Pages

Friday, December 18, 2009

မီးလျှံနဂါး (၁၂)။ လွတ်လပ်ရေးခေတ် မြန်မာနိုင်ငံ ငွေကြေးစနစ်


မိတ်ဆွေများအတွက် စာလက်ဆောင်ကဏ္ဍမှာ သြစတြေလျနိုင်ငံက စီးပွားရေး ပညာရှင် ပါမောက္ခ ရှောင်တာနဲ ရေးသားတဲ့ မီးလျှံနဂါး၊ မြန်မာပြည်က ဘဏ်များ၊ ငွေချေးသူများနဲ့ အသေးစားငွေချေးလုပ်ငန်းများ သမိုင်း အကြောင်းကို တင်ပြ နေပါတယ်။ အခုအပတ်မှာတော့ လွတ်လပ်ရေးရပြီး ပါလီမာန်ခေတ်မှာ လယ်သမား တွေ အတွက် စိုက်ပျိုးရေးစရိတ် ချေးငွေတွေ ဘယ်လိုချေးပေး ကူညီခဲ့တယ် ဆိုတာ ရယ်၊ ဘယ်လောက် အကျိုးသက် ရောက်မှု ရှိခဲ့တယ်ဆိုတာရယ် ဆက်လက် တင်ပြပါမယ်။

သောတရှင် မိတ်ဆွေများခင်ဗျား
မကြာသေးမီက မြန်မာနိုင်ငံကို ကမ္ဘာကျော်နိုဘဲဆုရှင် စီးပွားရေးပညာရှင် ပါမောက္ခ စတစ်ဂလစ် သွားရောက် ပြီးတော့ ကျေးလက်စီးပွားရေး ဖွံ့ဖြိုးစေဖို့ ကိစ္စတွေ၊ ဆင်းရဲမွဲတေမှုလျှော့ချ နိုင်ရေး အတွက် အကြံပြုခဲ့တယ်ဆို တာ ကြားကြရပါလိမ့်မယ်။ သေချာတာကတော့ မြန်မာလယ်သမားတွေဟာ သူတို့စိုက်ပျိုးရေးလုပ်ငန်းတွေ အတွက် လိုအပ်တဲ့ သွင်းအားစုတွေ ထည့်သွင်းနိုင်ဖို့ လိုအပ်တဲ့ချေးငွေတွေ ဘယ်အခါကမှ လုံလုံလောက် လောက် မရခဲ့ကြပါဘူး။ အခုလက်ရှိ စစ်အစိုးရရဲ့ မြန်မာ့ကျေးလက်ဖွံ့ဖြိုးရေး ဘဏ်ကလည်း လယ်တဧကကို ကျပ် ၁ဝ,ဝဝဝ နှုန်းနဲ့ ၁ဝ ဧက အထိပဲ ထုတ်ချေးပေးတာပါ။ အမှန်မှာ လယ် တဧက ကုန်ကျစရိတ်က ကျပ် တသိန်း အထိ ရှိတယ်လို့ လယ်သမားတွေက ဆိုကြပါတယ်။ လယ်ယာကဏ္ဍမှာ ပြည့်ပြည့်ဝဝ မထည့်သွင်းနိုင် တော့ အထွက်ကျလာသလို၊ လယ်သမားတွေလည်း ဆင်းရဲတွင်းနက်နေ ကြ ပါတယ်။ ဒါ့အပြင် နာဂစ်မုန်တိုင်းလို၊ ရေရှားပါးမှု၊ သဘာဝကပ်ဘေးတွေ ကြုံရတဲ့အခါ လယ်သမားတွေ ကြွေးနွံနစ်နေကြရပါတယ်။

