Pages

Friday, February 12, 2010

မီးလျှံနဂါး (၁၉)။ လက်ရှိ အသေးစား ငွေချေး လုပ်ငန်းများ


မိတ်ဆွေများအတွက် စာလက်ဆောင်ကဏ္ဍမှာ သြစတြေလျနိုင်ငံက စီးပွားရေး ပညာရှင် ပါမောက္ခ ရှောင်တာနဲ ရေးသားတဲ့ မီးလျှံနဂါး၊ မြန်မာပြည်က ဘဏ်များ၊ ငွေချေးသူများနဲ့ အသေးစားငွေချေးလုပ်ငန်းများ သမိုင်း အကြောင်းကို တင်ပြ နေပါတယ်။ အခုအပတ်မှာတော့ မြန်မာနိုင်ငံမှာ ကုလသမဂ္ဂ ဖွံ့ဖြိုးရေးအစီအစဉ် အပါ အဝင် အချို့အဖွဲ့အစည်းတွေ ကြိုးပမ်းလုပ်ကိုင်နေကြတဲ့ အသေးစား ငွေချေး လုပ်ငန်းတွေအကြောင်း ဆက်လက် တင်ပြပါမယ်။

သောတရှင် မိတ်ဆွေများခင်ဗျား
မြန်မာနိုင်ငံမှာ (UNDP) လို့ခေါ်တဲ့ ကုလသမဂ္ဂ ဖွံ့ဖြိုးရေးအစီအစဉ်က ၁၉၉၇ ခုနှစ် ကစပြီး အသေးစားငွေချေး လုပ်ငန်း တွေကို စတင် လုပ်ကိုင်လာခဲ့တာပါ။ လူသား ဖွံ့ဖြိုးမှုအတွက် ကြိုးပမ်းဆောင်ရွက်ချက် (Human Development Initiative) အစီအစဉ် အောက်မှာ အောက်ခြေထု လူထုတွေ ဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် ရည်ရွယ်လုပ်ကိုင် လာခဲ့တာ ဖြစ်ပါတယ်။ အဓိကအားဖြင့် ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသ၊ အပူပိုင်း ခြောက်သွေ့ဇုန်နဲ့ ရှမ်းပြည်နယ် ဒေသ တချို့မှာ စတင်လုပ်ကိုင်ခဲ့တာပါ။ မြို့နယ် ၁၁ ခုမှာ ကျေးရွာပေါင်း ၂၄ဝဝ မှာ စမ်းသပ်သဘောနဲ့ စတင်လုပ်ကိုင်ခဲ့တာ ဖြစ်ပါတယ်။ အသေးစားငွေချေးလုပ်ငန်းကတော့ တကယ့်ငွေလိုအပ်နေတဲ့ ဆင်းရဲတဲ့လူထုတွေကို ငွေချေး ပေးတာ ဖြစ်ပါတယ်။ ဒီလိုလုပ်ငန်းတွေနဲ့ အောင်မြင်လာတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံ က မိုဟာမက်ယူနွတ်စ်က ၂ဝဝ၆ ခုနှစ်မှာ နိုဘဲငြိမ်းချမ်းရေးဆုရတဲ့အခါ ပိုလို့ထင်ရှားလာပါတယ်။ ကုလသမဂ္ဂ ကလည်း ၂ဝဝ၅ ခုနှစ်ကို (Year of Microfinance) အသေးစားငွေချေးလုပ်ငန်းတွေရဲ့နှစ် အဖြစ် သတ်မှတ်ပြီး အားပေးခဲ့ပါတယ်။

