Pages

Friday, January 8, 2010

မီးလျှံနဂါး (၁၅)။ မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ခေတ် ငွေကြေးစနစ် နဲ့ ၁၉၈၈ နောက်ပိုင်းကာလ စနစ်သစ်


မိတ်ဆွေများအတွက် စာလက်ဆောင်ကဏ္ဍမှာ သြစတြေလျနိုင်ငံက စီးပွားရေး ပညာရှင် ပါမောက္ခ ရှောင်တာနဲ ရေးသားတဲ့ မီးလျှံနဂါး၊ မြန်မာပြည်က ဘဏ်များ၊ ငွေချေးသူများနဲ့ အသေးစားငွေချေးလုပ်ငန်းများ သမိုင်း အကြောင်းကို တင်ပြနေ ပါတယ်။ အခုအပတ်မှာတော့ မြန်မာ့ ဆိုရှယ်လစ်လမ်းစဉ်အောက်ခေတ် ငွေကြေး ဘဏ်စနစ်နဲ့ ၁၉၈၈ ခုနှစ် စစ်အာဏာသိမ်းပြီးနောက်ပိုင်း ပြောင်းလဲမှုတွေ ဘယ်လို ဆောင်ရွက်ခဲ့တယ် ဆိုတာကို ဆက်လက်တင်ပြပါမယ်။

သောတရှင် မိတ်ဆွေများခင်ဗျား
၁၉၇၄ ခုနှစ် ဇန်နဝါရီလ ၃ ရက်နေ့မှာ တော်လှန်ရေးကောင်စီအုပ်ချုပ်ရေးကနေ ရွေးကောက်ပွဲတွေလုပ်ပြီး တပါတီစနစ်နဲ့ ဆိုရှယ်လစ်သမ္မတမြန်မာနိုင်ငံ အဖြစ် ပေါ်ထွန်းခဲ့ပါတယ်။ ဒါပေမယ့် ဦးဆောင်နေတဲ့သူတွေက ဗိုလ်ချုပ်နေဝင်းနဲ့ လက်ရှိ တပ်မတော်အရာရှိကြီးတွေ၊ အငြိမ်းစားယူထားတဲ့ အရာရှိတွေက အများစု ဖြစ်ပါတယ်။ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီက တိုင်းပြည်ရဲ့ တခုတည်းသော ဦးဆောင်ပါတီဖြစ်ပြီး ပြည်သူ့လွှတ်တော်လို ရွေးကောက်ခံကိုယ်စားလှယ်တွေနဲ့ ဥပဒေ ပြုရေးအဖွဲ့အစည်းတွေလည်း ပေါ်ပေါက်လာပါတယ်။ အဲဒီအချိန်မှာ အပြောင်းအလဲအချို့ကို လုပ်ဆောင်ဖို့လည်း ကြိုးပမ်းလာတာ တွေ့ရပါတယ်။ "မြန်မာ့ဆိုရှယ် လစ်လမ်းစဉ် ပါတီရဲ့ နှစ်တိုနှစ်ရှည် စီးပွားရေးစီမံကိန်း" အပေါ် အခြေခံပြီး အချို့ပြောင်းလဲမှုတွေ လုပ်ခဲ့ပါတယ်။ ဘဏ်လုပ်ငန်းတွေနဲ့ ပတ်သက်လို့လည်း ပြောင်းလဲမှု အချို့လုပ်ခဲ့ပါတယ်။ အရင်က ပြည်သူ့ဘဏ်တွေအဖြစ် နာမည်ပေး ထားရာက ပြန်ပြောင်းလာပြန်ပါတယ်။ ၁၉၇၅ ခုနှစ်မှာ ပြည်သူ့လွှတ်တော်က ဘဏ်ဥပဒေကို ပြဌာန်းခဲ့ပါတယ်။ ဒီဥပဒေအရ မြန်မာနိုင်ငံ တော် ဗဟို ဘဏ်ကို ဗဟိုဘဏ် ဆန်ဆန် ပြန်တည်ဆောက်ဖို့ စဉ်းစား ခဲ့ပါတယ်။ အဲဒီ မြန်မာနိုင်ငံတော်ဘဏ်အောက်မှာ မြန်မာ့စီးပွားရေးဘဏ်၊ မြန်မာ့စိုက်ပျိုးရေးဘဏ်နဲ့ မြန်မာ့ နိုင်ငံခြား ကုန်သွယ်မှုဘဏ် (၃) ခုကို ပြန်ဖွဲ့စည်း ခဲ့ပါတယ်။ ဘဏ်တိုးနှုန်းစနစ်တွေ ပြောင်းလဲတာတွေ လုပ်ခဲ့သလို၊ အချို့ ကိစ္စတွေကိုလည်း ဈေးကွက်ရဲ့ကဏ္ဍကို အသိအမှတ်ပြုလို့ ပြောင်းလဲမှုတွေ လုပ်ခဲ့ပါတယ်။ ဒါပေမယ့် ဝေဖန်သူတွေက တော့ မူဝါဒဆုံးဖြတ်မှုအများစုက အုပ်ချုပ်နေတဲ့ လူတစုလက်ထဲမှာပဲ ထင်သလို ပြုမူခဲ့ကြတယ်လို့ ဖော်ပြခဲ့ကြပါတယ်။

