Pages

Friday, February 8, 2008

တောင်တန်း၊ သစ်ပင်၊ သွေးစတွေပဲ သက်သေခံနေတော့တယ် (၉)

  1. ၀ ဒေသ၏ နွေရက်များက ရွက်ကြွေများလို တဖြုတ်ဖြုတ် ကုန်ဆုံးသွားခဲ့သည်။ သင်္ကြန်ရက်များတောင် မည်သို့ ကုန်ဆုံး သွားခဲ့သည်ကို မမှတ်မိတော့။ ရေပက်တော့ ပက်သည်ဟု ထင်သည်။ သို့သော် သေချာသည်ကတော့ သင်္ကြန် ရက်များ တွင်လည်း သူတို့ သောက်ပွဲ ဆင်နွှဲခဲ့ဦးမည် ကတော့ သေချာသည်။ တိုက်ပွဲများကတော့ ပုံမှန်၊ သည်းသည့် အခါ သည်းလိုက်၊ စဲသည့်အခါ စဲလိုက် ရှိသည်။ သူတို့လည်း ဆေးရုံအလုပ်နှင့် ပတ်ချာလည်နေခဲ့သည်။ သင်္ကြန်ကို ထူးထူး ခြားခြား သတိမထားလိုက်မိသည်ကိုပဲ ကျေးဇူးတင်ရမလိုလို။ သို့မဟုတ်လျှင် မြို့ပြကို လွမ်းစရာတွေက ပိုဦး မည်။ ရေစိုစို မိန်းမပျို ကလေးများကို လွမ်းမည်။ သင်္ကြန်ထမင်းမွှေးကို လွမ်းမည်။ ပိတောက်နှင့် ငုပန်း ၀ါဝါတွေကို လွမ်းမည်။ ထူးပို့ ထူးပို့ သင်္ကြန်တေးတွေကို လွမ်းမည်။ အခုတော့ သင်္ကြန်ဟူ၍ ထူးထူးခြားခြား သူတို့ သိပ်မခံစား လိုက်ရပါ။

သူတို့ ရှိနေစဉ် တရက် ကြုံရသည့် ထိတ်လန့်ဖွယ် အဖြစ်အပျက်ကိုလည်း ပြန်၍ အမှတ်ရနေသေးသည်။ တရက်သားတော့ သူတို့ အုပ်စုကို ထုံးစံအတိုင်း ဌာနရုံးတခုက ထမင်းဖိတ်ကျွေး၍ သွားစားကြသည်။ ညနေထမင်းစားပွဲဆိုတော့ အသောက် ကလေးလည်း ပါသည်။ ညမှောင်ရီပြပြတွင် ရီထွေထွေနှင့် ဖုန်ထူထူ လမ်းကလေးလျှောက် လမ်းလျှောက်၍ ပြန်လာခဲ့ကြ သည်။ ဤဒေသရှိ ရဲဘော်များနှင့်လည်း သူတို့က မျက်မှန်းတန်း ကျွမ်းဝင်လာပြီ ဖြစ်သောကြောင့် အထူးစိုးရိမ်စရာ မရှိ တော့ ပါ။ ဗမာစကား အော်ကျယ် အော်ကျယ်ဖြင့် ပြန်လာသူ ဟူ၍ သူတို့ အုပ်စုသာ ရှိပါသည်။ ထိုအချိန်တွင် သေနတ် လက်နက် ငယ်သံများ တဒိုင်းဒိုင်း စကြားလာရသည်။ ကြားရသည်မှ လေးဘက်လေးတန်၊ အသံမစဲ ကြားကြရသည်။ သူတို့ က လမ်း ဘေးရှိ နီးစပ်ရာအိမ်သို့ ပြေးဝင်လိုက်သည်။ မည်သို့ ဖြစ်နေသနည်းဟု အိမ်ရှင်ကို မေးကြည့်သည်။ အိမ်ရှင်လည်း မသိ။ အိမ်ရှင်တွေကလည်း ပြေးပုန်းဖို့ ပြင်နေကြသည်။ ဤသို့ ဆိုလျှင်တော့ မဖြစ်။ သူတို့လည်း နီးစပ်ရာတပ် ယူနစ်တခုခု အနီးသို့ ပူးပေါင်းထားဖို့ လိုသည်။ ခေါင်းထဲသို့ ချက်ချင်းဝင်လာကြသည်မှာ ခွန်ဆာတပ်ဖွဲ့များက ၀တောင်ပိုင်းဌာနချုပ်ကို ထိုးစစ်ဆင် ၀င်ရောက်စီးနင်းခြင်းလည်း ဖြစ်နိုင်သည်။ ဤသို့ဖြင့် ဆက်သွယ်ရေးလော၊ အခြားဌာနတခုလော မသိ သူတို့ ရောက်အောင် ဆက်ပြေးခဲ့ကြသည်။ ထိုယူနစ်သို့ရောက်တော့ မေးကြည့်ပြန်သည်။ သူတို့လည်း မည်သို့ ဖြစ်နေမှန်း မသိရ။ သေနတ်သံ များက အတွဲလိုက်။ မစဲသေး။ စက်ဖွင့်ထား၍ ဌာနတခုနှင့် တခုမေးနေကြသည်။ (၁၅) မိနစ်လောက်ကြာမှ အကြောင်းပြန် လာသည်။ အခြားမဟုတ်။ လငပုတ်ဖမ်း၍ ရဲဘော်များက သေနတ်ဖြင့် မိုးပေါ်ထောင်ပစ်နေကြခြင်း ဖြစ် သည်။ ၀တပ်ဖွဲ့ စစ်ဗိုလ်များကလည်း ၎င်းတို့ရဲဘော်များကို ဤသို့သေနတ်ပစ်နေသည့် ကိစ္စကို တားနိုင်ဟန်မပေါ်။ သို့ မဟုတ် ဤသို့ လငပုတ် ဖမ်းလျှင် သေနတ်ဖြင့် ပစ်တတ်သည့် ရိုးရာလည်း ရှိပုံရသည်။ ဤသို့သိရမှ စိတ်ချ၍ ဆေးရုံသို့ ပြန်လျှောက်လာ နိုင်ခဲ့ကြ သည်။ စောစောက ရီဝေေ၀ ထွေနေသည့် ဓါတ်ကလေးလည်း ပျောက်သွားပြီ။ ထိုမျှမက ချွေးများ ပင် စို့၍ နေသေးသည်။ (ဖေဖေါ်ဝါရီလ ၉ ရက်နေ့ဟု ထင်သည်။)

