Pages

Sunday, December 30, 2007

တောင်တန်း၊ သစ်ပင်၊ သွေးစတွေပဲ သက်သေခံနေတော့တယ် (၆)

“ကိုရင်တို့၊ ဟား... ဟား... ကောင်မလေးက ငါ့ကို ရေနွေးကြမ်း ၄- ခွက်တောင်ထည့်ပေးတာကွ” ကိုဝင်းနိုင်က ဆိုလာတယ်။
“နေစမ်းပါ... မင်းရုပ်ကြီးနဲ့များ၊ တကယ်က ငါ့ကို ခိုးခိုးကြည့်နေတာ” တယောက်က အားကျမခံ။
“သေချာတာက ခင်ဗျားတို့ မဟုတ်ဘူးဗျ၊ အီစကို၊ ကိုယ်က ၀စကားနဲ့ နှုတ်ဆက်လိုက်တော့ တခါတည်း ကျွေသွားပါရော လား”

သူတို့ အုပ်စုက အသံကျယ်လောင်၊ ကျယ်လောင် ပြောပြီး ပြန်လာကြတယ်။ ၀ဒေသမှာ နေရတာ ကြာလာတော့ တခါ တလေ သူတို့ နည်းနည်း ပျင်းလာတယ်။ ဆေးရုံမှာလည်း လူနာတွေ ဆေးထည့် ပတ်တီးတွေလဲပြီးရင် အားနေတတ်တယ်။ တရက် တော့ ကိုအိုက်သောင်းက ခင်ဗျားတို့ကြည့်ရတာ ပျင်းပါတယ်ဗျာ။ အပျိုအိမ်သွားလည်ရအောင်လို့ ခေါ်လို့ သူတို့ အဖွဲ့ ပါလာ ကြတယ်။ တကယ်တော့ တောင်ပေါ်ဒေသတွေမှာက အပျိုအိမ်လည်ရတာလည်း မလွယ်လှပါဘူး။ ကရင် တောင်ပေါ်ရွာ တွေမှာဆို တောင် တလုံး၊ နှစ်လုံးကျော်လို့ အပျိုအိမ်လည်ကြရတယ်။ အခုလည်း တပ်စခန်းကနေ မိနစ် ၃၀ လောက် လျှောက်ရတဲ့ ရွာကလေးတခုကို ရောက်လာတယ်။ ရွာသာ ဆိုတယ်။ အိမ်ခြေက မများလှဘူး။ အခုတော့ ဒီရွာလေးက လားဟူ ရွာလား၊ ၀တိုင်းရင်းသားတွေရဲ့ ကျေးရွာလား မမှတ်မိတော့ဘူး။ ကိုအိုက်သောင်း ဦးဆောင်မှုနဲ့ အိမ်တလုံးကို ၀င်ခဲ့ကြတယ်။ အိမ်သားတွေက ဗမာစကား ဆိုလို့ “ထိုင်ပါ၊ လာပါ.. ”လောက်သာတတ်ကြတော့ ကိုအိုက် သောင်းနဲ့သာ စကားပြောဆိုနေကြတယ်။ သူတို့က ဘေးက ထိုင်လို့။ ကိုအိုက်သောင်း ပြောတဲ့အထဲမှာတော့ “ဆရာလုံ၊ ဆရာလုံ” ဆိုတာလည်း ပါနေတော့ သူတို့အကြောင်း မိတ်ဆက်ပေးမှန်းတော့ သဘောအရ ရိပ်မိနေကြတယ်။ အိမ်ရှင်တွေ က ရေနွေး ကြမ်း ထုတ်တိုက်တယ်။

