Pages

Friday, February 19, 2010

မြန်မာနိုင်ငံရှိ အာဏာရှင်စနစ်၊ ကသောင်းကနင်း အခြေအနေနှင့် ပြိုယွင်းကျဆင်းနေမှု (၁)


မိတ်ဆွေများအတွက် စာလက်ဆောင်ကဏ္ဍမှာ ပြင်ပဆောင်းပါးရှင် ဦးအောင်သူ ငြိမ်းက ဒီတပတ်မှာ စာအုပ် သစ်တအုပ်နဲ့ မိတ်ဆက်ပေးထားပါတယ်။ သြစတြေလျအမျိုးသားတက္ကသိုလ် က ထုတ်ဝေတဲ့ စာအုပ်ဖြစ်ပြီး "မြန်မာနိုင်ငံရှိ အာဏာရှင် စနစ်၊ ကသောင်းကနင်း အခြေအနေနဲ့ ပြိုယွင်းကျဆင်းနေမှု" လို့ အမည်ရပါတယ်။ ၂ဝဝ၇ ခုနှစ်၊ သံဃာတော်တွေ ဦးဆောင်တဲ့ ရွှေဝါရောင် တော်လှန်ရေးနောက်ပိုင်း မြန်မာနိုင်ငံရဲ့ နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေး အခြေ အနေတွေကို သုံးသပ် ဖော်ပြထားတဲ့ စာရေးသူအများရဲ့ ဆောင်းပါးပေါင်းစုံ စာအုပ်ဖြစ်ပါတယ်။

သောတရှင် မိတ်ဆွေများခင်ဗျား။
ဒီတပတ်မှာတော့ စာအုပ်သစ်တအုပ်နဲ့ စတင်မိတ်ဆက်ပေးဖို့ စဉ်းစားထားပါတယ်။ ဒီစာအုပ်ကတော့ သြစတြေလျ အမျိုးသား တက္ကသိုလ် (ANU) က စုစည်းထုတ်ဝေထားတဲ့ "မြန်မာနိုင်ငံရှိ အာဏာရှင်စနစ်၊ ကသောင်းကနင်း အခြေအနေ နဲ့ ပြိုယွင်း ကျဆင်းနေမှု" လို့ နာမည်ပေးထားပါတယ်။ ၂ဝဝ၇ ခုနှစ်၊ သံဃာ တော်တွေ ဦးဆောင်တဲ့ ရွှေဝါရောင်တော်လှန် ရေးအပြီး မြန်မာနိုင်ငံရဲ့ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး ကဏ္ဍ ပေါင်းစုံကို ပညာရှင်တွေက သုံးသပ်ထားတဲ့ ဆောင်းပါး၊ စာတမ်းတွေ စုစည်းဖော်ပြထားတာ ဖြစ်ပြီး၊ မိုးနစ် စကစ်မိုး (Monique Skidmore) နဲ့ ထရီဗာ ဝီလ်ဆင် (Trevor Wilson) တို့က တည်းဖြတ်ထားတဲ့ စာအုပ် ဖြစ်ပါတယ်။ ဒီစာအုပ်က ၂ဝဝ၈ ခုနှစ်မှာ ထုတ်ဝေခဲ့တာပါ။

ဆောင်းပါး ၁၂ ပုဒ် ပါဝင်ပါတယ်။ ဒီအပတ်မှာတော့ ပထမ ဆောင်းပါးဖြစ်တဲ့ စာရေးသူ ရစ်ချတ် ဟော်စီရဲ့ ၂ဝဝ၇ အတွင်း ထူးခြားတဲ့ အဖြစ်အပျက်တွေအပြီး မြန်မာပြည်တွင်းနဲ့ နိုင်ငံတကာမှာ ရိုက်ခတ်အကျိုးသက် ရောက်ရပုံ အကြောင်း သူက သုံးသပ်ထားတာကို ဆွေးနွေးတင်ပြလိုပါတယ်။ စာရေးသူ ရစ်ချတ်ဟော်စီကတော့ တချိန်က မြန်မာနိုင်ငံမှာ အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့ချုပ် (ILO) ရုံး ဆက်သွယ်ရေးအရာရှိအဖြစ် တာဝန်ယူ ခဲ့ဖူးသူ ဖြစ်ပါတယ်။

