချမ်းသာယာရေးနဲ့ ဖွံ့ဖြိုးရေးကောင်စီ (နအဖ) ဆိုပြီး နာမည်သစ်ပြောင်းခဲ့ပါတယ်။ အဲဒီလိုထုတ်ပယ်ပြီးနောက်တော့ အာဏာက ထိပ်ပိုင်းခေါင်းဆောင် ၃-ယောက်မှာ စုစည်းလာနိုင်ခဲ့ပါတယ်။ ၂ဝဝ၄ ခုနှစ်မှာတော့ စစ်တပ်ထောက်လှမ်းရေး အကြီးအကဲနဲ့ ဝန်ကြီးချုပ် တာဝန်ယူထားသူ ဗိုလ်ချုပ်ကြီးခင်ညွန့်ကိုပါ ထုတ်ပယ်အရေးယူခဲ့ပါတော့တယ်။ ဒါတင်မက ဗိုလ်ချုပ်ခင်ညွန့် ချုပ်ကိုင်ထား တဲ့ စစ်တပ်ထောက်လှမ်းရေးနဲ့ အမျိုးသားထောက်လှမ်းရေး ယန္တယား တခုလုံးကိုပါ ဖျက်သိမ်းစေခဲ့ပါတယ်။ အကြောင်း ကတော့ ဗိုလ်ချုပ်ခင်ညွန့်က လက်တွေ့ကျသူ၊ သဘောထား ပျော့ပြောင်းသူအဖြစ် နိုင်ငံတကာအကြား နာမည်ကျော်လာတာကို မကျေလည်လို့ ဖြစ်နိုင်သလို၊ အာဏာပြိုင် ဆိုင်မှုလည်း ဖြစ်နိုင်ပါတယ်။ အဲဒီနောက်ပိုင်းမှာတော့ အာဏာအများစု က ထိပ်သီးစစ်ဗိုလ်ချုပ်ကြီး ၂-ယောက် လက်ထဲရောက်လာသလို၊ သဘောထားတင်းမာတဲ့ မူဝါဒ အများအပြားကိုလည်း ချမှတ်လာပါတော့တယ်။ ဥပမာအားဖြင့်- အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီအဖွဲ့ကို ထောင်တွေစစ်ဆေးခွင့် ကန့်သတ် လာတာ၊ နိုင်ငံ တကာ အဲန်ဂျီအိုတွေကို တင်းကျပ်လာတာ၊ ရောဂါတွေကာကွယ်ကုသရေး ကူညီနေတဲ့ ဂလိုဘယ်ဖန်းဒ်လို၊ (MSF) လို အဖွဲ့တွေ နိုင်ငံတွင်းက ထွက်သွားရတာ၊ ဒေါ်စုနဲ့ (နအဖ) အကြား စကားပြောရေး ကူညီဆောင် ရွက်ပေးနေတဲ့ (Center for Humanitarian Dialogue) လိုအဖွဲ့တွေကို နှင်ထုတ်တာ ဖြစ်လာခဲ့ပါတယ်။

နောက်တပတ်မှာတော့ ၂ဝဝ၇ သံဃာဆန္ဒပြပွဲမတိုင်မီ စစ်တပ်ခေါင်းဆောင်တွေအကြား ဆက်ဆံရေးနဲ့ ပြီးတဲ့ ကာလ နောက်ပိုင်း အခြေအနေ၊ ဘယ်သူတွေက အာဏာပိုရှိနေသလဲ၊ အနာဂတ်မှာ ဘယ်သူတွေက ပေါက် ကောင်ဖြစ်လာနိုင် သလဲ စတဲ့ ဦးဝင်းမင်းရဲ့ ခန့်မှန်းချက်တွေ ဆက်လက်တင်ပြပါမယ်။ အားလုံး ငြိမ်းချမ်းပျော် ရွှင်ကြပါစေ။

(ယခု ဆောင်းပါးကို လွတ်လပ်သောအာရှအသံ မြန်မာပိုင်းအစီအစဉ် RFA မှ ထုတ်လွှင့်သွားခဲ့ပြီး ဖြစ်ပါသည်။ RFA ၏ မူပိုင်သာဖြစ်ပြီး ပြန်လည်ဖော်ပြခြင်း ဖြစ်သည်။)

No comments:

Recent Comments