ဤနောက်ပိုင်းတွင်တော့ ထူးထူးခြားခြား စိတ်လှုပ်ရှားဖွယ် ကိစ္စများ မပေါ်ခဲ့။ ဤသို့နှင့် နေလာရာမှ နောက်ပိုင်းတွင် အကြီး အကျယ် သူတို့ စိတ်လှုပ်ရှား ရင်ခုံရမည့် ကိစ္စကြီး ဖြစ်လာခဲ့သည်။ ကိုဇော်ထွန်းက သူ၏ ဓါတ်ခဲသုံး နေရှင်နယ် ရေဒီယိုလေး ကို ပုံမှန် နားထောင်တတ်သော်လည်း ကျန်သူများက ဤမျှ အရေးထား နားမထောင်ခဲ့ကြပါ။ ထိုစဉ်က သုံး ကြသည့် ရေဒီယို က ယခု အိပ်ဆောင်ရေဒီယိုများကဲ့သို့ လက်တ၀ါး သေးသေး မဟုတ်ပါ။ ၅” ၉” ခန့်ရှိမည့် ခပ်လေးလေး ရေဒီယိုမျိုးကြီး ဖြစ် သည်။ သို့သော် အသံအောင်ပြီး နားထောင်၍ ကောင်းသည်။ ကြည်လင် ပြတ်သားနေတတ်သည်။ သူတို့က သတင်း နား မထောင် ကြသော်လည်း တခါတရံ ဘာထူးသလဲဟု ကျန်သူများ ကို မေးလိုက်ရုံမျှ ဖြစ်သည်။ သတင်းများတွင် ကရင်စခန်း များ၌ တိုက်ပွဲပြင်းထန်နေသည့် သတင်း၊ ၀မ်းခ ခံတပ်၌ ပြင်းပြင်း ထန်ထန် ထိုးစစ်ဆင်နေ သည့် သတင်းများကြားသည့် အခါ အလေးပေးနားထောင်တတ်သည်။ သူတို့လည်း နားထောင်ရုံမျှ လွဲ၍ မည်သည့် အကူအညီမျှ မပေးနိုင်။ အခြား ကျောင်းသား ရဲဘော်များအတွက် စိုးရိမ်ပူပန်မိသည်လည်း ရှိသည်။ ဤပွဲ များ နွှဲလိုစိတ်ဖြင့် အားကျမခံ ပြန်သွားလိုက်ချင်သည့် စိတ်များ လည်း ဖြစ်နေမိသည်။

သို့သော် မိမိတို့ ရင်ခုန်မိကြသည့် သတင်းက ၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲ အောင်ပွဲသတင်းများ ဖြစ်သည်။ ရွေးကောက် ပွဲအချိန် နီးလာသည်နှင့် အမျှ မိမိတို့လည်း ရေဒီယိုနားပို၍ ကပ်လာကြသည်။ ရေဒီယိုအနီး ခေါင်းချင်းဆိုင်မိကြသည်။ ဒေါ် အောင်ဆန်းစုကြည်ကို ဖမ်းထားသည့်အတွက်ကြောင့်လည်း သိပ်မမျှော်လင့်ရဲ၊ သို့သော် ဘာပဲဖြစ်ဖြစ် ဒီမိုကရေစီအင်အား စုများ ဘက်ကတော့ ကျိန်းသေနိုင်မည်ဟု သူတို့ တွက်ဆထားမိကြသည်။ ဤကာလတွင်တော့ ဘီဘီစီ ရေဒီယိုကိုသာမက မြန်မာ့အသံကိုပါ နားထောင်ရသည်။ ပထမဦးဆုံး ဆိပ်ကမ်းမြို့နယ်မှ NLD အမတ် ဒေါ်စန်းစန်း မဲအရေအတွက် မည်၍ မည်မျှ ဖြင့် အောင်နိုင်ပြီဟု ကြေငြာသည်ကို သူတို့ကြားရသည်။ ပျော်လိုက်သည့် ဖြစ်ခြင်း။

“ဒီလို လုပ်... ကိုဇော်လွင်နဲ့ ကိုထွန်းခင်တို့က အခု အနိုင်ရတဲ့ အမတ်တွေအမည်ကို လိုက်ရေးမှတ်။ တယောက်တလှည့် တာဝန် ယူပေါ့..” ကိုဝင်းနိုင်က အကြံပြုလာခဲ့သည်။ သူကလည်း မငြင်းပါ။

သူက ညနေပိုင်းတာဝန်ယူ၊ ကိုထွန်းခင်က မနက်ပိုင်းတာဝန်ယူ၍ ပြည်သူ့လွှတ်တော်အမတ်အဖြစ် အရွေးခံကြရသည့် သူများ ကို စာအုပ်တအုပ်ထဲတွင် စာရင်းမှတ်ကြရသည်။ သူတို့ အလုပ်ကလည်း မလွယ်လှပါ။ မြန်မာ့အသံကိုပါ နားထောင် ရသည်။ ရွေးကောက်ခံရသည့် အမတ်များကို ကြေငြာသည်က ၈-နာရီ သတင်းကြေငြာပြီးနောက်ပိုင်းမှ ထုတ်ပြန်သည့် အတွက် ကြောင့် ထိုအချိန်တိုင် ညနက်အောင် စောင့်ရသည်။ ထိုမျှမက တရက်မျှ အလွတ်ခံ၍ မဖြစ်။ ဤ၀ဒေသတွင် အခြား အားကိုး အားထားစရာ စာရွက်စာတန်း၊ သတင်းစာ၊ အခြား သတင်းရရှိရန် နေရာများ မရှိပါ။ ရေဒီယိုတလုံးနှင့်သာ ကမ္ဘာကြီးနှင့်ရော၊ မြန်မာပြည်မကြီးနှင့်ပါ ဆက်သွယ်နေရသည်။ တရက်၊ တည အလွတ်ခံလိုက်သည်နှင့် သူတို့မှတ်တမ်း က မပြည့်မစုံ ဖြစ်သွား နိုင်သည်။ စိတ်ညစ်ရသည်မှာ စစ်အစိုးရ၏ သတင်းဌာနကလည်း ရွေးကောက်ပွဲအောင်ပွဲ သတင်းကို အကုန်လုံးချက်ချင်း မလွှင့်၊ ခွဲ၍ ခွဲ၍ ဖြည်းဖြည်းချင်း ကြေငြာပေးနေသည်။

