Pages

Saturday, April 25, 2009

မြန်မာပြည်က ဆည်းဆာချိန် (၂)


ရှမ်းပြည်နယ် သီပေါစော်ဘွား စဝ်ကြာဆိုင်ရဲ့ ဇနီးဖြစ်ခဲ့သူ စောသုစန္ဒီ ခေါ် အင်ဂါ ဆာဂျင့် (Inge Sargent) ရေး သားတဲ့ "မြန်မာပြည်က ဆည်းဆာချိန်၊ ရှမ်းစော်ဘွား မဟေသီတဦးဖြစ်ခဲ့ရတဲ့ ကျမရဲ့ ဘဝ" ဆိုတဲ့ စာအုပ်ကို တင်ပြနေပါတယ်။ စာအုပ်ရဲ့ ပထမပိုင်းအခန်းတွေမှာ ဖော်ပြခဲ့တဲ့ ဆွတ်ပျံ့ကြည်နူးဖွယ်၊ ကြေကွဲဖွယ် အကြောင်း အရာများကို တင်ပြထား ပါတယ်။

သောတရှင် မိတ်ဆွေများခင်ဗျား။
စာရေးသူ အင်ဂါ ဆားဂျင့်က ဒီစာအုပ်ကို သူရဲ့ကိုယ်ရေးမှတ်တမ်း ဒိုင်ယာရီတခုလို ရေးသားတာမဟုတ်ဘဲ၊ တတိယ ပုဂ္ဂိုလ်တဦးက ဘေးကနေ အဖြစ်အပျက်ကို ရေးသားတင်ပြတဲ့ပုံမျိုး ဖော်ပြခဲ့ပါတယ်။ ဒီလိုဖော်ပြတဲ့ အတွက်ကြောင့်လည်း သူ့ဖက်မှာတွေ့ကြုံ ခံစားနေရတဲ့ကိစ္စတွေနဲ့ သူ့ခင်ပွန်း စဝ်ကြာဆိုင်ခံစားနေခဲ့ရတဲ့ အချုပ်ခန်းထဲက အခြေအနေတွေကိုပါ ဖက်စုံ အနေအထားနဲ့ တင်ပြနိုင်ခဲ့ပါတယ်။

စာအုပ်ရဲ့ ပထမအခန်းနဲ့ ဒုတိယအခန်းမှာတော့ သူတို့ရုတ်ချည်းတွေ့ကြုံလိုက်ရတဲ့ ထိတ်လန့်တုန်လှုပ်ဖွယ် အဖြစ် အပျက်ကို ရေးသားတင်ပြလိုက်ပါတယ်။ အချိန်က ၁၉၆၂ ခုနှစ် မတ်လ စစ်အာဏာသိမ်းပြီးတဲ့နောက် ပိုင်းကာလပါ။ နံနက်ပိုင်းတခုမှာ သူတို့နေထိုင်တဲ့ သီပေါစော်ဘွားရဲ့ အရှေ့ဟော်နန်းကို အစိမ်းရောင် ယူနီ ဖောင်းဝတ် မြန်မာစစ်သားတွေ ရောက်လာခဲ့ကြပါတယ်။ ခင်ပွန်းဖြစ်သူ စဝ်ကြာဆိုင်က ရန်ကုန်ကို လွှတ်တော် ကိစ္စတွေနဲ့ ခရီးသွားနေတဲ့ အတွက် ကြောင့်လည်း သူကိုယ်တိုင် ရင်ဆိုင်ရတော့မယ့် ကိစ္စ ဖြစ်လာပါတယ်။ အခု လို စစ်တပ်တွေရောက်လာတဲ့ကိစ္စက သည်းညည်း မခံနိုင်ဖွယ် ကိစ္စဖြစ်ပေမယ့်၊ အင်ဂါက တည်တည်ငြိမ်ငြိမ်နဲ့ တုံ့ပြန်ဆက်ဆံဖို့ စဉ်းစားခဲ့ပါတယ်။ တချိန်တည်းမှာလည်း ခရီးထွက်နေတဲ့ ယောက်ျားသားဖြစ်သူအတွက် လည်း စိုးရိမ်စိတ်ကဲလာခဲ့ပါတယ်။

