Pages

Friday, January 15, 2010

မီးလျှံနဂါး (၁၆)။ စစ်အစိုးရခေတ် ပုဂ္ဂလိကဘဏ်များ


မိတ်ဆွေများအတွက် စာလက်ဆောင်ကဏ္ဍမှာ သြစတြေလျနိုင်ငံက စီးပွားရေး ပညာရှင် ပါမောက္ခ ရှောင်တာနဲ ရေးသားတဲ့ မီးလျှံနဂါး၊ မြန်မာပြည်က ဘဏ်များ၊ ငွေချေးသူများနဲ့ အသေးစားငွေချေးလုပ်ငန်းများ သမိုင်း အကြောင်းကို တင်ပြနေ ပါတယ်။ အခုအပတ်မှာတော့ ၁၉၈၈ ခုနှစ် အာဏာသိမ်းပြီးနောက်ပိုင်း စစ်အစိုးရ ခေတ် မြန်မာနိုင်ငံက ပုဂ္ဂလိက ဘဏ် လုပ်ငန်းများ အကြောင်းကို ဆက်လက် တင်ပြပါမယ်။

သောတရှင် မိတ်ဆွေများခင်ဗျား
၁၉၈၈ ခုနှစ်၊ စစ်အာဏာသိမ်းပြီး နောက်ပိုင်းမှာ ပုဂ္ဂလိကဘဏ်လုပ်ငန်းတွေကို ပြန်လည်ထူထောင်ခွင့်ပေးခဲ့ပြီး ၁၉၉၂ ခုနှစ်မှာတော့ မြန်မာ နိုင်ငံမှာ ပုဂ္ဂလိကဘဏ် ၂၁-ခုအထိ ရှိလာခဲ့ပါတယ်။ ဒါပေမယ့် သူတို့အထဲမှာ ကြီး ၅ ကြီးလို့ခေါ်တဲ့ ဘဏ်လုပ်ငန်း ၅-ခုလောက်က အကြီးဆုံး ဖြစ်ပါတယ်။ အာရှဓနဘဏ်၊ ရိုးမဘဏ်၊ မြန်မာ မေဖလားဝါးဘဏ်၊ ကမ္ဘောဇ ဘဏ်နဲ့ မြန်မာ ယူနီဗာဆယ်ဘဏ်တို့ပဲ ဖြစ်ပါတယ်။ ဒီဘဏ်တွေက ဘဏ်ခွဲတွေ အများအပြားဖွင့်ခဲ့သလို၊ အခြားလက်လီ လက်ကားရောင်းဝယ်ရေး၊ ဆောက်လုပ်ရေး၊ အခြား ဝန်ဆောင်မှု လုပ်ငန်း အများအပြားနဲ့လည်း ချိတ်ဆက် နေကြပါ တယ်။ ဒီဘဏ်တွေ အများစုက မြန်မာ-တရုတ် စီးပွားရေးသမားတွေနဲ့ ချိတ်ဆက်မှု ရှိနေကြပြီး၊ ချွင်းချက်ဆိုလို့ ကမ္ဘောဇ ဘဏ်တခုပဲ တရုတ်စီးပွားရေးလက်နဲ့ ကင်းလွတ်တယ်လို့ ပြောကြပါတယ်။

