Pages

Saturday, April 25, 2009

မြန်မာပြည်က ဆည်းဆာချိန် (၃)


ရှမ်းပြည်နယ် သီပေါစော်ဘွား စဝ်ကြာဆိုင်ရဲ့ ဇနီးဖြစ်ခဲ့သူ စောသုစန္ဒီ ခေါ် အင်ဂါ ဆာဂျင့် (Inge Sargent) ရေး သားတဲ့ "မြန်မာပြည်က ဆည်းဆာချိန်၊ ရှမ်းစော်ဘွား မဟေသီတဦးဖြစ်ခဲ့ရတဲ့ ကျမရဲ့ ဘဝ" ဆိုတဲ့ စာအုပ်ကို တင်ပြနေပါတယ်။ စာအုပ်ရဲ့ နောက်အခန်းတွေမှာ စဝ်ကြာဆိုင်နဲ့ ဇနီးဖြစ်သူ မဟာဒေဝီတို့က တက်ညီလက်ညီ ဒေသအကျိုးဆောင်ရွက် ခဲ့ ကြတဲ့ အကြောင်းအရာ များကို တင်ပြထားပါတယ်။

သောတရှင် မိတ်ဆွေများခင်ဗျား။
စဝ်ကြာဆိုင်က ပြောရမယ်ဆိုရင် စည်းစနစ်ကြီးတဲ့သူလို့ ဆိုရင် ရနိုင်သလို၊ နှိမ့်ချတတ်တဲ့ ယဉ်ကျေး တဲ့သူတဦး လို့ဆိုရင်လည်း ရနိုင်ပါတယ်။ သူတို့မောင်နှံ သီပေါအရှေ့ဟော် ကို ရောက် လာပြီးတဲ့နောက်မှာ သူတို့က ထီးနန်းရှေးရိုးအစဉ်အလာအတိုင်း မဟုတ်ဘဲ ဟိတ်ဟန်ပကာသန မကြီးဘဲ သာမာန်ရိုးရိုးလူတွေလို ဘဝကို ဖြတ်သန်းကြဖို့လည်း စဉ်းစားထားခဲ့ပါတယ်။ အရင်ကဆိုရင် စော်ဘွားတွေ၊ မင်းဆွေမင်းမျိုး တွေရှေ့မှာ ဒူးထောက်ခစားရတဲ့ အရင်တုန်းက အလေ့အထတွေကိုလည်း သူတို့က ဖျက်သိမ်းခဲ့ကြ ပါတယ်။ ဒါပေမယ့်လည်း သူတို့မလွန် ဆန်နိုင်ကြတဲ့ ဓလေ့တွေလည်း ရှိပါသေးတယ်။ စဝ်ကြာဆိုင်က သီပေါနယ်ကို အုပ်ချုပ်ရတဲ့ စော်ဘွားတဦးဖြစ် တာနဲ့အညီ လူအများရှေ့၊ ပွဲလမ်းတွေမှာတော့ သူ့ကို ရိုသေသမှုနဲ့ ကျောဝ်ဖိဖ (တနည်းပြောရရင် နယ်ပယ် ကို အုပ်စိုးတော်မူသော အစ်ကိုကြီးဘုရား) ဆိုတာမျိုး ဖြစ်ပါလိမ့်မယ်။

