Pages

Wednesday, February 6, 2008

သက်ကြားအို ဆောင်းခိုတဲ့မြို့

မုန်တိုင်းတွေ စဲခဲ့ပြီထင်နေရတယ်
နေ့တွေက သမားရိုးကျဖြစ်လာ
အခုမှ ကိစ္စပေါင်းစုံကို သူ ကျမ်းပြုမတတ် စိတ်ဝင်စားနေပုံများ
ကမ္ဘာလောကကြီး တခုလုံးကိုတောင် မြိုချမလိုထင်ရ။

အိမ်တလုံးရဲ့
ရင်ပုံရိုးထဲမှာ
အတွေးမီးတပုံ ပျိုးလို့နေချိန်
တံခါးတွေ တခုပြီးတခု တဂျိုင်းဂျိုင်း ပိတ်သံကြားနေရပေါ့
စက္ကန့်ကလေးတခု လျှော့သွားအောင် သူ့အတွက် လွှင့်မပစ်ရက် အဖိုးတန်
ပင်လယ်ခရုဆီက အသံကို နားထောင်တယ်။
သတင်းစာနေ့စဉ် ဗေဒင်လှန်ကြည့်တယ်။
တယောက်ထဲ စစ်တုရင် ကစားတယ်။
မီးခံသေတ္တာကို ပြန်ဖွင့်တယ်။
ပြူတင်းကို ဖွင့်လို့ ပင်လယ်ကိုငေးတယ်။
ကွင်းကလေးတခုမှာ လမ်းလျှောက်ရင်းတွေ့တဲ့ ကောင်ကလေးကို
“ဟဲလို.. ဟဲလို အဂိန်း” (Hello! Hello Again) ဆိုပြီး တပတ်ပြီး တပတ် နှုတ်ဆက်တယ်။

ညမှာလည်း နိုးနေတတ်ပြန်တယ်။
ငယ်စဉ်ဘ၀က
လေတံခွန်ကြိုးတွေ ပြန်ရုပ်သိမ်းတယ်။
ကြယ်တွေစုံညီလည်း ပြန်ညိပါလာ
ဓါတ်ပုံဟောင်းများလည်း ပြန်ငြိပါလာ
စာတအုပ် ကောက်ကိုင်ဖတ်လိုက်တိုင်း
အတွေးတွေက ရထားလို ရှည်ရှည်လျားလျား ခရီးထွက်သွားပြန်တယ်။

သူ့ကိုယ်သူ စုဗူးထဲမှာ ထည့်တယ်။
(ဗီတာမင်၊ ကယ်လ်ဆီယံ၊ သွေးချိုကျဆေးတွေနဲ့အတူ)
ဒါတင် မဟုတ်သေးဘူး။
အဖိုးအိုဟာ
သူ စားမကုန်တာတွေ ချကျွေးဖို့
ကြောင်ကလေးတကောင် စုထားသေးတယ်။

စိတ်ပျင်းပျင်း ရှိလာရင်
အ၀တ်စကလေး ချပေး
ကြောင်ကလေး လှည့်ပတ်ပြေးနေတာကို ပြုံးကြည့်
သူ့အိပ်မက်တွေက ကြောင်ကလေးနဲ့ အတူပြေးတယ်။
ငယ်ငယ်ကစီးတဲ့ မှိုတက်အပြေးဖိနပ်ကလေးထဲက
အိပ်မက်တွေလည်း ပုန်းရှိုးနေရာက ပြန်ထွက်လာကြတယ်..
အဖွားကြီးကိုလည်း သတိရလို့။

ဆောင်းအအေးကို အရက်နည်းနည်းနဲ့ ကာတယ်
သူက စောင့်နေချင်သေးတော့ ဖြေတွေးတွေး ကာတယ်။
ငှက်တွေ ဘယ်တော့မှ ပြန်မလာတော့ဘူးဆိုတာတော့ မဖြစ်နိုင်လှဘူး။
သူက ပြက္ခဒိန်ကို သိဖို့ မလိုတော့ပေမယ့်
ငှက်တွေက သိနေကြတယ်။

ယောဟန်အောင်
၅ ဖေဖေါ်ဝါရီ ၂၀၀၈

6 comments:

ဆောင်းယွန်းလ said...

စိတ်ပျင်းပျင်း ရှိလာရင်
အ၀တ်စကလေး ချပေး
ကြောင်ကလေး လှည့်ပတ်ပြေးနေတာကို ပြုံးကြည့်
သူ့အိပ်မက်တွေက ကြောင်ကလေးနဲ့ အတူပြေးတယ်။
ငယ်ငယ်ကစီးတဲ့ မှိုတက်အပြေးဖိနပ်ကလေးထဲက
အိပ်မက်တွေလည်း ပုန်းရှိုးနေရာက ပြန်ထွက်လာကြတယ်..
အဖွားကြီးကိုလည်း သတိရလို့။

ကဗျာဖတ်ပြီးအဖိုးကြီးနေရာကနေတော်တော်တောင်
ဆွေးသွားမိတယ်ဗျာ..
အောက်ဆုံးအပိုဒ်ကလေးကိုအကြိုက်ဆုံးဘဲ..စဉ်းစားစရာတွေပေးထားခဲ့လို့ပါ.ကိုယောဟန်ရေ


ဆောင်းအအေးကို အရက်နည်းနည်းနဲ့ ကာတယ်
သူက စောင့်နေချင်သေးတော့ ဖြေတွေးတွေး ကာတယ်။
ငှက်တွေ ဘယ်တော့မှ ပြန်မလာတော့ဘူးဆိုတာတော့ မဖြစ်နိုင်လှဘူး။
သူက ပြက္ခဒိန်ကို သိဖို့ မလိုတော့ပေမယ့်
ငှက်တွေက သိနေကြတယ်။

Nyein Chan Aung said...

