Pages

Friday, December 25, 2009

မီးလျှံနဂါး (၁၃)။ လွတ်လပ်ရေးခေတ် မြန်မာနိုင်ငံ ငွေကြေးစနစ်


မိတ်ဆွေများအတွက် စာလက်ဆောင်ကဏ္ဍမှာ သြစတြေလျနိုင်ငံက စီးပွားရေး ပညာရှင် ပါမောက္ခ ရှောင်တာနဲ ရေးသားတဲ့ မီးလျှံနဂါး၊ မြန်မာပြည်က ဘဏ်များ၊ ငွေချေးသူများနဲ့ အသေးစားငွေချေးလုပ်ငန်းများ သမိုင်း အကြောင်းကို တင်ပြနေ ပါတယ်။ အခုအပတ်မှာတော့ ၁၉၆၂ ခုနှစ် စစ်အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာ့ ဆိုရှယ်လစ်လမ်းစဉ်အောက်မှာ ဘဏ် လုပ်ငန်းတွေအပေါ် ဘယ်လို အကျိုးသက် ရောက်မှု ရှိခဲ့တယ်ဆိုတာကို ဆက်လက် တင်ပြပါမယ်။

သောတရှင် မိတ်ဆွေများခင်ဗျား
၁၉၆၂ ခုနှစ်မှာ ဗိုလ်ချုပ်ကြီးနေဝင်း ဦးဆောင်ပြီး စစ်အာဏာသိမ်းခဲ့ပါတယ်။ စစ်အာဏာသိမ်းပြီး တက်လာတဲ့ တော်လှန်ရေး ကောင်စီ အစိုးရလက်ထက်မှာ မြန်မာနိုင်ငံက ပုဂ္ဂလိကဘဏ်လုပ်ငန်းတွေ နိဂုံးချုပ်ခဲ့ရတယ်လို့ ဆိုရပါလိမ့်မယ်။ တော်လှန်ရေးကောင်စီအစိုးရ တက်လာပြီး ဖော်ပြခဲ့တဲ့ အယူဝါဒ သဘောထားကြေညာချက် တွေမှာ ပုဂ္ဂလိက ကူးသန်းရောင်းဝယ်ရေး ဘဏ် တွေကို ကုပ်သွေးစုပ်နေတဲ့ ကပ်ပါးကောင်တွေလို ထင်မြင်ချက်ရှိ နေတာကို ဖော်ပြခဲ့ပါတယ်။ အဲဒါအပြင် သူတို့သွားလိုတဲ့ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်နဲ့ မကိုက်ညီဘူးလို့လည်း မြင်ထားကြပါတယ်။ ဒီလိုအမြင်တွေ က လည်း ဖြစ်လာခဲ့တဲ့ကိုလိုနီသမိုင်းတလျှောက်က လတ်လတ်ဆတ်ဆတ် ခံစားခဲ့ရတဲ့ ငွေကြေး ဆိုင်ရာကိစ္စတွေ၊ အကြွေးသံသရာမှာ နစ်နေရတဲ့ကိစ္စတွေနဲ့ နက်နက်ရှိုင်းရှိုင်း အမြစ်တွယ် ပတ်သက်မှုလည်း ရှိနေပါတယ်။

