Pages

Friday, January 29, 2010

မီးလျှံနဂါး (၁၇)။ စစ်အစိုးရခေတ် ဘဏ်များ အကျပ်အတည်း


မိတ်ဆွေများအတွက် စာလက်ဆောင်ကဏ္ဍမှာ သြစတြေလျနိုင်ငံက စီးပွားရေး ပညာရှင် ပါမောက္ခ ရှောင်တာနဲ ရေးသားတဲ့ မီးလျှံနဂါး၊ မြန်မာပြည်က ဘဏ်များ၊ ငွေချေးသူများနဲ့ အသေးစားငွေချေးလုပ်ငန်းများ သမိုင်းအကြောင်းကို တင်ပြနေ ပါတယ်။ အခုအပတ်မှာတော့ စစ်အစိုးရ လက်ထက် ဘဏ်တွေ ငွေကြေး အကျပ် အတည်းတွေ့ကြရပုံနဲ့ အချို့ဘဏ်တွေ နောက်ပိုင်းပြိုလဲရပုံ အကြောင်းကို ဆက်လက် တင်ပြပါမယ်။

သောတရှင် မိတ်ဆွေများခင်ဗျား
၁၉၈၈ ခုနှစ်၊ စစ်အာဏာသိမ်းပြီး နောက်ပိုင်းမှာ အများအပြားပေါ်ထွန်းလာခဲ့တဲ့ ပုဂ္ဂလိကဘဏ်တွေ ၂ဝဝ၂ ခုနှစ်မှာ ငွေကြေးအကျပ်အတည်းနဲ့ စတင်ကြုံရပါ တော့တယ်။ အဲသည်အချိန်ကစလို့ အရှည်ကြာဆုံး တွေ့ကြုံရတဲ့ ငွေကြေး အကျပ်အတည်းလို့ ပြောရင်လည်း ရနိုင်ပါတယ်။ စပြီး ငွေကြေးအကျပ်အတည်း ဖြစ်ရတဲ့ အကြောင်းကို ဘယ်သူကမှ တိတိကျကျ မသိနိုင်သလို၊ အစိုးရကလည်း သေချာ ရှင်းလင်းတင်ပြတာတွေ မရှိခဲ့ ပါဘူး။ ဒါပေမယ့် လေ့လာရသလောက် ငွေကြေး အကျပ် အတည်း စတင်ခဲ့တဲ့အကြောင်းကတော့ ပုံမှန်မဟုတ်တဲ့ ငွေကြေးလုပ်ငန်းတွေက စတင်လာတာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာတော့ ဒီလုပ်ငန်းတွေကို "အကျိုးဆောင် လုပ်ငန်း"တွေလို့ ခေါ်ပါတယ်။ တကယ်လို့ ငွေကြေးရှိသူ တယောက်က ဒီလိုအကျိုးဆောင်လုပ်ငန်းတွေမှာ ငွေ လာရောက်အပ်နှံမယ်ဆိုရင် အတိုးသဘောနဲ့ တလကို ၃- ၄ ရာခိုင်နှုန်းလောက် ပြန်ပေးပါတယ်။ ဒါပေမယ့် လျှို့ဝှက်တဲ့ သဘောကြောင့် အတိအကျ ကိန်းဂဏန်းတွေ မသိရသလို၊ အစိုးရက တရားဝင်သတ်မှတ်ထားတဲ့ ဘဏ်တိုးနှုန်းထက် အများကြီးများပါတယ်။ တကယ်လို့ တရားဝင် လုပ်ကိုင်ခွင့်ရှိတဲ့အခြေအနေ၊ စီးပွားရေးက အခြေအနေ ပေးရင်တောင် ဒီလောက် အမြတ်များများ ပြန်ပေးနိုင်ဖို့ဆိုတာ လွယ်တဲ့ကိစ္စတော့ မဟုတ်ပါဘူး။ ဒါပေမယ့် ဒီကုမ္ပဏီတွေက အိမ်ယာ၊ မြေ၊ အခြား အရောင်း အဝယ် ကိစ္စတွေမှာ ငွေကြေး ကစားတဲ့သဘော မြှုပ်နှံကြတာမျိုး ရှိပေမယ့်၊ တကယ်ကတော့ လောင်းကစား ပိုဆန်ပါတယ်။ အခြားသူတွေဆီက နောက်ထပ်ရ ငွေနဲ့ အရင်ကလူကို ပြန်ပေးတာမျိုးလည်း သဘောဆန်ပါတယ်။ ဒါကို စီးပွားရေးပညာနယ်ပယ်မှာတော့ ပုန်ဇီ (Ponzi) ဒါမှမဟုတ် ပိရမစ်လို သဘော သဘာဝ တင်စားကြပါတယ်။ ထိပ်ပိုင်းကလူက အကုန်ယူပြေးသွားရန် အောက်ခြေတွေက ဘာမှ မတတ် နိုင်ကြတဲ့ လိမ်ညာနည်းတမျိုးပါ။ ဒီငွေတွေ အပ်နှံလုပ်ကိုင်နေကြတာလည်း တရားမဝင် ဖြစ်ပါတယ်။ မြန်မာနိုင်ငံ ငွေကြေး၊ ဘဏ်ဥပဒေအရဆိုရင် အကျိုးဆောင်လုပ်ငန်းတွေက တရားဝင် ငွေကြေးအပ်နှံ လက်ခံခွင့် ရှိတဲ့ အဖွဲ့အစည်းတွေ မဟုတ်ပါဘူး။ ဒီလိုနဲ့ တချိန်မှာတော့ ပြဿနာတက်ပါတယ်။ ပြဿနာ မတက်ခင် ကာလမှာ စစ်အစိုးရကလည်း ဒီလိုငွေကြေးအဖွဲ့အစည်းတွေကို စည်းကမ်းတင်းကျပ်တာ၊ ထိန်းသိမ်းတာ မလုပ်ဘဲ မျက်စေ့မှိတ်ထားခဲ့ပါတယ်။ ဒီလို တရားမဝင်ငွေကြေးကဏ္ဍက ပြဿနာက နောက်တော့ ပုဂ္ဂလိက ဘဏ်တွေဆီ ရိုက်ခတ်လာပါတော့တယ်။

