Pages

Wednesday, April 22, 2009

ဟားဗတ်ဒိုင်ယာရီ (၁)

အကြောင်းကြောင်းကြောင့်ရယ်၊ ကံကောင်းထောက်မလို့ရယ်ပဲ ဆိုရပါလိမ့်မယ်။ ကျနော် ဟားဗတ်တက္ကသိုလ်ကို ရောက် ခဲ့ရသလို ပညာသင်ကြားခွင့်ရခဲ့ပါတယ်။ ဒီအကြောင်းတွေကို ပြန်ရေးပါလားလို့ မိတ်ဆွေတချို့က တိုက်တွန်းလာခဲ့ပါတယ်။ တကယ်ကတော့ ကျနော်က ပြန်ရေးဖို့ အကြိမ်ကြိမ် စဉ်းစားဖူးပါတယ်။ ဘာဖြစ်လို့လည်းဆိုတော့ "ကိုယ့်ကိုယ်ကိုဖော် မသူ တော်" ဆိုတာမျိုး မြန်မာစကားမှာ ရှိသလို၊ နိုင်ငံခြားတက္ကသိုလ်ကြီးတွေမှာ တက်ခဲ့သူတွေက ဒီလိုအတွေ့အကြုံတွေ ပြန် ရေးကြတာကလည်း ရှားရှားပါးပါး မဟုတ်လား။ တိုက်တွန်းကြသူ မိတ်ဆွေတွေကတော့ နောင်လာနောက်သား လူငယ် ကလေးတွေက အားကျဖွယ်လည်း ဖြစ်အောင်၊ ကျနော်တို့ ပညာရေးစနစ်နဲ့ သူတို့တွေ ပညာရေးစနစ်က ဘာတွေ ကွာခြား နေသလဲဆိုတာ ထင်ရှားသိသာအောင် ရေးပြပါ လို့ အကြံပေးလာပါတယ်။ ဒီလိုနဲ့ပဲ ပြန်ရေးဖြစ်ပါတယ်။ ဒိုင်ယာရီလို့သာ နာမည်ပေးထားတာပါ။ တကယ်ကတော့ ကျနော့် မှတ်မိမှတ်ရာ သတိရဖွယ်အကြောင်းလေးတွေကို ပြန်ရေးဖြစ်တာပဲ ဖြစ်ပါတယ်။

တောထဲမှသည် ဟားဗတ်ဆီသို့
ကျနော်က ၁၉၈၈ ခုနှစ်၊ ဒီမိုကရေစီ အရေးတော်ပုံကြီးကို စစ်တပ်က အကြမ်းဖက်ဖြိုခွဲပြီးနောက်ပိုင်းမှာ တောထဲကို ရောက် လာခဲ့တယ်။ ရောက်လာခဲ့တယ် ဆိုတာထက် ကိုယ့်ဖာသာ ထွက်လာခဲ့တယ်လို့ ပြောရပါလိမ့်မယ်။ တကယ်ကတော့ ဖမ်း မှာဆီးမှာကြောက်လို့ ထွက်ပြေးလာကြတာထက်စာရင်၊ အဲသည်အချိန်က လူငယ်ပီပီ လက်နက်ကိုင်တိုက်မှရမယ်လို့ မြင် ကြပြီး၊ လက်နက်ကိုင်တော်လှန်ရေးဆက်ဆင်နွှဲကြမယ် ဆိုပြီး တောထဲကို ထွက်လာခဲ့ကြတာပါ။ အဲသည်အချိန်က ကျနော် က ဆေးတက္ကသိုလ် (၂) မှာ နောက်ဆုံးနှစ် အပိုင်း (ခ) အတန်းမှာ ပညာသင်ကြားနေဆဲ ထွက်လာခဲ့တာပါ။ ပြောရမယ်ဆို ရင်တော့ မြန်မာပြည်မှာ ဆရာဝန်ဖြစ်ဖို့ လအချို့ပဲ ဆက်သင်ကြားဖို့ လိုတော့တဲ့ အချိန်ပါ။ တောထဲရောက်လာတော့လည်း ပညာဆက်သင်ကြားခွင့်ရမယ်ဆိုတာတွေ မမျှော်လင့်ခဲ့မိပါဘူး။ ပထမကာလတွေမှာ ကျနော်က စခန်းတခုမှာ ဆေးမှူး လေးအဖြစ် တာဝန်ယူခဲ့ရပါတယ်။ နောက်ပိုင်းတော့ နိုင်ငံရေးတာဝန်တွေ ယူခဲ့ရပါတယ်။ သင်ခဲ့တာက ဆေးပညာ၊ လုပ် နေရတာက အခြားကိစ္စတွေ ဖြစ်လာပါတော့တယ်။ နိုင်ငံကိုက အလွဲဆိုတော့ ကျနော်တို့လည်း အလွဲအကြိမ်ကြိမ်ကြုံကြရ တာပေါ့ဗျာ။