အိမ်မှာက မိဘလို့ သိနိုင်တဲ့ အဖိုးကြီး၊ အဖွားကြီး လင်မယားကို တွေ့ရတယ်။ အသက် ၄၀ လောက် ယောက်ျားတဦးနဲ့ သူ့ မိန်းမလို့ ယူဆတဲ့ ၃၅ လောက် မိန်းမတဦးလည်း တွေ့ရတယ်။ ကလေးနို့တိုက်နေတယ်။ နောက်တော့ အသက် ၂၅ လောက် ယောက်ျားတဦး၊ အသက် ၁၈ နှစ်လောက် မိန်းမပျို တဦးလည်း တွေ့ရတယ်။ အခန်းထောင့်မှာတော့ ၁၃ အရွယ် ကလေးမ လေး တယောက် ထိုင်နေတယ်။ သူတို့ရှေ့မှာတော့ မီးခွက်နီကျင်ကျင်ရယ်၊ အိမ်ထဲ ရေနွေးအိုးတည်ရင်း ဟင်း၊ ထမင်းချက် ပြုတ်တဲ့ မီးဖိုတလုံးလည်း ရှိတယ်။ ဒီမီးလင်းဖိုက မီးညွန့် အလင်းရောင်နီကျင်နဲ့ တစိတ်တပိုင်း အရိပ်ကျ၊ တစိတ် တပိုင်း အလင်းရ ဖြစ်နေကြတဲ့ မျက်နှာတွေက ဗန်ဂိုးရဲ့ အာလူးစားသူများ ပန်းချီကားတချပ်လိုလို။

အိမ်ရဲ့ ဆင်းရဲ ချို့ငဲ့မှုကတော့ သိသာလှတယ်။ တောင်သူ လယ်သမားတွေပဲ။ ဘာပဲဖြစ်ဖြစ် သူတို့က ဆရာလုံတွေကိုတော့ ရေနွေးနဲ့ ပြူပြူငှာငှာ ဧည့်ခံကြရှာတယ်။ ဆရာလုံတွေကလည်း ၀စကားမပြောတတ်တော့ ရေနွေးကို မှုတ်သောက်လိုက်၊ အိမ်ကို ဟိုဟိုသည်သည် ကြည့်နေလိုက် လုပ်နေကြရတယ်။ အပျိုလှည့်တယ် ဆိုသော်လည်း ရဲရဲ မကြည့်ရဲခဲ့ပါဘူး။ သို့သော် လည်း အပြန်လမ်းမှာတော့ သူ့ထက်ငါ အသာ စကားနိုင်လု ပြောနေကြတယ်။ တကယ်တော့ ဘယ်သူမှ အိမ်ထောင်ပြုဖို့ စိတ်၊ မရိုးမသားစိတ် မရှိကြသေးပေမယ့် တဦးနဲ့ တဦး စကားနိုင်လိုစိတ်နဲ့ အပြန်လမ်းမှာ ငြင်းလာကြတာ။ ကြာလာတော့ ကိုအိုက်သောင်းကလည်း နားကြားပြင်းကပ်လာပုံရတယ်။

“နေပါဦး... ခင်ဗျားတို့က ဘယ်သူ့ကို ပြောနေကြတာလဲ.. ကျနော် နားမလည်တော့ဘူး။”
“ဟို ရေနွေးလာလာထည့်ပေးနေတဲ့ အသက် ၁၈-နှစ်လောက် ကောင်မလေးလေဗျာ။”
“သေပါတော့ ဆရာလုံတို့ရေ့” ကိုအိုက်သောင်းက ညည်းတယ်။ “သူက အိမ်ထောင်နဲ့ဗျ” သူ့ယောက်ျားက ဘေးမှာ ထိုင်နေ တာ။ “အပျိုဆိုတာက အသက် ၁၃-နှစ်လောက် ကောင်မလေးလေ။ မတွေ့ဘူးလား”
သူတို့လည်း ပက်လက်လန်သွားကြတယ်။ သူတို့ ကလေးမလေးလို့ ထင်ထားတဲ့ ကောင်မလေးဆီ အပျိုသွားလည် ကြတာကိုး။