ဒီလိုနဲ့ အဖြေက ပုဂ္ဂလိကဘဏ်တွေအားလုံးကို ပြည်သူပိုင်သိမ်းပိုက်ဖို့ ဖြစ်လာပါတယ်။ ပထမဦးဆုံး ၁၉၆၃ ခုနှစ်မှာ (Burma Oil) ရေနံကုမ္ပဏီကို ပြည်သူပိုင်သိမ်းတာနဲ့ စတင်ခဲ့ပါတယ်။ အဲဒါအပြင် ပုဂ္ဂလိက ရင်းနှီး မြှုပ်နှံမှု အသစ်တွေကို ထပ်ခွင့်မပြုတော့ဘူးလို့လည်း ဦးနေဝင်းက ကြေညာခဲ့ပါတယ်။ ဒီလောက်ကိစ္စတွေနဲ့တင် ဘဏ်တွေမှာ ငွေကြေးအပ်နှံ ထားသူတွေအတွက် အတော်စဉ်းစားရဖို့ ဖြစ်လာပါပြီ။ ၁၉၆၃ ခုနှစ်၊ ဖေဖေါ်ဝါရီလ ၂၃ ရက်နေ့မှာတော့ ဘဏ်တွေကိုပါ ပြည်သူပိုင်သိမ်းပိုက်ကြောင်း ကြေညာခဲ့ပါတော့တယ်။ ပြည်သူပိုင်းသိမ်းတဲ့ အချိန်မှာ ပုဂ္ဂလိကဘဏ် ၂၄-ခု ရှိနေပြီး၊ အဲဒီအထဲမှာ နိုင်ငံခြားဘဏ် ၁၄-ခုနဲ့ ပြည်တွင်းဘဏ် ၁ဝ-ခု ပါဝင် ပါတယ်။ ပြည်ထဲရေးဝန်ကြီးတာဝန်ယူထားတဲ့ ဗိုလ်မှူးကြီး ကျော်စိုးက ဥက္ကဌလုပ်ပြီး ဘဏ်များပြည်သူပိုင်သိမ်း ပိုက်ရေး ကော်မီတီကို ဖွဲ့ပေးခဲ့ပါတယ်။ အဲသည်မှာ ကျွမ်းကျင်မှုအကူအညီ လိုအပ်လာလို့လည်း ယခင်ဗြိတိသျှ အစိုးရလက်ထက် ကတည်းက အဆင့်မြင့် ဘဏ်အရာရှိ တာဝန်ထမ်းလာတဲ့ အထွေထွေမန်နေဂျာ ဦးစံလင်းကို လည်း အဲဒီကော်မီတီ ထဲမှာ အတင်းအကျပ်ပါစေခဲ့ပါတယ်။ အဲဒီနောက်မှာတော့ အရင်က ပုဂ္ဂလိကဘဏ်တွေ ရဲ့ သီးခြားနံမည်တွေပျောက်ပြီး၊ ပြည်သူ့ဘဏ်တွေလို့ အမှတ်စဉ်ထိုး မှည့်ခေါ်စေခဲ့ပါတယ်။ ပြည်သူ့ဘဏ် အမှတ် (၁) ကနေ၊ အမှတ် (၂၄) အထိ ဖြစ်လာခဲ့ပါတယ်။ ယခင် မြန်မာနိုင်ငံ ဗဟိုဘဏ်ကိုလည်း ပြည်ထောင်စု မြန်မာ နိုင်ငံ ပြည်သူ့ဘဏ်လို့ အမည်မှည့်ခေါ်ခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ အဲဒီ အမှတ်စဉ်ထိုးထားတဲ့ဘဏ် တွေကို သီးခြားတာဝန်တွေ ထမ်းဆောင်စေခဲ့ပါတယ်။ ဥပမာ- ပြည်သူ့ဘဏ် (၁) ဆိုရင် စက်မှုချေးငွေတွေကိစ္စ၊ ပြည်သူ့ဘဏ် (၅) ဆိုရင် အစိုးရဘုတ်အဖွဲ့နဲ့ ကော်ပိုရေးရှင်းတွေကိစ္စ၊ အချို့ဘဏ်တွေက တဦးချင်းအပ်ငွေကိစ္စ စသဖြင့် ခွဲခြားတာဝန်ပေးခဲ့ပါတယ်။

ဘဏ်တွေ ပြည်သူပိုင်သိမ်းစဉ်က အဲဒီအချိန်မှာ ဘဏ်တွေမှာ အပ်ငွေ ကျပ် ၆၃၇. ၁ သန်း၊ ချေးငွေစုစုပေါင်း ၅၁၅ သန်းကျပ်၊ ရင်းနှီးမတည်ငွေ ၂၃. ၇ သန်းကျပ် စုစုပေါင်း ရှိနေတယ်လို့ ဆိုပါတယ်။ ပြည်သူပိုင်သိမ်းခဲ့တဲ့ တော်လှန်ရေး ကောင်စီအစိုးရက သူတို့ရဲ့ငွေကြေးရင်းနှီးမြှပ်နှံထားတာတွေ၊ အဆောက်အဦး တန်ဖိုးတွေ၊ အခြား မရွှေ့ပြောင်းနိုင်တဲ့ ပိုင်ဆိုင်မှုတွေကို ရက် ၉ဝ အတွင်း တန်ရာတန်ဖိုး လျှော်ကြေးပေးမယ်လို့ အာမခံ ခဲ့ပါတယ်။ ပြန်လည်လျှော်ကြေးပေးရေး ကော်မရှင် ဖွဲ့စည်းပေးပြီး ရင်းနှီးထားငွေတွေကို နိုင်ငံခြားငွေနဲ့ ပြန်လဲ ပေးခဲ့ပေမယ့်လည်း၊ အချို့အဆောက်အဦးတွေဆိုရင် ရာစုနှစ်တခုတိုင်ကတည်းက လာရောက်ရင်းနှီးဆောက် လုပ်ထားကြတာ ဖြစ်လို့ တန်ရာတန်ကြေး လျှော်ကြေးမရခဲ့ ကြပါဘူး။ သိပ်မကြာခင်မှာ စစ်အစိုးရက တပ် မတော် အရာရှိတွေကို ဘဏ်တွေမှာ အထွေထွေမန်နေဂျာတွေအဖြစ် ခန့်အပ်ခဲ့ပါတယ်။ အရင်က ဘဏ် ဝန်ထမ်း တွေကို လုပ်ငန်းခွင်မှာ ဆက်လက်ခန့်ထားပေးဖို့ အာမခံခဲ့တယ် ဆိုပေမယ့်၊ နောက်ပိုင်းမှာ အခြား ဝန်ထမ်းတွေနဲ့ တပြေးညီဖြစ်ရအောင်ဆိုပြီး ယခင်ဘဏ်ဝန်ထမ်းတွေရဲ့ လစာတွေကို လျှော့ချခဲ့ ပါတယ်။