သူတို့မောင်နှံက အနောက် နိုင်ငံကနေ တတ်မြောက်လာတဲ့ ပညာနဲ့ သူတို့အုပ်ချုပ်နေရတဲ့ သီပေါပြည်သူတွေရဲ့ ဘဝကို ဘယ်လို မြှင့်တင်ပေးရမလဲ ဆိုတာ အမြဲစဉ်းစားနေခဲ့ကြပါတယ်။ သူက လာဘ်စားတဲ့ ထိပ်ပိုင်း အရာရှိ ကြီး ၂ ယောက်ကို လည်း ဖြုတ်ပစ်အရေးယူခဲ့ပါတယ်။ အရင်လို နီးစပ်သူတွေကို မျက်နှာသာပေးပြီး ကန်ထရိုက် ပေးတာ၊ စီးပွားရေး အခွင့်ထူးခံပေးတာတွေကိုလည်း ရပ်စေခဲ့ပါတယ်။ နောက်ပိုင်းမှာ စဝ်ကြာဆိုင်က နာနတ် သီး၊ ကော်ဖီ၊ မြေပဲ၊ ဂျင်း၊ ပဲပိစပ် စသဖြင့် စမ်းသပ်စိုက်ခင်းတွေကိုလည်း သူ့ဒေသအတွင်းမှာ စမ်းသပ်ခဲ့ပါတယ်။ တိုင်း မိုင်းနင်း သတ္တုတွင်း ကုမ္ပဏီက ဘော်ကြိုဒေသကနေ သတ္တုထုတ်လုပ်ဖို့စီစဉ်ခဲ့ပါတယ်။ သီပေါစော်ဘွား ဖောင်ဒေးရှင်းကလည်း တော်တဲ့ ကျောင်းသားတွေကို ရွေးချယ်ပြီး နိုင်ငံရပ်ခြားပညာတော်သင် စေလွှတ်ပေးတာတွေ လုပ်ခဲ့ပါတယ်။ သူ့ဇနီး အင်ဂါ ခေါ် စောသုစန္ဒီကိုယ်၌က သီပေါမိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်း ကို ကိုယ်တိုင်ကိုယ်ကျ ကြပ်ကြပ်မတ်မတ် ဦးဆောင်ကူညီခဲ့ပါတယ်။

စဝ်ကြာဆိုင်က ရှမ်းလူမျိုးတွေရိုးရာအနေနဲ့ ကျင်းပကြတဲ့ "ပွဲ"တွေကို သိပ်ပြီး သဘောမတွေ့လှပါဘူး။ အကြောင်းကတော့ ဒီပွဲတွေမှာ လောင်းကစားဝိုင်းတွေပါတတ်ပြီး၊ ဒေသခံ ရိုးသားတဲ့ ပြည်သူတွေရဲ့အားနည်းချက်ကို လောင်းကစားဒိုင်တွေက အခွင့်ကောင်းယူ အမြတ်ထုတ်တာကို မလိုလားလို့ပဲ ဖြစ်ပါတယ်။ ဒီ လောင်းကစားဝိုင်းကငွေတွေက များသောအားဖြင့် အုပ်ချုပ်သူစော်ဘွားတွေအတွက် အခွန်အတုတ်အဖြစ် ရလေ့ရှိပါတယ်။ ဒါပေမယ့်လည်း သူက ဆင်းရဲတဲ့ပြည်သူတွေဆီက ငွေကို ဒီနည်းနဲ့ မယူချင်ပါဘူး။ သူစော်ဘွား တာဝန်ယူရတဲ့ ကာလမှာ ရှားရှားပါးပါး ပွဲ ၂-ခုပဲ ခွင့်ပြုပေးခဲ့ပါတယ်။ သီပေါနဲ့နီးစပ်တဲ့ အိမ်နီးချင်း သိန္ဒီနယ် မှာတော့ ပွဲလမ်းတွေက အစဉ်အဆက် မပြတ်ဆိုသလိုပဲ ရှိနေပါတယ်။ တခါမှာလည်း မြန်မာစစ်တပ်က ရန်ပုံငွေအတွက် သီပေါနယ်မှာ လောင်းကစားပွဲတော်ကျင်းပဖို့ ခွင့်တောင်းလာခဲ့ပါတယ်။ သူက ပွဲခွင့်ပေးဖို့ ငြင်းပယ် ခဲ့ပါတယ်။ ဒီလိုနဲ့ပဲ မြန်မာစစ်တပ်နဲ့ သူ့အကြား ဆက်ဆံရေးကိစ္စတွေမှာ အဖုအထစ်လေးတွေ ရှိလာခဲ့ရပါ တယ်။