မြန်မာနိုင်ငံမှာ လုပ်ကိုင်ဖို့ ဒေသတွေကို ရွေးချယ်တဲ့အခါ ကုလသမဂ္ဂရဲ့ (HDI) လို့ခေါ်တဲ့ လူသားဖွံ့ဖြိုးတိုးတက် မှု ညွှန်းကိန်းကို ကြည့်ပါတယ်။ ဆိုလိုတာက ဒေသတခုက လူထုတွေရဲ့ လူမှု-စီးပွားရေးနဲ့ ဝင်ငွေ အခြေအနေ၊ ကျန်းမာရေး၊ ပညာရေးနဲ့ အစားအစာ၊ ရေဖူလုံစွာ ရရှိသလား၊ ငွေလိုရင် ငွေချေးလို့ရနိုင်တဲ့နေရာတွေ ရှိ သလား၊ ဝေးလံခေါင်သီ နေသလား စတဲ့အချက်တွေအပေါ်မှာ ကြည့်ပြီး ရွေးချယ်ခဲ့တာပါ။ ငွေချေးတဲ့အခါမှာ လည်း အမျိုးသမီးတွေကိုပဲ ချေးပေးလေ့ရှိပါတယ်။ အမျိုးသမီးတွေရဲ့ ဆုံးဖြတ်နိုင်ခွင့် အာဏာမြင့်တက်လာစေဖို့ အပြင်၊ အိမ်ထောင်တခုကို ထိန်းကျောင်းရတဲ့ အမျိုးသမီးတွေက ဘယ်လိုနေရာမှာ ငွေကို အကျိုးရှိအောင် ပိုလို့ အသုံးချနိုင်တယ် စတဲ့ တွက်ကိန်းတွေနဲ့ ချေးပေးတာပါ။ တပြိုင်နက်တည်းမှာပဲ ငွေချေးပေးသလို ရပ်ရွာမှာ ကိုယ်ထူကိုယ်ထ အသင်း ကလေးတွေလည်း ထူထောင်ပေးပါတယ်။ ငွေချေးတဲ့အခါမှာ အုပ်စုကိုချေးပေးတဲ့ စနစ်နဲ့ အချင်းချင်းတာဝန်ခံမှုတွေ လုပ်စေပြီး ချေးပေးပါတယ်။ အဓိကကတော့ အပြန်အလှန် ယုံကြည်မှုအပေါ် ကို အခြေခံတည်ဆောက်ထားတဲ့စနစ်ပါ။ အဲဒါအပြင် စုဆောင်းငွေကိုလည်း စုဖို့ မဖြစ်မနေ တိုက်တွန်းပါသေး တယ်။ တချိန်ကျရင် ဒီလိုငွေချေးလုပ်ငန်းကလေး တွေက ကိုယ်ထူကိုယ်ထ ဆက်သွားနိုင်အောင်ရယ်၊ လူတွေ ငွေစုတတ်တဲ့ အလေ့အကျင့် ဖြစ်လာဖို့ ရည်ရွယ်တာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ (Microfinance) လို့ခေါ်တဲ့ အသေးစားငွေချေးလုပ်ငန်းတွေစတဲ့အခါ မြစ်ဝကျွန်းပေါ်ဒေသမှာ မြစ်ဝကျွန်းပေါ်ဒေသ အသေးစားငွေချေးလုပ်ငန်းအသင်း (DRMO) ကို ဖွဲ့စည်းပါတယ်။ စီမံခန့်ခွဲမှုတွေကိုတော့ ပထမ ၆-နှစ်မှာ ဒီလုပ်ငန်းနဲ့ နာမည်ကျော်ကြားတဲ့ ဂရမ်မင်းဘဏ်က တာဝန်ယူပေးခဲ့ပါတယ်။ စတင်တည် ဆောက်၊ လုပ်ကိုင်၊ နောက်တော့ လက်လွှဲပြောင်းပေးဆိုတဲ့ (BOT) စနစ်နဲ့ လုပ်ခဲ့တာပါ။ ဒေသခံဝန်ထမ်းအများ စုက အမျိုးသမီးတွေပါ။ နောက်တော့ အိန္ဒိယက အီးဒီအေကျေးလက်စနစ်ဆိုင်ရာ အဖွဲ့က ဆက်လက်စီမံခဲ့ပါ တယ်။ အပူပိုင်းဇုန်ဒေသမှာတော့ အမေရိကန်အခြေစိုက် (PACT) လို့ခေါ်တဲ့ အဖွဲ့က တာဝန်ယူခဲ့ပါတယ်။ သူရဲ့ အရှည်နာမည်ကတော့ ပုဂ္ဂလိကလုပ်ငန်းများ အတူတကွ ပူးတွဲလုပ်ဆောင်ခြင်းလို့ ဆိုပါတယ်။ ရှမ်းပြည် တောင်ပိုင်းက အသေးစားငွေချေးလုပ်ငန်းတွေကိုတော့ (GRET) လို့ခေါ်တဲ့ ပြင်သစ် အဲန်ဂျီအိုတဖွဲ့က ဆောင် ရွက်ခဲ့ပြီး ကလော၊ ပင်လောင်း၊ ပင်းဒယ၊ ရွာငံ၊ ညောင်ရွှေမြို့တွေမှာ လုပ်ကိုင်ခဲ့ပါတယ်။ ၂ဝဝ၆ ခုနှစ်မှာတော့ ဒီလုပ်ငန်းတွေ အားလုံးကို (PACT Myanmar) တဖွဲ့ကပဲ တာဝန်ယူ စီမံခဲ့ပါတယ်။