ကိုလိုနီခေတ်တုန်းကတော့ လယ်တွေချဲ့ထွင်ဖို့ လယ်သမားတွေက ချစ်တီးတွေဆီက ချေးငွေတွေကို အားကိုးခဲ့ ကြရပါတယ်။ ပြန်မဆပ်နိုင်တော့ မြေတွေချစ်တီးလက်ထိုးအပ်ရတာလည်း ကြုံခဲ့ရပါတယ်။ ဒီလိုနဲ့ လွတ်လပ် ရေး ရပြီးတဲ့အခါမှာတော့ နိုင်ငံတော် စိုက်ပျိုးရေးဘဏ်ကို ထူထောင်လို့ လယ်သမားတွေလိုအပ်နေတဲ့ စိုက်ပျိုး စရိတ် ချေးငွေတွေ ပံ့ပိုးပေးနိုင်ဖို့ အစိုးရက စီစဉ်ခဲ့ပါတယ်။ မြန်မာတနိုင်ငံလုံးမှာ ရှိနေတဲ့ လယ်သမားတွေ အတွက် စိုက်ပျိုးစရိတ်ချေးငွေ ဘယ်လောက် လိုအပ်မလဲဆိုတာ တွက်ချက်မှု အမျိုးမျိုး ရှိခဲ့ကြပါတယ်။ ဒုတိယ ကမBာစစ်အပြီး ၁၉၄၆ ခုမှာ မြန်မာပြည်ကို ပြန်လာတဲ့ ဗြိတိသျှ ပြန်လည်တည်ဆောက်ရေးဌာန အတွင်းဝန် ဆာ ဘားနဒ် အို့တ်ဝဲလ် ဘင် (Sir Bernard Ottwell Binns) ကတော့ ရူပီးသန်း ၁ဝဝ လောက် လိုအပ်မယ် ခန့်မှန်းပါတယ်။ အဲဒီအချိန်က မြန်မာနိုင်ငံမှာ ရူပီးငွေကြေးကို သုံးစွဲနေတုန်းပါ။ ဒီပမာဏက ၁၉၂၉ ခုနှစ် ဘဏ် များလေ့လာစုံစမ်းရေး ကော်မရှင်က လိုအပ်မယ် ခန့်မှန်းချက်ရဲ့ တဝက်ပဲ ရှိပါတယ်။ စစ်အပြီး ပြန်လည်ထူ ထောင်မှု အပြည့်အဝ မဖြစ်နိုင်သေးဘူး၊ ဈေးကွက်ကလည်း မဖွံ့ဖြိုးသေးဘူး ယူဆထားလို့လည်း ဖြစ်နိုင်ပါ တယ်။ ဒါပေမယ့် ၁၉၅ဝ ခုနှစ်မှာ ရန်ကုန်တက္ကသိုလ် စီးပွားရေးဌာနက ဦးအေးလှိုင်ရဲ့ တွက်ချက်မှုအရကတော့ နှစ်စဉ် ကျပ်သန်း ၃၅ဝ လောက်လိုမယ်လို့ ခန့်မှန်းပါတယ်။ ဦးအေးလှိုင်က ၁၉၃ဝ ခုနှစ်တွေမှာ ဗြိတိသျှအစိုးရ မြေယာနဲ့ စိုက်ပျိုးရေးကော်မီတီတွေမှာ တာဝန်ယူခဲ့ဖူးတဲ့ အရာရှိဖြစ်ပါတယ်။ သူကတော့ ငွေကြေးဖောင်းပွမှု၊ လယ်ကူလီ လက်လုပ်လက်စားတွေက စပါးအစား ငွေကို ပိုလိုချင်ကြတယ် စတဲ့အချက်တွေမှာ အခြေခံ တွက် ချက်တာ ဖြစ်ပါတယ်။ ဒါပေမယ့် ၁၉၄၅ ခုနှစ်ကနေ ၁၉၆၂ ခုနှစ်အထိ အစိုးရက ထောက်ပံ့ပေးနိုင်တဲ့ စိုက်ပျိုး ရေး စရိတ်ချေးငွေက စုစုပေါင်း ကျပ်သန်း ၉ဝဝ ခန့်ပဲရှိပါတယ်။ အချို့ကတော့ ခန့်မှန်း ကျပ်သန်း ၇၃ဝ လောက် လို့သာ ဖော်ပြကြပါတယ်။ အများဆုံးစိုက်ပျိုးစရိတ် ထုတ်ချေးခဲ့တဲ့ ၁၉၆ဝ-၆၁ ခုနှစ်မှာတောင် ကျပ် ၈၈ သန်းပဲ ထုတ်ချေးနိုင်တယ် ဆိုပါတယ်။ သေချာတာက လယ်သမားတွေ သူတို့လိုအပ်သလောက် ချေးငွေတွေ အပြည့် အဝ မရခဲ့ကြပါဘူး။

