Pages

Monday, December 14, 2009

မီးလျှံနဂါး (၁၁)။ လွတ်လပ်ရေးခေတ် မြန်မာနိုင်ငံ ငွေကြေးစနစ်


မိတ်ဆွေများအတွက် စာလက်ဆောင်ကဏ္ဍမှာ သြစတြေလျနိုင်ငံက စီးပွားရေး ပညာရှင် ပါမောက္ခ ရှောင်တာနဲ ရေးသားတဲ့ မီးလျှံနဂါး၊ မြန်မာပြည်က ဘဏ်များ၊ ငွေချေးသူများနဲ့ အသေးစားငွေချေးလုပ်ငန်းများ သမိုင်း အကြောင်းကို တင်ပြနေ ပါတယ်။ အခုအပတ်မှာတော့ လွတ်လပ်ရေးခေတ် လယ်သမားတွေကို အမတော် ကြေး လို့ခေါ်တဲ့ စိုက်ပျိုးရေးစရိတ်ချေးငွေ ထုတ်ချေးပေးခဲ့တဲ့ နိုင်ငံတော် စိုက်ပျိုး ရေးဘဏ် အကြောင်းကို ဆက်လက် တင်ပြပါမယ်။

သောတရှင် မိတ်ဆွေများခင်ဗျား
အင်္ဂလိပ်ကိုလိုနီခေတ်တုန်းက ချစ်တီးငွေချေးစားသူတွေရဲ့ ဒဏ်ကို မြန်မာလယ် သမားတွေ အကြီးအကျယ်ခံစား ခဲ့ကြရပါတယ်။ ကမ္ဘာ့စီးပွားပျက်ကပ်ဖြစ်လို့ စပါးဈေးတွေကျ၊ ချေးငွေတွေ ပြန်မဆပ်နိုင်တဲ့အခါ မြန်မာလယ် သမား တွေရဲ့ လယ်တွေထိုးအပ်ရတဲ့ အထိ ဖြစ်ခဲ့ပါတယ်။ အခုလို လွတ်လပ်ရေးရလာတဲ့အခါကျတော့ လယ် သမားတွေအတွက် အစိုးရက ဘယ်လို ဘယ်ပုံ ပြန်စဉ်းစားပေးခဲ့သလဲဆိုတာ ကြည့်ကြရအောင်ပါ။ လွတ်လပ် ရေးရပြီးတဲ့ကာလမှာ တိုင်းပြည်ကို ဦးဆောင်ခဲ့ကြ တဲ့သူတွေအကြားမှာ ဆိုရှယ်လစ်ရေး အယူအဆရှိကြပါ တယ်။ တိုင်းပြည်ကို ဆိုရှယ်လစ်နိုင်ငံအဖြစ် ထူထောင် မယ်လို့ အတိအလင်း မဖော်ပြသော်လည်း ၁၉၄၇ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေမှာ နိုင်ငံတော်ရဲ့ စီးပွားရေး ဘဝကို စီမံကိန်းချဆောင်ရွက်သွားမယ်ဆိုတာမျိုး ဖော်ပြ ထားခဲ့ပါတယ်။ နိုင်ငံတော်က စီးပွားရေးဖွံ့ဖြိုး တိုးတက်မှု အတွက် ဦးဆောင်သွားမယ်။ နိုင်ငံတော်ရဲ့ သဘာဝ သယံဇာတတွေ စီမံခန့်ခွဲမှုကို နိုင်ငံတော်ကသာ ဆောင်ရွက်သွားမယ် ဆိုတာမျိုး ပြဌာန်းထားခဲ့တာ ရှိပါတယ်။