ဒီကိစ္စတွေအတွက် ထင်သာမြင်သာ သက်သေအချက်အလက်တွေလည်း ရှိပါတယ်။ မြန်မာနိုင်ငံမှာ ငွေလည် ပတ်မှု၊ ငွေကြေးဖောင်းပွမှုတွေ ထိန်းချုပ်ချင်ရင် ငွေကြေးပိုက်ဆံတွေ တရားမဝင်ကြေညာတာ၊ ပြန်လည် ရုပ်သိမ်းတာတွေ အကြိမ်ကြိမ် ဆောင်ရွက်ခဲ့ကြတာကို မြင်နိုင်ပါတယ်။ ဒီလိုငွေကြေးတွေကို တရားမဝင် ကြေညာတဲ့အခါမျိုးမှာ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် အများစုတောင် မသိနိုင်ခဲ့ကြပါဘူး။ အာဏာသိမ်းပြီးစ ၁၉၆၄ ခုနှစ် မှာ တခါ ငွေကြေးတွေ တရားမဝင်ကြေညာပြီး ရုပ်သိမ်းခဲ့ဖူးပါတယ်။ နောက်တခါ မြန်မာ့ဆိုရှယ် လစ်လမ်းစဉ် ပါတီကို ပြုတ်ကျစေလောက်အောင် လူထုအုံကြွမှုအစ ဆန္ဒပြပွဲတွေ ဖြစ်လာစေတဲ့ ငွေကြေး တရားမဝင် ကြေညာမှုတွေကို ၁၉၈၅ ခုနှစ်နဲ့ ၁၉၈၇ ခုနှစ်မှာ ထပ် လုပ်ခဲ့ပါသေးတယ်။ ၁၉၈၅ ခုနှစ်မှာ ကျပ် ၁ဝဝ၊ ၅ဝ၊ နဲ့ ၂ဝ ကျပ်တန် ငွေစက္ကူတွေကို တရားမဝင်ကြေညာခဲ့ပါတယ်။ ဒီကြေညာမှုမှာတော့ ဘဏ္ဍာရေးနဲ့ စီမံကိန်းဝန်ကြီး ဌာန ဝန်ကြီးဖြစ်သူ ဦးထွန်းတင်က မတရားစီးပွားရေးကိစ္စတွေနဲ့ ပတ်သက်သူတွေဆီက အခွန်ပြန်ကောက်ယူ နိုင်ဖို့ ဆောင်ရွက်တာဆိုပြီး ကြေညာခဲ့ပါတယ်။ တအိမ်ထောင်မှာ တဦး၊ တဦးကို ငွေကျပ် ၅ဝဝဝ အထိ ပြန်လဲ လှယ်ပေးမယ် ကြေညာခဲ့ပါတယ်။ တကယ်နစ်နာရသူတွေက သာမာန် လက်လုပ်လက်စား လူထုတွေပါ။ ဒီငွေ စက္ကူတွေ ဖျက်သိမ်းပြီး သိပ်မကြာခင်မှာပဲ ၂၅ ကျပ်တန်၊ ၃၅ ကျပ်တန်၊ ၇၅ ကျပ်တန် ငွေစက္ကူတွေ ထုတ်ဝေခဲ့ ပါတယ်။ တွက်ချက်ရ ခက်ခဲသလို၊ ရှားရှားပါးပါး ပေါ်ထွက်လာတဲ့ ငွေစက္ကူတွေ ဖြစ် ပါတယ်။ နောက်တခါမှာ တော့ ၁၉၈၇ ခုနှစ်မှာ အဲဒီငွေစက္ကူတွေကို တခါ ထပ်ဖျက်သိမ်းပြန်ပြီး၊ ၄၅ ကျပ်တန်၊ ၉ဝ ကျပ်တန် ငွေစက္ကူတွေ အစားထိုး ထုတ်ဝေခဲ့ပြန်ပါတယ်။ ဒီလို ငွေကြေး ဖျက်သိမ်းတာ၊ ငွေစက္ကူ ထုတ်ဝေ တာ စသဖြင့် ကိစ္စမျိုးတွေမှာ ဗဟိုဘဏ်ရဲ့ အခန်းကဏ္ဍ၊ ပြည်သူ့လွှတ်တော်ရဲ့ အခန်းကဏ္ဍတွေက ဘာမှ မရှိသလောက်ပါပဲ။ ပါတီ ဥက္ကဋ္ဌကြီး ဦးနေဝင်းနဲ့ လူနည်းစုကသာ ဆုံးဖြတ်လုပ်ကိုင်ခဲ့ကြတာ ဖြစ်ပါတယ်။ ဒီလို ငွေဖျက်သိမ်းတာတွေကြောင့် ဘဏ် စနစ်အပေါ် ယုံကြည်မှု ထိခိုက်ပျက်စီး လာစေရသလို၊ ဒီလို ငွေကြေး ဖျက်သိမ်းမှုတွေကြောင့် လူတွေ မကျေနပ် ဒေါသတွေ ဖြစ်လာပြီး၊ တပါတီစနစ်ကို နောက်ဆုံး ပြုတ်ကျစေခဲ့တဲ့ ဆန္ဒပြပွဲတွေ ဖြစ်ပွားလာအောင် တွန်းပို့ရာလည်း ရောက်ခဲ့ပါတယ်။

