Pages

Friday, January 1, 2010

မီးလျှံနဂါး (၁၄)။ မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ခေတ် လယ်ယာချေးငွေစနစ်


မိတ်ဆွေများအတွက် စာလက်ဆောင်ကဏ္ဍမှာ သြစတြေလျနိုင်ငံက စီးပွားရေး ပညာရှင် ပါမောက္ခ ရှောင်တာနဲ ရေးသားတဲ့ မီးလျှံနဂါး၊ မြန်မာပြည်က ဘဏ်များ၊ ငွေချေးသူများနဲ့ အသေးစားငွေချေးလုပ်ငန်းများ သမိုင်း အကြောင်းကို တင်ပြနေ ပါတယ်။ အခုအပတ်မှာတော့ ၁၉၆၂ ခုနှစ် စစ်အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာ့ ဆိုရှယ်လစ်လမ်းစဉ်အောက်မှာ လယ်သမားတွေအတွက် စိုက်ပျိုးစရိတ် ချေးငွေ ပံ့ပိုးပေးတဲ့ လုပ်ငန်းတွေ ဘယ်လို ဆောင်ရွက်ခဲ့တယ် ဆိုတာကို ဆက်လက် တင်ပြပါမယ်။


သောတရှင် မိတ်ဆွေများခင်ဗျား
၁၉၆၂ ခုနှစ်မှာ ဗိုလ်ချုပ်ကြီးနေဝင်း ဦးဆောင်လို့ စစ်အာဏာသိမ်းပြီးတဲ့နောက်ပိုင်းမှာ တော်လှန်ရေးကောင်စီ က သူတို့ဟာ ခေတ်ပြောင်းတော်လှန်ရေးတရပ်ကို ဆင်နွှဲနေတယ်လို့ ထုတ်ပြန်ကြေညာခဲ့ပါတယ်။ လူလူချင်း မတရား ချယ်လှယ်ပြီး မတရားစီးပွားရှာစားတဲ့ ဝိသမစနစ်တွေကို ချုပ်ငြိမ်းစေမယ်၊ လူမှုဒုက္ခတွေ ကင်းပပြီး သာယာဝပြောတဲ့ လူ့ဘောင်သစ်ကြီး ရောက်စေမယ် ဆိုတာ ကျွန်ုပ်တို့ ယုံကြည်ချက်အဖြစ် ထုတ်ပြန် ကြေညာ ခဲ့ပါတယ်။

အဲသည်တော့ ဘဏ်လုပ်ငန်းနဲ့ ဘဏ်ပိုင်ရှင်တွေကိုလည်း လူလူချင်းမတရားတဲ့နည်းနဲ့ စီးပွားရှာနေတဲ့သူတွေ လို့ ယူဆကြဟန် တူပါတယ်။ ဘဏ်တွေအားလုံး၊ ပုဂ္ဂလိက လုပ်ငန်းတွေအားလုံး ပြည်သူပိုင်သိမ်းခဲ့တဲ့ အကြောင်း ကျနော်ပြောခဲ့ပါတယ်။ တပြိုင်နက်တည်းမှာပဲ ကျနော်တို့ရဲ့ အတန်းထဲက ကျောင်းနေဖက် သူငယ်ချင်းတွေရဲ့ အဖေတွေလည်း ဇူဇကာစစ်ဆင်ရေးဆိုပြီး စီးပွားရေးလုပ်စားနေတဲ့ ဘဝက အချုပ်ထဲ ရောက်ကြရတာကို မြင်ခဲ့ ကြရဖူးပါတယ်။