လွတ်လပ်ရေးရပြီး ၁၉၄၈ ခုနှစ်၊ ဧပြီလမှာပဲ မြန်မာနိုင်ငံ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေး ၂-နှစ် စီမံကိန်းကို ချမှတ် ခဲ့ပါတယ်။ တကယ်တော့ ဒီစီမံကိန်းဟာ ၁၉၄၇ ခုနှစ် ဗိုလ်ချုပ်အောင်ဆန်းရှိစဉ် တိုင်းပြည် ပြန်လည်တည် ဆောက်ရေးအတွက် ဆွေးနွေးခဲ့ကြတဲ့ ဆိုရန် တိုဗီလာ ညီလာခံကတည်းက ချမှတ်ခဲ့တဲ့ စီမံကိန်းဖြစ်ပါတယ်။ ပြောရမယ်ဆိုရင်တော့ ဆိုရှယ်လစ် အယူအဆနဲ့ နိုင်ငံတည်ဆောက်မယ်ဆိုတဲ့ အမြင်ဘက်က ကဲပါတယ်။ ဒါ ပေမယ့် မြန်မာနိုင်ငံ လွတ်လပ်ရေးရပြီးတဲ့အခါ ပြည်တွင်းစစ်မီးက တောက်လောင်နေလို့ ဒီလိုစီမံကိန်းတွေကို လည်း လက်တွေ့အကောင်အထည် မဖော်နိုင်ကြသေးပါဘူး။ ပါမောက္ခ ရှောင်တာနဲကတော့ ဒီလိုလွတ်လပ်ရေး ရပြီးခါစ မြန်မာနိုင်ငံမှာ ဆိုရှယ်လစ်နိုင်ငံ တည်ဆောက်မှုဘက်ကဲတာကို နားလည်နိုင်တဲ့အကြောင်း ဖော်ပြခဲ့ပါ သေးတယ်။ ပထမအချက်က စစ်ပြီးခေတ် အင်္ဂလန်နိုင်ငံကိုယ်၌က စစ်ဒဏ်က ရုန်းထနိုင်ဖို့ နိုင်ငံတော်အစိုးရ ကိုယ်တိုင်ဦးဆောင် စီးပွားရေးကို ကြပ်မတ်နေရတဲ့ အချိန်ပါ။ စီးပွားရေးပညာရှင် ဂျွန် မေးနဒ် ကိန်းရဲ့ နိုင်ငံတော် က ဦးဆောင်ထိန်းညိ‡တဲ့ အယူအဆကို လက်ခံထားတဲ့အချိန်ပါ။ ဒုတိယအချက်က လွတ်လပ်ရေးတိုက်ပွဲခေါင်း ဆောင် မြန်မာတွေက အရင်းရှင်စနစ်နဲ့ နယ်ချဲ့စနစ်ကို တခုတည်းသဖွယ် မြင်ထားကြလေတော့ အရင်းရှင်စနစ် နဲ့ တိုင်းပြည်ကို ပြန်လည်ထူထောင်တာမျိုး မဖြစ်လိုကြပါဘူး။

ဒီလိုနဲ့ အင်္ဂလိပ်ကိုလိုနီခေတ်တုန်းက ချစ်တီးတွေကြောင့် ကြွေးနွံနစ်ခဲ့ရတဲ့ မြန်မာလယ်သမားတွေကို ဘယ်လို ကူညီနိုင်မလဲ နည်းလမ်းရှာကြပါတော့တယ်။ တဖက်မှာလည်း ခုနက ပြောခဲ့သလို နိုင်ငံတော်က ဦးဆောင်ရ မယ် ဆိုတဲ့ အယူအဆကြောင့် “မြေယာမှန်သမျှကို နိုင်ငံတော်က အကြွင်းမဲ့ပိုင်ဆိုင်သည်၊ ဘယ်လိုမြေမျိုးမဆို ပိုင်ဆိုင်မှုကို နိုင်ငံတော်က ဥပဒေပြဌာန်းနိုင်သည်၊ လွှဲပြောင်းပေးနိုင်သည်၊ သီးစားချထား ငှားရမ်းနိုင်သည်၊ ပြန် လည် သိမ်းယူနိုင်သည်” ဆိုတာမျိုး ပြဌာန်းခဲ့ပါတယ်။ ၁၉၄၇ ခုနှစ်မှာ လယ်ယာမြေနိုင်ငံပိုင် ပြုလုပ်ရေးဥပဒေ ပြဌာန်းခဲ့သလို၊ ဒီဥပဒေကိုပဲ ၁၉၅၃ မှာ ထပ်မံ ပြင်ဆင် တိုးချဲ့ အတည်ပြု ပြဌာန်းခဲ့ပါတယ်။ နိုင်ငံခြားသားတွေ က မြေယာတွေ မပိုင်ဆိုင်နိုင်အောင် တားဆီးလိုတဲ့ သဘောဖြစ်ပါလိမ့်မယ်။ တဖက်မှာလည်း လယ်သမားတွေ လိုအပ်နေတဲ့ ချေးငွေတွေအတွက် နိုင်ငံတော် စိုက်ပျိုးရေးဘဏ်တရပ်ထူထောင်ပြီး ကူညီပေးဖို့ အကြိုလေ့လာ ရေး ကော်မရှင်တွေ ဖွဲ့ပေးခဲ့ပါတယ်။ ဒီကော်မရှင်က ၃-လ ကြာလေ့လာပြီး၊ ၁၉၄၉ ခုနှစ်မှာ စိုက်ပျိုးရေးဘဏ် စတင်လည်ပတ်နိုင်အောင် တင်ပြပေးဖို့ ဖြစ်ပါတယ်။

