Pages

Friday, February 5, 2010

မီးလျှံနဂါး (၁၈)။ ငွေကြေး အကျပ်အတည်းအပြီး ဘဏ်များ အခြေအနေနှင့် အသေးစား ငွေချေး လုပ်ငန်းများ


မိတ်ဆွေများအတွက် စာလက်ဆောင်ကဏ္ဍမှာ သြစတြေလျနိုင်ငံက စီးပွားရေး ပညာရှင် ပါမောက္ခ ရှောင်တာနဲ ရေးသားတဲ့ မီးလျှံနဂါး၊ မြန်မာပြည်က ဘဏ်များ၊ ငွေချေးသူများနဲ့ အသေးစားငွေချေးလုပ်ငန်းများ သမိုင်း အကြောင်းကို တင်ပြ နေပါတယ်။ အခုအပတ်မှာတော့ ၂ဝဝ၃ ခုနှစ်၊ ဘဏ်တွေ ငွေကြေးအကျပ်အတည်း တွေ့ ကြရပြီးနောက်ပိုင်း ဘဏ်တွေရဲ့ အခြေအနေသစ်နဲ့ မြန်မာနိုင်ငံမှာ အချို့ အဖွဲ့အစည်းတွေ ကြိုးပမ်းလုပ်ကိုင်နေ ကြတဲ့ အသေးစား ငွေချေးလုပ်ငန်းတွေ အကြောင်း ဆက်လက်တင်ပြပါမယ်။

သောတရှင် မိတ်ဆွေများခင်ဗျား
၂ဝဝ၃ ခုနှစ်၊ ငွေကြေး အကျပ်အတည်းအပြီး၊ နိုင်ငံတကာရဲ့ ဖိအားတွေကို နားထောင်ရတဲ့ အနေနဲ့ ငွေချေး ခဝါချမှု ဥပဒေ ထုတ်ပြန်ပြီးနောက်ပိုင်းမှာတော့ အောင်နိုင်ရသူရှိသလို၊ နစ်နာခဲ့ရတဲ့သူတွေလည်း ရှိပါတယ်။ ဆရာကျော်ဝင်း ဆောင်းပါးတွေကအတိုင်း ပြောရရင် ပေါက်တဲ့သူ ရှိသလို၊ ကွဲတဲ့သူတွေ ရှိခဲ့ပါတယ်။ အာရှ ဓနဘဏ်နဲ့ မေဖလားဝါးဘဏ် တွေကို ငွေကြေးခဝါချမှုတွေနဲ့ ပတ်သက် တယ်ဆိုပြီး ဖျက်သိမ်းစေခဲ့ပါတယ်။ သိပ် မကြာခင်မှာပဲ မြန်မာယူနီဗာဆယ် ဘဏ်ကိုလည်း ဖျက်သိမ်းခဲ့ပြန် ပါတယ်။ ဒီအဖြစ်အပျက်တွေအပြီးမှာတော့ အရင်က မြန်မာနိုင်ငံ ပုဂ္ဂလိကဘဏ်တွေ လောကမှာ ကြီး-၅ ကြီးအနက် စတုတ္ထနေရာယူခဲ့တဲ့ ကမ္ဘောဇဘဏ် က ၂ဝဝ၆ ခုနှစ်မှာ ပထမနေရာ ရောက်လာခဲ့ပါတယ်။ စစ်အစိုးရ ထိပ်သီးခေါင်းဆောင်တွေနဲ့ နီးစပ်တဲ့ဘဏ် ဆိုတာလည်း လူအများက သိကြပါတယ်။ ငွေကြေး အကျပ်အတည်း ကာလမှာ ကမ္ဘောဇဘဏ်ကို ဗဟိုဘဏ် ကြီးကြပ်စောင့်ကြည့်မှုအောက်မှာ ခေတ္တထားခဲ့ပေမယ့် ၂ဝဝ၄ ခုနှစ်၊ ဖေဖေါ်ဝါရီလမှာ ပုံမှန်အတိုင်း ဘဏ်လုပ် ငန်းတွေ ပြန်လည်စေခဲ့ပါတယ်။ ကမ္ဘောဇဘဏ်မှာ အပ်နှံငွေက ၂ဝဝ၄ ခုနှစ်၊ ဇူလိုင်လမှာ အရင်ကထက် ၆-ဆ တိုးတက်လာတယ်။ ကျပ်သန်း ၅ဝ ဘီလီယံအထိ ရှိလာတယ်လို့ ကြေညာခဲ့ပါတယ်။ ဒါပေမယ့် နှိုင်းယှဉ်ကြည့် မယ်ဆိုရင် အရင်ကာလတွေက အာရှဓနဘဏ်မှာ အပ်နှံငွေတွေက ကျပ် ၈ဝ ဘီလီယံအထိ ရှိခဲ့ဖူးပါတယ်။