တောထဲရောက်ခါစ အစပိုင်းလောက်မှာ နိုင်ငံခြားပညာတော်သင် အစီအစဉ်တွေလုပ်မယ်လို့ ကြားလာကြရပါတယ်။ ၁၉၈၈- ၈၉ နှစ်ဆန်းပိုင်းလောက်မှာ အဲသည်အချိန်က တပ်ပေါင်းစု မြန်မာနိုင်ငံ၊ ဒီမိုကရက်တစ်မဟာမိတ်အဖွဲ့ချုပ် (DAB) က စီစဉ်တာပါ။ အဲသည်အချိန်က တပ်ပေါင်းစုမှာ ခေါင်းဆောင်တာဝန်ယူကြသူ ဒေါက်တာတူးဂျာ အပါအ၀င် အခြားခေါင်း ဆောင်တွေက ဂျာမဏီနိုင်ငံကို ခရီးထွက်ကြပြီးနောက်ပိုင်းမှာ ပညာတော်သင် အစီအစဉ်အချို့ သဘောတူညီလာကြတယ် လို့ ကြားသိရပါတယ်။ အဲသည်အချိန် ၁၉၈၈ ခုနှစ်က နယ်စပ်ထွက်လာကြသူ အများစုကလည်း တက္ကသိုလ်ကျောင်းသား ကျောင်းသူတွေ ဆိုတော့ နိုင်ငံတကာကလည်း ပညာဆက်သင်ကြားဖို့ ကူညီလိုကြတာ ဖြစ်ပါလိမ့်မယ်။ ကျနော်တို့ ရောက် နေကြတဲ့ ဘုရားသုံးဆူစခန်းဖက်မှာ ဒီသတင်းကို ပြန်ပြောလာသူက မွန်ပြည်သစ်ပါတီက ခေါင်းဆောင် နိုင်ဟံသာပါ။ ပညာဆက်သင်ကြားရေးကို အဲသည်အချိန်က စိတ်ဝင်စားကြသူက အတော်နည်းပါတယ်။ အများစုကတော့ ချမယ်-နှက် မယ် စစ်သွေးကြွနေကြတဲ့ အချိန်ပါ။ ပညာတော်သင်သွားဖို့ဆိုတာ စခန်းမှာ အစည်းအဝေး ဆုံးဖြတ်ချက်တွေ ဘာတွေလုပ် ပြီး၊ အတင်းအကျပ် ဆုံးဖြတ်ရတာပါ။ ပညာသင်ကြားဖို့ဆိုတာကလည်း ရေရှည်မြှုပ်နှံမှုဖြစ်တယ်၊ သွားတဲ့သူတွေက အနစ် နာခံပြီး သွားရမယ့် ပုံစံမျိုးအထိ ပြောဆိုဆုံးဖြတ်ခဲ့ကြရတာပါ။ နောက်တော့ လူရွေးချယ်ကြ၊ နောက်ခံမှာ စောင်တွေကာပြီး ပတ်စ်ပို့တ်ဓါတ်ပုံတွေ ရိုက်ကြတာလည်း မှတ်မိပါသေးတယ်။ နောက်တော့ DAB အစီအစဉ်က ဘယ်လို ဖြစ်သလဲမသိဘူး။ အဖျားရှူးသွားပါတယ်။ ဂျာမဏီသွားဖို့ ရွေးထားသူတွေကလည်း ကြားအင်းဆိပ်ကြီးမြို့နယ်ဖက် ရှေ့တန်း တောင်ပေါက် ၂၄ ရွာကို ရောက်သွားကြပါတယ်။