အဲဒါအပြင် အခြားဖိအားတွေလည်း ရှိပါသေးတယ်။ နိုင်ငံတကာက ဖိအားတွေကြောင့် နောက်ဆုံးမနေသာဘဲ ၂ဝဝ၂ ခုနှစ်၊ မေလမှာ တရားမဝင်နည်းဖြင့် ရရှိသောငွေကြေးနှင့် ပိုင်ဆိုင်မှုများ ထိန်းချုပ်ရေး ဥပဒေကို ထုတ် ပြန်ခဲ့ရပါတယ်။ ဘဏ်တွေ ပြဿနာတက်တော့မှာလားဆိုပြီး ငွေကြေးအပ်နှံထားသူတွေကြားမှာ စိုးရိမ်ပူပန်မှု တွေ ဖြစ်လာလို့ အစိုးရ ကိုယ်တိုင်က စိတ်မပူကြဖို့ ပြောဆိုပေးခဲ့ရတာလည်း ရှိပါတယ်။ ငွေကြေးပြဿနာ တက် စေတဲ့ နောက်တချက် ကတော့ နိုင်ငံရေးအရ အရှုပ်အရှင်းသတင်းတွေ၊ ကောလာဟလတွေနဲ့လည်း ပတ်သက် နေပါတယ်။