နောက်တော့မှ သိလာရတယ်။ ၀ဒေသမှာက အိမ်ထောင်အကျ စောကြတယ်။ ငယ်ငယ်ရွယ်ရွယ်နဲ့ အိမ်ထောင်ပြုကြတယ်။ တကယ်တော့လည်း ဒီဒေသတွေမှာက ဘ၀အတွက် ရွေးချယ်စရာ များများစားစား မရှိပါဘူး။ သာမန်လူအများကတော့ ရိုးရိုး ကုတ်ကုတ် တောင်သူဘ၀နဲ့ အရိုးထုတ်သွားကြတယ်။ စိုက်ဖို့သီးနှံကတော့ တောင်ယာဆန်စိုက်တာမျိုး ဖြစ်နိုင်သလို၊ ရာသီ စာ ဘိန်းစိုက်တာလည်း ဖြစ်နိုင်တယ်။ တကယ်တော့လည်း ဒီလို တောတောင်တွေမှာ လုံခြုံရေးမရှိလို့ ပြေးလွှားကြရ၊ စစ်ပွဲတွေ ကြုံကြရနဲ့ စိုက်ပျိုးရေးလုပ်ငန်းတွေ ဆိုတာလည်း သေချာ တစိုက်မတ်မတ် လုပ်နိုင်ကြတာ မဟုတ်ဘူး။ အစိုးရ စစ်တပ်ဖက်က လာရင် ပြေးလွှားနေကြရသလို၊ ပေါ်တာ အထမ်းသမားခေါ်ရင်လည်း လိုက်သွားကြရတယ်။ ရိုက်နှက် ကန် ကျောက် သွားတာလည်း ခံကြရတာပဲ။ တော်လှန်ရေးတပ်တွေ လာတော့လည်း ရိက္ခာကူကြရ၊ လမ်းပြကြရ၊ သတင်း ဆက်သား လုပ်ကြရပြန်တယ်။

ဒီလိုနဲ့ အချို့ရွာသားတွေလည်း စစ်တပ်ထဲ ၀င်သွားကြတော့တယ်။ ၀တောင်ပေါ်ဒေသတွေမှာ လူငယ်ယောက်ျားလေး အများစုရဲ့ သက်မွေးဝမ်းကျောင်းလုပ်ငန်းက စစ်သားလုပ်စရာပဲ ရှိနေတော့တယ်။ စစ်သားဖြစ်ခြင်းက အဆင့်အတန်း တခုကို ရစေတယ်။ တပ်ထဲမှာ ပညာရေး၊ ကျန်းမာရေး၊ လူမှုအသိုင်းအ၀ိုင်း တခုခု ရစေနိုင်သလို၊ လူမှုရေးအရ အရေးပါတဲ့ စိတ်ဓါတ်အားဖြင့် လုံခြုံမှုကိုလည်း ရစေတယ်။ ယောက်ျားမှန်ရင် သေနတ်ကိုင် တိုက်ခိုက်လိုကြတဲ့ ကျားကျားယားယား ဖိုစိတ် အတွက်လည်း စစ်သားဘ၀က အားကျစရာ ဖြစ်နေစေတယ်။ နှစ်ပေါင်း (၅၀) ကျော်ကြာ ပြည်တွင်းစစ်ထဲမှာ မိဘ တကွဲ သားတကွဲ၊ အဖေအမေ ဆုံးပါးခဲ့ကြရတဲ့ ကလေးတွေအတွက်လည်း ခိုလှုံစရာက ဒီစစ်ပွဲထဲက တဖက်ဖက်ရဲ့ စစ်တပ် ထဲမှာပဲ ဖြစ်နေစေတော့တယ်။