ဒီလိုနဲ့ ၁၉၈၈ လူထုအုံကြွမှု ဆန္ဒပြပွဲတွေအပြီးမှာတော့ နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ (နဝတ) စစ်အစိုးရ အာဏာသိမ်းတက်လာခဲ့ပါတယ်။ (နဝတ) စစ်အစိုးရတက်လာပြီးတဲ့နောက်မှာတော့ ဈေးကွက် စီးပွားရေးစနစ်နဲ့ သွားမယ်ဆိုတာ စကတည်းက ကြေညာခဲ့ပါတယ်။ စစ်အစိုးရရဲ့ နိုင်ငံရေး၊ စီးပွားရေး ဦးတည်ချက်တွေမှာလည်း ပြည်တွင်း ပြည်ပက အရင်းအနှီးတွေ ဖိတ်ခေါ်မယ်၊ ဈေးကွက်စီးပွားရေး ပီပြင်အောင် ဆောင်ရွက်မယ်ဆိုတာ ထည့်သွင်းကြေညာ ခဲ့ပါတယ်။ တဖက်မှာလည်း အာဏာသိမ်း စစ်အစိုးရက စီးပွားရေး တိုးတက်လာအောင် ဖွင့်ပေးပြီး တရားဝင်မှု၊ လူထု ထောက်ခံမှု ရယူလိုတာ ဖြစ်နိုင်ပါတယ်။