ဤပါတီစုံ ရွေးကောက်ပွဲများ မတိုင်မီက နိုင်ငံရေးပါတီများ မဲဆွယ်စည်းရုံးကြသည့် အခြေအနေ၊ လူထုထောက်ခံမှု၊ ကြုံတွေ့ နေရသည့် ပြဿနာများကို သူတို့ သေသေချာချာ မသိခဲ့ပါ။ သူတို့ဆေးရုံ၊ သူတို့ တိုက်ပွဲများနှင့်သာ အလုပ်ရှုပ်နေ ခဲ့ကြသည်။ သို့သော် စာရင်းရေးသွင်းရင်း၊ ရေးသွင်းရင်းနှင့် ဆယ်ဂဏန်းမှ ရာ၊ ရာဂဏန်းမှတိုးကာ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် အမတ် များက အောင်ပွဲခံနေကြောင်း ပိုသိသာလာခဲ့သည်။ ယခင် (မဆလ) ပါတီဟောင်း တိုင်းရင်းသားစည်းလုံး ညီညွတ် ရေးပါတီ (တစည) က အမတ်အရေအတွက် သိပ်မရသည်မှာလည်း ထင်ရှားလာသည်။ သို့သော် ကံသေကံမ မပြောနိုင်သေး။ စာရင်းမှတ်နေ၊ ရေဒီယို နားထောင်နေသည်ကိုလည်း ဖျက်လိုက်၍ မဖြစ်သေး။ ဆက်လုပ်နေရသည်။ သူတို့ စိတ်ထဲတွင်တော့ NLD အောင်ပွဲခံတော့မည်ဟု ယုံကြည်လာသည်။

နောက်ပိုင်းတွင် NLD အမတ်က ၂-ရာကျော်လာပြီ။ ထိုအခါ ရေဒီယိုမှ လိုက်၍ မှတ်တမ်းတင်နေမှုကို ရပ်လိုက်တော့သည်။ သေချာပြီ။ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် နိုင်ပြီ။ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အောင်ပွဲသည် သူတို့အောင်ပွဲလည်း ဖြစ် သည်။ အိမ်ပြန်ရဖို့ နီးနေပြီဟု သူတို့ စဉ်းစားမိကြသည်။ သူတို့အားလုံး ပျော်နေသည်။ ဘယ်သူ့ကို ကြွားရမှန်းလည်း မသိ။ ထိုအချိန်တွင် ABSDF ဗဟို ဌာနချုပ်သို့လည်း အမြန်အပြေး ပြန်လာနေချင်တော့သည်။ သူတို့ခေါင်းဆောင်များ လည်း အလုပ် ရှုပ်နေတော့မည်မှာ သေချာသည်။ အခြေအနေ အသစ်အပေါ်တွင် ဗျူဟာအသစ်များ၊ ဆွေးနွေးငြင်းခုန်မှု အသစ်များလည်း လုပ်နေကြလိမ့်မည်ဟု သူမြင်မိသည်။ သူတို့ကို တာဝန်ပေးထားသည့် ၃-လ မစ်ရှင်လည်း ကျော်လွန်ခဲ့ ပြီ။ ပြန်လျှင် ရနေပြီ။ သို့သော် ၀ တပ်မှူးများက နေပါဦးဟု တားထားကြ၍သာ ဆက်ကြာနေခြင်း ဖြစ်သည်။

တနေ့ နံနက်ပိုင်း တာဝန်ချိန်၊ သူနှင့် ကိုဝင်းနိုင်က ခွဲခန်းထဲတွင် လူနာတဦးကို အနာဆေးကြော သုတ်သင်ပေးနေစဉ် ကိုဇော်ထွန်းနှင့် ကိုထွန်းခင် ရောက်လာခဲ့သည်။ လက်ကိုင် ကက်ဆက်အသေးတလုံးကို ကိုင်လာသည်။ သူတို့က အမော တကော ရောက်လာပုံနှင့် ပြောသည်။ “ဟေ့လူတွေ... ဒီမှာဗျ၊ နားထောင်ကြည့် အန်အယ်ဒီ နိုင်တာတော့ သေချာသွားပြီ။ ဒေါ်စုကိုလည်း ဒီမနက်ပဲ ပြန်လွှတ်ပေးလိုက်တယ်။ ဒေါ်စုက သူ့အိမ်မှာ လူတွေကို စကားပြောနေတာ နားထောင်ကြည့်။” သူတို့က ကက်ဆက်ကလေးကို ဖွင့်ပြသည်။ ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်းတခု ပြောနေသည့် အသံကို ကြားလိုက်ရ သည်။ သူတို့ လူနာကို မေ့သွားကြသည်။ လူနာကို သည်အတိုင်း ခဏထားသည်။ “ဟုတ်ရဲ့လားဗျာ..” ကိုဝင်းနိုင်က သေ ချာအောင် ထပ်မေးသည်။ “ဟုတ်တာပေါ့ဗျ.... ကျနော်တို့ ခုနရေဒီယိုက လာတာကို ဖမ်းထားတာပဲဟာ...” ကိုဇော်ထွန်း က အတည် ပေါက် ပြန်ဖြေသည်။ ဖြစ်နိုင်သည်။ ယခုလို အန်အယ်လ်ဒီအမတ် အများစုနှင့် အောင်ပွဲခံနေရသည့် အခြေ အနေတွင် အားလုံးက မဖြစ်နိုင်ဟု ပြော၍ မရပါ။ သူတို့ ချက်ချင်း ပစ်ယုံလိုက်သည်။

“ည ကျရင်တော့ အောင်ပွဲခံ Celebrate လုပ်ကြရအောင်ဗျာ။ ကျနော်တို့ အရက်ကောင်းကောင်းလေးနဲ့ သောက်ကြတာပေါ့။” အားလုံးက သဘောတူသည်။ ဆေးရုံ ခွဲကုတင်ပေါ်က လူနာကတော့ သူတို့ကို နားမလည်သလို မော့ကြည့်နေသည်။ သည် တော့မှ လူနာကို ပြန်အမှတ်ရမိကြသည်။ ကိုဇော်ထွန်းနှင့် ကိုထွန်းခင်က ပြန်ထွက်သွားခဲ့ပြီ။