သူတို့ တောထဲရောက်ခါစက တိုင်းရင်းသားတွေရဲ့ဘ၀ကို နားမလည် နိုင်ကြဘူး။ တောထဲ တောင်ထဲမှာ ဗမာစကား ပြောသံ ကြားရင်ပဲ မွန်ရွာတွေ မှာလည်း “ဟမယ်... ဟမယ်” (ဗမာ၊ ဗမာ) ဆိုပြီး ထွက်ပြေးကြတယ်။ ကရင်ရွာတွေ မှာလည်း “ပရော် ဟဲလီး... ပရော်ဟဲလီး” (ဗမာလာပြီ) ဆိုပြီး ရွာသားတွေက ပြေးကြတယ်။ ဗမာစကား မပြောတတ် ရင်လည်း “ကြည့်စမ်း... ဗမာပြည်မှာ နေပြီး ဗမာစကားမပြော တတ်ဘူး” ဆိုပြီး သူတို့ရဲဘော်တွေက တမျိုး မြင်မိကြတယ်။

ကြာလာတော့လည်း ကျင့်သားရလာတယ်။ အမြင်တွေပြောင်းလာတယ်။ တိုင်းရင်းသားတွေရဲ့ ဘ၀က ဒီလို ဗမာလူမျိုး တွေနဲ့ အတူရင်းနှီး ကျွမ်းဝင်နိုင်ဖို့ အခွင့်အလမ်းတွေ မရလာခဲ့သလို ဗမာဆိုတာလည်း သူတို့နှစ်လိုဖွယ်၊ သူတို့ကို အကျိုးဆောင် ပေးတဲ့ ဗမာ ဆိုတာမျိုး သူတို့ မသိခဲ့ရလေဘူး။ ဗမာဆိုရင် လူဆိုးတွေချည်းပဲလို ဖြစ်ကြရတယ်။ စစ်ပွဲ အတွင်းမှာတော့ စစ်ဦး ဘီလူး ဆိုတဲ့အတိုင်း ရိုင်းပြစော်ကားမှုတွေ၊ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ၊ နှိပ်စက်ညှဉ်းပမ်းမှု တွေချည်း ကြုံခဲ့ကြရတော့ သူတို့ရဲ့ အတွင်းစိတ်မှာကိုက ဗမာလူမျိုးတွေအပေါ် ဆူးတွေ ပေါက်နေတော့တယ်။ မြေရိုင်းမှာ ရှင်သန်ကြီးထွားရတဲ့ အပင် တွေလို ထွားကြိုင်း အရိုင်းဆန်ဆန် ရှင်သန်ကြီးပြင်း လာရတော့တယ်။ သူတို့မှာ မယုံသင်္ကာစိတ် သံသယတွေ ကြီးနေရ တာလည်း မဆန်းတော့ဘူး။ ဒါက မျိုးရိုးစဉ်ဆက်အလိုက် ဘ၀နဲ့ရင်းပြီး သူတို့ ရလာခဲ့ကြတဲ့ သင်ခန်းစာပဲ။ သူတို့ မျိုးရိုးဗီဇ ထဲမှာတောင် ထည့်ရေးထားနိုင်တာပေါ့။ တကယ်တော့ သူတို့တိုင်းရင်းသား တွေဟာ ရန်လိုနေကြသူတွေ မဟုတ်သလို၊ ဖန်တီးတီထွင်လိုစိတ် ရှိတဲ့၊ အေးအေး ချမ်းချမ်းနဲ့ ကိုယ့်ဘ၀ ကိုယ်ကျောင်း လိုကြတဲ့ သူတွေပါပဲ။ တောထဲ တောင်ထဲက ရွာကလေးတွေမှာ နေပေမယ့် သူတို့အိမ်ယာကို ချစ်တတ်ပုံက သိသာလှ တယ်။ အချို့ ရွာတွေက ၀ါးတွေကို လှန်-မှောက်လို့ အမိုးလုပ်ရင်း အိမ်တွေကို ဘန်ဂလိုလေးလို ဆောက်ကြတယ်။ စမ်းချောင်းရေအားနဲ့ ဆန်မောင်းနင်းလိုမျိုး တီထွင်ထားတတ် တာလည်း ရှိတယ်။ အိမ်ရှေ့တွေမှာ ပန်းခင်းကလေးတွေ ရှိတတ်ကြသလို၊ တောရိုင်းသစ်ခွပင်တွေနဲ့ လည်း သူတို့အိမ်တွေကို နေချင်စဖွယ် ဖြစ်အောင် အလှ ဆင်တတ်ကြတယ်။ သူတို့ကိုးကွယ်ကြတဲ့ ဘာသာတရား ဘာပဲဖြစ်ဖြစ် ဘုန်းကြီးကျောင်း၊ ခရစ်ယန် ဘုရားရှိခိုးကျောင်းတွေကိုတော့ သပ်သပ် ယပ်ယပ်၊ ကြည်ညိုသဒ္ဒါစိတ်နဲ့ ခမ်းခမ်းနားနား ဆောက်လုပ်ထားတတ် ကြတယ်။