ညမှာလည်း နိုးနေတတ်ပြန်တယ်။
ငယ်စဉ်ဘ၀က
လေတံခွန်ကြိုးတွေ ပြန်ရုပ်သိမ်းတယ်။
ကြယ်တွေစုံညီလည်း ပြန်ညိပါလာ
ဓါတ်ပုံဟောင်းများလည်း ပြန်ငြိပါလာ
စာတအုပ် ကောက်ကိုင်ဖတ်လိုက်တိုင်း
အတွေးတွေက ရထားလို ရှည်ရှည်လျားလျား ခရီးထွက်သွားပြန်တယ်။

သူ့ကိုယ်သူ စုဗူးထဲမှာ ထည့်တယ်။
(ဗီတာမင်၊ ကယ်လ်ဆီယံ၊ သွေးချိုကျဆေးတွေနဲ့အတူ)
ဒါတင် မဟုတ်သေးဘူး။
အဖိုးအိုဟာ
သူ စားမကုန်တာတွေ ချကျွေးဖို့
ကြောင်ကလေးတကောင် စုထားသေးတယ်။

စိတ်ပျင်းပျင်း ရှိလာရင်
အ၀တ်စကလေး ချပေး
ကြောင်ကလေး လှည့်ပတ်ပြေးနေတာကို ပြုံးကြည့်
သူ့အိပ်မက်တွေက ကြောင်ကလေးနဲ့ အတူပြေးတယ်။
ငယ်ငယ်ကစီးတဲ့ မှိုတက်အပြေးဖိနပ်ကလေးထဲက
အိပ်မက်တွေလည်း ပုန်းရှိုးနေရာက ပြန်ထွက်လာကြတယ်..
အဖွားကြီးကိုလည်း သတိရလို့။

ဆောင်းအအေးကို အရက်နည်းနည်းနဲ့ ကာတယ်
သူက စောင့်နေချင်သေးတော့ ဖြေတွေးတွေး ကာတယ်။
ငှက်တွေ ဘယ်တော့မှ ပြန်မလာတော့ဘူးဆိုတာတော့ မဖြစ်နိုင်လှဘူး။
သူက ပြက္ခဒိန်ကို သိဖို့ မလိုတော့ပေမယ့်
ငှက်တွေက သိနေကြတယ်။

အရမ်းချစ်ဖို့ ကောင်းတဲ့ ကဗျာ တစ်ပုဒ်ပဲ ကိုယော။ ဒါနဲ့ ကိုယောက တော့ သက်ကြားအို မဟုတ်သေးပါဘူး ထင်တယ်ဗျာ။

Yaw Han Aung said...

ကျနော် South Carolina ပြည်နယ်မှာ နေစဉ် ပြေး လိုက်၊ လမ်းလျှောက်လိုက်လုပ်တော့ အဖိုးကြီးတယောက်နဲ့ အမြဲ ဆုံရတယ်။ သူကလည်း တပတ်ပြီး တပတ်ကျနော့်ကို ဟဲလို၊ ဟဲလို အဂိန်း ဆိုပြီး နှုတ်ဆက်တတ်တယ်။

သူ့နေရာက စဉ်းစားကြည့်ပြီး ရေးထားတာပါ။ အထီးကျန်ဖြစ်မှုရဲ့ သဘောလေးလည်း ပါတာပေါ့ဗျာ။

Anonymous said...

Ko Yaw ...

I thought you are still in Thailand...
i am one of ur fans.. i love reading ur poems and all kind of writings...i wish i could have some time with you to discuss our views on current situation in Burma
wish u all the best
enigma13

Kaung Kin Ko said...

ကဗျာလေး ခံစားသွားတယ် အစ်ကို။

pandora said...

အဖိုးအိုဟာ
"သူ စားမကုန်တာတွေ ချကျွေးဖို့
ကြောင်ကလေးတကောင် စုထားသေးတယ်။

စိတ်ပျင်းပျင်း ရှိလာရင်
အ၀တ်စကလေး ချပေး
ကြောင်ကလေး လှည့်ပတ်ပြေးနေတာကို ပြုံးကြည့်
သူ့အိပ်မက်တွေက ကြောင်ကလေးနဲ့ အတူပြေးတယ်။"

ဒီစာပိုဒ်ကလေးကို ပြုံးကြည့်သွားတယ်။ ကဗျာတွေ ပိုပို လန်းလာတယ်။ တောင်တန်းသစ်ပင်တွေလည်း ဆက်ရေးပါဦး။
ပျော်ရွှင်ပါစေ။ အားပေးလျက်။

Recent Comments