ဒါပေမယ့် လယ်သမားတွေကိုတော့ တော်လှန်ရေးကောင်စီ စစ်အစိုးရက ထောက်ခံမှုရ လေအောင် အမာခံထား စည်းရုံးလိုတဲ့ပုံရပါတယ်။ အာဏာသိမ်းပြီး မကြာခင် ၁၉၆၃ ခုနှစ်၊ မြန်မာနှစ်ဆန်းမှာပဲ လယ်သမားတွေ ကို စိုက်ပျိုးရေး စရိတ်တွေ တိုးပြီးထုတ်ချေးပေးမယ်လို့ ကြေညာခဲ့ပါတယ်။ အစိုးရက စိုက်ပျိုးရေးစရိတ်ချေးငွေ ကျပ်သန်းပေါင်း ၇ဝဝ လောက် ထုတ်ချေးပေးမယ်လို့ ကြေညာခဲ့ပါတယ်။ ပြောရမယ်ဆိုရင် ပြီးခဲ့တဲ့နှစ်က ချေး ငွေရဲ့ ၃-ဆလောက် တိုးလာ ခဲ့တာပါ။ အရင်က စပါးစိုက်တဲ့ လယ်တဧကကို ၈ ကျပ်ပဲ ထုတ် ချေးပေးနေရာ ကနေ တဧက ၂၅ ကျပ်အထိ၊ မြေပဲလို ပိုလို့ကုန်ကျစရိတ်များတဲ့ သီးနှံတွေဆိုရင် တဧကကို ၄ဝ အထိ ထုတ် ချေးပေးမယ်လို့ ဆိုပါတယ်။ အဲဒါအပြင် လယ်သမား မိသားစုတွေကို ဘယ်လိုသီးနှံပဲစိုက်စိုက် အထွေထွေ ချေးငွေအနေနဲ့ တအိမ်ထောင်ကို ကျပ် ၂၅ဝ ထုတ်ချေးပေးမယ် လို့လည်း ကြေညာခဲ့ပါတယ်။ အဲဒီ အချိန်က လယ်သမားတွေကို တောင်သူဦးကြီးတွေလို့ ခေါ်ဝေါ်စည်းရုံးခဲ့တာကိုလည်း ပြန်လို့ အမှတ်ရဦးမယ် ထင်ပါ တယ်။ ဒါပေမယ့် ဒီငွေတွေကို ထုတ်ချေးပေးဖို့နေရာမှာ ငွေပမာဏ အများစု ကျပ်သန်း ၅ဝဝ ကျော်ကို အထွေထွေအုပ်ချုပ်ရေး ချေးငွေအနေနဲ့ ချေးပေးမှာ ဖြစ်ပြီး၊ ပြည်သူ့စိုက်ပျိုးရေးဘဏ်က ထုတ်ချေးပေးမှာ ကျပ်သန်း ၂ဝဝ ပဲရှိပါတယ်။ အာဏာသိမ်းပြီး ဒေသအသီးသီးမှာ အုပ်ချုပ်ရေးအတွက် ဖွဲ့စည်းထားတဲ့ (လအက) လို့ အတိုကောက်ခေါ်ကြတဲ့ ခရိုင် လုံခြုံရေးနဲ့ အုပ်ချုပ်ရေးကော်မီတီတွေက စိစစ် ထုတ်ချေးပေးကြမှာ ဖြစ်ပါ တယ်။ အဲဒါ အပြင် စိုက်ပျိုးရေးဘဏ်ကိုလည်း အစိုးရက ငွေချေးထပ်မံထည့်ဝင်ပြီး ဒေသအတော် များ များမှာ တိုးချဲ့ဖွဲ့စည်း ခဲ့ပါတယ်။ ၁၉၆၄ ခုနှစ်အကုန်မှာ ကျေးလက်ဘဏ်ခွဲ ၁ သောင်းကျော်အထိ တိုးချဲ့ဖွဲ့နိုင်ခဲ့ပါတယ်။

ဒါပေမယ့် ကတိပေးထားတဲ့အတိုင်း ကျပ်သန်း ၇ဝဝ ထုတ်ချေးဖို့ မဖြစ်နိုင်ခဲ့ဘူးလို့ ပါမောက္ခရှောင်တာနဲက လေ့လာဖော်ပြ ပါတယ်။ စုစုပေါင်း ကျပ်သန်း ၄၅ဝ လောက်ပဲ ထုတ်ချေးနိုင်တယ်လို့ ဆိုပါတယ်။ အကြောင်း ကတော့ ငွေအမြောက် အများကိုင်တွယ် လုပ်ကိုင်ဖို့ စွမ်းရည်အင်အားနည်းခဲ့လို့ပဲ ဖြစ်ပါတယ်။ တပြိုင်နက် ထဲမှာပဲ (လအက) လုံခြုံရေးနဲ့ အုပ်ချုပ်ရေး ကော်မီတီတွေက ထုတ်ချေးတဲ့ ငွေတွေမှာလည်း ခြစားမှုတွေ၊ မျက်နှာလိုက်တာတွေ၊ ဆွေမျိုးကောင်းစားရေး လုပ်တာတွေနဲ့ ပြည့်နေခဲ့ပါတယ်။