သူက ဦးဆောင်လာတဲ့ မြန်မာစစ်တပ်က ဗိုလ်မှူးကြီးကို စိတ်ကိုတည်တည်ငြိမ်ငြိမ်ထားလို့ ထွက်တွေ့ခဲ့ပါတယ်။ သူတို့ စစ်တပ်တွေ အိမ်ကို ရှာချင်တယ်လို့ ပြောလာခဲ့ပါတယ်။ သူက သူ့ရဲ့သမီးတွေကို ဒီကိစ္စတွေ မြင်လို့ မကြောက်ရွံ့စေ ချင်သလို၊ သူကိုယ်တိုင်က သူ့ခင်ပွန်းဂုဏ်ကိုထိန်းဖို့ တည်တည်ငြိမ်ငြိမ်နဲ့ တုံ့ပြန်ပါ တယ်။ ဘာဖြစ်လို့ရှင်ချင်တာလဲဆိုတော့ သူတို့က ဘာမှ မရှင်းပြပါဘူး။ ကလေးတွေကို ကျောင်းကိုစောစော ပို့ခိုင်းလိုက်ပါတယ်။ စစ်သားတွေက သံချွန်တွေနဲ့ အိပ်ယာတွေက အစ ထိုးဖွလို့ နေရာအနှံ့ကို ရှာခဲ့ပါတယ်။ သူတို့က "စော်ဘွား စဝ်ကြာဆိုင် ဘယ်နေရာမှာ ရှိပါသလဲ၊ တွေ့ချင်ပါတယ်" လို့ ပြောပါတယ်။ အင်ဂါက တော့ "ကျမခင်ပွန်းက ရန်ကုန်မှာ လွှတ်တော်အစည်းအဝေး တက်နေ ပါတယ်" လို့ ပြောပါတယ်။ စစ်တပ် ကတော့ မရှိပါဘူး။ ကျနော်တို့ သူ့ကို ရှာမတွေ့ဘူးလို့ ပြောခဲ့ပါတယ်။ နောက်တော့ စစ်တပ်တွေက ဟော်နန်း အိမ်မှာ အစောင့်ထားလို့ ပြန်ထွက်သွားခဲ့ပါတယ်။ အခြေအနေက စိုးရိမ်ဖွယ်၊ ရင်လေးဖွယ် ကိစ္စတွေ ဆက်ဖြစ် လာတော့မယ်ဆိုတာ အင်ဂါ သိလိုက်ပါပြီ။ နောက်ပိုင်းမှာလည်း သူ့တို့နေထိုင်ရာ အရှေ့ဟော်ကို ၈-ကြိမ် တိုင်တိုင် လာပြီး ရှာဖွေခဲ့ပါသေးတယ်။ စစ်တပ်တွေ ပိုမိုအင်အားဖြည့်လိုက်ပြီး သူတို့ရဲ့ဟော်နန်း သက်တော် စောင့်တွေနဲ့ ကားဒရိုင်ဘာကိုလည်း လက်ထိပ်ခတ်ခေါ်ဆောင်သွားခဲ့ကြပါတယ်။ ဒါတင်မက သူ့ရှေ့မှာတင် ရိုင်ဖယ် သေနတ်ဒင်တွေနဲ့ ထုနှက် ရိုက်နှက်ခဲ့ကြပါသေးတယ်။ သူ့ကိုလည်း အရှေ့ဟော်ကနေ ခွင့်ပြုချက်မရှိဘဲ မထွက်ဖို့ ညွှန်ကြားခဲ့ပါသေးတယ်။