သူတို့က ပျော်နေသည်။ အခြေအနေကတော့ ကောင်းနေပြီ။ ဒေါ်စုလည်း လွတ်ပြီ။ အန်အယ်လ်ဒီလည်း အပြတ်အသတ် နိုင် နေပြီ။ သူတို့ အိမ်ပြန်ရဖို့ နီးလာပြီ။ မြေပေါ်လျှောက်သော ခြေလှမ်းများပင် မြောက်ကြွကြွ ဖြစ်နေသည်။ အရက်သွား ၀ယ်ပြီး ပြန်လာတော့ သူတို့ တမျိုးစိတ်ဖြစ်လာသည်။ သူတို့နှစ်ယောက်က ပျော်နေသလောက်၊ ကိုဇော်ထွန်းနှင့် ကိုထွန်းခင်က သိပ် မပျော်သလို ဖြစ်နေသည်။ သူတို့လောက် မတက်ကြွသလို ဖြစ်နေသည်။ နောက်တော့မှ ဤသတင်း မဟုတ်။ စနောက်မိခြင်း သာ ဖြစ်ကြောင်း တောင်းပန်သည်။ သူတို့ ၂-ယောက် အင်မတန် ပျော်ရွှင်နေပုံကို ကြည့်၍ စနောက်မိသည်မှာ မှားပြီဟုလည်း ကိုဇော်ထွန်းတို့ ၂-ဦးက အပြစ်ခံစားနေကြရသည်။ အမှန်ကို ကြားတော့ သူတို့လည်း နည်းနည်းတော့ နင်သွားသည်။ သို့သော် သိပ်ပြဿနာ မရှိပါ။ အန်အယ်လ်ဒီ နိုင်ထားသည်က အခိုင်အမာ အချက် ဖြစ်သည်။ ဒေါ်စု ယခု မလွတ်လျှင်လည်း နောက်တော့ လွတ်လာလိမ့်မည်။

သူတို့ ပျော်သလို သူများကိုလည်း ပျော်စေချင်နေသည်။ လူဝံများလို ရင်ပတ်ထု၍ ကြွားချင်နေသည်။ ကိုထွန်းခင်က တွေ့သမျှ ၀ရဲဘော်တိုင်းကို “ဟေ့ အန်အယ်လ်ဒီ နိုင်သွားပြီကွ၊ တို့ ပြန်ရတော့မယ်ကွ” ဟု ခပ်ကြွားကြွား ပြောသည်။ တခါ တလေ “ဒေါ်အောင်ဆန်းစုကြည်သိလား။ သူ့ပါတီ အခု မဲနိုင်သွားပြီ။ တို့ပြန်ရတော့မယ်” ဟု ကြွားသည်။ ကိုထွန်းခင်သာ မဟုတ်။ သူတို့အားလုံးကလည်း တနည်းမဟုတ်၊ တနည်း သူတို့ ၀မ်းသာနေကြသည်ကို အများကို သိစေချင်နေကြသည်။ သူထင်သလို ဖြစ် မလာပါ။ ၀ရဲဘော်များက ပြန်၍ ပြူးကြည့်နေကြသည်။ အချို့သူများက ၀မ်းနည်းဟန် ပြကြသည်။

နောက်တော့ သူတို့ သဘောပေါက်လာခဲ့သည်။ သူတို့၏ ဒီမိုကရေစီ တိုက်ပွဲနှင့် ဤ၀ရဲဘော်များ၏ တိုက်ပွဲက မဆက်စပ် မိ သကဲ့သို့ ရှိနေသည်။ သူတို့ ရန်ကုန်ပြန်ရစေဦးတော့။ ဤတိုက်ပွဲများက ဆက်ဖြစ်နေဦးမည်သာ ဖြစ်သည်။ ရန်ကုန်တွင် အပြောင်းအလဲ ဖြစ်စေဦးတော့။ ၀ဒေသတွင် အပြောင်းအလဲ ဖြစ်ရန် ဆိုသည်မှာ ဖြည်းဖြည်းမှ လာမည့် ကိစ္စ ဖြစ်သည်။ ၀ရဲဘော်များ ၀မ်းနည်းကြသည့် အကြောင်းမှာလည်း မိမိတို့ ပြန်ကြလျှင် သူတို့ ဆေး၊ ကျန်းမာရေးကိစ္စများအတွက် အား ကိုးအားထား ပြုစရာ ရွှေတောင်ကြီး ပြိုကျသည့်အလား မြင်ကြ၍ ၀မ်းနည်းကြခြင်း ဖြစ်သည်။ တကယ်တော့ ဒေါ်အောင်ဆန်း စုကြည်သည်လည်း သူတို့နှင့် သိပ်မဆိုင် ဖြစ်နေသည်။ အန်အယ်လ်ဒီ အောင်ပွဲသည်လည်း သူတို့နှင့် သိပ် မဆိုင်သလို ဖြစ်နေသည်။ သည်တော့မှ သူတို့ ၀မ်းသာသည်ကိုလည်း ပြန်၍ ထိန်းထိန်းသိမ်းသိမ်း ၀မ်းသာရတော့သည်။ ဘာပဲဖြစ်ဖြစ် ဤဒေသတွင် ဆက်လက် တာဝန်မထမ်းလိုတော့ပါ။ တာဝန်ချထားသည့် ၃-လ ကျော်၍ ပိုနေခဲ့ပြီ။ ယခုလို နိုင်ငံရေး အလှည့် အပြောင်းကာလတွင် ABSDF မိခင် အဖွဲ့အစည်းနှင့်အတူ တသားတည်း ရှိနေသင့်သည်ဟု ထင်သည်။ ၀ရဲဘော်များကိုတော့ ကိုယ်ချင်းစာသည်။ မိမိတို့အတွက် အနာဂတ်က မြို့မှာရှိသည်။ ပြန်ရချိန် နီးနေပြီဟုလည်း လုံးဝ ယုံကြည် ထားမိသည်။

“အန်အယ်လ်ဒီ အစိုးရဖြစ်လို့ ကျနော်တို့ ပြန်လာတယ် ဆိုရင်တော့ မဖမ်းဘူးထင်ပါတယ်” သူက ကလေးတွေး တွေး၍ ပြော သည်။ ထိုအချိန်ကလည်း အသက်များက ၂၃-၂၄၊ လူများက ငယ်ငယ်၊ လူကြီးလို စဉ်းစားလုပ်နေကြရခြင်း ဖြစ်သည်။ တခါ တရံတော့ ဤလို ကလေးအတွေးဖြင့် စိုးရိမ်စိတ်များလည်း ပြန်ဝင်လာသည်။