သူတို့ငွေချေးပုံကိုလည်း ကြည့်ကြရအောင်ပါ။ ဒေသအလိုက် အနည်းငယ်ကွဲပြားတာတွေ ရှိပေမယ့်လည်း ယေဘုယျအားဖြင့် ငွေချေးပုံစနစ်တွေကတော့ တူကြပါတယ်။ ပုံမှန်အားဖြင့် တနှစ်ကို အတိုးအနေနဲ့ ၃၈ ရာခိုင် နှုန်းကနေ ၄ဝ ရာခိုင်နှုန်းအထိယူပါတယ်။ ဒီနှုန်းက မြန်မာနိုင်ငံရဲ့ ငွေကြေးဖောင်းပွမှုနှုန်းကို ကာမိအောင်ယူ ထား ရတာလည်း ဖြစ်ပါတယ်။ မြန်မာနိုင်ငံရဲ့ ငွေကြေးဖောင်းပွမှုနှုန်းကို (UNDP) က ၄ဝ ရာခိုင်နှုန်းလောက် တွက်ပါတယ်။ ငွေချေးတဲ့အခါ ကျပ်၂၅ဝဝဝ ကနေ ၇၅ဝဝဝ အထိ ချေးပေးပြီး၊ ရက်သတ္တပတ် ၅ဝ တိုင်တိုင် ပြန် ဆပ်ရပါတယ်။ ဒီငွေကျေရင် အထူးချေးငွေကို ယူနိုင်ပါတယ်။ အထူးချေးငွေက ၂ဝဝဝဝ ကနေ ၆ဝဝဝဝ လောက် အထိ ချေးပါတယ်။ အသေးစား လုပ်ငန်းငယ်တွေထူထောင်ဖို့ ချေးငွေကတော့ ကျပ် ၃ သိန်းလောက်အထိ ချေး ပေးပြီး အပတ် ၁ဝဝ ပြန်ဆပ်ရပါတယ်။ ကျန်းမာရေးစောင့်ရှောက်မှု ချေးငွေဆိုတာလည်း ရှိပြီး ကျပ် ၃ သောင်း ကျော်လောက် ချေးပေးပါတယ်။ စနစ်ကတော့ ၂-၂-၁ စနစ်လို့ ပြောပါတယ်။ အဖွဲ့ထဲမှာ ရှိတဲ့ ၂ ယောက်က ငွေချေးယူနိုင်ပြီး၊ သူတို့က ပြန်ပေးဆပ်လို့ ၆ ပတ်ပြည့်တဲ့အခါမှ ကျန်တဲ့သူက စတင်ချေးယူနိုင်တဲ့ စနစ်ဖြစ်ပါ တယ်။ အဲဒါအပြင် တပတ်ကို ကျပ် ၁ဝဝ မဖြစ်မနေ စုဆောင်းခိုင်းပါသေးတယ်။ အမျိုးသမီးတွေကို ငွေချေးပေး ခြင်းအားဖြင့် အလုပ်အကိုင်ငယ်လေးတွေ စတင်ထူထောင်နိုင်မယ်၊ ဆင်းရဲမွဲတေမှု ကျဆင်းလာမယ်လို့ ရည်ရွယ် ဆောင်ရွက်တာဖြစ်ပါတယ်။ ဒါပေမယ့် မြန်မာနိုင်ငံက လုပ်ငန်းတွေမှာတော့ အခက်အခဲတွေ၊ အကန့်အသတ် တွေလည်း ရှိပါတယ်။