အာရှ ဓနဘဏ်ကို ၁၉၉၅ ခုနှစ်မှာ စတင်တည်ထောင်ပြီး သူတက်လာပုံက ကြောက်ခမန်းလိလိ အရှိန်အဟုန် ကောင်း ကောင်းနဲ့ တက်လာပါတယ်။ ၂ဝဝ၂ ခုနှစ်မှာ ပိုင်ဆိုင်မှု ကျပ်သန်းထောင်ပေါင်း ၁၇ဝ ရှိပြီး၊ မြန်မာနိုင်ငံ မှာ ငွေကြေး အင်အားအရ အကြီးဆုံးဘဏ်လို ဖြစ်နေပါပြီ။ ဒါပေမယ့် အစိုးရရဲ့ မြန်မာ့စီးပွားရေးဘဏ်ကတော့ ဘဏ်ခွဲတွေ ပိုများ ပါတယ်။ အာရှဓနမှာ ဘဏ်ခွဲ ၃၉-ခု၊ ဝန်ထမ်းပေါင်း ၃ဝဝဝ ကျော်နဲ့ ကွန်ပြူတာ ထောင် ကျော်နဲ့ လည်ပတ်နေခဲ့တာပါ။ မြန်မာနိုင်ငံက ဘဏ်ချေးငွေတွေအားလုံးရဲ့ ၄၅ ရာခိုင်နှုန်းကို ဒီဘဏ်က ထုတ်ချေးပေးခဲ့သလို၊ ပထမဦးဆုံး အကြွေးဝယ် ကပ်ပြား၊ ခရက်ဒစ်ကဒ်တွေကိုလည်း ထုတ်ဝေသုံးစေခဲ့ပါတယ်။ ၂ဝဝ၂ မှာ သူရဲ့ အထွဋ်အထိပ် အချိန်လို့ ဆိုရင်ရနိုင် ပါတယ်။ ဘဏ်ကို ဦးဆောင်နေသူက ကိုးကန့်ဒေသက ဦးအိုက်ထွန်း ဖြစ်ပြီး၊ ကိုးကန့် ခေါင်းဆောင် ဖုန်ကြားရှင်နဲ့လည်း အတော့်ကို ရင်းနှီးသူလို့ ဆိုပါတယ်။ ဘိန်း ကုန်ကူးရောင်းဝယ်မှုတွေနဲ့ ပတ် သက်နေတယ်လို့ သတင်းဖြစ်ပေမယ့်၊ သူက သတင်းမီဒီယာတွေကို သူဟာ သာမန် ရှမ်းပြည်နယ်ထဲက ဆင်းရဲတဲ့ လယ်သမားကလေးဘဝကနေ ကြီးပွားလာသူလို့ ပြောလေ့ရှိပါတယ်။ သူက ၁၉၈၈ ခုနှစ် နယ်စပ်ကုန်သွယ်ရေး ဖွင့်ပေးပြီးတဲ့နောက် ကြီးပွားလာပြီး၊ သူဦးဆောင်တဲ့ အိုလံပစ် အုပ်စု က ဆောက်လုပ်ရေး၊ အိမ်ယာလုပ်ငန်း၊ ကုန်သွယ်ရေး လုပ်ငန်း အများအပြားမှာပါ နေရာယူလာခဲ့တဲ့ ကုမ္ပဏီ အုပ်စုကြီး ဖြစ်လာခဲ့ပါတယ်။ သူက သတင်းစာ တခုကို ပြောတဲ့အခါမှာ သူ့ဘဏ်က မြန်မာပြည်က ထိပ်တန်း လွှာ လူ ၁ဝ ရာခိုင်နှုန်းကိုပဲ ဆက်ဆံထိတွေ့နိုင် သေးတယ်၊ သူက လူထုတရပ်လုံးကို ထိုးပေါက်နိုင်အောင်ဘဏ် လုပ်ငန်းကို ချဲ့ချင်သေးတယ်လို့ ဆိုပါတယ်။