အဲသည်အချိန်မှာ ခင်ပွန်းဖြစ်သူ စော်ဘွား စဝ်ကြာဆိုင်ကတော့ ရှမ်းပြည်နယ် တောင်ပိုင်း၊ ဗထူးတပ်မြို့ စစ်ရေး လေ့ကျင့်ရေးသင်တန်းကျောင်းမှာ ထိန်းသိမ်းချုပ်နှောင်ခံနေရပါတယ်။ သူက ရှမ်းပြည်နယ် သီပေါက အိမ်ကို အပြန် လမ်းမှာ ကားကိုရပ်ခိုင်းပြီး ဖမ်းဆီးထိန်းသိမ်းတာခံခဲ့ရပါတယ်။ အဲသည်အချိန်က စဝ်ကြာဆိုင်က သီပေါ စော်ဘွား တာဝန်ယူထားသလို၊ တဖက်မှာလည်း ရှမ်းပြည်နယ်အုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်ပါ။ တချိန်တည်းမှာ ပါလီမာန် လွှတ်တော်အမတ်တဦးလည်း ဖြစ်ပါတယ်။ ရှမ်းပြည်နယ်မှာ အခြေချထားတဲ့ မြန်မာစစ်တပ်တွေနဲ့ သူနဲ့ မကျေလည်တာ၊ ထိပ်တိုက်တွေ့တာလေးတွေလည်း ရှိခဲ့ဖူးပါတယ်။ ဒါပေမယ့် ဒီကိစ္စဟာလည်း ဖမ်းဆီးရ လောက်အောင် ကိစ္စ မဟုတ်ပါဘူး။ အဲသည်မှာပဲ ဗိုလ်ကြီးစန်းလွင်ဆိုသူက စဝ်ကြာဆိုင်ကို မေးခွန်းတွေ မေး မြန်းဖို့ ရောက်လာခဲ့ပါတယ်။ စဝ်ကြာဆိုင်က ကျနော်ဟာ ပါလီမာန်လွှတ်တော်အမတ်တဦးပါ။ ရှမ်းပြည်နယ် အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းမှူးနဲ့ တိုက်ရိုက် တွေ့ချင်ပါတယ်လို့ တောင်းဆိုခဲ့ပါတယ်။ အကယ်၍ ရန်ကုန်က ပါလီမာန်အဖွဲ့ဝင်တွေ၊ အစိုးရဝန်ကြီးတွေ သိလာရင် တခုခု လုပ်ပေးနိုင်ကောင်း ရဲ့လို့ စဝ်ကြာဆိုင်က ထင်နေခဲ့ပါတယ်။ ဒါပေမယ့် ဗိုလ်ကြီးဆိုသူက အထက်ကို တင်ပြပေးဖို့ ငြင်းပယ်ခဲ့ပါတယ်။ ပြန်အထွက်မှာလည်း စဝ်ကြာဆိုင်ကို "မင်း နောင်တ ကောင်းကောင်းရစေမယ်"လို့လည်း ကျိန်းမောင်းသွား ခဲ့ပါတယ်။

ဒါပေမယ့်လည်း ကံကောင်းချင်တော့ တညလူခြေတိတ်ချိန်မှာ အစောင့်တာဝန်ကျနေတဲ့ ရဲဘော်တဦးက သူ့ကို ဆက်သွယ်လာခဲ့ပါတယ်။ သူ့ကိုယ်သူ ကချင်ရဲဘော်တဦးပါ၊ သူကိုယ်တိုင်လည်း ဗမာစစ်တပ်က အခုလိုဗိုလ်ကျ အုပ်စိုးနေတာမျိုး မကျေနပ်ပါဘူး။ သူ့အနေနဲ့ လွတ်မြောက်အောင်တော့ မကူညီပေးနိုင်ဘူး၊ သို့သော်လည်း အိမ်ကို စာပို့ပေးဖို့တော့ ကူညီပေးနိုင်တယ်လို့ ဆိုလာခဲ့ပါတယ်။ ဒီလိုနဲ့ပဲ သူက ဇနီးဖြစ်သူဆီကို စာတိုလေး ရေးပို့ပေးနိုင်ခဲ့ပါတယ်။ စာပါ နေ့စွဲကတော့ ၁၉၆၂ ခုနှစ်၊ မတ်လ ၂ ရက်နေ့ပါ။ သူက "လိုင်ဘလင်း၊ ကိုယ် ဗထူးမြို့ စစ်တပ်ထဲမှာ ချုပ်နှောင်ခံထား ရတယ်။ အခုအချိန်အထိတော့ အိုကေပါတယ်။" လို့ စာရေးပို့ပေးနိုင်ခဲ့ ပါတယ်။ ကချင်ရဲဘော်လေးရဲ့ အကူအညီနဲ့ပဲ နောက်ထပ်စာတစောင်ကိုလည်း ထပ်ပြီးပို့ပေးနိုင်ပါတယ်။