တခါ ၁၉၉၀ နှစ်များ အလယ်ပိုင်းကိုရောက်လာတော့ ပညာတော်သင်အစီအစဉ် ဆိုတာတွေ ဖြစ်လာပါတယ်။ Open Society Institute (OSI) ဆိုတဲ့ ငွေကြေးအရင်းရှင်ကြီး ဂျော့ခ်ျ ဆိုရို့စ် (George Soros) က တည်ထောင်ထားတဲ့ အဖွဲ့က ကူညီတဲ့ ပညာတော်သင် အစီအစဉ်အချို့လည်း ဖြစ်လာကြပါတယ်။ သည်လိုနဲ့ နယ်စပ်ရောက်အချို့လူငယ်တွေကလည်း ပညာဆက်သင်ကြားနိုင်ဖို့ ဖြစ်လာပါတယ်။ အဲသည်အချိန်က UN ဒုက္ခသည် အသိအမှတ်ပြုကဒ်ပြားနဲ့ဆိုရင် ထိုင်းနိုင်ငံမှာ TOEFL လို့ခေါ်တဲ့ အင်္ဂလိပ်စာ အရည်အချင်းစစ် စာမေးပွဲဝင်ခွင့်စာမေးပွဲကို ပထမပိုင်းမှာ ၀င်ခွင့်ရကြပါသေးတယ်။ နောက်ပိုင်းမှာတော့ ပတ်စ်ပို့မရှိရင် မရကြတော့ပါဘူး။

ကျနော် ကျောင်းသွားဖို့ ဖြစ်လာတဲ့အချိန်က ၂၀၀၁ ခုနှစ်မှပါ။ ကျနော် ဟားဗတ်တက္ကသိုလ်ကို မသွားမီမှာ ကိုအောင်နိုင်ဦး နဲ့ ကိုဝင်းမင်းတို့က ကျောင်းမှာ အရင်သွားပြီး စာသင်နေကြပါပြီ။ အဲသည်ကာလမှာ ဟားဗတ်တက္ကသိုလ်က မြန်မာပြည် တွင်းမှာရယ်၊ နယ်စပ်ဒေသမှာ ကျောင်းသားအချို့လာရောက် စည်းရုံးတာတွေ စလာခဲ့ပါတယ်။ ဟားဗတ်တက္ကသိုလ်မှာ အရင်က မြန်မာကျောင်းသားတွေ ကျောင်းတက်ခွင့်ရခဲ့ဖူးတာတွေ ရှိပါတယ်။ NLD ပါတီက ဗဟိုအလုပ်အမှုဆောင် အဖွဲ့ ၀င် ဦးညွန့်ဝေက ၁၉၅၀ ခုနှစ်ပိုင်းတွေတုန်းက ဟားဗတ်တက္ကသိုလ်မှာ ကျောင်းတက်ပညာသင်ခဲ့ဖူးပါတယ်။ နောက်ပိုင်း တခါ ပြတ်သွားပြန်ပါတယ်။ ၁၉၇၀ ခုနှစ်ပိုင်းလောက်မှာ အချို့သူတွေ ပညာသင်ခွင့်ရပြန်ပါတယ်။ တခါ ပြန်ပြတ်သွားပြန်ပါ တယ်။ နောက်တော့ ၂၀၀၀ ခုနှစ် ပတ်ဝန်းကျင်လောက်ရောက်မှ တခါ အခွင့်အလမ်း ပြန်ပေါ်လာတာပါ။ အခုလို အစီ အစဉ်တွေ စလာတက မြန်မာနိုင်ငံ အနာဂတ်တည်ဆောက်ရေးကိစ္စတွေ ကျောင်းဖက်က စဉ်းစာလာတာမျိုး ဖြစ်နိုင်သလို၊ ကျောင်းသားတွေကို လာစည်းရုံးတဲ့ မစ္စ ကာရိုးလ် ဂရော်ဇင် (Carol Grodzins) ရဲ့ စိတ်စေတနာလည်း ပါဝင်ပါလိမ့်မယ်။ သူက (Mason Program) မေဆင်ပရိုဂရမ်ရဲ့ ဒါရိုက်တာ  တာဝန်ယူခဲ့ဖူးသလို၊ နောက်ပိုင်း တာဝန်မယူတော့တဲ့ကာလမှာ လည်း ကျောင်းသားတွေ ရှာဖွေစည်းရုံးသူ အဖြစ် ဆက်လက်တာဝန်ယူဆဲပါ။ ဒီလိုနဲ့ ကျောင်းလျှောက်လွှာ ကျနော့်လက် ထဲ ရောက်လာခဲ့ပါတယ်။   