အဲဒီနောက်ပိုင်းမှာတော့ ဘဏ်တွေက ရဲတွေလို လူတွေရဲ့ငွေကြေးကိစ္စတွေကို စောင့်ကြည့်ရသူတွေ ဖြစ်လာ တယ်လို့ ဆိုပါတယ်။ လူတဦးဟာ ဘဏ်စာရင်းတခုပဲ ဖွင့်ခွင့်ရှိတယ်၊ တလကို ကျပ် တသောင်းထက်ပိုပြီး အပ်နှံ ခွင့်မရှိ၊ တနှစ်ကို ၅ သောင်းကျပ်ထက်ပိုပြီး အပ်နှံခွင့်မရှိ၊ ငွေထုတ်ရင် တပတ်အတွင်း ၂-ကြိမ်မထုတ်ရ၊ အပ်ငွေ ရဲ့ ၁ဝ ရာခိုင်နှုန်း ထက် ကျော်လွန်မထုတ်ရ စတဲ့ ဘဏ်လုပ်ငန်းနဲ့ မလျော်ညီတဲ့ စည်းမျဉ်းတွေလည်း ပြဌာန်းခဲ့ပါ တယ်။ ၁၉၆၂ ခုနှစ်နဲ့ ၁၉၆၄ ခုနှစ်ကြားမှာ ဆိုရှယ်လစ်စီးပွားရေး ဥပဒေ ၁၄-ခုကိုလည်း ဆက်တိုက်ပြဌာန်းခဲ့ပါ သေးတယ်။ ပုဂ္ဂလိကကဏ္ဍကို သွင်းကုန်တင်သွင်းခွင့်တွေ ရပ်ဆိုင်းခဲ့ပြီး၊ နိုင်ငံခြားပို့ကုန်ကဏ္ဍတခုလုံးကို အစိုးရ က ပြည်သူပိုင်သိမ်းခဲ့ပါတယ်။ ပုဂ္ဂလိက လုပ်ငန်းကြီးငယ်တွေ အားလုံးကိုလည်း ပြည်သူပိုင်သိမ်းခဲ့တဲ့အခါ မြန်မာ နိုင်ငံမှာ စီးပွားကူးသန်းရောင်းဝယ်မှု လုပ်ငန်း တွေက မရှိသလောက် ရပ်ဆိုင်းသွားခဲ့ပါတယ်။ စက်မှုချေး ငွေကိစ္စ တာဝန်ယူရတဲ့ ဘဏ်တွေ တာဝန်ပေးထားတယ် ဆိုပေမယ့် လုပ်ငန်းတွေမရှိတဲ့အခါ ဘဏ်ရဲ့ စက်မှု ချေးငွေတွေ လည်း ကျဆင်းလာပါတယ်။ ၁၉၆၃ မှာ စက်မှုချေးငွေ ၂ဝ ရာခိုင်နှုန်း ကျဆင်းခဲ့ပြီး၊ ၁၉၆၄ မှာ နောက်ထပ် ၃ဝ ရာခိုင်နှုန်း ထပ်မံကျဆင်းခဲ့ပြန်ပါတယ်။ တင်းကျပ်တဲ့ စည်းမျဉ်း တွေကြောင့် လူတွေက ဘဏ်မှာ အပ်ငွေ တွေ လည်း ကျဆင်းလာပါတယ်။ ဒီတော့ ပြည်သူ့ဘဏ်တွေမှာ ငွေမလည် နိုင်တော့ဘဲ ငွေကျုံ့မှုတွေ ဖြစ်ပေါ် လာပါ တယ်။ ၁၉၆၆ ခုနှစ်မှာတော့ တော်လှန်ရေးကောင်စီက ပုဂ္ဂလိကကဏ္ဍက လုပ်ငန်းတွေအပေါ် ငွေထုတ်ချေးမှု အသစ်တွေကို တားမြစ်ခဲ့ပြီး၊ ချေးငွေဟောင်းတွေ ဆက်ချေးနေတာတွေကိုလည်း တားမြစ်မိန့် ထုတ်ပြန်ခဲ့ ပါတယ်။ အရင်က ဘုတ်အဖွဲ့တွေ၊ အစိုးရ ကော်ပိုရေးရှင်းတွေရဲ့ သီးခြားငွေစာရင်းတွေကိုလည်း ဖျက်သိမ်းခဲ့ပြီး၊ အစိုးရ ဗဟိုရန်ပုံငွေတခုတည်းအောက်မှာ စုစည်းသုံးစွဲစေခဲ့ပါတယ်။ ဒီအခြေအနေတွေမှာ ဘဏ် လုပ်ငန်း တွေက စနစ်တကျ လည်ပတ်တာမျိုး ရပ်ဆိုင်းလုဖြစ်နေပြီလို့ ပြောရပါလိမ့်မယ်။