ဒီလိုဖြစ်နေတဲ့ ကာလရဲ့ နောက်ခံအခြေအနေကို ပြန်လည် တင်ပြပေးမှ တော်ပါလိမ့်မယ်။ နာမည်ကျော် စာရေးသူ ဘာတေးလ်လင့်တနာက စာအုပ်နိဒါန်းပိုင်းမှာ ဒီကိစ္စတွေကိုလည်း မိတ်ဆက်ပေးခဲ့ပါတယ်။ ရှမ်းအမျိုး သားခေါင်းဆောင် စဝ်ရွှေသိုက်ကို မြန်မာနိုင်ငံရဲ့ လွတ်လပ်ရေးကာလ ပထမသမ္မတအဖြစ် နေရာပေးခဲ့ပေမယ့် ရှမ်းပြည်အတွင်းမှာ မကျေနပ်မှုတွေက ရှိနေကြပါတယ်။ အထူးသဖြင့် ၁၉၄၉ ခုနှစ် နောက်ပိုင်း တရုတ်ပြည်မှာ ကွန်မြူနစ်ပါတီက အာဏာရလာအပြီး၊ ဗိုလ်ချုပ်လီမီ ဦးဆောင်တဲ့ ကူမင်တန်တပ်တွေက ရှမ်းပြည်ထဲကို ထွက်ပြေးရောက်ရှိလာကြပါတယ်။ ကူမင်တန်တပ်တွေက ရှမ်းပြည်ထဲမှာ အင်အားစုဆောင်းလာရာ ကနေ နောက်ဆုံး ၁၉၅၃ ခုနှစ်မှာ ကူမင်တန်ကျူးကျော်စစ်ကို မြန်မာအစိုးရက စစ်ရေးအရ တိုက်ထုတ်ရတော့မယ့် ကိစ္စဖြစ်လာပါတယ်။ ဒီစစ်ဆင်ရေးကြောင့်ပဲ မြန်မာစစ်တပ်အမြောက်အများ ရှမ်းပြည်နယ်ထဲကို ရောက်ရှိ အခြေချလာကြပါတယ်။ မြန်မာစစ်တပ်တွေ ရောက်လာတာနဲ့အမျှ လူ့အခွင့်အရေးချိုးဖောက်မှုတွေ၊ အခြား ပြဿနာတွေလည်း နေ့တဓူဝ တွေ့ကြုံခဲ့ရတယ်လို့ အင်ဂါက ရေးသားဖော်ပြခဲ့ပါတယ်။ ရိုက်နှက်တာ၊ မိန်းမပျို တွေကို လက်ကျူးတာ၊ မုဒိမ်းမှု တွေဖြစ်တာ၊ ရွာလူကြီးတွေကို အတင်းအကျပ်ခိုင်းစေတာ စသဖြင့် ကြုံတွေ့နေခဲ့ ရပါတယ်။ အခြားပြဿနာတခုကတော့ အခွန်အကောက်နဲ့ ဘဏ္ဍာရေး ပြဿနာပါ။ ရှမ်းပြည်နယ်အတွင်းက အခွန်ဘဏ္ဍာတွေက ဗဟိုအစိုးရဆီကို တိုက်ရိုက်သွားပြီး၊ ဗဟိုအစိုးရ ပြန်ခွဲပေးမှ သုံးရတဲ့အနေအထားပါ။ ဒေသအတွင်းက အရင်းအမြစ်တွေကို ကိုယ်တိုင်ကိုယ်ကျ မခံစားရဘူးလို့ ယူဆလာကြပါတယ်။ ဒီအခါမှာ အချို့ ရှမ်းအမျိုးသားရေးဝါဒီတွေက ခွဲထွက်ရေးလှုပ်ရှားမှု စတင်လာကြပါတယ်။ မြန်မာနိုင်ငံကနေ လက်နက်စွဲကိုင် ပုန်ကန်ပြီး ခွဲထွက်ဖို့ ပြင်ကြပါတယ်။ ဒီလူတွေရဲ့ ခံစားချက်ကို နားလည်ပေမယ့် စဝ်ကြာဆိုင်က ဒီလိုမယူ ဆပါဘူး၊ သူက ပြည်ထောင်စုက ခွဲထွက်တာဟာ အဖြေမဟုတ်ဘူးလို့ ယူဆပါတယ်။ ပါလီမာန်အတွင်း သူက တင်ပြတောင်းဆိုနိုင်တယ်လို့ မြင်ပါတယ်။ သူက ပါလီမာန်အတွင်း ဝေဖန်တင်ပြတဲ့အခါ ဗမာနိုင်ငံရေးသမား တွေဘက်က သူ့ကို အစွန်းရောက်သူလို့ မြင်သလို၊ ရှမ်းအမျိုးသားရေး တက်ကြွတဲ့ ခွဲထွက်ရေးအုပ်စုတွေက လည်း စဝ်ကြာဆိုင်ကို အားမရလှပါဘူး။ ဒီလိုနဲ့ သူက ကြားညှပ်ရပါတယ်။