တကယ်တော့ ကျောင်းသွားမယ်လို့ ပြင်ဆင်ကတည်းက ၂၀၀၀ ခုနှစ်ကတည်းက စပြီး ကြိုတင်ပြင်ဆင်တာတွေ လုပ်ကြရ ပါတယ်။ TOEFL ဖြေဖို့ လုပ်ကြရတာ၊ ကျောင်းလျှောက်လွှာ ပြင်ဆင်ရတာ၊ ကိုယ့်ကိုထောက်ခံမယ့်သူ ၃-ဦး ရှာရတာတွေ လုပ်ကြရပါတယ်။ ကျနော့်အဖို့ကတော့ ပတ်စ်ပို့လုပ်တာတွေပါ ပြင်ရပါတယ်။ ဘာဖြစ်လို့လည်းဆိုတော့ အဲသည်အချိန်မှာ TOEFL ဖြေဖို့ဆိုရင် တရားဝင်ပတ်စ်ပို့တ် မရှိရင် မရတော့ပါဘူး။ အဲသည်တော့လည်း မြန်မာပြည်ထဲကို ပြန်ဆက်သွယ်၊ ပတ်စ်ပို့တ် တခုရအောင် လုပ်ကြရပါတယ်။ တကယ်တော့လည်း ဖက်ပေါင်းစုံ ခြစားနေတဲ့ နိုင်ငံတခုမှာ ပတ်စ်ပို့တခုရဖို့ ဆိုတာကလည်း ငွေပေးရင် ဖြစ်နေတော့ မခက်လှပါဘူး။ သို့သော်လည်းပေါ့လေ၊ ပြည်ပကနေ တရားမ၀င်ရပ်တည်နေရသူ တဦး၊ အတိုက်အခံအင်အားစုဝင်တဦးက လုပ်ရတာဆိုတော့ သိပ်ပြီးတော့လည်း မလွယ်လှပါဘူး။

ဒီအချိန်မှာ ကျနော့်အတွက်က ငွေကြေးက ကျပ်တည်းလှသလို၊ အကုန်အကျကလည်း များလှပါတယ်။ တဖက်မှာလည်း နိုင်ငံရေးအရ ကိုမိုးသီးဇွန်၊ ကျနော် အပါအ၀င် အချို့က ABSDF ခေါင်းဆောင်ပိုင်းက ထွက်ပြီး၊ လူ့ဘောင်သစ်ပါတီနဲ့ ပူးပေါင်းဖို့ ဖြစ်လာပါတယ်။ အလားတူ ဒေါက်တာနိုင်အောင်နဲ့ အချို့သော ABSDF ခေါင်းဆောင်တွေကလည်း နှုတ်ထွက် ကြပြီး NDD (Network for Democracy and Development) ကို ထူထောင် ကြပါတယ်။ ABSDF ကို လူငယ်ပိုင်း ခေါင်း ဆောင်သစ်တွေ လက်ထဲ လွှဲခဲ့ဖို့ ဆုံးဖြတ်ကြပါတယ်။ အဖွဲ့အစည်းအတွင်း ခေါင်းဆောင်မှု အကျပ်အတည်း ပြဿနာတွေ ကြောင့် ပါသလို၊ နိုင်ငံရေး အကျပ်အတည်းတွေကြောင့်လည်း ပါပါတယ်။ အဲသည်အချိန်မှာ ကိုစိုင်းမြင့်သူက ABSDF ကြားကာလ ဥက္ကဋ္ဌဖြစ်လာပါတယ်။ ဆိုလိုတာကတော့ ကျနော့်အနေနဲ့လည်း အတောမသတ် နိုင်ငံရေးဆွေးနွေးပွဲတွေနဲ့ ရှုပ်နေတဲ့ကြားမှာ TOEFL ဖြေနိုင်ဖို့ လုပ်ရပါတယ်။ အဲသည်အချိန်မှာပဲ ၁၉၉၉ ခုနှစ်က စခဲ့တဲ့ "၉ လေးလုံး စီမံချက်" နိုင်ငံ ရေး လှုပ်ရှားမှုကလည်း နောက်ဆက်တွဲ အပြီးမသတ်နိုင်သေးဘဲ ဆက်လုပ်နေရတဲ့ ကာလပါ။  

