Saturday, April 25, 2009
မြန်မာပြည်က ဆည်းဆာချိန် (၁)
ဒီတပတ်မှာတော့ ရှမ်းပြည်က သီပေါစော်ဘွား စဝ်ကြာဆိုင်ရဲ့ ဇနီးဖြစ်ခဲ့သူ စောသုစန္ဒီ ခေါ် အင်ဂါ ဆာဂျင့် (Inge Sargent) ရေးသားတဲ့ "မြန်မာပြည်က ဆည်းဆာချိန်၊ ရှမ်းစော်ဘွား မဟေသီ တဦးဖြစ်ခဲ့ရတဲ့ ကျမရဲ့ ဘဝ" ဆိုတဲ့ စာအုပ်ကို ဖော်ပြမှာ ဖြစ်ပါတယ်။ စာအုပ်ရဲ့ ပထမအခန်းနဲ့ နာမည်ကြီးစာရေးဆရာ ဘာတေးလ် လင့်တနာရေးသားပေးတဲ့ အမှာစာကို ယခုအပတ်မှာ မိတ်ဆက်ပေးထားပါတယ်။
သောတရှင် မိတ်ဆွေများခင်ဗျား။
၁၉၆၆ ခုနှစ်၊ ဇွန်လ ပွင့်လင်းတဲ့ နွေရာသီ မွန်းလွဲပိုင်းမှာ သြစတြီးယားနိုင်ငံ၊ မြို့တော် ဗီယင်နာမှာရှိတဲ့ ဇိမ်ခံ ဟော်တယ် တခုဖြစ်တဲ့ စခလော့စ် လော်ဒွန် (Schloss Laudon) ရဲတိုက်ထဲကို လိပ်ခုံးပုံ ဗောက်စ်ဝက်ဂွန် ကားလေးတစီး မောင်းဝင် လာပါတယ်။ ဒီဟော်တယ်ကို သြစတြီးယားရဲတွေက သေချာစောင့်ကြပ်ထားပါတယ်။ ဒါပေမယ့် အခုကားကလေးမှာ ထိုင်းနိုင်ငံ သံရုံးအမှတ်တံဆိပ် ဝင်ခွင့်လက်မှတ်ကြောင့်သာ ဝင်ခွင့်ရခဲ့တာပါ။
ကားပေါ်ကနေ ဥရောပတိုက်သူ အမျိုးသမီးတဦးနဲ့ ၁ဝ-နှစ်အရွယ်နဲ့ ၇- နှစ်အရွယ် သမီးကလေး ၂-ယောက် ဆင်းလာပါ တယ်။ သူတို့က ခမ်းနားတဲ့ ပရိဘောကတွေနဲ့ ချယ်သထားတဲ့ ဟော်တယ်အခန်းထဲကို ရဲရဲဝံ့ဝံပဲ ဝင်သွားကြပါတယ်။ ခဏလောက် မျက်စေ့ကစားလိုက်တဲ့အခါ သူတို့တွေ့လိုတဲ့ သူကို မြင်ကြရပါတယ်။ သူတို့ က အာရှတိုက်သူ အမျိုးသမီး တယောက်ဆီကို ချည်းကပ်သွားပြီး "ကျမ ဗိုလ်ချုပ်ကြီးနဲ့ တွေ့ချင်ပါတယ်" လို့ ဗမာလို ပီပီသသ ပြောလိုက်ပါတယ်။
အပြောခံရသူ အမျိုးသမီးရဲ့ မျက်လုံးက လှစ်ကနဲ အပေါ်ကို မော့ကြည့်လိုက်သလို၊ ဧည့်သည့် အမျိုးသမီးကလည်း လိုက်ကြည့်ပါ တယ်။ ယောက်ျားတယောက် လှစ်ကနဲ ဝင်လို့ ပျောက်ကွယ်သွားတာ တွေ့လိုက်ရပါ တယ်။ ထိုင်ပါဦး၊ လက်ဖက်ရည် သုံးဆောင် ပါဦး ဆိုတော့ သူက ကျေးဇူးတင်ပါတယ်၊ ကျမမှာ ပုဂ္ဂိုလ်ရေးကိစ္စနဲ့ ဗိုလ်ချုပ်ကြီးနဲ့ တွေ့ဖို့ရှိတယ်လို့ ပြန်ပြောပါတယ်။ "သူနား နေပါတယ်။ ရှင့်ကို တွေ့နိုင်မှာ မဟုတ်ဘူး" လို့ လိမ်ညာ ပြန်ပြောခဲ့ပါတယ်။ ဥရောပသူ အမျိုးသမီးက သူတွေ့ချင်တဲ့သူကို တွေ့ခွင့်မရခဲ့ပါဘူး။