ဒီလိုချေးငွေတွေကို နေရာဌာန ၃-ခုက ချေးပါတယ်။ တခုကတော့ နိုင်ငံတော် စိုက်ပျိုးရေးဘဏ်ကတဆင့် ရွာ တွေမှာ အခြေစိုက်ထားတဲ့ ကျေးလက်ဘဏ်တွေက ချေးပါတယ်။ ကျေးလက်ဘဏ်ဆိုတာ ရွာလူထုကိုယ်တိုင် က ကိုယ်ထူကိုယ်ထ ဦးဆောင်စေပြီး ဘယ်သူကို ငွေချေးရမယ်၊ ဘယ်လောက် ချေးရမယ်၊ ဘယ်လို ပြန် ကောက်ရမယ် ဆုံးဖြတ်ကြပါတယ်။ ငွေချေးတဲ့အခါမှာလည်း ဝိုင်းကြီးချုပ်စနစ်နဲ့ ငွေချေးပေးဖို့ သင့်သူတွေကို ကျန်တဲ့ မြေရှင်၊ လယ်သမား ၃ ဦးက အာမခံကြရပါတယ်။ အကယ်၍ ထိုသူက ပြန်မဆပ်နိုင်ရန် ဝိုင်းဆပ်ပေး ကြရပါတယ်။ ဗဟိုစိုက်ပျိုးရေးဘဏ်က တနှစ် ၆ ကျပ်အတိုးနှုန်းနဲ့ ထုတ်ချေးပြီး၊ ကျေးလက်ဘဏ်တွေက ၁၂ ရာခိုင်နှုန်းအတိုးနဲ့ ချေးကြပါတယ်။ ရလာတဲ့ အတိုးငွေက ရေရှည် ကျေးလက်ဘဏ်လည်ပတ်ရေးအတွက် ရည် ရွယ်တာပါ။ အဲဒါအပြင် ချွေတာစုဆောင်းငွေအဖြစ် သူလယ့်မြေကရတဲ့ ဝင်ငွေရဲ့ ၁ဝ ရာခိုင်နှုန်းနဲ့ ညီမျှတဲ့ငွေကို လည်း ၅-နှစ်တိုင်တိုင် မဖြစ်မနေ စုဆောင်းခိုင်းပါတယ်။ သဘောကတော့ တချိန်မှာကျေးလက်မှာ ကိုယ်ပိုင် ဘဏ် ထူထောင်နိုင်အောင် ရည်ရွယ်တာ ဖြစ်ပါတယ်။ ဒါပေမယ့် ကျေးလက်ဘဏ်တွေက တနိုင်ငံလုံးမလွှမ်းခြုံ နိုင်ပါဘူး။ သောင်းကျန်းမှု မရှိတဲ့နေရာ၊ ရေရှည် သဘာဝကပ်ဘေး မခံစားရတဲ့နေရာ၊ ကြွေးမြီပြန်ဆပ်တဲ့အစဉ် အလာ နာမည်ကောင်းတဲ့နေရာ၊ အကျင့်စာရိတ္တကောင်းမွန်ရာ နေရာတွေမှာသာ တည်ထောင်စေခဲ့ပါတယ်။ ဒီလိုစည်းမျဉ်းတွေက သိပ်တင်းကျပ်ပေမယ့်လည်း အခုလို အစကာလမှာ တင်းကျပ်နိုင်မှ တော်ကာကျမယ်လို့ စီးပွားရေးပညာရှင် ဦးထွန်းဝေက ဝေဖန်ခဲ့ပါတယ်။

အဲဒါအပြင် လယ်သမားတွေကို ငွေချေးတဲ့ နေရာဌာနတွေက အရင်ရှိထားတဲ့ သမဝါယမငွေစုငွေချေး အသင်း တွေကလည်း ထုတ်ချေးပေးကြပါတယ်။ လုပ်ငန်းချင်းမထပ်ရလေအောင် ကျေးလက်ဘဏ်မရှိတဲ့နေရာမှာ သူတို့ ချေးပေးကြပြီး၊ ကျေးလက်ဘဏ် ရှိနေရင်တော့ သူတို့က ဝင်ရောက်မလုပ်ပါဘူး။ နောက်တခု ငွေချေးပေး တဲ့ဌာန ကတော့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနခေါ်တဲ့ မြို့နယ် အာဏာပိုင်တွေက ချေးပေးတာပါ။ ဒါပေမယ့် ဒီငွေ တွေကို သေချာ မစိစစ်နိုင်သလို၊ နိုင်ငံရေးအရ ကိုယ့်ပါတီကို ထောက်ခံထားတဲ့ ဒေသတွေ၊ အစိုးရနဲ့ နီးတဲ့ မြန်မာနိုင်ငံ တောင်သူလယ်သမားအစည်းအရုံးနဲ့ နီးတဲ့သူတွေကို ချေးပေးတာမျိုးတွေ ဖြစ်ခဲ့ပါတယ်။ ခြစားမှု တွေလည်း အများအပြား ရှိခဲ့တယ် ဆိုပါတယ်။