တော်လှန်ရေးကောင်စီ အစိုးရက ၁၉၆၃ ခုနှစ်မှာ လယ်သမားအခွင့်အရေး ကာကွယ်ရေးဥပဒေကို ထပ်ပြီး ပြဌာန်းခဲ့ပြန် ပါတယ်။ လယ်သမားတွေကို မျက်နှာလုပ်ချင်ဇောနဲ့ ယခင်ေºကွးဟောင်း ကြွေးကျန်တွေကို ဖျက်သိမ်းပေးတဲ့ ဥပဒေပဲ ဖြစ်ပါတယ်။ ငွေချေးတဲ့သူက အပေါင်ခံအဖြစ်လုပ်ပြီးထားတဲ့ မြေယာကို သိမ်းယူ ပိုင်ခွင့် မရှိဘူး၊ လယ်ယာသုံး ပစ္စည်း တွေဖြစ်တဲ့ ကျွဲ၊ နွား၊ ထွန်တုံး ထွန်တံတွေကိုလည်း သိမ်းယူပိုင်ခွင့် မရှိဘူးလို့လည်း ကာကွယ်ပြဌာန်းပေးခဲ့ပါတယ်။ အဲဒီတော့ (လအက) ကောင်စီတွေက ထုတ်ချေးထားပေးတဲ့ အထွေထွေချေးငွေ တွေလည်း ပြန်ဆပ်စရာ မလိုအပ်ဘူး ဆိုတဲ့ သဘောသက်ရောက်စေခဲ့ပါတော့တယ်။ ကမ္ဘာ့ဘဏ်ရဲ့လေ့လာမှု တခုမှာ ၁၉၇၁ ခုနှစ်ရောက်တော့ အရင်ထုတ် ချေးထားတဲ့ အထွေထွေချေးငွေတွေ ပြန်မရတာ ၆၈ ရာခိုင်နှုန်း ရှိနေတယ်လို့ ဆိုပါတယ်။

တော်လှန်ရေးကောင်စီက လယ်ယာကဏ္ဍချေးငွေတွေ ပိုအကျိုးရှိစေရေးအတွက် အခြားနည်းတွေလည်း ကြံဆခဲ့ပါ သေးတယ်။ လယ်သမားကေဒါတွေ လေ့ကျင့်ပေးပြီး ဦးဆောင်စေတာ၊ အရင် (လအက) ကို စီမံစေရာကနေ၊ စိုက်ပျိုးဘဏ် တွေကို ပိုလို့ တာဝန်လွှဲလာတာ၊ အရင်က ကျင့်သုံးတဲ့ ဝိုင်းဝန်းတာဝန်ခံစေတဲ့ ဝိုင်းကြီးချုပ်စနစ် ပြန်အစားထိုးဖို့ လုပ်တာတွေ လုပ်ခဲ့ပါတယ်။ အကြွေးအသစ်လိုရင် အကြွေးဟောင်း ၇၅ ရာခိုင်နှုန်းကို အခု နှစ်မှာ ဆပ်ရမယ်။ ကျန်ငွေကို နောက် ၂-နှစ်မှာ ဆပ်ရမယ် စတဲ့ လုပ်ထုံးတွေလည်း ပြန်လို့ ပြဌာန်းလာပါ တယ်။ ဒါပေမယ့် နောက်ပိုင်းမှာ ငွေကြေးဖောင်းပွမှု တက်လာလို့ တိုးပေးတဲ့ စိုက်ပျိုးစရိတ် တွေ လည်း မလောက်ငှဘူး ဖြစ်လာ ပြန်ပါတယ်။ ၁၉၆၃ ခုနှစ်၊ ဒိုက်ဦးမှာ လယ်သမားတွေနဲ့ တွေ့တဲ့အစည်း အဝေး တခုမှာ ဗိုလ်ချုပ်နေဝင်းကိုယ်တိုင် က အခုချေးငွေတွေ မလောက်ငှတာသိကြောင်း၊ ဒါပေမယ့် လယ်သမား တွေဟာ ချိုးချံချွေတာကြရမယ်ဆိုတာ ပြောခဲ့ပါသေးတယ်။ အဲဒါအပြင် စစ်အစိုးရက အလုပ်သမားငှားခိုင်းနေတဲ့ လယ် လုပ်ငန်းရှင်တွေကို အေºကွးချေး ပေးလိုက်၊ မပေးလိုက် လုပ်တာမျိုးလည်း ရှိခဲ့ပါတယ်။