သူကတော့ အခုဆောင်းပါးမှာ လူတွေထင်မှတ်မထားဘဲနဲ့ သံဃာတွေဦးဆောင်တဲ့ ရွှေဝါရောင်တော်လှန်ရေး ဖြစ်ပေါ်လာပုံ၊ အချိန်တိုအတွင်းမှာပဲ လမ်းမတွေပေါ်မှာ လူတွေစုဝေးပြီး လှုပ်ရှားမှုအင်အားကြီးထွားလာပုံ၊ စစ်အစိုးရကိုယ်၌က ထင်မှတ်မထားဘဲ အငိုက်မိနေရပုံကို ဖော်ပြထားပါတယ်။ ဒါပေမယ့် စစ်အစိုးရတပ်တွေက သိပ်မကြာခင်ဘဲ ရက်ရက်စက်စက်ဖြိုခွဲ ချေမှုန်းပုံတွေက နိုင်ငံတကာ သတင်း၊ တီဗွီဖန်သားပြင်တွေပေါ် နေရာ ယူခဲ့ပါတယ်။ အချိန်ပိုင်းနဲ့အမျှ မြန်မာနိုင်ငံမှာ ဖြစ်ပျက်နေတဲ့သတင်းတွေက ခေတ်သစ်ဆက်သွယ်ရေး နည်း ပညာကြောင့် ကမ္ဘာအနှံ့ လူသိရှင်ကြား ဖြစ်ခဲ့ရပါတယ်။ သူက ဒီကိစ္စကို စောကြောဆန်းစစ်ထားခဲ့ရာမှာတော့ ဘယ်လိုအခြေအနေ တွေ ကြောင့် သံဃာတွေဦးဆောင်တဲ့ ရွှေဝါရောင်တော်လှန်ရေး ဖြစ်လာရလေသလဲဆိုတာ ဆောင်းပါး ပထမပိုင်းမှာ ဆန်းစစ် ထားပါတယ်။ ဒုတိယပိုင်းမှာတော့ လူအများက ထင်မြင်ယုံကြည်နေကြသလို၊ ရွှေဝါရောင်နောက်ပိုင်း မြန်မာနိုင်ငံ အခြေအနေက အရင်လို ပြန်မဖြစ်နိုင်တော့ဘူး၊ ဗိုလ်နေမြဲ ကျားနေမြဲနေပြီး မပြောင်းလဲဘဲ နေလို့ကတော့ မရတော့ဘူး ဆိုတာက အမှန်ပဲလား ဆိုတာ သုံးသပ်ထားပါတယ်။

