Pages

Wednesday, February 6, 2008

မြွေ

သူ့လည်ချောင်းထဲကို မြွေတကောင် ၀င်သွားခဲ့တယ်
တရွှီရွှီနဲ့
နှင်းခဲတွေ အထပ်လိုက်ကျ
နှာသီးဖျားတွေ၊ နားရွက်တွေ၊ ငါ့ဒဿနတွေ အအေးမိတဲ့ ညပဲ
သူဝင်သွားတာ အမြီးစကိုတောင် စမ်းမိလိုက်တယ်။
ဘယ်သူကမှတော့ ယုံကြမှာ မဟုတ်ဘူး
လူတယောက်ဟာ မြွေနဲ့ နေထိုင်နေတယ်။

ညအချိန်ကျရင် တရွှီရွှီနဲ့
သူ့ရဲ့ အသက်ရှုသံတွေကမှ အပြင်းစား
စကားလည်း အတည်အတန့် ပြောလို့မရတော့ဘူး
တရွှီရွှီနဲ့
အချစ်ကလေးကလည်း စိတ်ကောက်နေတယ်
တရွှီရွှီနဲ့
ကမ္ဘာကြီးရာသီဥတုတွေ ဖောက်ပြန်လာချိန်မှာ
တရွှီရွှီနဲ့
ပြောတမျိုး လုပ်တမျိုး လူတွေရှေ့မှာ
တရွှီရွှီနဲ့
တချက်ချက် ငြိမ်ကျနေသလောက်
စိတ်လှုပ်ရှားလာရင် တရွှီရွှီနဲ့
နိုင်ငံရေးသမားတွေ ရှေ့မှာ
ဂန္ဓ၀င်ဆန်ဆန် တရွှီရွှီနဲ့ ....

သလိပ်တွေကိုလည်း အတုန်းလိုက်
အံချလိုက်သေးတယ်။
သွေးစိမ်းရှင်ရှင် ကဗျာတွေလည်း အဲဒါကြောင့်ပဲ ငါအံချနေတာပေါ့
နံကိုင်းနှစ်ဖက်ကို အထဲက ဆွဲညှစ်
အူ ကလီစာတွေ ကြိုးလိုကျစ်ပြီးမှ ထွက်လာတဲ့ကဗျာ။

ဆရာဝန်ကတောင်
ငါ့ကို ကောင်ဆယ်လင်း (counseling) လွှတ်နေတယ်
သူက မြွေရောဂါကို ကုတတ်ပုံ မပေါ်ဘူး
စာတွေ လိုက်ဖတ်ဦး..လို့ ပြောလိုက်တယ်။

သူက ငါ့ကို ဗိုက်ပူနံကား ဖြစ်လာအောင် စားမှာလား
ငါးမြှားချိတ် တချောင်းကို မြိုပြီးမှ သူ့ကို ပြန်မြှားထုတ်ရမှာလား
အဲဒါဆိုရင် ဖားကိုလည်း တပြိုင်တည်း မြိုရလိမ့်မယ်။
သူက ပျင်းပျင်းရှိ ခွေအိပ်နေမှာလား
ကျောရိုး အာရုံကျောကနေ ဦးဏှောက်ကို တက်မှာလား
ဗိုက်ထဲမှာ သူက အရေခွံလည်းဦးမှာလား
ညောင်ပင်လို သူက မုတ်ဆိတ်မြစ်ဖားဖားတွေ ဝေလာမှာလား
သူက အက်ဆစ်တွေနဲ့ အစိမ်းသေ သေသွားမှာလား
သူက တကောင်တည်း ၀မ်းနည်းရင် ငိုတတ်တဲ့ မြွေမျိုးလား

ဘယ်သူကမှတော့ ယုံကြမှာ မဟုတ်ဘူး
မြွေက သားကောင်ကို မြိုတာပဲ ရှိတယ်
ခုတော့ ငါက မြွေကို မြိုထားလိုက်တယ်။

ယောဟန်အောင်
၆ ဖေဖေါ်ဝါရီ ၂၀၀၈

4 comments:

Day said...

မြွေကိုကြောက်တတ်တယ်ယုန်ကလေးက ဒါပေမယ့် ကဗျာ
လေးကကောင်းတယ်

Saung Yune La (aka) Way said...

သူ့ရဲ့ အသက်ရှုသံတွေကမှ အပြင်းစား
စကားလည်း အတည်အတန့် ပြောလို့မရတော့ဘူး
တရွှီရွှီနဲ့
အချစ်ကလေးကလည်း စိတ်ကောက်နေတယ်
တရွှီရွှီနဲ့
ကမ္ဘာကြီးရာသီဥတုတွေ ဖောက်ပြန်လာချိန်မှာ
တရွှီရွှီနဲ့
ပြောတမျိုး လုပ်တမျိုး လူတွေရှေ့မှာ
တရွှီရွှီနဲ့
တချက်ချက် ငြိမ်ကျနေသလောက်
စိတ်လှုပ်ရှားလာရင် တရွှီရွှီနဲ့
နိုင်ငံရေးသမားတွေ ရှေ့မှာ
ဂန္ဓ၀င်ဆန်ဆန် တရွှီရွှီနဲ့ ....
ကဗျာကိုသေသေချာချာဖတ်ပြီးစဉ်းစားခန်းဝင်ခဲ့ရပါတယ်ကိုယောေ၇..အပေါ်ကအပိုဒ်လေးကစဉ်းစားစရာတွေ
ပိုပြီးပေးစေပါတယ်...
အမြဲအားပေးလျက်ပါ.ကိုယောရေ

Yaw Han Aung said...

သိပ်လည်း စဉ်းစားမနေပါနဲ့ ကိုဆောင်းယွန်းလတ်ခင်ဗျား။
ကဗျာကို ရှင်းပြရတာတော့ သိပ်မကောင်းပါဘူး။

ကျနော် ကျောင်းသားဘ၀က စိတ်ရောဂါကု ဆရာဝန်
ဒေါက်တာ ဦးအုန်းမောင် အတန်းတွေကို စိတ်ဝင်စားလို့
မလွတ်တန်း တက်ပါတယ်။ အဲသည်မှာ စိတ်ကစဥ့်ကလျား ရောဂါ (schizophrenia)
ဖြစ်တဲ့ လူနာ အမျိုးသမီးတယောက်ကို တွေ့ဖူးပါတယ်။
သူပြောပြနေတာက သူစကား ပြောလိုက်ရင် ပါးစပ်က လိပ်ပြာကလေးတွေ
ထွက်လာတယ်လို့ ပြောပါတယ်။

အခုလည်း အအေးမိလို့ ရင်ကျပ်လို့ တရွှီးရွှီး ဖြစ်လာတာကို
ဒီသဘော မြွေရင်ထဲ ၀င်သွားတယ်လို့ တင်စားရေးထားတာပါ။
သို့သော် ကျနော်က အကောင်းပါ။ ဘာမှ မဖြစ်ပါဘူး။
ဆရာစိုင်းခမ်းလိတ်လည်း စိုင်းထီးဆိုင်အတွက်
အလားတူ သီချင်းတပုဒ်ရေးဖူးပါတယ်။

ကောင်းကင်ကို said...

ကဗျာဆရာရဲ့  ရင်ထဲက တရွှီရွှီ အသံတွေကို လိုသလို ဆွဲတွေးပြီးခံစားသွားတယ်ဗျို့ ။

Recent Comments