ဒါပေမယ့် အချို့လုပ်ရပ်တွေက လယ်သမားတွေကို အထောက်အပံ့ မဖြစ်စေခဲ့ပါဘူး။ ကျေးလက်ဘဏ်တွေက ရတဲ့ စုဆောင်း၊ ချွေတာ၊ အတိုးရငွေတွေကို ပြန်ပြီး ငွေချေးပေးတဲ့ လုပ်ငန်းမှာ မသုံးရဘူးလို့ ၁၉၆၅ မှာ အမိန့် ထုတ်ပြန်ခဲ့ ပါတယ်။ တကယ်တော့ ဘဏ်တွေဆိုတာ ငွေအပ်နှံသူတွေနဲ့ ချေးယူသူတွေအကြားမှာ အလုပ်လုပ် နေကြတာ ဖြစ်ပါတယ်။ အခုလို ကျေးလက်ဘဏ်တွေကို ပြန်ချေးခွင့်မပြုတော့ ကျေးလက်ဘဏ်တွေကို ငွေပြတ် လပ်အောင် လုပ်လိုက်သလို ဖြစ်စေခဲ့ပါတယ်။ အဲဒါအပြင် ကိုယ်ထူကိုယ်ထရပ်တည်ရမယ်ဆိုတဲ့ မူကလည်း လယ်ယာကဏ္ဍကို သွင်းအားစုတွေ ပိုသွင်းဖို့ မဖြစ်နိုင်တော့ဘဲ ပြတ်လပ်လာစေပါတယ်။

အဲဒါအပြင် ၁၉၇၃ ခုနှစ်ကစပြီး လယ်သမားတွေဆီက စပါးကို ကုန်သွယ်ရေး ကော်ပိုရေးရှင်း-၁ က ကြိုတင် ချေးငွေ အနေနဲ့ စပါးပေးဝယ်တာလည်း ရှိပါသေးတယ်။ စပါးစိုက်စဉ်ကာလမှာ ငွေကြိုတင်ထုတ်ချေးထားပေး ပြီး၊ ထွက်လာတဲ့ စပါးကို အပ်ရပါတယ်။ ဒါပေမယ့် ထွက်မယ့်ကာလ တန်ဖိုးရဲ့ ၇ဝ ရာခိုင်နှုန်းကိုပဲ ကုန်သွယ် ရေး-၁ က ပေးပါတယ်။ အဲသည်တော့ လယ်သမားတွေ ပိုလို့နစ်နာရတဲ့အပြင် စပါးအတင်းအကျပ်ဝယ်တဲ့ အတွက်ကြောင့်လည်း ဒုက္ခ ရောက်ကြရပါတယ်။ တဖြည်းဖြည်းနဲ့ အစိုးရပေးတဲ့ဈေးနဲ့ စပါးပြင်ပပေါက်ဈေးက ကွာလာပါတယ်။ ၁၉၈၈-၈၉ ခုနှစ်ကာလမှာ စပါးတတန်ကို ပြင်ပမှာ ၃၈ဝဝ ကျော်ရှိနေပေမယ့်၊ အစိုးရက ၄၇ဝ ကျပ်လောက်သာ ပေးပါတယ်။ ပြောရမယ်ဆိုရင်တော့ အစိုးရက ဘယ်လိုလုပ်လုပ် လယ်သမားတွေဟာ သူတို့လိုတဲ့ချေးငွေတွေ မရနိုင်ခဲ့သလို၊ ပြင်ပက ငွေတိုးကြီးကြီးနဲ့ ချေးငှား လုပ်ကိုင်ကြရပြန်ပါတယ်။ ဒီလိုနဲ့ အထွက်နှုန်းကလည်း ကျဆင်းလာခဲ့ပါတယ်။

နောက်တပတ်မှာတော့ ၁၉၈၈ စစ်အစိုးရ တက်လာပြီးနောက်ပိုင်း ဘဏ်တွေ၊ လယ်ယာချေးငွေစနစ်တွေ အကြောင်း ဆက်လက်တင်ပြပါမယ်။ အားလုံး ငြိမ်းချမ်းပျော်ရွှင် နိုင်ကြပါစေ။

(ယခု ဆောင်းပါးကို လွတ်လပ်သောအာရှအသံ မြန်မာပိုင်းအစီအစဉ် RFA မှ ထုတ်လွှင့်သွားခဲ့ပြီး ဖြစ်ပါသည်။ RFA ၏ မူပိုင်သာဖြစ်ပြီး ပြန်လည်ဖော်ပြခြင်း ဖြစ်သည်။)

1 comment:

မနန်း said...

နှစ်သစ်မှာပျော်ရွှင်ပါစေ

Recent Comments