၂ဝဝ၃ ဖေဖေါ်ဝါရီလမှာ ဘဏ္ဍာရေးနဲ့ အခွန်ဝန်ကြီး ဦးခင်မောင်သိန်း နှုတ်ထွက်သွားတဲ့ သတင်းကနေစပြီး မတည်မငြိမ် ဖြစ်လာပါတယ်။ ဒီလိုငွေကြေး အကျပ်အတည်းမှာ ဝန်ကြီးရဲ့ ပါဝင်ပတ်သက်နေတဲ့ ကဏ္ဍနဲ့ ပတ်သက်လို့ စုံစမ်းစစ်ဆေး နေတယ် ဆိုတာလောက်ပဲ ထုတ်ပြန်ပြီး၊ ကျန်တာတွေက ကောလဟာလချည်း ဖြစ်ပါ တယ်။ သူ့ပြဿနာက အာရှ ဓနဘဏ်နဲ့ ပတ်သက်နေတယ်၊ တရုတ်ပြည်မှာ အပ်ထားတဲ့ ရင်းနှီးမြှုပ်နှံ မှုတွေ ရှုံး ကုန်တယ် စသဖြင့် ကောလာဟလ ကနေပြီး ဘဏ်ငွေကြေး ပြဿနာက အထွဋ်အထိပ်တက်လာဖို့ အကြောင်း ဖန်လာခဲ့ပါတယ်။ ဒီလိုနဲ့ ဘဏ်တွေမှာ ငွေကြေးအပ်နှံထားသူတွေက စိုးရိမ်တကြီးနဲ့ အပ်ငွေတွေ ပြန်ထုတ်ကြ ပါတယ်။ ဘဏ် ၁-၂ ခုလောက်ကနေ စတဲ့ ဒေသဆိုင်ရာ သဘောပြဿနာကနေ စနစ်သဘော ဘဏ်ငွေကြေး စနစ်တခုလုံးကို ရက်အနည်းငယ်အတွင်း ရိုက်ခတ်လာခဲ့ပါတယ်။ ဗဟိုဘဏ် ဥက္ကဌ ဦးကျော်ကျော်မောင်က အခုရှိနေတဲ့ ပုဂ္ဂလိကဘဏ် ၂ဝ လုံးဟာ ငွေကြေး စည်းမျဉ်းစည်းကမ်းနဲ့ အညီ လည်ပတ်နေတယ်၊ ဗဟိုဘဏ် ကလည်း နောက်ကနေ ကျားကန်ပံ့ပိုးပေးထားတယ်လို့ အာမခံ ပြောကြားခဲ့ ပါတယ်။ ဒါပေမယ့် လူတွေက မယုံ ကြည်ကြပါဘူး။ နောက်ပိုင်း ဘဏ်တွေမှာ ငွေမလည်ပတ် နိုင်တော့တဲ့ အခြေအနေ ဖြစ်လာပါတယ်။ ဘဏ်တွေ က ငွေအပ်ထားတဲ့သူ တဦးကို တပတ်ကို ၅ သိန်းကျပ်ပဲ ထုတ်ပေး မယ်လို့ ကန့်သတ်ရတဲ့ အခြေအနေ ဖြစ်လာ ပါတယ်။ နောက်ပိုင်းမှာ ဒီကန့်သတ်ချက်က တသိန်း၊ နောက်တခါ ငါးသောင်းကျပ်အထိ ကျဆင်းသွားခဲ့ပါ တယ်။ မြန်မာကျပ်ငွေကလည်း မကြုံစဖူးတဒေါ်လာကို ၁၁ဝဝ ကျပ်အထိ ကျဆင်းသွားခဲ့ပါတယ်။ ဖေဖေါ်ဝါရီလ ၂၆ ရက်မှာတော့ ဗဟိုဘဏ်က ဘဏ်တွေကို ငွေစာရင်းတခုကနေ တခု လွှဲပြောင်းတာတွေ အားလုံးရပ်ဆိုင်းဖို့ အမိန့်ထုတ်ပြန်ခဲ့ပါတယ်။ ဘဏ်တွေအနေနဲ့ ငွေမလည်ပတ်နိုင် တော့ တဲ့အခါ နောက်ဆုံးလုပ်တဲ့နည်းက ချေး ထားတဲ့ ငွေတွေကို ပြန်တောင်းတာပါပဲ။ ဒီကြားထဲမှာတောင် ဗဟို ဘဏ်က ကျပ် ၂၅ ဘီလီယံ ပံ့ပိုးချေးပေးခဲ့ ပါ သေးတယ်၊ ဒါပေမယ့် ဖြစ်နေတဲ့ပြဿနာ ပမာဏက ကြီးတော့ မရှုမကယ်နိုင်တော့ပါဘူး။ ချေးငွေတွေ ရပ်ဆိုင်း ကုန်ပါတယ်။ အရင်အကြွေးတွေ ချက်ချင်းနီးပါး မတ်လ အကုန်မှာ ပြန်ဆပ်ဖို့၊ နောက်ပိုင်းတော့ သက်တမ်းကို မေလအထိတိုးပေးပြီး တောင်းဆိုခံရပါတယ်။ နောက်တခါ ရှိပြီးသား လည်ပတ်နေတဲ့ ခရစ်ဒစ်ကပ်ပြား အကြွေးဝယ်စနစ်တွေလည်း ရပ်ဆိုင်းကုန်ပါတော့တယ်။ ဆက်လက်ပြီး စီးပွားရေးစနစ် တခုလုံးကို ရိုက်ခတ် လာစရာ ဖြစ်လာတာကတော့ ထုတ်ကုန်လုပ်ငန်းတွေ၊ စီးပွားရေးလုပ်ငန်းတွေလည်း ထိုင်းမှိုင်းသွားခဲ့ပါတော့ တယ်။ အိမ်ဝယ်ထားတဲ့သူတွေကိုလည်း သူတို့ဝယ်ထား တဲ့အိမ်ရဲ့တန်ဖိုး ၂၅ ရာခိုင်နှုန်းကို ချက်ချင်းပေးရမယ် ဆိုပြီး ရက်အနည်းငယ်လောက် ကြိုတင်နို့တစ်ပေး တောင်းခဲ့တာတွေလည်း ဖြစ်ခဲ့ပါတယ်။