“ဟား.... သေချာတာပေါ့”
“ဒါပေမယ့် သူတို့ အစိုးရဖွဲ့၊ တဖြည်းဖြည်း လုပ်ငန်း အပြောင်းအလဲတွေ လုပ်ဖို့ဆိုရင်လည်း အနဲဆုံး တနှစ်၊ နှစ်နှစ်လောက် တော့ ကြာနိုင်တာပေါ့” တယောက်က ပြောသည်။ သည်လို စဉ်းစားမိမှ အိမ်ကို ပို၍ သတိရ လာသည်။ ကျောင်းက သူငယ် ချင်းများကို ပို၍ သတိရလာသည်။

“ခင်ဗျားတို့ ဗမာပြည် ပြန်ရောက်တယ် ဆိုပါစို့။ ဘာလုပ်ကြမလဲဗျ” ကိုဝင်းနိုင်က သူတို့ စကားဝိုင်းတခုတွင် မေးလာသည်။ ဤအချိန်က လူအားလုံး၏ အတွေးတွင် အိမ်ပြန်မည့် အရေးကသာ ပို၍ လွှမ်းမိုးနေခဲ့သည်။

“ကျောင်း ပြန်တက်မှာပေါ့...” ကိုထွန်းခင် တဦးမှ လွဲ၍ ကျန်သူအားလုံးက ဖြေသည်။ ကိုထွန်းခင်ကတော့ နိုင်ငံရေးခြေစုံ ပစ် ၍ ဆက်လုပ်မည်ဟု ဆိုသည်။ သူက တောထဲမရောက်လာခင်ကတည်းက လူ့ဘောင်သစ်ပါတီဝင် ဖြစ်နေသောကြောင့် သူက နိုင်ငံရေးဆက်လုပ်ရန် စိတ်အားထက်သန်နေပုံလည်း ရသည်။

ယခု ပြန်စဉ်းစားလိုက်တော့လည်း မျက်နှာနွေးစရာ ဖြစ်နေရသည်။ ငယ်စဉ် အိပ်မက်များလို ဖြစ်နေခဲ့သည်။ ဆိုကြပါစို့။ လွန်ခဲ့တဲ့ အနှစ် (၂၀) က “ကျောင်းပြန်တက်မှာပေါ့” ဟု ပြောခဲ့ကြသည်။ ယခု ၎င်းကျောင်းသားတပ်မတော် သူတို့အရွယ် ရဲဘော်များက ဆံပင်ဖြူတွေ ဖွေးဖွေးလှုပ်နေကြပြီ။ ဆံပင်ဖြူ မဖွေးလျှင်တောင် လူကြီးပိုင်းသို့ ချင်းနင်းဝင်ရောက်ခဲ့ကြပြီ ဖြစ်သည်။ ထိုအချိန်က ယခုကဲ့သို့ စဉ်းစားပြီး၊ ပြောခဲ့သည်ကို မှားသည်ဟု ဆိုလိုရင်းမဟုတ်။ ထိုသို့ စဉ်းစားခဲ့ကြသည်ကို အမှန်အတိုင်း တင်ပြခြင်းသာ ဖြစ်သည်။ ထိုသို့ စဉ်းစားခဲ့မှုကို မရင့်ကျက်ဟု ပြောလျှင်လည်း ခံရယုံသာ ရှိပေတော့မည်။

............. ............ .............
တလောက စာရေးသူ ရေးနေသည့် ယခု ဘ၀ခြေရာစာစုများ “တောင်တန်း၊ သစ်ပင်” ကို ဖတ်ရစဉ် ရဲဘော်တဦးဖြစ်သူ ကိုအောင်မော်ဦးက စာရှည်တစောင်ရေးလာခဲ့သည်။ သူကလည်း အတိတ်ကို တွေး၍ အတွေးပွားခဲ့ပုံရသည်။ သူက အတိတ် ကိုသာ မက၊ အရှေ့ကိုပါ မျှော်တွေးခဲ့သည်။ သူက မေးခွန်းတွေလည်း ထုတ်ခဲ့သည်။ သူ့စာတွင် စဉ်းစားစရာ အများကြီး ပါလာ ခဲ့သည်။

မူလက သူတင်ပြသည့် အချက်များကို ဆီလျော်အောင် ထည့်သွင်းတင်ပြမည် စဉ်းစားသော်လည်း၊ မူရင်းအတိုင်းတင်ပြသည် က ပို၍ကောင်းမည် ယူဆသောကြောင့် ထုတ်နှုတ် တင်ပြပါသည်။

“ ........................... မာနယ်ပလောခုခံစစ်ပွဲကာလ ၁၉၉၂-၉၃ ၀န်းကျင်တုန်းက ၄၂၅၉ ပေမြင့်တဲ့ မယ်ညောခီးလို့ ခေါ်တဲ့ ခံစစ်ကုန်းတကုန်း ပေါ်က ကတုတ်ကျင်းထဲမှာ ကျောင်းသားတပ်မတော်ရဲ့ အနာဂတ် အခန်းကဏ္ဍကို ကျနော် စဉ်းစားခဲ့ဖူး တယ်။ နီးစပ်ရာလူ တချို့နဲ့ ကျနော် ဆွေးနွေးခဲ့ဖူးတယ်။ အဲဒီတုန်းက ကျနော့်ကို ရယ်မောသူတွေလည်း ရှိခဲ့ ဖူးတယ်ဗျ။

ဆိုကြပါစို့။ ကျောင်းသားတပ်မတော်ဟာ မြို့တွေတမြို့ပြီး တမြို့သိမ်း၊ တိုင်းတွေ တတိုင်းပြီးတတိုင်းသိမ်း၊ ပြည်နယ်တွေ တပြည်နယ်ပြီး တနယ်သိမ်း၊ တနိုင်ငံလုံးကိုသိမ်း၊ ပြီးတော့ အာဏာသိမ်းပြီး အစိုးရဖွဲ့၊ တိုင်းပြည်ကို အုပ်ချုပ် ..... စသဖြင့် အဲဒီလိုလားပေါ့။ မဟုတ်ဘူးတဲ့။ ကောင်းပြီ။ အဲဒီလို မဟုတ်ရင် ဘာလဲပေါ့။