သူတို့လည်း တောထဲရောက်ပြီး နောက်ပိုင်း အကျင့်တွေ ပြောင်းလာခဲ့တယ်။
တောထဲမှာက ကိုယ့်ဝမ်းဝ ထားဖို့က အရေးကြီးတယ်။ မနက်လင်းတာနဲ့ ထမင်းကိုချက်၊ အ၀စား၊ တထုပ် ထုပ်ထား။ အရေး ကြုံရင်စားဖို့။ (တပ်ဖွဲ့ထဲမှာတော့ “ချက်-ထုပ်”လို့ ပြောရင် အားလုံး ဘာလုပ်ရမယ်ဆိုတာ သိကြတယ်။) ဗိုက်ဝ ထားလို့ ကတော့ တိုက်ပွဲဖြစ်ရင်တောင် ပူပန်စရာ မလိုတော့ဘူး။ နောက်တခုက အစား အသောက် ဇီဇာကြောင်တဲ့ စိတ်တွေ လျော့သွားစေတယ်။ ကော်ဖီဆို ဝေ လာဝေး၊ ရေနွေးကြမ်း ခါးခါးသောက်ရရင်ကို ဇိမ်ခံ စရာ ဖြစ်နေခဲ့တယ်။ နောက်ပိုင်း တောထဲ မနေတော့တဲ့ ကာလတွေတိုင် တခုခု ဆိုရင် အားမနာတတ်တော့ဘူး။ သူများအိမ် ဧည့်သည်သွား လုပ်ရင်လည်း ဆာတဲ့အချိန် ဆာပြီလို့ အရှိကို အရှိအတိုင်း ပြောတတ်လာတယ်။ တိုင်းရင်းသား ယဉ်ကျေးမှုတွေ၊ မတူကွဲပြားတဲ့ အယူတွေ ကို လက်ခံတတ်လာတယ်။ ထမင်းစားမယ် ဆိုရင် တယောက်ယောက်က ဘုရားရှိခိုး၊ ခရစ်ယာန် ဘာသာနဲ့ ၀တ်ပြုဆုတောင်း လေဦးမလားဆိုတာ စောင့်နေတတ်လာတယ်။ အရင်က ဗမာစာ ဗမာစကားမတတ်လို့ တိုင်းရင်းသားတွေကို အထင်သေး မိတာမျိုးတွေလည်း မရှိတော့ဘူး။ ကိုယ့်ဘေးမှာ ကိုယ်မသိတဲ့ တိုင်းရင်းသား ဘာသာ စကား ပြောနေရင်လည်း ဖာသိဖာသာ နေတတ်လာတယ်။ တကယ်တော့ အခြေအနေတွေ ဘက်ပေါင်းစုံကြောင့်သာ သူတို့ဘ၀ကို မဖန်တီးနိုင်ကြတာ ဖြစ်တယ်။ သူတို့ဟာ မညံ့ကြဖူး ဆိုတာ သူတို့ သဘောပေါက်လာခဲ့ကြတယ်။