နောက်ပိုင်းမှာ ဘဏ်တွေက သူတို့ဘာသာ ငွေမလည်တဲ့ အခက်အခဲက ကြိုးစားရုန်းကန်ခဲ့ကြပါတယ်။ ပိုင်ဆိုင်မှု ပစ္စည်း တွေ၊ ကားတွေ ထုတ်ရောင်းတာတွေတောင် ရှိခဲ့ပါတယ်။ ဘဏ်တွေ နောက်ပိုင်း ပြန်လည်ပတ်လာတဲ့ အခါမှာတော့ ဘဏ်မှာ စာရင်းရှင် ငွေကြေးအပ်နှံသူတွေက ၂ဝဝ၂-၂ဝဝ၃ မှာ ၇ဝ ရာခိုင်နှုန်း အထိကျဆင်း သွားပြီး၊ စာရင်းသေ အပ်ငွေက ၂၉ ရာခိုင်နှုန်း ကျဆင်းခဲ့ပါတယ်။ ၂ဝဝ၄ လောက်မှာ ပြန်နာလံထူလာတယ် ပြောလို့ရပေမယ့် ကာလ အတန်ကြာအထိ ငွေပြန်ထုတ်တာကို ကန့်သတ်ထားတာ ရှိခဲ့ပါတယ်။ နောက်ပိုင်းမှာ တော့ ငွေကြေးခဝါချမှုနဲ့ အာရှဓနဘဏ် အပါအဝင်၊ အချို့ဘဏ်တွေ ဖျက်သိမ်းခဲ့ကြရပါတယ်။ ဖျက်သိမ်းတယ် သာ ဆိုတယ်၊ သူတို့ကို မြန်မာ့စီးပွားရေးဘဏ် အစိုးရဘဏ်ထဲကို သွတ်သွင်း ထည့်သိမ်းလိုက်တာသာ ဖြစ်ပါ တယ်။

ဒီလိုငွေကြေး အကျပ်အတည်းတက်ရတဲ့ ကိစ္စနဲ့ ပတ်သက်လို့ အဓိက အပြစ်ပြောဖို့ရှိတာကတော့ မြန်မာနိုင်ငံ ဗဟိုဘဏ်ပဲ ဖြစ်ပါတယ်။ စနစ်တကျ စောင့်ကြည့်ကြီးကြပ်မှု မရှိခဲ့သလို၊ ပြဿနာတက်လာတဲ့အခါမှာလည်း သေချာ တာဝန်မယူခဲ့ ပါဘူး။ တဖက်မှာလည်း ဒီဗဟိုဘဏ် အပါအဝင် အချို့ အဖွဲ့အစည်းဌာနတွေ လွတ်လပ်စွာ လုပ်ကိုင်ဆောင်ရွက်ခွင့် မရတဲ့ ပြဿနာကိုလည်း ထောက်ပြခဲ့ကြပါတယ်။ ဒါတင်မက ဗဟိုဘဏ်ကလည်း အစိုးရလိုသလို ယခုတိုင် ငွေကြေးတွေ ဆက်လက်ရိုက်နှိပ် ထုတ်ဝေနေဆဲပဲ ရှိပါသေးတယ်။ နောက်တပတ်မှာ တော့ ပုဂ္ဂလိကဘဏ်တွေ နောက်ဆုံး အခြေအနေ နဲ့ မြန်မာနိုင်ငံမှာ အခုအောင်မြင်လာနေတဲ့ အသေးစားငွေ ချေးလုပ်ငန်းတွေအကြောင်း ဆက်လက်တင်ပြပါမယ်။ အားလုံး ငြိမ်းချမ်းပျော်ရွှင် နိုင်ကြပါစေ။

(ယခု ဆောင်းပါးကို လွတ်လပ်သောအာရှအသံ မြန်မာပိုင်းအစီအစဉ် RFA မှ ထုတ်လွှင့်သွားခဲ့ပြီး ဖြစ်ပါသည်။ RFA ၏ မူပိုင်သာဖြစ်ပြီး ပြန်လည်ဖော်ပြခြင်း ဖြစ်သည်။)

No comments:

Recent Comments