ဧည့်သည်ကို မတွေ့ဘဲ ပုန်းအောင်နေခဲ့တဲ့သူက ၁၉၆၂ ခုနှစ်၊ စစ်အာဏာသိမ်းခေါင်းဆောင် ဗိုလ်ချုပ်ကြီး ဦးနေဝင်း ဖြစ်ပါတယ်။ သူက နှစ်စဉ်ဆိုသလို သြစတြီးယားမှာ အပန်းဖြေရင်း နာမည်ကျော် စိတ်ရောဂါကု ဆရာဝန် ဒေါက်တာဟန်းစ် ဟော့ဖ်နဲ့ တိုင်ပင်အကုသခံလေ့ရှိပါတယ်။ သူလာရောက်ချိန်မှာ မိသားစု၊ စစ်တပ် အရာရှိတွေလည်း ပါလာတတ်ပြီး၊ ဧည့်လက်ခံတွေ့ဆုံသူ အမျိုးသမီးကတော့ ဦးနေဝင်းရဲ့ဇနီး ဒေါ်ခင်မေသန်း ပဲ ဖြစ်ပါတယ်။
ဧည့်လာတွေ့ခဲ့တဲ့ ဥရောပတိုက်သူ အမျိုးသမီးကတော့ အခုဖြစ်ရပ်ကို စာအုပ်ပြန်ရေးသားသူ သီပေါစော်ဘွား စဝ်ကြာဆိုင် ရဲ့ ဇနီး၊ စောနန်းသုစန္ဒီ ခေါ် အင်ဂါ ဆာဂျင့် (Inge Sargent) နဲ့ သူ့သမီး မာယာရီနဲ့ ကိန္နရီတို့ပဲ ဖြစ်ပါ တယ်။
ခင်ပွန်း သီပေါစော်ဘွား စပ်ကြာဆိုင်ကတော့ ဦးနေဝင်းအာဏာသိမ်းတဲ့ အချိန်ကစလို့ ဖမ်းဆီးခံရပြီး၊ သေ သလား၊ ရှင်သလား သတင်းစကားမရပဲ ပျောက်ဆုံးနေခဲ့ရသူပါ။ ဒီအဖြစ်တွေကို သူက "မြန်မာပြည်က ဆည်းဆာချိန်၊ ရှမ်းစော်ဘွား မဟေသီတဦး ဖြစ်ခဲ့ရတဲ့ ကျမရဲ့ဘဝ" ဆိုတဲ့ အမည်နဲ့ စာအုပ်တအုပ်ရေးလို့ ၁၉၉၄ ခုနှစ်က ထုတ်ဝေခဲ့ပါတယ်။ ဒီစာအုပ်ကလေးကို မြန်မာ ဘာသာနဲ့ "မှုန်ပြာရီမှိုင်း"ဆိုပြီး ဘာသာပြန် ထားတာကိုလည်း ဖတ်ခဲ့ရဖူးပါတယ်။ ဘာသာ ပြန်သူ အမည်ကို မတွေ့ခဲ့ရသလို၊ ဒီစာအုပ်ကိုလည်း နယ်စပ်နဲ့ မြန်မာပြည် အပြင်မှာသာ ဖြန့်ချိခဲ့တယ် ဆိုတာကိုလည်း သတိပြုမိခဲ့ပါတယ်။
စာရေးသူ အင်ဂါ ဆားဂျင့်က သြစတြီးယားနိုင်ငံသူပါ။ ၁၉၅ဝ ခုနှစ်များမှာ အမေရိကန်နိုင်ငံ၊ ကော်လိုရာဒို ပြည်နယ်၊ ဒင်းဗားမှာ ကျောင်းတက်စဉ်က ခင်ပွန်းလောင်း စဝ်ကြာဆိုင်နဲ့ ဖူးစာဆုံခဲ့ရပါတယ်။ စဝ်ကြာဆိုင် ကတော့ ကျောင်း မသွားခင် ၁၉၄၇ ခုနှစ်မှာကတည်းက စော်ဘွားတာဝန်ကို လက်ခံခဲ့သော်လည်း သူ့ဇနီး လောင်းကို မပြောဘဲ ထားခဲ့ပါတယ်။ သူတို့မေတ္တာမျှ လက်ထပ်ကြပြီး၊ မြန်မာပြည် ပြန်လာတဲ့အခါမှာ သင်္ဘော