လက်တွေ့ဘ၀ကို ပြန်ကြည့်တော့ ကရင်နဲ့ တွဲတဲ့တပ်က ကရင်စစ်ကြောင်းသွားရာ တကောက်ကောက်လိုက်၊ မွန်နဲ့တွဲတဲ့ တပ်က မွန်စစ်ကြောင်းသွားရာ တကောက်ကောက်လိုက်၊ ရွာရောက်ရင် ဆန်ကြိုးတွေဖြည့်၊ ရန်ပုံငွေ ကောက်၊ ရွာသား ဆေးကု၊ ပစ်ပြေး ပြေး၊ အလှည့်ကျနား၊ နောက်တန်းပြန်၊ စိုက်ပျိုးမွေးမြူရေး လုပ်၊ အဲန်ဂျီအိုနဲ့ တွေ့၊ ပရိုပိုဆယ် တင်၊ ဒေါင်း အိုးဝေထုတ် ...... စသဖြင့် အဲဒီလိုလားပေါ့။ မဟုတ်ဘူးတဲ့။ ကောင်းပြီ။ အဲဒီလို မဟုတ်ရင် ဘာလဲပေါ့။

တဘက်မှာကလည်း စောစောကလို ကျောင်းပြန်တက်ကြတာပေါ့လို့ ဆိုရပြန်တော့လည်း အရွယ်တွေက ဟိုင်းတန်သရွေ့ ဟိုင်းနေကြပြီ။ ပိုဆိုးတာက အရွယ်နဲ့မမျှတဲ့ တာဝန်တွေကို ထမ်းဆောင်ကြရတာမို့ အရွယ်နဲ့မမျှတဲ့ အတွေ့အကြုံတွေ၊ ဖြတ်သန်းမှုတွေ ... စသဖြင့်က ကျောင်းခန်းထဲက သင်ရိုးညွှန်းတမ်းထက် မြင့်နေကုန်ကြပြီ။ သေချာတယ်။ ကျောင်းစာမှာ ဘယ်လိုမှ စိတ်ဝင်စားလို့ ရတော့မှာမဟုတ်ဘူး။ အဲဒီတော့ လက်ရှိ ရှိထားတဲ့ပညာရေးနဲ့ လွတ်မြောက်ကာစ တိုင်းပြည်မှာ အသက်မွေးဝမ်းကျောင်း ပြုကြရတော့မယ့်ကိန်း ဖြစ်နေပြီ။ အဲဒီလိုဆိုပြန်တော့လည်း နောက်မျိုးဆက်တွေနဲ့ မယှဉ်နိုင်ကြ တော့ ပြန်ဘူး။ ဒါဆို ငါတို့ ရမယ့် “ဆု” က ဘာလဲပေါ့။

ဘာဆုမှ မရှိပါဘူး။ ကျနော်တို့ မျိုးဆက်က ကိုယ့်ဘ၀ရဲ့ အပျိုမြစ်ဆုံး အချိန်အပိုင်းအခြား တခုလုံးကို ထိုးကျွေးခဲ့ကြ တာကိုး ဗျ။ လူ့သက်တမ်းရဲ့ သုံးပုံတပုံကို ကျောင်းခန်းထဲမှာ ကုန်ဆုံးစေခဲ့ကြတယ်။ နောက် ဒုတိယတပုံကို တော်လှန် ရေးထဲမှာ ကုန်ဆုံးနေကြပြန်တယ်။ နောက်ဆုံး တပုံပဲကျန်တော့တယ်။ အိုကြ၊ မင်းကြနဲ့ အိုမင်းမစွမ်း ဖြစ်ကြရတော့မယ်။ ထားတော့။ ခု လူ့သက်တမ်းရဲ့ ဒုတိယအပုံထဲမှာ သူများ ဘ၀တွေလင်းဖို့ ကျနော်တို့ ဘ၀တွေကို ထင်းထည့်သလို ထည့် နေကြတယ်။ လူ့ အဖွဲ့အစည်း မီးပုံကြီးလင်းဖို့ ကိုယ့်ကိုယ်ကိုယ် ထင်းထည့်သလို ထည့်နေကြတာကလား။

ကျနော်က ဒီလိုစဉ်းစားမိတယ်။ အဲဒီအချိန်မှာ ရွေးကောက်ပွဲအနိုင်ရထားတဲ့ အန်အယ်လ်ဒီလည်းရှိနေပြီ။ အမျိုးသား ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်လည်း ရှိနေပြီ။ ဒါကြောင့် နိုင်ငံရေးစနစ်နဲ့ နိုင်ငံရေးအာဏာ အတွက် ငါတို့မပူရ တော့ ဘူး။ ဒါဆို ငါတို့ တာဝန်ပြီးပြီလား၊ ငါတို့ တာဝန်ကျေပြီလားပေါ့။ မဟုတ်ဘူးတဲ့။ ကောင်းပြီ။ အဲဒီလို မဟုတ်ရင် ဘာလဲပေါ့။

တိုင်းပြည်ထူထောင်ရေး လုပ်ကြရပါဦးမယ်တဲ့ဗျာ။ လုပ်ဆိုလည်း လုပ်ကြတာပေါ့။ အသက်နဲ့ရင်းပြီးတောင် လုပ်လာခဲ့ကြ သေးတာ ခုဟာက အိုးမကွာအိမ်မကွာ မိသားစုနဲ့အတူနေပြီး တိုင်းပြည်တပြည် ထူထောင်တဲ့အရေးမှာ ဒိုးတူဘောင်ဖက် ၀ိုင်းလုပ်ကြရမှာ။ သာတောင် ကောင်းသေးပေါ့ဗျာ။ သို့သော်လည်း အဲဒီမှာ ဒုက္ခလှလှ တွေ့တော့တာပါပဲ။ ကျနော်တို့မှာ အတန်းပညာ မရှိကြဘူးလေ။ ကျနော်တို့မှာ စစ်တိုက်တတ်တာတခုကလွဲရင် အခြား အတတ်ပညာ မရှိကြဘူးလေ။