ဒုတိယအကြီးဆုံးဘဏ် ဖြစ်လာတာက မြဝတီဘဏ်ပါ။ အစိုးရတပိုင်းဘဏ်လို့ ပြောရင်ရသလို၊ စစ်တပ်ပိုင် ဦးပိုင် လီမိတက်လို လုပ်ငန်းတွေနဲ့ ဆက်စပ်နေတဲ့ဘဏ်ပါ။ မြဝတီဘဏ်မှာလည်း ငွေကြေးအကျပ်အတည်းပြီးတဲ့ အခါ အပ်နှံငွေ ၄ဝ ရာခိုင်နှုန်းအထိ တိုးတက်လာတယ်လို့ ဆိုပါတယ်။ တတိယနေရာယူလာတာကတော့ သမ ဝါယမ ဘဏ်ပါ။ သူလည်း ငွေအပ်နှံတဲ့သူတွေ ပိုမိုရရှိလာတယ်လို့ ပြောပါတယ်။ စတုတ္ထအကြီးဆုံး ပုဂ္ဂလိကဘဏ် အဖြစ် နေရာယူလာတာကတော့ ပထမမြန်မာဘဏ်လို့ခေါ်တဲ့ (First Private Bank) ဖြစ်ပါတယ်။ အရင် က ဒုတိယအကြီးဆုံးဘဏ်အဖြစ် နေရာယူခဲ့တဲ့ ရိုးမဘဏ်ကတော့ ငွေကြေးအကျပ်အတည်းအပြီးမှာ ပြန်လို့ နလံထူလာနိုင်သော်လည်း အရင်လို ခေတ်မကောင်း တော့ ပါဘူး။ ဒီဘဏ်က စစ်တပ်ခေါင်းဆောင်ပိုင်းတွေနဲ့ အဆက်အသွယ် နည်းသလို၊ ငွေကြေး အကျပ်အတည်းကာလမှာလည်း ဗဟိုဘဏ်က ထောက်ပံ့ပေးငွေကို ချေးယူဖို့ ဖိအားပေးတာ ခံရပြီး၊ အချို့ ပိုင်ဆိုင်မှုတွေ၊ လုပ်ငန်းတွေအပေါ်မှာလည်း တင်းကျပ်ထိန်းချုပ်တာခံရပါ တယ်။

နောက်ပိုင်းမှာ ဘဏ်တွေ နာလံပြန်ထူလာတယ် ဆိုပေမယ့်လည်း၊ အရင်ထုတ်ချေးထားတဲ့ အကြွေးတွေကို အချိန်တို အတွင်း အတင်းအကြပ် ပြန်ဆပ်ခိုင်းတာမျိုးတွေ ကြုံခဲ့ရသလို၊ အတိုးနှုန်းသတ်မှတ်မှုတွေဟာလည်း ငွေကြေးဖောင်းပွမှုနဲ့ နှိုင်းယှဉ်ရင် အလုပ်မဖြစ်နိုင်အောင် ဖြစ်ခဲ့ရပါတယ်။ ဗဟိုဘဏ်က ပုဂ္ဂလိကဘဏ်တွေ မပြို လဲစေဖို့ စေတနာနဲ့ ကြပ်မတ် ပေးတယ်ဆိုပေမယ့်လည်း စည်းမျဉ်းစည်းကမ်းတွေက ဘဏ်တွေအမြတ်မဖြစ်နိုင် လောက်အောင် ဖြစ်စေခဲ့ပါတယ်။ ဒါပေမယ့် အခုအချိန်အထိတော့ ပုဂ္ဂလိကဘဏ်တွေ ဆက်လက်ချီတက်နေ ကြဆဲ ဖြစ်ပါတယ်။ ပြင်ပက မြန်မာနိုင်ငံ လူ့အခွင့်အရေး အခြေအနေကြောင့် စီးပွားရေးဒဏ်ခတ်ပိတ်ဆို့မှုတွေ ရှိနေသလို၊ အစိုးရကလည်း အမိန့်ပေးစီးပွားရေးစနစ် ပုံစံထဲ ပြန်သွားခဲ့ပါတယ်။ အဲဒါအပြင် ပုဂ္ဂလိကဘဏ်တွေ ကို ကန့်သတ်မှုတွေကလည်း ကြီးပါတယ်။ နိုင်ငံခြားငွေကြေး လဲလှယ်မှုဈေးကွက်မှာ ပုဂ္ဂလိကဘဏ်တွေက တရားဝင် လုပ်ကိုင်ခွင့် မရှိတဲ့အပြင်၊ လယ်ယာကဏ္ဍမှာ ပုဂ္ဂလိကဘဏ် တွေက ဝင်ရောက်ပြီး ငွေချေးခွင့် မရှိဘူး ဆိုတဲ့ နားလည်ရခက်တဲ့ ဥပဒေတွေလည်း ရှိပါသေးတယ်။