ဟားဗတ်တက္ကသိုလ်က လိုအပ်ချက်အရဆိုရင် TOEFL အမှတ်က မြင့်ပါတယ်။ အဲသည်အချိန်မှာ TOEFL ဖြေဖို့လည်း အခြားဖြေဖူးသူတွေဆီက ဆည်းပူးကြရပါတယ်။ အဖွဲ့အစည်းမှာ တာဝန်ယူနေရင်း အင်္ဂလိပ်လို ပြောရဆိုရ၊ ပရိုပိုဆယ် တွေ၊ ရီပို့တ်တွေ ရေးရဆိုတော့ အင်္ဂလိပ်စာကတော့ ကိုယ့်ကိုယ်ကို မဆိုးလှဖူးလို့ ထင်ပါတယ်။ ဒါပေမယ့် TOEFL ဖြေမှ သာပဲ အသေအချာ ပြန်လေ့လာဖြစ်ပါတယ်။ အကြံပေးသူတို့က ဆိုပါတယ်။ TOEFL ဆိုတာ ကိုယ်သိတာကို မေးတာ မဟုတ်၊ ကိုယ်မသိတာကို မေးတာ။ အချိန်တိုအတွင်း အကန့်အသတ်နဲ့ ဖြေကြရတာ ဖြစ်တဲ့အတွက်လည်း တဖက်က စိတ် ဖိစီးမှု ရှိပါတယ်။ နောက်အကြံပေးမှု တခုကတော့ TOEFL ဖြေဖို့ ပြင်ဆင်နေတဲ့အခါမှာ တရက်ကို အနည်းဆုံးတနာရီ ဖတ်ပါ။ ဒီလိုနဲ့ ၃ လတိုင်တိုင်လုပ်ပါလို့ ဆိုလာပါတယ်။ ၃-လ လုပ်တဲ့အမှတ်နဲ့ ၆-လ လုပ်တဲ့ အမှတ်ဟာ အတူတူပဲလို့ ဆိုလာပါတယ်။ ဘာပဲဖြစ်ဖြစ် အဲသည်ကာလမှာ sub-title ပါတဲ့ ဗီဒီယိုရုပ်ရှင်တွေ ထိုင်ကြည့်ဖြစ်တာကတော့ ကျနော် TOEFL ဖြေဖို့အတွက် အထူးအထောက်အကူ ဖြစ်ခဲ့ပါတယ်။ နောက်ဆုံး TOEFL အမှတ် စနစ်ဟောင်းနဲ့ဆိုရင် ကျနော် ၅၇၀ ပတ်ဝန်းကျင်လောက် ရလာခဲ့ပါတယ်။