ဒီလို နိုင်ငံတော် စိုက်ပျိုးရေးဘဏ် ကော်မရှင်ကို ဦးဆောင်သူက ဂျပန်ခေတ်အစိုးရထဲမှာ စီမံကိန်းရေးဆွဲရေး ဌာနကို ဦးဆောင်ရတဲ့ သခင်ဘဟန်၊ မြန်မာနိုင်ငံ တောင်သူလယ်သမားအစည်းအရုံးက သခင်ထွန်းရင်တို့ ပါပါတယ်။ သူတို့အပြင် အခြားကျွမ်းကျင်သူ အမြောက်အများလည်း ပါဝင်ပါတယ်။ ၁၉၂၉ ဘဏ်များ လေ့လာ စုံစမ်းရေး ကော်မရှင်မှာ ပါခဲ့တဲ့ ပဲခူး သမဝါယမဘဏ် မန်နေဂျာ ဦးဘမောင်၊ ပြည် သမဘဏ် မန်နေဂျာ ဦးဘအေး၊ သမဝါယ ငွေစုငွေချေးအသင်း အရာရှိ ဦးအောင်စိုးအပြင်၊ မြန်မာနိုင်ငံက နာမည်ကျော် စီးပွားရေး ပညာရှင် ဦးလှမြင့်တို့လည်း ပါဝင်ပါတယ်။ ဦးလှမြင့်က အဲသည်အချိန်က မြန်မာနိုင်ငံ အမျိုးသားစီမံကိန်းဌာန မှာ စီးပွားရေးအကြံပေး အရာရှိတာဝန်ယူနေချိန်ပါ။ သူတို့အပြင် ကော်မရှင်ဥက္ကဌနဲ့ အစီရင်ခံစာရေးသားသူ က မြန်မာနိုင်ငံသား အများအပြား လေးစားကြတဲ့ ပညာရှင် နိုင်ငံခြားသား ဂျေ-အက်စ်-ဖာနီဗယ်ပဲ ဖြစ်ပါတယ်။

ဂျေ-အက်စ်-ဖာနီဗယ်က အင်္ဂလိပ်ခေတ်မှာ အိုင်စီအက်စ် အရာရှိတာဝန်ယူခဲ့ဘူးသူ ဖြစ်ပြီး မြန်မာလူမျိုးတွေ အပေါ် ခင်မင်တန်ဖိုးထားသူ ဖြစ်ပါတယ်။ သူက မြန်မာအမျိုးသမီးတယောက်နဲ့လည်း အိမ်ထောင်ကျပြီး ၁၉၃၁ ခုနှစ်မှာတော့ အနားယူလို့ အင်္ဂလန်ကို ပြန်ပါတယ်။ ဒါပေမယ့် လွတ်လပ်ရေးရပြီးတဲ့အခါ မြန်မာအစိုးရက စီးပွားရေးအကြံပေးအဖြစ် ဖိတ်ပါတယ်။ အထူးသဖြင့်ကတော့ စီးပွားရေးပညာရှင် ဦးလှမြင့်ရဲ့ တိုက်တွန်းချက်နဲ့ စီးပွားရေးစီမံကိန်းတွေ အကြံပေးဖို့ ပြန်လာခဲ့တာပါ။ ဒီလိုနဲ့ နိုင်ငံတော် စိုက်ပျိုးရေးဘဏ် ဘယ်လိုဖွဲ့စည်းမလဲ ဆိုတဲ့ လေ့လာရေး ကော်မရှင်မှာ ဦးဆောင်ရပါတယ်။ ဖာနီဗယ်ဦးဆောင်တဲ့ ကော်မရှင်က နိုင်ငံတော်စိုက်ပျိုး ရေးဘဏ်ကို ၃-ပွင့်ဆိုင်နည်းနဲ့ တည်ထောင်ဖို့ အကြံပြုပါတယ်။