ဒီလိုအခက်အခဲတွေကြားမှာ (Micro-finance) လို့ခေါ်တဲ့ သေးစားငွေချေးလုပ်ငန်းတွေကို ကုလသမဂ္ဂ ဖွံ့ဖြိုး ရေးအစီအစဉ် (UNDP) က စတင်ခဲ့ပါတယ်။ နောက်ပိုင်းမှာ ပုဂ္ဂလိကဘဏ်တွေထဲက ကမ္ဘောဇဘဏ်နဲ့ ရိုးမ ဘဏ်တို့ကလည်း ခြောက်သွေ့ဇုန် ဒေသတွေမှာ ကုလသမဂ္ဂ အစီအစဉ်နဲ့ ပူးပေါင်းပြီး ကာလတခုကြာ လုပ် ကိုင်ခဲ့ကြပါသေးတယ်။ နောက်ပိုင်းမှာ တော့ ပုဂ္ဂလိကဘဏ်တွေက လယ် ယာစိုက်ပျိုးရေး ကဏ္ဍမှာ ငွေချေး လုပ်ငန်းလုပ်ပိုင်ခွင့် မရှိဘူးဆိုပြီး ဗဟိုဘဏ်က တားမြစ်လို့ နောက်ပိုင်းမှာ ပြန်ဆုတ်ခွာခဲ့ကြရပါတယ်။ အခု အချိန်မှာတော့ နိုင်ငံတကာ အဲန်ဂျီအို တချို့က ဒေသအချို့မှာ ဆက်လက်လုပ်ကိုင်နေကြတာတော့ ရှိပါတယ်။ အောင်မြင်မှုတွေ ရှိတယ်ဆိုတဲ့ အစီရင်ခံစာ၊ သတင်း တွေလည်း ရှိပါတယ်။

တကယ်ကတော့ မြန်မာနိုင်ငံ လယ်ယာကဏ္ဍ ငွေချေးလုပ်ငန်းတွေမှာ မြန်မာ့စိုက်ပျိုးရေးနဲ့ ကျေးလက်ဖွံ့ဖြိုးရေး ဘဏ် နဲ့ သူနဲ့ ညီအမဘဏ်လိုဖြစ်နေတဲ့ မွေးမြူရေး-ရေလုပ်ငန်းဘဏ်ကပဲ တရားဝင်ငွေချေးခွင့် ရှိပါတယ်။ လယ်သမားတွေရတဲ့ ချေးငွေကလည်း တကယ်လိုအပ်တဲ့ အတိုင်းအတာရဲ့ ၁ဝ ရာခိုင်နှုန်းလောက်ပဲ ရှိသလို၊ လုံလောက်တဲ့ ချေးငွေမရတဲ့အခါ ပြင်ပမှာ အတိုးကြီးကြီးနဲ့ ငွေချေးယူနေကြရပါတယ်။ တလကို ၁ဝ ကနေ ၂ဝ အတိုးနှုန်း၊ တနှစ်တာတွက်ရင် ၁၈ဝ ရာခိုင်နှုန်း အတိုးနဲ့ ငွေချေးယူနေကြရတာမျိုး ရှိသလို၊ ကျေးလက်ဒေသ တွေမှာ ကြွေးလည်ပင်းခိုက် နွံနစ်နေရတဲ့ အခြေအနေမျိုး ကြုံနေကြရပါတယ်။ ငွေမဆပ်နိုင်တဲ့အခါ လယ်တွေ ထိုးအပ်ကြရလို့ လယ်မြေဆုံးရှုံးရတဲ့ အဖြစ် တွေကလည်း နာဂစ်မုန်တိုင်း ဖြစ်ပွားခဲ့တဲ့ ဧရာဝတီတိုင်းအတွင်းက စစ်တမ်းတွေမှာ မြေပိုင်ရှင်တွေရဲ့ ၁၂ ရာခိုင်နှုန်းအထိ ရှိနေတာဆိုတာ လေ့လာ တွေ့ရှိနေရပါတယ်။ ဆင်းရဲ မွဲတေမှု လျှော့ချရေးနဲ့ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုတွေအကြောင်း ပြောကြတဲ့အခါ လယ်သမားတွေ လိုအပ်တဲ့ ချေးငွေတွေ ဖူဖူလုံလုံ ရနိုင်ဖို့နဲ့ လယ်ယာလုပ်ငန်းတွေထဲ လုံလောက်တဲ့ သွင်းအားစုတွေ ဖြည့်ဆည်းနိုင်ဖို့ ချေးငွေတွေ လိုအပ်နေတယ်ဆိုတာ ထောက်ပြခဲ့ကြပါတယ်။ မကြာသေးခင်က စီးပွားရေး ပညာရှင် စတစ်ဂလစ် ခရီးစဉ်မှာလည်း ဒီအကြောင်းကို ထောက်ပြခဲ့ပါသေးတယ်။ ဒါပေမယ့် ဥပဒေတွေအရ လယ်ယာကဏ္ဍမှာ ပုဂ္ဂလိကဘဏ်တွေက ငွေချေးခွင့် မရှိဘူးလို့ ပြဌာန်းထိန်းချုပ်ထားတဲ့အပြင် မြန်မာ့စိုက်ပျိုးရေးဘဏ်က လုပ်ငန်း တွေ ထက်ထက်မြက်မြက် လုပ်နိုင်တာ မဟုတ်ဘဲ လက်ဝါးကြီးအုပ်ထားခဲ့ပါတယ်။ ဒီလို အခြေအနေအောက် မှာ ကုလသမဂ္ဂ ဖွံ့ဖြိုးရေးအစီအစဉ်က ၁၉၉၇ ခုနှစ်ကစပြီး မြန်မာနိုင်ငံမှာ အသေးစားငွေချေးလုပ်ငန်းတွေကို စတင် စမ်းသပ်လုပ်ကိုင်လာခဲ့ပါတယ်။ လူသားဖွံ့ဖြိုးမှုအတွက် ကြိုးပမ်းဆောင်ရွက်ချက် (Human Development Initiative) အစီအစဉ် အောက်မှာ အောက်ခြေထု လူထုတွေ ဖွံ့ဖြိုးတိုးတက်လာစေရေး အတွက် ရည်ရွယ် လုပ်ကိုင်လာခဲ့တာ ဖြစ်ပါတယ်။