ဆိပ်ရောက်တော့မှ လာကြိုသူအများအပြားကိုတွေ့ပြီး၊ သူ့ခင်ပွန်းဟာ စော်ဘွား၊ တနည်း ဘုရင်ငယ်တပါးဆို တာ သိခဲ့ရပါတယ်။ ဒီလိုနဲ့ သူ့ဘဝတဆစ်ချိုးလည်း ပြောင်းလဲခဲ့ရပါတယ်။ အင်ဂါကို ၁၉၅၇ ခုနှစ်၊ နိုဝင်ဘာလ ၂ ရက်နေ့မှာ မဟာဒေဝီအဖြစ် အသိအမှတ်ပြုဘွဲ့နှင်းပြီး၊ စောနန်းသုစန္ဒီဆိုတဲ့ အမည်ရလာပါတယ်။ စဝ်ကြာ ဆိုင် စော်ဘွားအဖြစ် ဦးဆောင်ရတဲ့ သီပေါနယ်ကတော့ မန္တလေး-လားရှိုးမီးရထားလမ်းပေါ်မှာ တည်ရှိပြီး၊ ရှမ်းပြည် အရှေ့မြောက်ပိုင်းမှာ တည်ရှိပါတယ်။ သူတို့နှစ်ဦးက နောက်ပိုင်းမှာ လက်တွဲညီညီ ရှမ်းဒေသမှာ မြေယာ၊ စိုက်ပျိုးရေးစနစ် ပြုပြင်ပြောင်းလဲရေး၊ ခေတ်မီရေး ကိစ္စတွေကို လုပ်ဆောင်ခဲ့ကြပါတယ်။ အရိုင်းသဖွယ်ဖြစ်နေ သေးတဲ့ မြေမှာ သူသင်လာတဲ့ ပညာနဲ့ သတ္တုထုတ်လုပ် ဖော်ထုတ်ရေး၊ သုတေသနနဲ့ အခြား ဖွံ့ဖြိုးရေးကိစ္စတွေ ကိုလည်း လုပ်ဆောင်ခဲ့ကြပါတယ်။ နောက်ဆုံး ၁၉၆၂ စစ် အာဏာသိမ်းတော့မယ့်အချိန်၊ မြန်မာပြည်ရဲ့ ဆည်းဆာချိန် အထိတိုင်အောင်ပဲလို့ ဆိုရပါလိမ့်မယ်။
ဒီအတွေ့အကြုံတွေကို သူက ဒီစာအုပ်မှာ ပြန်လည်ဖော် ပြခဲ့ပါတယ်။ စာရေးသူ မာတင်စမစ်ကတော့ မိတ်ဆက်နိဒါန်းရေးလို့ ရှမ်းတွေရဲ့ သမိုင်း၊ နောက်ခံ အချက်အလက်တွေကို ရှင်းပြခဲ့ပါတယ်။
ရှမ်းပြည်နယ်က ၁၉၃၁ သန်းခေါင်စာရင်းအရ မြန်မာနိုင်ငံလူဦးရေရဲ့ ၇ % ရှိပြီး လူမျိုးပေါင်းစုံ ရှမ်းကုန်းမြေမြင့် ဒေသမှာ နေထိုင်ကြပါတယ်။ ရှမ်းလူမျိုးတွေက သူတို့ဘာသာ "တိုင်း" လို့ခေါ်ကြပြီး၊ တရုတ်နိုင်ငံ တောင်ပိုင်း နန်ချောင်အင်ပိုင်ယာ က ဆင်းသက်လာကြသူတွေ ဖြစ်ပါတယ်။ ရှမ်းလူမျိုးတွေနဲ့ ဗမာတွေက သမိုင်းကြောင်း အရ သူပြိုင် ကိုယ်ပြိုင် အာဏာ လွှမ်းနိုင်ဖို့ ကြိုးပမ်းခဲ့ကြသူတွေ ဖြစ်ပါတယ်။ ဒီလိုအပြိုင်ဖြစ်လာတာ ၁၆ဝ၄ ခုနှစ်၊ ဗမာတွေက လွှမ်းမိုးချယ်လှယ်နိုင်တဲ့ အထိပဲလို့ ပါမောက္ခ ဂျိုးဆက်ဖ် ဆေးလ်ဗားစတိန်းက ဆိုခဲ့ပါတယ်။