ပထမတပိုင်းကတော့ ကျေးလက်ဘဏ်တွေ ဖြစ်ပါတယ်။ ရွာလူထုတွေကိုယ်တိုင် ကိုယ်ထူကိုယ်ထ ဦးဆောင်ရ တဲ့ ဘဏ်ပါ။ ကျေးရွာဘဏ်ကော်မီတီက ဘယ်သူတွေကို ချေးငွေထုတ်ပေးမယ် ဆုံးဖြတ်တာ၊ အပ်ငွေ လက်ခံ တာ၊ ငွေပြန်ကောက်တာ၊ ငွေစုဆောင်းတာတွေ ဆောင်ရွက်ကြပါတယ်။ ဒုတိယကဏ္ဍကတော့ ခရိုင်ဘဏ်တွေ ဖြစ်ပြီး ခရိုင် ၃၆ ခုမှာ ရှိပါတယ်။ သူတို့ကတော့ သက်ဆိုင်ရာ ကျေးရွာဘဏ်တွေကို ကြီးကြပ်တာ၊ ကျေးရွာ ဘဏ်တွေကို ငွေထုတ်ချေး ထောက်ပံ့ပေးတာနဲ့ နည်းနည်းရေရှည်သဘောဆန်တဲ့ချေးငွေတွေ ချေးပါတယ်။ ကျွဲ-နွားအတွက် ချေးငွေတွေနဲ့ လယ်မြေပြုပြင်ရေးအတွက် ရေရှည်သဘော ချေးငွေတွေကို ပေးတာပါ။ နောက် တတိယကဏ္ဍတခုကတော့ နိုင်ငံတော် စိုက်ပျိုးရေးဘဏ် ဗဟိုဘဏ် ဖြစ်ပါတယ်။ ဗဟိုဘဏ်ရဲ့ အခက်ခဲဆုံး လုပ်ငန်းကတော့ မြန်မာနိုင်ငံက လယ်သမားတွေအတွက် လိုအပ်တဲ့ ချေးငွေ ဘယ်လောက်ရှိမယ်ဆိုတာ တွက် ချက်ပြီး၊ တောင်းခံရတာ ဖြစ်ပါတယ်။ တချိန်ကျရင် ကျေးရွာတွေမှာ ကျေးလက် ကိုယ်ပိုင်ဘဏ်တွေ ထူထောင် နိုင်တဲ့အထိ စဉ်းစားရည်ရွယ်ခဲ့တာလည်း ဖြစ်ပါတယ်။

နောက်တပတ်မှာတော့ စိုက်ပျိုးရေးဘဏ်က လယ်သမားတွေကို ချေးငွေပံ့ပိုး ကူညီပေးဖို့ ရည်ရွယ်ခဲ့သော် လည်း ဘယ်လို အခက်အခဲတွေ ကြုံခဲ့ရတယ်ဆိုတာရယ်၊ စိုက်ပျိုးရေးဘဏ်ရဲ့ လုပ်ငန်းလည်ပတ်ပုံတွေ ဆက်လက် တင်ပြပါမယ်။ အားလုံး ငြိမ်းချမ်းပျော်ရွှင် နိုင်ကြပါစေ။

(ယခု ဆောင်းပါးကို လွတ်လပ်သောအာရှအသံ မြန်မာပိုင်းအစီအစဉ် RFA မှ ထုတ်လွှင့်သွားခဲ့ပြီး ဖြစ်ပါသည်။ RFA ၏ မူပိုင်သာဖြစ်ပြီး ပြန်လည်ဖော်ပြခြင်း ဖြစ်သည်။)

No comments:

Recent Comments