ဒါပေမယ့်လည်း မြန်မာနိုင်ငံ အနှံ့အပြားမဟုတ်ဘဲ ဒေသအချို့မှာသာ စတင်နိုင်ခဲ့ပါတယ်။ အဓိကအားဖြင့် တော့ ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသ၊ အပူပိုင်း ခြောက်သွေ့ဇုန်နဲ့ ရှမ်းပြည်နယ် ဒေသတချို့မှာ စတင်လုပ်ကိုင်ခဲ့ တာပါ။ မြို့နယ် ၁၁ ခုမှာ ကျေးရွာပေါင်း ၂၄ဝဝ မှာသာ စမ်းသပ်သဘောနဲ့ စတင်ခဲ့တာ ဖြစ်ပါတယ်။ နောက်ပိုင်းမှာ တော့ အချို့ နိုင်ငံတကာ အဲန်ဂျီအိုအဖွဲ့တွေကလည်း ဒေသအချို့မှာ လုပ်ကိုင်ခဲ့ကြတာ ရှိပါတယ်။ အခက်အခဲတွေ ကြုံကြရတဲ့တိုင် အောင်မြင်မှုရှိတယ်။ ချေးထားတဲ့ ငွေတွေ ပြန်ဆပ်ကြတယ်။ ငွေပြန်ဆပ်တဲ့ နှုန်းလည်း ကောင်း တယ်ဆိုတဲ့ သတင်းကောင်းတွေလည်း ရှိနေပါသေးတယ်။ နောက်တပတ်မှာတော့ အသေး စားငွေချေးလုပ်ငန်း သဘောသဘာဝနဲ့ လက်ရှိလုပ်ကိုင်နေကြတဲ့ အနေအထားတွေကို စာအုပ်နောက်ဆုံး နိဂုံး အခန်းအဖြစ် တင်ပြ ပါမယ်။ အားလုံး ငြိမ်းချမ်းပျော်ရွှင် နိုင်ကြပါစေ။

(ယခု ဆောင်းပါးကို လွတ်လပ်သောအာရှအသံ မြန်မာပိုင်းအစီအစဉ် RFA မှ ထုတ်လွှင့်သွားခဲ့ပြီး ဖြစ်ပါသည်။ RFA ၏ မူပိုင်သာဖြစ်ပြီး ပြန်လည်ဖော်ပြခြင်း ဖြစ်သည်။)

No comments:

Recent Comments