အရင်က ဗဟိုဘဏ်ကနေ အစိုးရက ငွေထုတ်ချေးရတာ အကန့်အသတ် ရှိနေပေမယ့် နောက်ပိုင်းမှာ တဖြည်း ဖြည်းနဲ့ ဒီစည်းမျဉ်းတွေကို ပျက်ပြယ်လာစေပါတယ်။ ဗဟိုဘဏ်၊ အခု နာမည်အသစ်နဲ့ ပြည်ထောင်စုမြန်မာ နိုင်ငံဘဏ်ကလည်း သူ့ရဲ့လုပ်ငန်းတာဝန်တွေကို ထမ်းဆောင်ရတာမျိုး မဟုတ်တော့ဘဲ ဘဏ္ဍာရေးဝန်ကြီးဌာန ရဲ့ လုပ်ငန်း အကောင်အထည် ဖော်ပေးတဲ့ ဌာနလို ဖြစ်လာပါတယ်။ အစိုးရရဲ့ ငွေကြေးတွေကို သိုမှီးသိမ်းဆည်း ပေးရာ ဌာနတွေလို ဖြစ်လာပါတယ်။ အစိုးရက အတိုးနှုန်းတွေကိုလည်း အမိန့်အာဏာနဲ့ ကိုင်တွယ်ခဲ့ပါတယ်။ ငွေကြေးဖောင်းပွမှုတွေလည်း တိုးလာသလို၊ မှောင်ခိုဈေးကွက်တွေလည်း ဖြစ်လာပါတယ်။ ဒီလိုနဲ့ ငွေကြေး ဖောင်းပွမှုကို စစ်အစိုးရဆန်ဆန် တိုက်ဖျက်ပုံကတော့ ၁၉၆၄ ခုနှစ်ကစလို့ လည်ပတ်နေတဲ့ ငွေကြေးတွေကို ပြန်လည်သိမ်းဆည်းတဲ့ ကိစ္စတွေလည်း လုပ်ဆောင်လာခဲ့ပါတယ်။ ဒီကာလ တလျှောက်လုံးက မြန်မာနိုင်ငံရဲ့ ဘဏ်လုပ်ငန်းတွေ ကျဆုံးပျက်စီးစေတဲ့ ကာလလို့လည်း ပြောရင် ရနိုင်ပါတယ်။

နောက်တပတ်မှာတော့ တော်လှန်ရေးကောင်စီ လက်ထက် လယ်သမားတွေကို ဆွဲဆောင်နိုင်ဖို့ စိုက်ပျိုးစရိတ် တွေ တိုးတက် ထုတ်ချေးခဲ့တဲ့ကိစ္စ၊ အကျိုးဆက် ပြဿနာ၊ ရလဒ်တွေကို ဆက်လက်တင်ပြပါမယ်။ အားလုံး ငြိမ်းချမ်းပျော်ရွှင် နိုင်ကြပါစေ။

(ယခု ဆောင်းပါးကို လွတ်လပ်သောအာရှအသံ မြန်မာပိုင်းအစီအစဉ် RFA မှ ထုတ်လွှင့်သွားခဲ့ပြီး ဖြစ်ပါသည်။ RFA ၏ မူပိုင်သာဖြစ်ပြီး ပြန်လည်ဖော်ပြခြင်း ဖြစ်သည်။)

No comments:

Recent Comments