အာဏာသိမ်း အစိုးရတက်လာပြီး မကြာမီမှာပဲ မြန်မာနိုင်ငံ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဥပဒေ (၁၉၈၈)၊ နိုင်ငံ တော်ပိုင် စီးပွားရေး လုပ်ငန်းများဆိုင်ရာ ဥပဒေ (၁၉၈၉)၊ ပုဂ္ဂလိက စီးပွားရေးလုပ်ငန်းများဆိုင်ရာ ဥပဒေ (၁၉၉ဝ) တို့ ကို ထုတ်ပြန်ကြေညာခဲ့ပါတယ်။ အဲဒါအပြင် ယခင် ဥပဒေအချို့ကိုလည်း ရုပ်သိမ်းခဲ့ပါတယ်။ ဥပမာအားဖြင့်- ၁၉၆၅ ခုနှစ် ဆိုရှယ်လစ်စီးပွားရေး တည်ဆောက်မှု ဥပဒေမျိုး ဖြစ်ပါတယ်။ ဒါပေမယ့် အဲဒီအချိန်က အာဏာသိမ်း တက်လာတဲ့ စစ်အစိုးရ ဒီဥပဒေတွေ ပြဌာန်းရုံနဲ့ မလုံလောက်ကြောင်း သူတို့သိပါတယ်။ လိုအပ်တဲ့ အဆောက်အဦ၊ စနစ် ယန္တယား ဖွဲ့စည်းပုံတွေ လုပ်ပေးဖို့လည်း လိုပါသေးတယ်။ ဒါပေမယ့် ဒီလိုကိစ္စတွေကို သေချာ လိုက်လံလုပ်ဆောင်ခဲ့တာ မရှိဘူးလို့ ပါမောက္ခ ရှောင်တာနဲက ထောက်ပြ ပါတယ်။ သူတို့ရည်ရွယ်တာက အာဏာကို ဆက်လက်ထိန်းသိမ်းထားရေးနဲ့ စစ်အုပ်စုက အထူးအခွင့်အရေး ခံစား ရရှိရေး ဖြစ်လေတော့ အချို့ကိစ္စတွေကို ဆက်လက် မလုပ်ဆောင်တော့ဘဲ နောက်ဆုတ်နေလိုက် ပါတော့တယ်။ တကယ်ဈေးကွက် စီးပွားရေး ဖြစ်ပေါ်လာစေဖို့ လိုအပ်တဲ့ စနစ်၊ ယန္တယားတွေကို (နဝတ) နောက်ပိုင်းမှာ (နအဖ) စစ်အစိုးရက အကောင်အထည် ဖော်ပေးခဲ့တာ မရှိပါဘူး။

ဘဏ်လုပ်ငန်းနဲ့ ပတ်သက်ရင်တော့ အရင် ၁၉၆၃ ခုနှစ်က ပြဌာန်းခဲ့တဲ့ ဥပဒေကို ရုပ်သိမ်းပြီး မြန်မာနိုင်ငံ ငွေ ရေးကြေးရေး အဖွဲ့အစည်းများ ဥပဒေ (၁၉၉ဝ)၊ မြန်မာနိုင်ငံ လယ်ယာစိုက်ပျိုးရေးနဲ့ ကျေးလက်ဖွံ့ဖြိုးရေးဘဏ် ဥပဒေ (၁၉၉ဝ)၊ မြန်မာနိုင်ငံ ဗဟိုဘဏ်ဥပဒေ (၁၉၉ဝ) တွေ ပြဌာန်းခဲ့တာ တွေ့ရပါတယ်။ ပြောရမယ်ဆိုရင် မြန်မာနိုင်ငံမှာ ငွေကြေးစနစ်ကို စောင့်ကြည့်ကြီးကြပ်နိုင်ဖို့၊ နိုင်ငံရဲ့ငွေကြေးစနစ်တွေကို နိုင်ငံတကာ စံချိန်စံနှုန်း တွေအတိုင်း ထိန်းချုပ်နိုင်ဖို့ လိုအပ်တဲ့ တရားဝင် လုပ်ပိုင်ခွင့်တွေ ပြဌာန်းပေးခဲ့ပါတယ်။ ဒါပေမယ့် အခုထက်ထိ တိုင်ပဲ ငွေကြေးဘဏ္ဍာရေးကဏ္ဍတွေမှာ အစိုးရရဲ့ စွက်ဖက်မှုတွေက မချုပ်ငြိမ်းနိုင်သေးသလို၊ ဗဟိုဘဏ်လို အဖွဲ့အစည်းတွေကလည်း အသက်မဝင် ရှိနေကြတုန်းပါ။