အဲဒီမှာ ဒီတချက်ကို သွားတွေးမိပါတယ်။ ကျနော်တို့မှာ စစ်အတတ်ပညာ ရှိတာပဲ။ တိုင်းပြည်ထူထောင်ရေးမှာ ကိုယ်တတ် တဲ့ ပညာကို ပြန်အသုံးချရင် မရဘူးလားပေါ့။ နောက်တခုကလည်း ဒီမိုကရေစီ အစိုးရလက်ထဲမှာ ဒီစစ်တပ်ကြီး ကို ဒီအတိုင်း ထား မလားပေါ့။ လူသတ်၊ မုဒိန်းကျင့်၊ လုယက်၊ ဓားပြတိုက်ပြီး ထင်ရာစိုင်းနေတဲ့၊ ဘာအတွေးအခေါ်မှ မရှိတဲ့ အဲဒီစစ်တပ် ကြီးက ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ ဒီမိုကရေစီအစိုးရကို အာဏာ ပြန်မသိမ်းနိုင်ဘူးလားပေါ့။ နောက်တခုက ကျနော်တို့တိုင်းပြည်က လူမျိုးစုံတိုင်းပြည်ဆိုတော့ ဖက်ဒရယ် ပြည်ထောင်စုစနစ်ကို ကျင့်သုံးရမှာ၊ ဖက်ဒရယ် ပြည်ထောင်စု အစိုးရကို ဖွဲ့စည်းရမှာ။ ဒါကြောင့် အနာဂတ်တပ်မတော်ဟာလည်း ဖက်ဒရယ် ပြည်ထောင်စု တပ်မတော် သာလျှင် ဖြစ်ရမှာ ပေါ့။ မဟုတ်ဘူးလား။

ဒီလိုနဲ့ ကျနော့်စိတ်ထဲမှာ ကျောင်းသားတပ်မတော်ကို ဖက်ဒရယ်ပြည်ထောင်စုတပ်မတော်အဖြစ် ပုံဖော်ကြည့်မိတယ်။ လက်ရှိ စစ်တပ်က ဗိုလ်ချုပ်တွေနေရာမှာ၊ ဗိုလ်မှူးတွေ နေရာမှာ၊ ဗိုလ်ကြီးတွေ နေရာမှာ၊ အရာရှိအရာခံ အကြပ်တပ်သား တွေ နေရာ မှာ ကျနော်တို့ ကျောင်းသား တပ်မတော်က တပ်မှူးတပ်သားတွေကို အစားထိုးကြည့်မိပါတယ်။ ဖြစ်နိုင်တယ်။ ဖြစ် သင့်တယ်။ ဖြစ်ကိုလည်း ဖြစ်ရပါမယ်။ (စကားချပ် - ကျောင်းသားတပ်မတော်ဆိုတာ ဒီနေရာမှာကျတော့ ABSDF တခု တည်း ကို ကွက်ပြီးပြောလို့မရနိုင်တော့ပါဘူး။ ဖက်ဒရယ်ပြည်ထောင်စုတပ်မတော်လို့ဆိုထားတဲ့အတွက် တပ်ပေါင်းစု တပ်မတော်ကို ရည်ညွှန်းရမယ်ထင်ပါတယ်)

ဆိုတော့ကာ ကျနော်တို့အနေနဲ့ အဆင့်မြင့် စစ်ပညာကို မဖြစ်မနေ ဆည်းပူးကြဖို့လိုအပ်လာပါတယ်။ ပစ်ပြေးပြေးတဲ့၊ ခြုံခို တိုက်တဲ့ ပြောက်ကျားစစ် စစ်ပညာအပြင် ပထ၀ီနိုင်ငံရေးကို အခြေခံခင်းကျင်းတဲ့ အဆင့်မြင့် စစ်ပညာမျိုးအထိ ဆည်းပူး လေ့လာကြဖို့လိုအပ်လာပါတယ်။ ဒါမှသာ ဖက်ဒရယ် ပြည်ထောင်စု တပ်မတော်အနေနဲ့ ဖက်ဒရယ်ပြည်ထောင်စု ကိုလည်း တည်တံ့အောင်ထိန်းသိမ်းနိုင်မှာ ဖြစ်သလို၊ အိမ်နီးချင်းတိုင်းပြည်တွေနဲ့တန်းတူလည်း စစ်ရေးအရ လုံခြုံမှုစနစ် တရပ်ကို ထူထောင်နိုင်မှာဖြစ်ပါတယ်။

နောက်တချက်။ လွန်ခဲ့တဲ့ အနှစ် (၂၀) က လက်ရုံးတွေဆန့်တန်း၊ အလံတွေဝှေ့ယမ်းပြီး (မဆလ) တပါတီအာဏာရှင် စနစ်ကို တိုက်ပွဲဝင်ခဲ့ကြတဲ့ အရေးတော်ပုံ တပ်သားလေး (ကျနော်တို့တတွေ) တွေ ဦးနေ၀င်းစစ်တပ်ရဲ့ လုံခြုံရေးတပ်သား တွေနဲ့ ပက်ပင်း တိုးခဲ့ကြ၊ ပစ်ခတ် ချေမှုန်းခံခဲ့ကြရတာကို အမှတ်ရကြဦးမှာပါ။ နောင်တချိန် ဖက်ဒရယ်ပြည်ထောင်စု တပ်မတော်မှာ အမှုထမ်းလို့ ကိုယ်ကလုံခြုံရေး တပ်သားပြန်ဖြစ်ပြီး မျိုးဆက်သစ်တွေက ကိုယ့်တုန်းကလို အရေးတော်ပုံ တပ်သားတွေအဖြစ် ကိုယ့်တုန်းကအတိုင်း ချီတက်လာကြတဲ့ပုံကို စိတ်ကူးနဲ့ဖြစ်ဖြစ် မြင်ကြည့်ကြည့်ပါ။

ဖက်ဒရယ်ပြည်ထောင်စုအစိုးရလက်ထက်မှာ တပြည်နယ်နဲ့တပြည်နယ် အခန့်မသင့်ကြလို့ အခြေအတင်ဖြစ်ကျတဲ့ အခင်း အကျင်းမျိုးတွေမှာ ကြားဝင် ဖြန်ဖြေပေးရမယ့် ပြည်ထောင်စု ကာကွယ်ရေး တပ်သားတွေအဖြစ် မြင်ကြည့်ကြပါ။ ကျနော် တို့တာဝန် အဲဒီလောက်အထိ ကြီးသလို၊ ကျနော်တို့အနာဂတ်လည်း အဲဒီလောက်အထိ ရှည်လျားပါတယ်။ ကျနော် က အဲဒါကို ကျနော်တို့ ရသင့်ရထိုက်လို့ ရရှိရတဲ့ “ဆု” တခုလို့ပဲ ကျေကျေနပ်နပ်ကြီး လက်ခံလိုပါတယ်။