၂ဝဝ၇ ခုနှစ်၊ ရွှေဝါရောင်တော်လှန်ရေး အစက အစိုးရက ဓာတ်ဆီလောင်စာဈေးတွေ တမဟုတ်ချင်းတက်လိုက် တာက စတယ်လို့ ဆိုနိုင်ပါတယ်။ အစိုးရက မစိုက်ထုတ်နိုင်တော့လို့ ဈေးတက်မယ်ဆိုရင် သူများ နိုင်ငံတွေမှာ အတော်ချင့်ချင့် ချိန်ချိန် လုပ်လေ့ရှိကြပါတယ်။ ကျနော်တို့ ၂ဝဝ၇ ကိစ္စ မဖြစ်ခင်မှာပဲ အင်ဒိုနီးရှား မှာ ဆီဈေး တွေတက်လို့ လူတွေ တခြိမ်းခြိမ်း ဆန္ဒပြခဲ့ကြပါသေးတယ်။ မြန်မာနိုင်ငံမှာတော့ စစ်အစိုးရက ကြို တင် အသိ ပေးတာ မရှိသလို၊ လူတွေ ဘယ်လို တုံ့ပြန်လာမယ်ဆိုတာ ကြိုတင်ပြင်ဆင်မှုလည်း မရှိခဲ့ပါဘူး။ မြန်မာ စစ် အစိုးရက ၂ဝဝ၅ ခုနှစ် အောက်တိုဘာ လမှာ ဆီဈေးတွေ တခါမြင့်တင်ထားလျှက်နဲ့၊ ၂ဝဝ၇ ခု၊ သြဂုတ်မှာ နောက်တကြိမ် ဆီဈေးတွေ အဆမတန်ထပ်မြှင့် တင်လိုက်ပါတယ်။ မြန်မာလူထုတွေဖက်ကကြည့် ရင် ၅-ဆ မြှင့်လိုက်တာပါ။ အဲသည်မှာ ပထမအချက်က စီးပွားရေး ပြဿနာ ဖြစ်လာပြီး၊ ဒုတိယအချက်က တော့ နိုင်ငံ ရေးပြဿနာပါ။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ကို လှုပ် မရအောင် တင်းကျပ်နှိပ်ကွပ်ထား ချိန်မှာ လူမှုရေးအခြေခံလို့ လှုပ်ရှားသူတွေ ပေါ်လာပါတယ်။ သူတို့က ကိုမင်းကိုနိုင် ဦးဆောင်တဲ့ ၈၈-မျိုးဆက် ကျောင်းသားများအဖွဲ့ရယ်၊ ကိုထင်ကျော်ဦးဆောင်တဲ့ မြန်မာနိုင်ငံ ဖွံ့ဖြိုးရေးကောင်စီဆိုတဲ့ အဖွဲ့ပဲ ဖြစ်ပါတယ်။ သူတို့က ဆီဈေးတက်လို့ ငြိမ်းချမ်းစွာ လမ်းလျှောက်လို့ ဆန္ဒတမျိုးတဖုံပြကြပါတယ်။ စစ်တပ်ကလည်း လုံထိန်း တပ်တွေ၊ ကြံ့ဖွံ့အဖွဲ့တွေသုံးလို့ ကြမ်းကြမ်းတမ်းတမ်း တုံ့ပြန်လာပါတယ်။ ရက်အနည်းငယ်အတွင်းမှာပဲ လူရာ ချီ ဖမ်းဆီးခဲ့ပါတယ်။ ဒီဆန္ဒပြပွဲတွေက လူထုတွေ အကျယ်အပြန့် မပါဝင်ပေမယ့်၊ နိုင်ငံတကာမှာတော့ အတော့်ကို သိရှိပါတယ်။ ဒီကတဆင့် လေလှိုင်းကသတင်းတွေလည်း ပျံ့နှံ့ခဲ့ပါ တယ်။ ဒီလိုနဲ့ သံဃာတော်တချို့လည်း ပါဝင် လာပါတယ်။ ပခုက္ကူကျောင်းတိုက်တခုမှာ ဆန္ဒပြနေတဲ့ သံဃာ တွေကို အစိုးရအာဏာပိုင်တွေ ကိုင်တွယ် တာ ကြမ်းတမ်း တာကို အကြောင်းပြုလို့ စက်တင်ဘာ ၉ ရက်နေ့မှာ သံဃာ့တပ်ပေါင်းစုက စစ်အစိုးရအပေါ် သပိတ် ကံဆောင်ဖို့ နှိုးဆော်မှုတွေ စတင်လာပါခဲ့တယ်။ သံဃာတွေအပေါ် အကြမ်းဖက်တာကို ပြန်တောင်းပန် စက်တင်ဘာ (၁၇) ရက်နေ့ကို နောက်ဆုံးထား တောင်းဆိုခဲ့ပါတယ်။ နောက်ဆုံးအချိန်ကျော်သွားတဲ့အခါ သံဃာတွေက စတင်ဆန္ဒပြ လှုပ်ရှားလာပါတော့တယ်။ စက်တင်ဘာ ၂၄- ရန်ကုန်လမ်းမတွေပေါ်မှာ ဆိုရင် လူသောင်းကျော်အထိ ချီတက်ပြီး မေတ္တာပို့ဆုတောင်းခဲ့ ကြပါတယ်။ မေတ္တာပို့တယ်ဆိုတာဟာလည်း စစ် အစိုးရ အုပ်ချုပ်နေတဲ့ မြန်မာနိုင်ငံမှာတော့ ဆန္ဒပြနည်း တမျိုးပါပဲ။ အင်အားပိုမိုကြီးထွားလာမှာကို စိုးရိမ်ကဲ နေတဲ့ စစ် အစိုးရက စက်တင်ဘာ ၂၆ မှာ စတင် အကြမ်း ဖက်ချေမှုန်းခဲ့ပါတော့တယ်။ ဒီအဖြစ်အပျက်တွေဟာ နိုင်ငံတကာ သတင်း၊ တီဗွီ၊ မီဒီယာတွေကို အချိန်နဲ့ အမျှ တိုက်ရိုက် ပေါက်ခဲ့ပါတယ်။