ဒီလိုစိုက်ပျိုးစရိတ်ချေးငွေ ကိစ္စတွေကို ပြည်တော်သာစီမံကိန်း ရေးဆွဲတဲ့ ကေတီအေ အဖွဲ့တို့ကလည်း အချို့ နေရာတွေမှာ ကွင်းဆင်းလေ့လာခဲ့တာ ရှိပါတယ်။ အချို့နေရာတွေမှာ ကျေနပ်လောက်အောင် အောင်မြင်ပေ မယ့်လည်း၊ အချို့နေရာတွေမှာ အားနည်းချက်တွေ ပြည့်နေတာ တွေ့ကြရပါတယ်။ တကယ်ချေးငွေရရှိနေတဲ့ သူတွေက ချေးငွေမလိုအပ်တဲ့ မြေရှင်လယ်သမားကြီးတွေ ဖြစ်နေပြီး၊ သူတို့က ငွေတိုးပြန်ချကြပါတယ်။ လယ် သမားအားလုံးအတွက် ချေးငွေ အလုံအလောက် မရနိုင်တော့လည်း မြန်မာလူမျိုး ငွေတိုးချေးစားသူတွေဆီ က လယ်သမားတွေ ပြန်ချေးယူကြရပါတယ်။ အခုအချိန်မှာတော့ လူမျိုးခြား ချစ်တီးတွေ မရှိတော့ပါဘူး။ ဒါပေမယ့် မြန်မာလူမျိုး ငွေတိုးချေးစားသူတွေကပဲ တနှစ်ကို အတိုးနှုန်း ၂၅ဝ လောက်အထိနဲ့ ပြန်ချေးပေးနေတဲ့ အဖြစ် အပျက်တွေကိုလည်း တွေ့ခဲ့ကြရပါတယ်။ အဲဒါအပြင် နိုင်ငံတော် ကောက်ပဲသီးနှံကူးသန်းရောင်းဝယ်ရေး ဘုတ် အဖွဲ့ကလည်း ဆန်စက်ပိုင်ရှင်တွေ၊ လုပ်ငန်းရှင်ကြီးတွေကို ငွေထုတ်ချေး ကူညီပါသေးတယ်။ နောက်ပိုင်းမှာ ဒီ ဘုတ်အဖွဲ့မှာလည်း ခြစားမှုတွေ ရှိလာတယ် ဆိုပါတယ်။

လယ်ယာမြေနိုင်ငံပိုင် ပြုထားတဲ့ဥပဒေကြောင့် ပုဂ္ဂလိကဘဏ်တွေလည်း လယ်ကိုအပေါင်ခံ ငွေချေးလို့ မဖြစ်နိုင် ကြပါဘူး။ မြေယာပိုင်ဆိုင်မှုကိစ္စတွေ ရှင်းလင်းပြတ်သားမှု မရှိတာရယ်၊ နောက်ပိုင်း သွင်းအားစုတွေကျဆင်းလာ လို့ စပါးသီးနှံအထွက်လည်း ကျဆင်းခဲ့ရပါတယ်။ ဗိုလ်ချုပ်ကြီးနေဝင်း အိမ်စောင့်အစိုးရလက်ထက်မှာ အရင် တင်နေတဲ့ စိုက်ပျိုးရေးစရိတ်ချေးငွေတွေကို လျှော်ပစ်တာ၊ အရင်အကြွေး မကျေ ရှိနေသူတွေကိုလည်း ငွေပြန် ထုတ်ပေးတာတွေ လုပ်ခဲ့ပါတယ်။ ဒါပေမယ့် ဒီလုပ်ရပ်က စနစ်မကျလေတော့ အကျိုးထက်အပြစ် ဖြစ်စေခဲ့တယ် လည်း ဆိုပါတယ်။ နောက်တပတ်မှာတော့ ၁၉၆၂ ခုနှစ်၊ စစ်အာဏာသိမ်းပြီး မြန်မာပြည်က ဘဏ်တွေ နိဂုံးချုပ် ခဲ့ရပုံ ဆက်လက်တင်ပြပါမယ်။ အားလုံး ငြိမ်းချမ်းပျော်ရွှင် နိုင်ကြပါစေ။

(ယခု ဆောင်းပါးကို လွတ်လပ်သောအာရှအသံ မြန်မာပိုင်းအစီအစဉ် RFA မှ ထုတ်လွှင့်သွားခဲ့ပြီး ဖြစ်ပါသည်။ RFA ၏ မူပိုင်သာဖြစ်ပြီး ပြန်လည်ဖော်ပြခြင်း ဖြစ်သည်။)

No comments:

Recent Comments