အာရှဓနဘဏ်နဲ့ အပြိုင်လို ဖြစ်နေကြတဲ့ နောက်ဘဏ် ၂-ခုကတော့ ရိုးမဘဏ်နဲ့ မြန်မာမေဖလားဝါးဘဏ်ပဲ ဖြစ်ပါတယ်။ ရိုးမဘဏ်ကို တည်ထောင်သူကတော့ မလေးက တရုတ်နွယ်ဖွား ဆာ့ဂ်ျပန်း ဆိုသူ ဖြစ်ပါတယ်။ သူက ရိုးမဘဏ်ကို ၁၉၉၃ ခုနှစ်မှာ စတင်တည်ထောင်ခဲ့ပါတယ်။ တပြိုင်နက်ထဲမှာပဲ (FMI) လို့ခေါ်တဲ့ ပထမ မြန်မာရင်းနှီးမြှုပ်နှံမှု ကုမ္ပဏီကိုလည်း ထူထောင်ခဲ့ပါသေးတယ်။ အိုးအိမ်လုပ်ငန်းကနေ ကျောက်မြက်ရောင်း ဝယ်ရေး လုပ်ငန်းတွေအထိ ကျယ်ကျယ်ပြန့်ပြန့် နေရာယူထားခဲ့တဲ့ ကုမ္ပဏီကြီးလည်း ဖြစ်ပါတယ်။ ၂ဝဝ၂ ခုနှစ် မှာ ဘဏ်ခွဲ ၄၆ ခုနဲ့ ပိုင်ဆိုင်မှု အရင်းအနှီး ကျပ်သန်း ထောင်ပေါင်း ၁၆ဝ လောက် ရှိနေခဲ့ပါတယ်။ ရိုးမဘဏ်က လည်း အေºကွးဝယ်ကဒ်ပြားတွေ ထုတ်ပေးခဲ့သလို၊ ပုဂ္ဂလိက လုပ်ငန်းတွေကို လကုန်ရင် အဆင်သင့် လစာ ထုတ် ပေးတဲ့ စနစ်မျိုးကိုလည်း ဝန်ဆောင်မှု ပေးခဲ့ပါသေးတယ်။ ကုလသမဂ္ဂ ယူအဲန်ဒီပီနဲ့ ပေါင်းပြီး အညာ ခြောက်သွေ့ဇုန်ဒေသတွေမှာ လယ်သမားတွေအတွက် အသေးစားငွေချေးလုပ်ငန်းတွေလည်း စခဲ့ပါသေးတယ်။ တကယ်ပြောရင် ဥပဒေအရ လယ်ယာကဏ္ဍတွေကို ပုဂ္ဂလိကဘဏ်တွေက ထုတ်ချေးခွင့် မရှိပါဘူး။ ရိုးမဘဏ် ကတော့ အခုလို ထုတ်ချေးတဲ့ကိစ္စက ဘဏ်ရဲ့နာမည်ကောင်း လူသိများလာရေးအတွက် လုပ်ဆောင်တာပါလို့ ဆိုပါတယ်။ ဒီကိစ္စတွေ ရပ်ဆိုင်းတဲ့အချိန်မှာတော့ ကျပ် ၃. ၃ သန်းအထိ ထုတ်ချေးထားခဲ့တယ် ဆိုပါတယ်။ ရိုးမဘဏ် ကိုတော့ မူးယစ်ဆေးဝါးကိစ္စ၊ ငွေမဲ ခဝါချတဲ့ ကိစ္စတွေနဲ့ ကင်းရှင်းတယ်လို့ လေ့လာသူတွေက ဆိုကြ ပါတယ်။