ဒီလိုနိုင်ငံရေး အခြေအနေတွေကြားမှာ သူ့အတွက် အားဆေးဖြစ်စေသူက သူ့ဇနီး အင်ဂါပါ။ သူတို့ ၂-ယောက် က ညနေစောင်းရောက်ရင် အဖျော်ယာမကာလေး သုံးဆောင်ရင်း တနေ့တနေ့ အတွေ့အကြုံတွေ ဖလှယ်လေ့ ရှိကြပါတယ်။ အင်္ဂါက အကြံပေးတဲ့အခါ ပေးတတ်သလို၊ တခါတလေမှာလည်း အားပေးတတ်ပါတယ်။ အခုအချိန်မှာတော့ အင်ဂါဆားဂျင့် ကိုယ်တိုင်က ရှမ်းစကားနဲ့ ဗမာစကား အတော်တတ်မြောက်နေပြီဖြစ်သလို၊ အိမ်ထောင်မှုကိစ္စ၊ အိမ်တွင်း ထိန်းသိမ်းမှုကိစ္စတွေကိုလည်း ကိုယ်တိုင်ခန့်ခွဲစီမံနေပါပြီ။ တခါတလေမှာ သူတို့က မြို့အပြင်ရှုခင်းတွေကို ကြည့်ဖို့၊ ဂျစ်ကားလေးမောင်းလို့ ထွက်သွားတတ်သလို၊ သီပေါအနီးချုပ်စပ် တွေကိုလည်း အလည်ထွက်တတ်ကြပါတယ်။ တချိန်က သီပေါဟော်ဖြစ်ခဲ့တဲ့ စခန်းသာဟော်နန်းကို သွားလည်ကြတဲ့အကြောင်း၊ ဒီဟော်နန်းရဲ့ ကြီးကျယ်ခမ်းနားပုံ အကြောင်းတွေကိုလည်း ရေးပြခဲ့ပါသေးတယ်။ ဒီဟော်နန်းကို တည်ဆောက်ခဲ့သူက မင်းတုန်းမင်းလက်ထက် မန္တလေးနေပြည်တော်ကနေ နိုင်ငံရပ်ခြားခရီးတွေကို လွှတ်ခဲ့ဖူးတဲ့ ဦးလေးတော်သူ သီပေါစော်ဘွား ဆာစော်ကဲ ပါ။ နောက်ပိုင်း ဂျပန်ခေတ် စစ်အတွင်းမှာ မီးလောင်ပျက်စီးခဲ့တဲ့နေရာ၊ စစ်ပြီးတဲ့ကာလမှာလည်း အခြားအရေး အကြောင်းတွေကြောင့် ပြန်ပြင်မဆောက်နိုင်ဘဲ ပျက်စီးနေခဲ့ရတဲ့ နေရာပါ။