နောက်တခု ပြင်ဆင်ရတာက ကျောင်းဝင်ခွင့်နဲ့ ပညာသင်ဆုငွေ ဂရန့်တွေရဖို့ ရှာဖွေရ၊ အက်ဆေး (Essays) တွေ ရေးရ တာပါပဲ။ ဒီနေရာမှာ ကျောင်းဝင်ခွင့်ရဖို့က ပိုအရေးကြီးပါတယ်။ ပိုက်ဆံရှာတာကတော့ နောက်မှပါ။ ကျောင်းဝင်ခွင့်ရထား ရင် စကော်လာရှစ် ရှာတာက ပိုလွယ်ပါတယ်။ အကယ်၍ ငွေမပြည့်စုံသေးရင်တောင် နောက်တနှစ်မှကျောင်းတက်မယ် ဆိုပြီး defer လုပ်ထားလို့ ရနိုင်ပါတယ်။ ကျောင်းဝင်ခွင့် သေချာထားတဲ့အခါ ကျောင်းတက်ဖို့ငွေရှာရတာကလည်း ပိုလို့ အဆင်ပြေပါတယ်။ ကျောင်းဝင်ခွင့်က ဘယ်နေမှန်းမသိဘူးဆိုရင် ငွေရှာရတဲ့အခါလည်း မသေမချာ ဖြစ်နေနိုင်ပါတယ်။

ကျောင်းဝင်ခွင့်အတွက် အက်ဆေးတွေရေးရ ပြန်ပါတယ်။ အဲသည်အချိန်မှာလည်း တခုအကြံပေးဖို့ ရှိပြန်ပါသေးတယ်။ နောက်ပိုင်း ကျောင်းတက်ချင်ကြသူ လူငယ်အများအပြားကလည်း ကျနော့်ဆီကို အကြံတောင်းကြတာ ရှိပါတယ်။ သတိ ချပ်စရာကတော့ ကျောင်းတွေက ခေါင်းဆောင် (leaders) တွေကို ရှာနေတာပါပဲ။ နောက်လိုက်တွေကို ရှာနေတာ မဟုတ် ပါ။ ကိုယ်က ခေါင်းဆောင်တဦး ဖြစ်ကြောင်း၊ သို့မဟုတ် ခေါင်းဆောင်မှု အရည်အသွေး မခေသူဖြစ်ကြောင်း ပြသဖို့ လိုပါ တယ်။ ကျနော်တို့ ယဉ်ကျေးမှုမှာက ကိုယ့်အကြောင်း သိပ်ပြီးကြွားဝါဖော်ပြလေ့ မရှိကြပါဘူး။ ဒါပေမယ့် အများသူငါနဲ့ ယှဉ် အရွေးခံရဖို့ ပြိုင်ဆိုင်ကြတဲ့ကာလမှာ ကိုယ့်အရည်အချင်းကို သေချာရေးပြနိုင်မှ တော်ကာ ကျပါလိမ့်မယ်။ မဟုတ်ရင် ဘာဖြစ်လို့ ကိုယ့်ကို ကျောင်းက ရွေးရမှာလဲ ဆိုတာလည်း အသေအချာ စဉ်းစားဖို့ လိုအပ်ပါတယ်။ ခေါင်းဆောင်မှုဆိုတဲ့ နေရာမှာလည်း နိုင်ငံရေးမှသာ မဟုတ်ပါဘူး။ ပညာရေး၊ လူမှုရေး၊ အခြား အားကစား စသဖြင့် ကိစ္စ အများအပြားရှိပါ တယ်။ နောက်တခုက ကျောင်းတွေရဲ့ Psychology စိတ်ကူး စဉ်းစားပုံကိုလည်း သိထားဖို့ လိုအပ်ပါတယ်။ ကျောင်းတွေက သူတို့ ရွေးချယ်သူတွေမှာ လူပေါင်းစုံ ပါဝင်စေချင်ကြပါတယ်။ ဖက်ရှင်မယ်ကအစ၊ ဘတ်စကက်ဘော ထူးချွန်သူအဆုံး အားလုံး လူစုံတက်စုံဖြစ်အောင် ရွေးချယ်လိုကြတဲ့ ဆန္ဒရှိပါတယ်။ ကျနော်တို့ ကျောင်းတက်ရတဲ့ ကျောင်းသားအုပ်စုတွေ ထဲမှာ rock singer ဆိုတော်ပါပါတယ်။ ကာတွန်းဆရာပါတယ်။ ၀န်ကြီးချုပ်ဟောင်း၊ သံအမတ်လက်ရှိတာဝန်ယူနေသူ၊ အရှေ့ဥရောပနိုင်ငံတခုက ဗဟိုဘဏ်ဥက္ကဋ္ဌ၊ ကာတွန်းဆရာ၊ သူပုန်၊ အန်ဂျီအို၊ Dunkin Donut ဆိုင် မန်နေဂျာ၊ စသဖြင့် အကုန်ပါဝင်ပါတယ်။ ကိုယ့်အားသာချက်ကို သေချာဖော်ပြပေးဖို့ပဲ လိုအပ်ပါတယ်။ ကျောင်းသားရွေးချယ်ရေး ဘုတ်အဖွဲ့ အစည်းအဝေးတခုဆီမှာ ပါဝင်ခဲ့တဲ့သူ တဦးဆီက ပြန်ကြားရတဲ့သတင်းအရဆိုရင် ကျနော်တို့ ကျောင်းတက်ကြတဲ့နှစ်မှာ ပါဝင်တဲ့ မြန်မာပြည်က ကာတွန်းဆရာ ကိုအော်ပီကျယ်ကိုဆိုရင် ရွေးချယ်သူ ဘုတ်အဖွဲ့ဝင် လူကြီးတိုင်းက အမှတ်ပေး ရွေးချယ်ခဲ့ကြတယ်လို့လည်း သိခဲ့ရပါတယ်။