ဒါပေမယ့် ပုဂ္ဂလိကဘဏ်တွေကို လုပ်ပိုင်ခွင့်ပေးလိုက်တဲ့အခါ ပုဂ္ဂလိကဘဏ်တွေ ပြန်လာကြသလို၊ ပြည်တွင်း မှာလည်း ပုဂ္ဂလိကဘဏ် အများအပြား ထူထောင်လာခဲ့ကြပါတယ်။ ပုဂ္ဂလိကဘဏ်တခု ထူထောင်ချင်ရင် မြန်မာနိုင်ငံ ဗဟိုဘဏ်မှာ လိုင်စင်ရယူရပါတယ်။ ပြီးတဲ့အခါ ပုဂ္ဂလိက ကုမ္ပဏီများဆိုင်ရာ ဥပဒေအရ မှတ်ပုံ တင်ကြရပါတယ်။ ကူးသန်းရောင်းဝယ် ရေးဘဏ် တခု ထူထောင်မယ်ဆိုရင် အနည်းဆုံး ကျပ် ၁ဝ သန်း၊ နောက် ပိုင်းမှာတော့ ကျပ်သန်း ၃ဝ အရင်းအနှီး ရှိရမယ်လို့ ပြဌာန်းခဲ့ပါတယ်။ ပုဂ္ဂလိကဘဏ်လုပ်ငန်းတွေကို တံခါးဖွင့် ပေးတဲ့အခါ ၃-ဆင့် ရှိမယ်လို့ ဆိုပါတယ်။ ပထမအဆင့်က- ပြည်တွင်း ပုဂ္ဂလိကဘဏ်တွေ ထူထောင်တာ၊ ဒီအဆင့်မှာပဲ နိုင်ငံခြားဘဏ်တွေက ရုံးခွဲတွေ ဖွင့်တာ ကိုလည်း လက်ခံပါတယ်။ ဒုတိယအဆင့်က ပြည်တွင်း ဘဏ်တွေကို နိုင်ငံခြားဘဏ်တွေနဲ့ ဖက်စပ် ဆောင်ရွက်စေတာ၊ တတိယအဆင့်မှာတော့- နိုင်ငံခြားဘဏ်တွေ ထူထောင် လုပ်ကိုင်စေတာလို့ ဆိုပါတယ်။ ဒါပေမယ့် ဒီအဆင့်တွေအတွက် အချိန်ဇယား မရှိသလို၊ အဆင့် ၁-မှာပဲ တန့်နေခဲ့ပါတယ်။ နိုင်ငံခြားဘဏ် ကိုယ်စားလှယ်ရုံးတွေလည်း နောက်ပိုင်း အလုပ်မဖြစ်နိုင်လို့ ပြန်ရုပ် သိမ်းသွားခဲ့ကြပါတယ်။ ဘာပဲဖြစ်ဖြစ် တံခါးစဖွင့်ပေးပြီး ၁၉၉၂ ခုနှစ်ကာလမှာ ပြန်ကြည့်ရင် မြန်မာနိုင်ငံမှာ ပုဂ္ဂလိကဘဏ် ၂၁-ခု ရှိလာခဲ့ပါတယ်။ ဒါပေမယ့် သူတို့အထဲမှာ ကြီး ၅ ကြီးလို့ခေါ်တဲ့ ဘဏ် ၅-ခုပဲ အင်အား ကောင်းကောင်းနဲ့ စတင်ရပ်တည်နိုင်ခဲ့ကြပါတယ်။ အဲဒီဘဏ် ၅-ခုကတော့ အာရှ ဓနဘဏ်၊ ရိုးမဘဏ်၊ မြန်မာ မေဖလားဝါးဘဏ်၊ ကမ္ဘောဇဘဏ်နဲ့ မြန်မာ ယူနီဗာဆယ်ဘဏ်တို့ပဲ ဖြစ်ပါတယ်။

(ယခု ဆောင်းပါးကို လွတ်လပ်သောအာရှအသံ မြန်မာပိုင်းအစီအစဉ် RFA မှ ထုတ်လွှင့်သွားခဲ့ပြီး ဖြစ်ပါသည်။ RFA ၏ မူပိုင်သာဖြစ်ပြီး ပြန်လည်ဖော်ပြခြင်း ဖြစ်သည်။)

နောက်တပတ်မှာတော့ ကြီး ၅ ကြီး လို့ခေါ်တဲ့ မြန်မာနိုင်ငံက ပုဂ္ဂလိကဘဏ်တွေအကြောင်း၊ သူတို့ လက်ရှိ ဘယ်လို ဖြစ်ခဲ့ကြတယ်ဆိုတာ ဆက်လက်တင်ပြပါမယ်။ အားလုံး ငြိမ်းချမ်းပျော်ရွှင် နိုင်ကြပါစေ။

No comments:

Recent Comments