မြန်မာနိုင်ငံမှာ သံဃာ တွေ အခုလို လှုပ်ရှားလာတာဟာ အတော် အရေးပါပါတယ်။ သူတို့က မြန်မာနိုင်ငံမှာ ကျန် ရှိနေသေးတဲ့ လူမှု ကယ်ဆယ်ရေး ကွန်ရက်တွေဖြစ်သလို၊ သံဃာတွေက ဝိုင်းပယ်ကျဉ်တဲ့ ပတ္တနိက္ကုဇနကံ ဆောင်တာဟာလည်း အတော်ကို စိတ်ဓာတ်ပိုင်းဆိုင်ရာ ထိခိုက်စေတဲ့ ဆန္ဒပြမှု ပုံစံဖြစ်ပါတယ်။ အဲဒါအပြင် လှုပ်ရှားမှုတွေအတွင်း သံဃာတွေရဲ့ ပါဝင်မှု အတိုင်းအဆနဲ့ ခေါင်းဆောင်မှုကို လူတိုင်းက အံ့သြလေးစားခဲ့ကြရ ပါသေးတယ်။

ဒီအချက်တွေကြောင့် နဂိုရ်ကမှ လူထုထောက်ခံမှုနည်းနေတဲ့ စစ်အစိုးရအတွက် ပြည်တွင်းမှာ နိုင်ငံရေးအရ များစွာ သက်ရောက်မှု ရှိစေခဲ့တယ်လို့ စာရေးသူက သုံးသပ်ပါတယ်။ စစ်အစိုးရရဲ့ နိုင်ငံရေး လုပ်ငန်းစဉ်တွေ အပေါ်လည်း ထိခိုက်ခဲ့ရပါတယ်။ သူရဲ့ လမ်းပြမြေပုံ၊ အတည်ပြုမယ့် ဖွဲ့စည်းပုံ အခြေခံဥပဒေကိစ္စအပြင်၊ စစ်တပ်က အမွှမ်းတင်ထားတဲ့ ကြံ့ဖွံ့နဲ့ စွမ်းအားရှင်တွေကလည်း လူမုန်းစရာ ဖြစ်ခဲ့ရပါတယ်။ စစ်တပ် အတွင်း မှာပါ သဘောထားကွဲပြားမှုတွေ ရှိခဲ့တယ်လို့ သုံးသပ်ချက်တွေလည်း ထွက်ပေါ်ခဲ့ပါတယ်။

တချိန်တည်းမှာ စစ်အစိုးရက နိုင်ငံတကာဖိအားကိုလည်း ခံစားရပါတယ်။ အခုအဖြစ်အပျက်တွေ ဖြစ်ပွားချိန် မှာ ကုလသမဂ္ဂအထွေထွေ ညီလာခံကျင်းပချိန်ဖြစ်လို့ နယူးယောက်မှာ ရှိနေတဲ့ နိုင်ငံခေါင်းဆောင်တွေက ဒီအဖြစ် တွေကို တီဗွီမှာ မြင်နေကြရပါတယ်။ ဒီတော့လည်း နိုင်ငံတကာဖိအားတွေက ပိုများလာပါတယ်။ နောက်ဆုံး မလွှဲမရှောင်သာ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဆွေးနွေးပါမယ် ဟန်ပြနဲ့ ဆက်သွယ်ရေးဝန်ကြီး ဦးအောင်ကြည်ကို ခန့်အပ်တာဝန်ပေးတာတွေ ဖြစ်ခဲ့ရပါတယ်။ ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်ရဲ့ အထူးသံကိုယ်စား လှယ် အီဗရာဟင် ဂမ်ဘာရီကိုယ်၌က မြန်မာနိုင်ငံအခြေ အနေက အရင် ဗိုလ်နေမြဲ ကျားနေမြဲအခြေအနေလို ပြန်သွားမယ်ဆိုရင်ဖြင့် ရေရှည်တည်ငြိမ်အောင် ထိန်းသိမ်းဖို့တော့ မဖြစ်နိုင်ဘူးဆိုပြီး သုံးသပ်ဖော်ပြတာ ရှိခဲ့ ရပါတယ်။ စာရေးသူကလည်း ဒီအချက်ကို သဘောတူ ပါတယ်။ အရင်လို ပြန်သွားလို့ တော့ မဖြစ်နိုင်ဘူး၊ စစ်အစိုးရအတွက်လည်း အကျိုးရှိစရာ အကြောင်းမရှိဘူး။ လတ်တလော ထိန်းသိမ်းနိုင်ပြီ ဆိုရင်တောင် အလယ်အလတ်ကာလမှာ အောင်မြင်မှာလားဆိုတာ မေးခွန်းတွေ အကြီး အကျယ်ရှိနေတယ်လို့ သုံးသပ်ဖော်ပြ ခဲ့ပါတယ် ခင်ဗျား။ အားလုံး ငြိမ်းချမ်းပျော်ရွှင်ကြပါစေ။