တိုင်းရင်းသား ရွာတွေမှာ အကောင်းဆုံး မဟုတ်ပေမယ့် အုပ်ချုပ်ရေး စနစ် တစုံတရာ ချထားနိုင်ကြတယ်။ ရွာအချင်းချင်း အပြန်အလှန် သတင်းဖလှယ်ကြဖို့ ဆက်သားကွန်ယက်စနစ်တွေ ရှိတယ်။ နောက်ပြီး အခု (၀သပ) တပ်ဖွဲ့တွေ စစ်တိုက်၊ စစ်ဆင် နေပုံ၊ အမိန့်စီးဆင်းနေပုံကို ကြည့်ရင်လည်း ဖွဲ့စည်းမှုစနစ်၊ အုပ်ချုပ်ရေးစနစ်မှာ မညံ့ဖူးဆိုတာ ပြနေတယ်။ စစ်တပ် ကြီးတွေမှာ ရှိတဲ့ (C3I) လို့ခေါ်တဲ့ ဆက်သွယ်ရေးစနစ်၊ အမိန့်ပေး စနစ်၊ ထိန်းချုပ်မှုစနစ်၊ ထောက်လှမ်းရေး (Communication, Command, Control and Intelligence) စနစ်တွေအတိုင်း သူတို့ဆီမှာလည်း မနိမ့်ကျတဲ့စနစ်နဲ့ ရှိနေတယ်။ ဂျီသြမေတြီ အသုံးပြုရတဲ့ လက်နက်ကြီးပစ် စနစ်ကို ကောင်းကောင်း ကျွမ်းကျွမ်းကျင်ကျင် သုံးနိုင်ကြသလို၊ မြေပုံ ဖတ်ရတဲ့ ပထ၀ီပညာကိုလည်း သိနေကြတယ်။ ဗမာစကား၊ ဗမာစာ မတတ်တာတခု တည်းနဲ့ လူတယောက်ရဲ့ ဉာဏ်ရည်ကို၊ လူမျိုးတမျိုးရဲ့ ယဉ်ကျေးမှုအဆင့်ကို အကဲဖြတ်လို့ မရနိုင်ပေဘူး။

သို့သော်လည်း သူတို့ တောင်ပေါ်က တိုင်းရင်းသားတွေရဲ့ ဘ၀တွေကတော့ ကြမ်းလှတယ်။ ဘယ်တော့ အေးချမ်းမယ် ဆိုတာလည်း မသိနိုင်လောက်အောင်ပဲ။ အပေါ်မှာ သူတို့ အပျိုလှည့်စဉ် တွေ့ခဲ့ရသလို ငယ်ငယ်ရွယ်ရွယ် အိမ်ထောင်ပြုကြ၊ ငယ်ငယ် ရွယ်ရွယ် စစ်သားလုပ်ကြ၊ ပညာရေးစနစ်နဲ့ ကျန်းမာရေးစနစ် မဖူလုံတဲ့ အကြားမှာ အသက်ဆုံးပါးသွား ကြရတာ လည်း မနည်းလှဘူး။

သူတို့တတွေဟာ ဘိန်းစိုက်နေတဲ့ တောင်သူတွေ ဖြစ်လို့လည်း လူဆိုးတွေတော့ မဟုတ်ကြဘူး။ လောဘသားကောင် ငွေနောက်လိုက်နေကြသူတွေလည်း မဟုတ်ကြဘူး။ ရုန်းမထွက်နိုင်တဲ့ အခြေအနေ ဘက်ပေါင်းစုံမှာသာ သူတို့ဘ၀ကို အကောင်းဆုံး ကျင်လည်နေကြရတာ ဖြစ်တယ်။