မြန်မာမေဖလားဝါးဘဏ်ကတော့ ဆန့်ကျင်ဖက်ပါပဲ။ မူးယစ်ဆေးရောင်းချရငွေတွေနဲ့ ပတ်သက်တယ်လို့ သတင်းပြေးပြီး၊ ပေါ်ပီ ဖလားဝါးဘဏ် (ဘိန်းပန်းဘဏ်) လို့တောင် နာမည်ပြောင်နဲ့ ခေါ်ဝေါ်ခဲ့ကြပါတယ်။ ဒီဘဏ်ကို တရုတ်နွယ်ဖွား ဦးကျော်မြင့်ဆိုသူက ပိုင်ဆိုင်ပြီး ၁၉၉၄ ခုနှစ်မှာ တည်ထောင်ခဲ့ပါတယ်။ ၁၉၉၇ ခုနှစ်မှာ ရန်ကုန်လေကြောင်းလိုင်းကို တောင် ဝယ်ယူခဲ့ပြီး နောက်ပိုင်းမှာ ဝငြိမ်းချမ်းရေးအဖွဲ့ကို ရောင်းချ ခဲ့ပါတယ်။ ဒီဘဏ်က ငွေထုတ်စက် အေတီအမ်တွေကို စတင် တပ်ဆင်ဖို့လည်း လုပ်ခဲ့ပါသေးတယ်။ မြန်မာနိုင်ငံမှာ တတိယအကြီးဆုံးဘဏ်လို့ ပြောနိုင်ပြီး ပိုင်ဆိုင်မှု ကျပ်သန်း ထောင်ပေါင်း ၁၅၆ လောက် ရှိခဲ့ပါတယ်။ ဒီဘဏ် ကတော့ တိုင်းရင်းသားလူမျိုးခေါင်းဆောင်များဆီကို ငွေထုတ်ချေး ပေး တာ အဓိက ဆောင်ရွက်ခဲ့ပြီး စစ်အစိုးရ အာမခံချက်နဲ့ ထုတ်ချေးခဲ့တာ ဖြစ်ပါတယ်။ ၁၉၉၆ မှာ ဘဏ်မှာ ငွေပြတ်လပ် တော့မယ်။ ဦးကျော်မြင့်ကိုယ်တိုင် လည်း စင်္ကာပူကို ထွက်ပြေးပြီလို့ ကောလဟာလတွေ ဖြစ်ခဲ့ပါသေးတယ်။ အဲဒီအချိန်က ဘဏ္ဍာရေးဝန်ကြီး ဗိုလ်ချုပ်ဝင်းတင်ကတော့ ကာကွယ်ပြောပေးခဲ့ပါသေးတယ်။

ကျန်တဲ့ ကမ္ဘောဇဘဏ်ကတော့ ၁၉၉၄ ခုနှစ်မှာ တောင်ကြီးမှာ စတင်တည်ထောင်ခဲ့ပါတယ်။ စစ်အစိုးရ ခေါင်းဆောင် ဗိုလ်ချုပ်မောင်အေးနဲ့ နီးစပ်တဲ့ ဆရာကျောင်းဆိုသူ ဦးအောင်ကိုဝင်းက စထောင်ခဲ့တာပါ။ စစ်အစိုးရ ခေါင်းဆောင်တွေနဲ့ နီးစပ်တဲ့ဘဏ်လို့ ပြောနိုင်သလို၊ တဖက်မှာလည်း မြန်မာဘီလီယံအုပ်စုလို့ခေါ်တဲ့ စီးပွား ရေး လုပ်ငန်းကုမ္ပဏီကြီးနဲ့လည်း ဆက်စပ်နေပါတယ်။ အခြား ပုဂ္ဂလိကဘဏ်ငယ်အချို့နဲ့လည်း သူက ကြားခံ ဗဟိုချက်မလို လုပ်ဆောင်ပေးတာ ရှိပါ သေးတယ်။ ကမ္ဘောဇဘဏ်က ခြောက်သွေ့ဇုန်အညာမှာ လယ်သမား တွေကို ငွေချေးတဲ့ လုပ်ငန်းကို ရိုးမဘဏ်လိုပဲ ယူအဲန်ဒီပီနဲ့ ပူးတွဲ ဆောင်ရွက်ခဲ့ပါသေးတယ်။ ဒီဘဏ်က မြန်မာ နိုင်ငံဘောလုံးအဖွဲ့ကို ပံ့ပိုးမတည်ပေးတာမျိုး ကြီးကြီးကျယ်ကျယ် လုပ်ငန်းတွေကိုလည်း လုပ်ခဲ့ပါသေးတယ်။