မြန်မာနိုင်ငံမှာက ၁၉၄၅ ခုနှစ်၊ ငွေချေးငှားစားသူများ အက်ဥပဒေက အသက်ဝင်နေဆဲ ဖြစ်ပြီး ကျေးလက်စိုက် ပျိုးရေးကဏ္ဍအတွက် ငွေချေးငှားတာ မလုပ်ရဘူးလို့ ကန့်သတ်ထားတာ ရှိပါတယ်။ အဲဒါအပြင် ဒီဥပဒေအရ တိုး-ရင်းပေါင်းပြီး ကျသင့်ငွေအပေါ် အတိုးထပ်မတွက်ရဘူး ကန့်သတ်ထားချက်ရှိပါတယ်။ ချေးငွေအတွက် ပေး ဆပ်ရတဲ့ အတိုးစုစုပေါင်းဟာလည်း အရင်းထက်ကို မကျော်လွန်ရဘူးလို့ ကန့်သတ်ထားပါတယ်။ ဒါတင်မက ၁၉၉ဝ ခုနှစ်၊ မြန်မာနိုင်ငံ ငွေကြေးအဖွဲ့အစည်းများဆိုင်ရာ ဥပဒေအရလည်း ပြဿနာ ရှိနေပါတယ်။ ဒီလို ငွေစု ငွေချေးအဖွဲ့ငယ်တွေက ဘဏ်လည်းမဟုတ်သလို၊ သူတို့လုပ်ငန်းအတွက် တိတိကျကျ ဥပဒေမရှိဘဲ မီးခိုးရောင် နယ်ပယ်ထဲ ဆောင်ရွက်နေရသလို ဖြစ်ပါတယ်။ အဲဒါအပြင် လုပ်ငန်းတွေ အောင်မြင်လာရင် အာဏာပိုင်အဖွဲ့ တွေ၊ ကြံ့ဖွတ်လို ရပ်ရွာအာဏာပိုင်တွေက လာရောက်ချယ်လှယ်သိမ်းပိုက်မယ့် ဘေးလည်း ရှိနေပါသေးတယ်။

ဒါပေမယ့်လည်း အခုအချိန်အထိတော့ အောင်မြင်နေတယ်၊ ငွေပြန်ဆပ်ကြတဲ့နှုန်းလည်း ကောင်းတယ်၊ လူ ပေါင်း တသိန်းခွဲကျော်ကို ငွေချေးလုပ်ကိုင်ပေးနိုင်ပါတယ်။ ဒါပေမယ့် ကုလသမဂ္ဂက မတည်ထည့်ဝင်ငွေ နည်း သလို၊ လုပ်ကိုင်ရတဲ့ လုပ်ငန်းခွင်ကလည်း သတ်မှတ်ထားတဲ့ နိုင်ငံတကာစံနှုန်းတွေနဲ့ မညီညွတ်တာတွေ ရှိနေခဲ့ ပါတယ်။ အခုအချိန်မှာတော့ အချို့နိုင်ငံတကာ အဲန်ဂျီအိုတွေကလည်း ဒေသတချို့မှာ အသေးစားငွေချေးလုပ် ငန်းလေးတွေ ဆောင်ရွက်နေတာ ရှိပါတယ်။

စာအုပ်နောက်ပိုင်းမှာတော့ မြန်မာနိုင်ငံရဲ့ နိုင်ငံရေး-စီးပွားရေးအားနည်းချက်တွေကို ထောက်ပြခဲ့သလို အသေး စားငွေချေးလုပ်ငန်းတွေရဲ့ အလားအလာကိုလည်း ပါမောက္ခရှောင်တာနဲက တွက်ချက်ပြခဲ့ပါတယ်။ တကယ် တည်ငြိမ်ခိုင်မာတဲ့ စီးပွားရေးစနစ်၊ ငွေကြေးစနစ်တွေ၊ ဥပဒေတွေ ရေရေရာရာ ပြဌာန်းတာ မရှိဘူးဆိုရင် ဒီလုပ် ငန်းတွေက အောင်မြင်ဖို့ ခက်လှပါတယ်။ ဒါပေမယ့်လည်း တကယ်သာ အခြေအနေပေးရင် အသေးစား ငွေချေး လုပ်ငန်းတွေက အောင်မြင်ကြီးထွားလာပြီး လုပ်ငန်းကြီးတခုလည်း ဖြစ်လာဖွယ် အခြေအနေရှိနေတယ်။ အခုတော့ ပြဿနာတွေကြားမှာ မြန်မာနိုင်ငံ ကျေးလက်က လူထုတွေ ချေးငွေမရ၊ ဆင်းရဲကျပ်တည်းစွာ နေရတဲ့ အခြေအနေကို စာအုပ်နိဂုံးအနေနဲ့ တင်ပြခဲ့ပါတယ် ခင်ဗျား။ အားလုံး ငြိမ်းချမ်းပျော်ရွှင် နိုင်ကြပါစေ။

(ယခု ဆောင်းပါးကို လွတ်လပ်သောအာရှအသံ မြန်မာပိုင်းအစီအစဉ် RFA မှ ထုတ်လွှင့်သွားခဲ့ပြီး ဖြစ်ပါသည်။ RFA ၏ မူပိုင်သာဖြစ်ပြီး ပြန်လည်ဖော်ပြခြင်း ဖြစ်သည်။)

No comments:

Recent Comments