တကယ်တော့လည်း မြန်မာနိုင်ငံမှာ ဘိန်း စတင် ရောက်လာတာက အမေရိကန် စစ်တပ်တွေ သယ်လာကြတာ။ ဒုတိယ ကမ္ဘာစစ်ကာလ ၁၉၄၂ ခုနှစ်မှာ အမေရိကန်တပ်မတော်က ဗိုလ်ချုပ် စတီးဝဲလ် (Gen. Stilwell) ဦးဆောင်တဲ့ တပ်တွေနဲ့ အိန္ဒိယမှာ ရှိနေတဲ့ တရုပ်ကူမင်တန်တပ်တွေက လီဒိုလမ်းမကြီး ဖောက်ဖို့ စစ်ဆင်ရေး လုပ်ခဲ့ရာက ဘိန်းပြဿနာ စလာခဲ့ တာ။ ဂျပန်ကျူးကျော်သိမ်းပိုက်ခံထားရတဲ့ တရုတ်နိုင်ငံက မြန်မာနိုင်ငံကို ဖြတ်သွားတဲ့ ထောက်ပံ့ရေးလမ်းကြောင်းကို အသည်းအသန် ထိန်းသိမ်းကာကွယ် လိုနေကြတယ်။ ဒီလိုနဲ့ တရုပ် ကူမင်တန်တပ်တွေကလည်း မြန်မာပြည်ထဲ ၀င်လာ ကြတယ်။ ဒီအချိန်မှာ အိန္ဒိယဖက်ကနေ အမေရိကန် တပ်ဖွဲ့ (၁၀၁) Detachment 101 တပ်တွေ မြန်မာနိုင်ငံကို ရောက်လာ ပြီး အိန္ဒိယ-မြန်မာ- တရုတ် ဆက်မယ့် လီဒိုလမ်းမကြီးဖောက်ရေးက အရေးတကြီး ဖြစ်လာခဲ့တယ်။ ၁၀၁ တပ်က အင်အား ရာချီ လောက်သာပါပြီး၊ ဂျပန်နောက်ကျော အချက်အချာကျတဲ့ နေရာတွေကို တိုက်ခိုက်ဖို့အတွက် မဟာမိတ်တပ်တွေက ရည်ရွယ်ခဲ့ကြတာ လို့ ပြောတယ်။ ဘာကြောင့်မှန်းတော့ မသိဘူး။ ၀င်လာတဲ့ အမေရိကန်တပ် တွေက လီဒိုလမ်းမကြီး ဖောက်ရာမှာ အထမ်းသမားခေါ်ခဲ့တဲ့ ဒေသခံရွာသားတွေကို၊ လမ်းဖောက်လုပ်တဲ့ ကချင်လူမျိုး လုပ်သားတွေကို လုပ်အားခ အဖြစ် ဘိန်းတွေပဲ ပေးခဲ့ကြတယ်။ လုပ်အားခ ပိုက်ဆံ မပေးဘူး။ ကချင်လူမျိုးတွေက ပိုက်ဆံ ငွေစက္ကူတွေကို မယူလိုကြ လို့လည်း ဆိုကြတယ်။ အာဖဂန်နစ္စတန်ဒေသဖက်က ထွက်တဲ့ ဘိန်းတွေကို သယ်လာပြီး စစ်ဆင်ရေးတလျှောက်လုံးမှာ ကြုံသမျှ ရွာသားတွေအတွက် လုပ်အားခပေးချေခဲ့ ကြတယ်။ ဒီလိုနဲ့ မြန်မာပြည်မှာ ဘိန်းပြဿနာ စလာခဲ့တာ။