ဒီလို ထိတ်လန့်ကျေကွဲဖွယ် အဖြစ်တွေနဲ့ စာအုပ်ကို စတင်ဖွင့်ခဲ့ပြီး ကျန်တဲ့ အခန်း-၃ နဲ့ ၄၊ ၅ မှာတော့ သူတို့ ရဲ့ နောက်ကြောင်း ဆွတ်ပျံ့ကြည်နူးဖွယ် ချစ်ဇာတ်လမ်းကို ပြန်လို့ ဖော်ပြခဲ့ပါတယ်။ စဝ်ကြာဆိုင်က သီပေါ စော်ဘွား အရိုက်အရာ ဆက်ခံပြီးတဲ့နောက်မှာ အမေရိကန်နိုင်ငံ၊ ကော်လိုရာဒိုပြည်နယ်၊ ဒင်းဗားမြို့က ကော်ရိုရာဒို သတ္တုမိုင်းသင်တန်းကျောင်းမှာ ကျောင်းတက်ခဲ့ပါတယ်။ သူက သတ္တုတွင်း အင်ဂျင်နီယာ ပညာသင်ကြား နေသူပါ။ ဇနီးလောင်းဖြစ်လာမယ့် အင်ဂါကတော့ သြစတြီးယားနိုင်ငံကနေ ဧည့်ကျောင်းသူအဖြစ် တနှစ်တာ ကျောင်းလာတက်တဲ့ အချိန်ပါ။ တွေ့ဆုံပွဲတခုမှာ တွေ့ကြပြီး၊ သိပ်မကြာခင်ကာလမှာပဲ စဝ်ကြာဆိုင်က လက်ထပ်ဖို့ ချစ်ရေးဆိုခဲ့ပါတယ်။ သူက ရှမ်းပြည်၊ သီပေါနယ်က မင်းသားစော်ဘွားတဦးဖြစ်ကြောင်းကို ကျောင်းအုပ်ကြီးတဦးကိုသာ အသိပေးထားပြီး လျှို့ဝှက်ထိန်းသိမ်းပေးထားဖို့ တောင်းဆိုခဲ့ပါတယ်။ နောက်ဆုံး သူ့ချစ်သူ အင်ဂါကိုတောင် အဖြစ်မှန်ကို မပြောဘဲ ထားခဲ့ပါတယ်။ ကျောင်းသားဘဝက သူတို့ချစ်ရည်ဆမ်းခဲ့ ပုံကို ဖော်ပြထားခဲ့သလို၊ မြန်မာပြည်ကို သင်္ဘောနဲ့အပြန် ရန်ကုန်ဆိပ်ကမ်းရောက်မှ စော်ဘွားတဦးဖြစ်ကြောင်း သိလိုက်ရတဲ့အခါ ဖြစ်လာတဲ့ စိတ်လှုပ်ရှားမှု၊ မထင်မှတ်ထားတဲ့ ဧည့်ခံကြိုဆိုပွဲတွေ၊ မထင်မှတ်ထားတဲ့ ရှမ်းပြည်နယ် သီပေါက သူတို့ရဲ့ အနာဂတ်မိသားစု အိမ်ယာ၊ ကြိုဆိုပွဲတွေ၊ မင်းခမ်းမင်းနားတွေနဲ့ ရှမ်းလူမျိုးတွေရဲ့ ယဉ်ကျေးမှု ဓလေ့စရိုက်၊ ရှမ်းလူမျိုးတွေရဲ့ ပျော်ပွဲရွှင်ပွဲတွေနဲ့ သူတို့မိသားစုရဲ့ ပျော်ရွှင်ခဲ့ရတဲ့ ကာလအချိန်ကို လည်း ဆွတ်ပျံ့ကြည်နူးဖွယ် ပြန်လည်ဖော်ပြခဲ့ပါတယ်။
နောက်တပတ်မှာတော့ သူတို့ မောင်နှံ ရှမ်းပြည်က လူထုတွေ တိုးတက်ဖွံ့ဖြိုးရေးအတွက် တက်ညီလက်ညီ ဆောင်ရွက်ခဲ့ကြပုံ အကြောင်းတွေကို ဆက်လက်တင်ပြပါမယ်။ အားလုံးငြိမ်းချမ်းပျော်ရွှင်ကြပါစေ။

(ယခု ဆောင်းပါးကို လွတ်လပ်သောအာရှအသံ မြန်မာပိုင်းအစီအစဉ် RFA မှ ထုတ်လွှင့်သွားခဲ့ပြီး ဖြစ်ပါသည်။ RFA ၏ မူပိုင်သာဖြစ်ပြီး ပြန်လည်ဖော်ပြခြင်း ဖြစ်သည်။)

1 comment:

မသက်ဇင် said...

ကျေးဇူးတင်ပါတယ်ရှင်

Recent Comments