သူတို့ အိမ်ထောင်ရေးက ရှေ့သွားနောက်လိုက်ညီပါတယ်။ ဒါပေမယ့်လည်း တကြိမ်မှာ စဝ်ကြာဆိုင်မထင် ထားတာက အင်္ဂါကိုယ်တိုင်က သူ့ကို မဟာဒေဝီအရာ တရားဝင်အပ် နှင်းတဲ့ပွဲ လုပ်ပေးဖို့ တောင်းဆိုလာခဲ့ပါ တယ်။ စဝ်ကြာဆိုင်ကတော့ သူတို့တရားဝင် လက်ထပ်ထားရင်ပြီးပြီ၊ လူ အများကလည်း ဒီအတိုင်းပဲ အသိ အမှတ်ပြုထားတယ်လို့ ယူဆထားခဲ့ပါတယ်။ ဒါပေမယ့် အင်္ဂါကတော့ သူ့ရဲ့ စိုးရိမ်စိတ်တွေကို ဖော်ပြပြီး၊ တရား ဝင် မဟာဒေဝီအပ်နှင်းဖို့ တောင်းခဲ့ပါတယ်။ မျက်နှာဖြူအမျိုးသမီးတဦး၊ ယောက်ျားမျက်နှာကိုကြည့်ပြီး တနယ် တကျေးမှာ အခြေချလာနေတဲ့သူတဦးအနေနဲ့ သူ့ရဲ့အားငယ်စိတ်တွေကိုလည်း အင်္ဂါက ဒီစာအုပ်မှာ ရေးသား ဖော်ပြခဲ့ပါတယ်။ စဝ်ကြာဆိုင်ကလည်း မဟာဒေဝီအပ်နှင်းတဲ့ မင်္ဂလာအခမ်းအနားကို အကြီးအကျယ်ပဲ ကျင်းပ ပေးခဲ့ပါတယ်။ ဒီလို အမှတ်ရစရာ အကြောင်းတွေကို အသေးစိတ်ကအစ ပြန်ပြောင်း ချယ်မှုန်းရေး သားထားခဲ့ပါ တယ်။ နောက်ပိုင်း အခြေအနေတွေကိုတော့ နောက်အပတ်မှာ ဆက်လက်တင်ပြပါမယ်။ အားလုံး ငြိမ်းချမ်း ပျော်ရွှင်နိုင်ကြပါစေ။

(ယခု ဆောင်းပါးကို လွတ်လပ်သောအာရှအသံ မြန်မာပိုင်းအစီအစဉ် RFA မှ ထုတ်လွှင့်သွားခဲ့ပြီး ဖြစ်ပါသည်။ RFA ၏ မူပိုင်သာဖြစ်ပြီး ပြန်လည်ဖော်ပြခြင်း ဖြစ်သည်။)

3 comments:

မသက်ဇင် said...
This comment has been removed by the author.
မသက်ဇင် said...

ကျမ ရှမ်းပြည် ကို ငယ်စဉ်က ခဏ ခဏရောက်ဘူး ပါတယ်
ရှမ်းသွေး ရာခိုင်နှုန်းတော်တော်များများ ပါနေတော့
ရှမ်းပြည်နယ်ကို လည်းစိတ်ဝင်စားပါတယ်

ကျမ အစ်ကိုကြီးက ရှမ်းပြည်မှာ တာဝန်ကျပါတယ် အဲဒီတုံးက ပွဲတော်မှန်သမျှ ကျမ ရောက်တယ် ရိုးရာ ဓလေ့ ရှမ်းပြည်ပွဲတော်တွေမှာ ခြောက် ကောင်ဂျင်လို
လောင်းကစားပွဲတွေလည်းအတော်များပါတယ်
မိန်းကလေးတွေက အစ ခြောက်ကောင်ဂျင် ထိုးနေတာ
တွေ့ခဲ့ရတယ်

အဲဒီတုံးက အစ်ကိုကြီးတို့ပြောနေ ကြတာက တော့ ရှမ်းလူမျိုးတွေရဲ့သွေးဟာ သဘာဝကိုက အေးဆေး တယ်တဲ့ ဒီလောက် လောင်းကစားပွဲတွေ လုပ်နေ ပေမယ့် ခိုက်ရန်ဒေါသ မဖြစ် ကြဘူးလို့ပြောတယ်။

b said...

ဆာစောချယ်ပါ သူ့ အဖေ လွှတ်လို့  ပါတော်မူပြီးမှ ဘိလပ် သွားတာပါ

Recent Comments