နောက်ဆောင်းပါးတခုကတော့ ကိုယ့်ရဲ့ ရှေ့မျှော်မြင်ချက် (vision) နဲ့ သက်ဆိုင်ပါတယ်။ ဒီနေရာမှာလည်း ကျနော်တို့က နိုင်ငံနဲ့ချီပြီး စဉ်းစားထားတာက ကာလအတော်ကြာခဲ့ပြီဆိုတော့ သိပ်တော့ ပြဿနာ မရှိလှပါဘူး။ ဆင်ဖမ်းမယ်၊ ကျားဖမ်း မယ်တွေ ရေးပေးလိုက်ပါတယ်။ ကျနော်ပြန်ကြားရတာတွေလည်း ရှိပါတယ်။ အချို့က ဒီဘွဲ့ရတဲ့အခါ ဘာလုပ်မလဲဆိုတော့ လခနည်းနည်း ပိုတိုးတာပေါ့ဆိုတဲ့ အမြင်ရှိသူတွေကို ကျောင်းက ရွေးချယ်မှာ မဟုတ်ပါဘူး။ ဒီ အက်ဆေးကလည်း ကျောင်းသား ရွေးချယ်ခံရဖို့က အရေးကြီးလှပါတယ်။

နောက်ထပ် အရေးကြီးတဲ့အချက်တခုဖြစ်တဲ့ ကျောင်းဝင်ခွင့်ရရေး လူ ၃-ဦးရဲ့ ထောက်ခံစာ ကိစ္စတွေကို နောက်အပတ်မှာ ကျနော် ဆက်ရေးပါ့မယ်။

3 comments:

tut said...