(ယခု ဆောင်းပါးကို လွတ်လပ်သောအာရှအသံ မြန်မာပိုင်းအစီအစဉ် RFA မှ ထုတ်လွှင့်သွားခဲ့ပြီး ဖြစ်ပါသည်။ RFA ၏ မူပိုင်သာဖြစ်ပြီး ပြန်လည်ဖော်ပြခြင်း ဖြစ်သည်။)

1 comment:

Nge Naing said...

ဆရာ
ရစ်ချတ်ပြောထားတာရော ဆရာဝင်းမင်း ပြောထားတာကိုပါ ဖတ်သွားပါတယ်။ ငွေကြေးနဲ့ ပတ်သက်ပြီး ရေးထားတဲ့ အတွဲလိုက် ပို့စ်တွေကိုလည်း နောက်အချိန်ယူပြီး အေးအေးဆေးဆေး လာဖတ်ဦးမယ်။ ရစ်ချတ် ဂျီနီဗာက ILO ရုံးမှာ လုပ်နေချိန် ၉၈ ခုနှစ်မှာ ၅၄ ကြိမ်မြောက် လူ့အခွင့်အရေး ကော်မရှင် ညီလာခံကို ကျွန်မ ရောက်တုန်းက ရစ်ချတ်နဲ့ ကျွန်မတို့ အဖွဲ့တွေ ကော်မရှင်မှာ အတူတူပဲ။ ကော်မရှင်မှာ အစိုးရအဖွဲ့တွေပဲ တင်တင် ကျွန်မတို့ အတိုက်အခံ ကိုယ်စားလှယ် အဖွဲ့တွေပဲ တင်တင် မြန်မာအဖွဲ့တွေ Statement တင်တဲ့နေ့တိုင်း ကော်မရှင်ခန်းမကို သူလာပြီး မှတ်တမ်းလာယူတယ်။ ဆရာ ရစ်ချတ်ရဲ့ ဆောင်းပါးကို တင်မှ ထသတိရသွားတာ မဟုတ်ဘူး လူ့အခွင့်အရေး ကော်မရှင် သွားတုန်းက ရိုက်ထားတဲ့ ဓါတ်ပုံထဲမှာ တွေ့တိုင်း ရစ်ချတ်တယောက် ဘယ်ရောက်နေလဲ မသိဘူးလို့ အမြဲစဉ်းစားမိတယ်။ အဲဒီတုန်းက UN မှာ ကျွန်မ Statement တင်တဲ့နေ့က သေ့လောထမှာတုန်းက သူကျွန်မတို့ကို အင်္ဂလိပ်စာသင်ပေးခဲ့တာကို ရည်ညွန်းပြီး ကျနော့်တပည့် ဒီလောက်တော်လိမ့်မယ်လို့ ကျနော်လုံးဝ မထင်ထားဘူးလို့ ဗမာလိုကို အသံလုံးဝ မ၀ဲဘဲ ပီပီသသနဲ့ ပြောပြီး ကျွန်မကို ချီးကျူးသလိုလိုနဲ့ လိုက်စနေလို့ သူ့ကို ဗမာလို ပြောတတ်မှန်း အရင်မသိထားတဲ့ ဗမာတွေက အဖြူက ဗမာလို ဒီလောက် ပီအောင် ပြောနိုင်တာ တခါမှ မတွေ့ဖူးဘူးချီးကျူးပြီး အံ့သြနေကြတယ်။ သူက ကျွန်မထက်တောင် ဗမာလိုပြောတာ ပိုပီသေးတယ်။ ရစ်ချတ် အခုဘယ်ရောက်နေလဲ ဆရာ။ သူ့မေးလ် လိပ်စာလေး ရမယ်ဆိုရင်တော့ ကျွန်မ လိုချင်တယ်။

Recent Comments