ထားတော့။ ကျနော်အဓိကပြောလိုရင်းက ကျနော်တို့မှာတာဝန်တွေရှိတယ်၊ ကျနော်တို့မှာ လေ့လာဆည်းပူးသင်ယူရမယ့် ပညာရပ်တွေရှိတယ်၊ ကျနော်တို့မှာ အဆင်သင့်ဖြစ်အောင် ပြင်ဆင်ထားကြရမယ့် အရာတွေရှိတယ်ဆိုတာ သတိပြုမိကြ စေချင်တဲ့ စေတနာဖြစ်ပါတယ်။ ကျနော်တို့မှာ ကျနော်တို့ဘာသာ ရွေးချယ်ထားတဲ့ (ဒါမှမဟုတ်) ကျနော်တို့ မျိုးဆက်ကို ပြဌာန်းထားနှင့်တဲ့ ကိုယ်ပိုင်အနာဂတ် ရှိတယ်ဆိုတဲ့ အနာဂတ်ယုံကြည်မှုကို ဆုပ်ဆုပ်ကိုင်ကိုင် ရှိကြစေလိုတဲ့ စေတနာပါ။
........ .............. ......... ......... ခင်ဗျားတို့တတွေ ရေးကြဖို့ လေးလေးနက်နက် အကြံပြုပါရစေ။”

..........

မည်သို့ပင် ဖြစ်စေ၊ ထိုလွန်ခဲ့သည့် အနှစ် (၂၀) ၀န်းကျင်ကာလ၊ သူတို့ လူငယ်အချိန် တက်ကြွနေစဉ်ကတော့ ထိုသို့ ရှည်ရှည် ဝေးဝေး မစဉ်းစားခဲ့ကြပါ။ ပြီးလျှင် ကျောင်းပြန်တက်မည်ဟုသာ တွေးထားခဲ့ကြသည်။ ရွေးကောက်ပွဲ နိုင်သည့် ယခု ကာလ တွင်လည်း ၀ဒေသတွင် တာဝန်ဆက်လက် ထမ်းတော့မည့်အစား ABSDF ဌာနချုပ်သို့ ပြန်ရန် တညီတညွတ် တည်း ဆုံးဖြတ်ခဲ့ ကြသည်။ ခင်ဝမ်း၏ “ဆယ်လ်မွန် ငါးတို့အပြန်” သီချင်းကို အကြိမ်ကြိမ် ငြီးဆိုရင်း နေခဲ့ကြသည်။

“ပြန်ချိန်လည်း ဆုံးဖြတ်မှန်ကန်စေ...
ရာသီလည်း တွက်ချက်မှန်ကန်စေ...
ဦးဆောင်သူ စေရာ.... ယုံကြည်စွာ လိုက်ခဲ့မယ်တဲ့... ငယ်ရွယ်စဉ် ရှာဖွေစွန့်ခဲ့ပြီ။”

ဆက်လက်ဖော်ပြပါမည်။
မျှော်ပါ........


ယောဟန်အောင်

6 comments:

hta said...

hello ko yaw,
thank you for your FOOTSTEP OF LIFE part 9.i'm feeling very sorry about when i'm read your friend's latter.i'm very proud their(your)sacrifice for our country's futuer.

hta2

sawthanlwin said...

i am proud of you.....

jinghpaw said...

Hi
Ko Yaw Han Aung
Actually, I'm floating in your life. Thank you. But, I'm still hungry. Please some more.
Chyeju kaba sai.
Jinghpaw

Anonymous said...

အနှစ်၂၀ ဒီမိုကရေစီအရေးမှာ ကျနော်တို့နိုင်ငံရဲ လူငယ်မျိုးဆက်တွေ တဆက်ပြီး တဆက်ဖြန်းသန်းခဲ့ကြရတယ်၊
၈၈တောခိုကျောင်းသားတွေရဲ့အတွေ့အကြုံကို ကျနော်
တို့မျိုးဆက်တွေမမှီခဲ့။ ထို့အတူ ကျနော်တို့မျိုးဆက်တွေ
ရဲ့ နိုင်ငံရေးဖြတ်သန်းမှုအတွေ့အကြုံတွေလည်း ယခုမျိုးဆက်တွေနဲ့မတူနိုင်။
ဒီနေရာမှာ စဉ်းစားစရာတစ်ခုပေါ်လာတယ်။
ဖြတ်သန်းမှုမတူ ကွဲပြားခြားနားခဲ့ကြတဲ့မျိုးဆက်တွေ
တခုနဲ့တခုကို ကျနော်တို့ဘယ်လို ချိတ်ဆက်
နိုင်ကြမလဲ ဆိုတာပါပဲ။

Anonymous said...

မနက်စာမေးပွဲရှိတာမေ့ထားလိုက်ပြီး။ တထိုင်တည်း
ဖတ်လိုက်တာ နံနက်၃နာရီထိုးသွားတယ်။
ပြန်တွေးကြည့်ရင် စဉ်းစားစရာတွေနဲ့ အားလုံးကို
လွမ်းတယ်ဗျာ။ ဖခင်အိုတစ်ယောက်က သူ့ဘ၀ရဲ့
အတွေ့အကြုံနဲ့ယှဉ်ပြီး သားသမီးတစ်ယောက်ကို
ပြုစုပျိုးထောင်ပေးသလိုမျိုး ကျနော်တို့တော်လှန်ရေးမှာ
ရှေးကခေါင်းဆောင်တွေက သူတို့ဘ၀မှာ မအောင်
မြင်ခဲ့တာတွေကို သူတို့အတွေ့အကြုံနဲ့ယဉ်ပြီး နောက်
မျိုးဆက်သစ်တွေကို အလေးထားပြုစုပျိုးထောင်
ပေးခဲ့ရင် အခုလောက်ဆို ကျနေုာ်တို့ အမေ့အိမ်ပြန်ရောက်
နေပြီးနော်။

မသက်ဇင် said...

“ပြန်ချိန်လည်း ဆုံးဖြတ်မှန်ကန်စေ...
ရာသီလည်း တွက်ချက်မှန်ကန်စေ...
ဦးဆောင်သူ စေရာ.... ယုံကြည်စွာ လိုက်ခဲ့မယ်တဲ့... ငယ်ရွယ်စဉ် ရှာဖွေစွန့်ခဲ့ပြီ။”

အဆက်ကိုမျှော်နေပါတယ်

Recent Comments