ကိုယောရေ
ဟားဗတ်ဒိုင်ယာရီကို ဖတ်ရတာ အတော့ကို စိတ်ဝင်စား သွားတယ်။ ကိုယောတို့ အေဘီအက်စ်ဒီဖက် မိခင်အိမ်က နေ ထွက်တော်မူ နန်းကခွာတဲ့  ၂၀၀၀-၂၀၀၁ ကာလတွေကို ပြန်လည်လွမ်းမောမိလို့ ပါ။ အဲဒီတုန်းက အေဘီရဲ့ ခေါင်းဆောင်မှုအကြပ်အတ ည်းဆိုတာ ဘာကိုပြောတာပါလဲ။ အတွေးအခေါ်လား၊ စရိုက်ကိုယ်ကျင့်တရား လား၊ နှစ်ခုစလုံးလား ရှင်းရှင်း ရေးစေချင်တ ယ်။ ဘာလို့လဲဆိုတော့ ကိုယောတို့ က မျိုးဆက်သစ်ခေါင်းဆော င်တွေလက်ထဲ အမြော်မြင် ကြီးစွာ တာဝန်လွှြဲေ ပာင်းပေးသလို ဖြစ်နေလို့ ပါ။ နောက်တခုက အေဘီရဲ့ အဲဒီကာလ နိုင်ငံရေး အကျပ်အတည်း ကိုလည်း ရှင်းရှင်း ရေးစေချင်ပါတယ်။ မျိုးဆက်သစ် ခေါင်းဆောင်တွေကို တာဝန်လွှဲပေးရာမှာ ဗူလုံးနားမ ထွေး ဖြစ်ရင် အဖွဲ့အစည်း အဖို့ သေလောက်အော င် နာကျင်စေလို့ပါ။ ကိုယောလို ထိပ်ပိုင်း ခေါင်းဆောင်တယောက်က ခုလိုရေးလို့ သမိုင်းကို တိတိကျကျမိ တ်ဆက်ပေးစေ လိုတာပါ။ နောက်တခုက ဆရာမြ ဘာသာပြန်ခဲ့ တဲ့ လွမ်းမောခဲ့ ရသော တက္ကသိုလ်နွေညများ ၀တ္ထုကို ပြန်လွမ်းေ မာနေမိတယ်။ သူလည်း ဟားဗတ်ကျော င်းဆင်းတဦးရဲ့ ဒိုင်ယာရီပါပဲ။ အဲဒီထဲက ဇာတ်ကောင်ေ တွကလည်း ဟားဗတ်ကျော င်းသူကျောင်းသားဖြစ်ခဲ့သူတွေ။ သူတို့ထဲက ဂျော့ကဲလား ဆိုသူကတော့ အဓိကဇာတ်ကောင်လို့မြင်တာပဲ။ အရှေ့ ဥရောပ ကွန်မြူနစ် နိုင်ငံတခု ကနေထွက်ပြေးလာတဲ့ ကျောင်းသား တဦး။ သူ့အဖေက ပါတီထိပ်ပိုင်းခေါင်း ဆောင်တဦး။ ပြေးတော့ နယ်စပ်စောင့်ကပစ်ခတ်ေ တာ့ အတူပြေးဘက် သူ့ချစ်သူကို သေနတ်ဒဏ်ရာ နဲ့ သေတွင်းထဲမှာထားပြေးခဲ့တာ။ နောက် အမေရိကားကိုရောက်။ ဟားဗတ်တက္ကသိုလ်တက်ခွင့်ရ။ သူက ရထားပေါ်မှာ တင် ယန်းကီးအင်္ဂ လိပ်စကားကိုသင်သွားတာ နော်။ သိပ်တော်တယ်။ နောက်ကျောင်းပြီးတော့ ဆရာကြီး ကစ်ဆင်ဂျား (နိုင်ငံခြားရေးဝန်ကြီး) ထံမှာအလုပ် ရ။ ကစ်ဆင်းဂျားရဲ့ အကြံပေးအရာ ရှိကြီးဖြစ်လာ။ အိမ်ဖြူတော်မှာရုံးတက်။ ဆရာကြီး ၀ါးတားဂိတ် နဲ့ ကွိုင်တော့ ဂျော့ကဲလား က ဆရာကြီးကို ဖေါ်ကောင်လု ပ် ။အဲဒီမှာ လုပ်ဖေါ်ကို င်ဖက် သူ့ချစ်သူက ပြောတဲ့စကား။ ကျမ ဆရာကြီးကို မကြိုက်ပါဘူး။ ဒါပေမယ့် ဆရာကြီးဟာ ရှင့်အပေါ် ဆရာဆိုလည်း ဟုတ်၊ အဖေဆိုလည်း ဟုတ်။ ဒါကို ဆရာကြီးအပေါ် ရှင်ကခုလို လုပ်ရက်တယ် ။ ကျမရှင့်ကိုကြောက်သွားပြီ ဆိုပြီး ကောင်မလေးက လမ်းခွဲလို က်တယ်။ လွမ်းတယ်ဗျာ ..ဆက်ဖတ်နေပါဦးမယ်။

မသက်ဇင် said...

ကိုယောဟန်အောင်
စာတွေလာဖတ်ပါတယ်

မသက်ဇင် said...

ဟားဗတ် ဒိုင်ယာရီကို
ကိုယောဟန်အောင်ဘလောဂ့်မှာ တင်ပေးပါလား

Recent Comments