ရှမ်းတွေက သူတို့ဘာသာလည်း မညီညွတ်နိုင်ကြပါဘူး။ ရှမ်းကုန်းမြေမြင့်ပေါ်မှာ ဒေသ ၃ဝ ကျော် ကိုယ့်ဒေသ၊ ကိုယ့်စော်ဘွား၊ ကိုယ့်အာဏာနဲ့ တည်ခဲ့ကြပါတယ်။ မြန်မာနိုင်ငံကို အင်္ဂလိပ်က ကိုလိုနီပြုပြီး ၁၉၂၂ ခုမှာ တော့ ရှမ်းပြည်နယ်ကို ဖယ်ဒရယ် ရှမ်းပြည်အဖြစ် အုပ်ချုပ်ရေးအရ ဖွဲ့စည်းပေးခဲ့ပြီး ကောင်စီနဲ့ အုပ်ချုပ်ပါတယ်။ ဗြိတိသျှတွေရဲ့ ကိုလိုနီစနစ်က မြန်မာနိုင်ငံ ပြည်မဒေသမှာ ဆန်စပါးထုတ်လုပ်၊ ပြည်ပပို့ရေး ရည်ရွယ်ချက်ရှိခဲ့ပေ မယ့်၊ ရှမ်းပြည်နယ်လို ဒေသမှာတော့ တည်ငြိမ်အေးချမ်းမှုနဲ့ ငြိမ်းချမ်းမှုကို ခံစားခဲ့ရတယ် ဆိုပါတယ်။ သိပ်ပြီး တိုးတက်မှု မရှိသလို၊ နိုင်ငံရေးအရလည်း ထူးထူးခြားခြား မရှိခဲ့ပါဘူး။ ဒါပေမယ့် ဂျပန်တွေ မြန်မာပြည်ဝင်လာ တဲ့ အချိန် ၁၉၄၂ ခုနှစ်ထိပဲ လို့ ဆိုရပါလိမ့်မယ်။ ဂျပန်ခေတ်မှာတော့ ရှမ်းပြည်နယ် ထဲမှာ ဂျပန်တပ်တွေရယ်၊ ချန်ကေရှိတ်ရဲ့ တရုတ် ကူမင်တန်တပ်တွေရယ် တိုက်ပွဲတွေ ပြင်းထန်ခဲ့ကြပါတယ်။
ဗြိတိသျှတွေ ဒုတိယကမBာစစ်ပြီးလို့ ပြန်ဝင်လာတဲ့အခါမှာတော့ မြန်မာပြည်မမှာ လွတ်လပ်ရေးတောင်းဆိုမှု တွေ၊ အမျိုးသားရေး နိုးကြားမှုတွေ စနေပါပြီ။ ရှမ်းပြည် အပါအဝင် တောင်တန်းဒေသတွေလည်း ပြည်မနဲ့အတူ လွတ်လပ်ရေး ယူကြဖို့ တိုက်တွန်းဆွေးနွေးမှုတွေ ဖြစ်လာပါတယ်။ ၁၉၄၇ ခုနှစ်၊ ပင်လုံစာချုပ် ချုပ်ဆိုကြတဲ့အခါ မှာ ရှမ်းစော်ဘွားတွေက ၁ဝ-နှစ်ပြည့်တဲ့အခါ မကျေနပ်ရင် ပြည်ထောင်စုကနေ ခွဲထွက်ခွင့်တောင်းလို့ ဗမာ ခေါင်းဆောင်တွေက လိုက်လျောခဲ့ကြ ပါတယ်။ အခုဖြစ်ရပ်တွေက ဒီနောက်ပိုင်းကာလတွေမှာ အခြေတည်ခဲ့တဲ့ တကယ့် ဖြစ်ရပ်တွေပါ။ နောက်အပတ်မှာ ဆက်လက်တင်ပြပါမယ်။ အားလုံး ငြိမ်းချမ်းပျော်ရွှင်နိုင်ကြပါစေ။
(ယခု ဆောင်းပါးကို လွတ်လပ်သောအာရှအသံ မြန်မာပိုင်းအစီအစဉ် RFA မှ ထုတ်လွှင့်သွားခဲ့ပြီး ဖြစ်ပါသည်။ RFA ၏ မူပိုင်သာဖြစ်ပြီး ပြန်လည်ဖော်ပြခြင်း ဖြစ်သည်။)
Labels:
ဆောင်းပါးများ
Subscribe to:
Post Comments (Atom)
1 comment:
ရေဒီယို နားမထောင်ဖြစ်တော့ အခုလို ဖေါ်ပြပေးတာကို
ကျေးဇူးတင်ပါတယ်ရှင်
စိတ်ဝင်စားစရာကောင်းပါတယ်
Post a Comment