မြန်မာယူနီဗာဆယ်ဘဏ်ကတော့ ရှမ်းပြည်နယ်က တရုတ်ကပြားတဦးဖြစ်တဲ့ ဦးတင်စိန်က တည်ထောင်ခဲ့ တာပါ။ မူးယစ်ဆေးမှုနဲ့ အမေရိကန်က အလိုရှိနေတဲ့ ဝခေါင်းဆောင် ဝေဆူကန်းနဲ့ ဆက်သွယ် ပတ်သက် နေတယ် လို့လည်း ပြောကြပါတယ်။ ပိုင်ဆိုင်မှုက ၂ဝဝ၂ ခုမှာ ကျပ်သန်းထောင်ပေါင်း ၁၉ ကျော် ရှိခဲ့ပါတယ်။ ကျန်တဲ့ အစိုးရနဲ့ ဆက်နွယ်နေတဲ့ ဘဏ်လုပ်ငန်းကြီးတွေလည်း ရှိပါသေးတယ်။ ဥပမာ မြဝတီဘဏ်ဆိုရင် စစ်တပ် ဦးပိုင် လီမိတက်၊ တပ် သမဝါယမ၊ စစ်တပ် စစ်လက်နက်ပစ္စည်း ဝယ်ယူရေးညွှန်ကြားရေးမှူးရုံးတွေနဲ့ ဆက်စပ်နေပါ တယ်။ ဝန်ကြီးဌာန အချို့က တည်ထောင်ထားတဲ့ ဘဏ်တွေလည်း ရှိကြပါတယ်။

အစောပိုင်းမှာ ငွေမဲခဝါချတဲ့ လုပ်ငန်းတွေ၊ ဘိန်းကုန်ကူးမှုနဲ့ ကျော်စောမှုတွေအပေါ် စစ်အစိုးရက တော်တော် ပေါ့ပေါ့ လျော့လျော့ ကိုင်တွယ်ခဲ့ပါတယ်။ မျက်စေ့မှိတ် မသိချင်ယောင်ဆောင်နေတာလည်း ဖြစ်နိုင်ပါတယ်။ အမေရိကန်အစိုးရနဲ့ နိုင်ငံတကာက အတော်ဝေဖန်ပြီးတဲ့နောက်မှာမှ ၂ဝဝ၂ ခုနှစ်မှာ ငွေမဲခဝါချမှုနှင့် တရား မဝင်နည်းဖြင့် ရရှိသော ပိုင်ဆိုင်မှုများ တိုက်ဖျက်ရေးဥပဒေ ကို ထုတ်ပြန်ခဲ့ပါတယ်။ ဒါပေမယ့် လေးလေး နက်နက် ကိုင်တွယ်ဖို့ ရည်ရွယ်ချက် မရှိသေးပါဘူး။ ဒီလိုနဲ့ပဲ ၂ဝဝ၂ ခုနှစ် အကုန်ပိုင်းကစလို့ မြန်မာနိုင်ငံမှာ ဘဏ်နဲ့ ငွေကြေး အကျပ်အတည်း အကြီးအကျယ် ကျရောက်ပါတော့တယ်။ နောက်တပတ်မှာတော့ ဒီငွေကြေး အကျပ်အတည်းနဲ့ ပုဂ္ဂလိကဘဏ်တွေ ဘယ်လို ဖြစ်ကုန်ကြ သလဲဆိုတာ ဆက်လက်တင်ပြပါမယ်။ အားလုံး ငြိမ်းချမ်းပျော်ရွှင် နိုင်ကြပါစေ။

(ယခု ဆောင်းပါးကို လွတ်လပ်သောအာရှအသံ မြန်မာပိုင်းအစီအစဉ် RFA မှ ထုတ်လွှင့်သွားခဲ့ပြီး ဖြစ်ပါသည်။ RFA ၏ မူပိုင်သာဖြစ်ပြီး ပြန်လည်ဖော်ပြခြင်း ဖြစ်သည်။)

1 comment:

P.Ti said...

မှတ်မိသလောက်ပြောရရင် မေဖလားဝါးဘဏ်ကို ထောင်တာ ဦးကျော်မြင့် မဟုတ်ပါဘူး ဦးကျော်ဝင်းပါ။

ကမ္ဘောဇဘဏ်ကို ၁၉၉၄ မှာ စထောင်တာ ဦးအောင်ကိုဝင်း မဟုတ်ဘူးလို့ထင်ပါတယ်။ ၁၉၉၉ ကျမှ ဦးအောင်ကိုဝင်းက စထောင်တဲ့လူတွေဆီက ၀ယ်လိုက်တာ မှတ်မိပါတယ်။

Recent Comments