တခါ တရုတ်ပြည်မှာ ကွန်မြူနစ်တွေ အာဏာသိမ်းအောင်မြင်ပြီးတဲ့နောက်ပိုင်းမှာလည်း ကူမင်တန်တပ်တွေ မြန်မာနိုင်ငံထဲ ကို အလုံးအရင်းနဲ့ ၀င်ပြေးခဲ့ကြပြန်တယ်။ ဗိုလ်ချုပ် လီမီ (Gen. Li Mi) ဦးဆောင်တဲ့ တရုတ် ကူမင်တန်တပ်တွေက ယူနန် ပြည်နယ်ထဲကနေ မြန်မာနိုင်ငံထဲကို ရောက်လာခဲ့ကြတယ်။ အရင်က အမေရိကန် ထောက်လှမ်းရေးဌာနက လူတွေနဲ့ အလုပ် တွဲလုပ်ထားတဲ့သူတွေက၊ မူးယစ်ဆေးဝါး ကိစ္စတွေကို ဆက်လုပ်ပြီး ကွန်မြူနစ် ဆန့်ကျင်ရေးကိစ္စ အတွက် ငွေရှာ ကြပြန် တယ်။ စစ်အေးတိုက်ပွဲကာလအတွင်းမှာ အမေရိကန်ပြည်ထောင်စုကလည်း ဒီကိစ္စတွေကို မျက်စေ့မှိတ်ထားခဲ့ ပြန်တယ်။ စီအိုင်အေကလည်း ကူမင်တန်တွေကို လက်နက်၊ ကျည်၊ အခြားထောက်ပံ့ရေးပစ္စည်းတွေ ပေးကြတယ်။ ဒီလိုနဲ့ ရွှေတြိဂံ ဒေသလို့ ခေါ်ကြတဲ့ ထိုင်းနဲ့ မြန်မာနိုင်ငံ မြောက်ပိုင်းဒေသတွေမှာ ဘိန်းကုန်သွယ်ရေးက ကြီးထွားလာပြန်တယ်။ အမေရိကန် ကွန်ဂရက်ရဲ့ အချက်အလက်တွေအရ ၁၉၇၂ ခုနှစ်အထိတိုင် ရွှေတြိဂံဒေသမှာ ဘိန်းကုန်သွယ်မှုရဲ့ ၈၀% ကျော်ကို ထိန်းချုပ် ထားခဲ့တာက ကူမင်တန်တပ်ဖွဲ့ဝင်တွေလို့ ဆိုကြတယ်။

အဖြစ်အပျက်တွေက ထူးဆန်းသားလား။ သမိုင်းက တပတ်ပြန်ကျော့လာတယ်။ အခုတော့ အရင်က အမေရိကန် ထောက် လှမ်းရေးနဲ့ မဟာမိတ် ဖြစ်ခဲ့ကြတဲ့ ကူမင်တန် အဆက်အနွယ်ဟောင်း ဝေဆူကန်းလည်း အမေရိကန် အစိုးရရဲ့ ဆုငွေထုတ်ခံ ထားရတဲ့ ၀ရမ်းပြေးဖြစ်လာ ခဲ့ပြန်တယ်။ အံ့သြစရာတော့ကောင်းတယ်။ ယခင်က ကွန်မြူနစ်ပါတီဝင်ဟောင်း တွေ ဖြစ်ခဲ့ကြ တဲ့ (၀သပ) ခေါင်းဆောင် တွေနဲ့ ကွန်မြူနစ် ဆန့်ကျင်ရေး ကူမင်တန်အနွယ်ဖွား ဝေဆူကန်းတို့လည်း ပြန်ပေါင်းထုပ်မိ ကြပြန်တယ်။ ကမ္ဘာကြီးဟာ လုံးသလို တနေရာရာမှာ ပြန်တွေ့ကြလေသလားလို့လည်း နည်းနည်း အတွေးခေါင်မိတယ်။



ဓါတ်ပုံကို S. H. A. N's Drug Watch NewsLetter မှ ရယူပါသည်။

ဒီဒေသက ဆေးရုံကလေးမှာ အလုပ်လုပ်နေကြရင်း သူတို့အဖွဲ့အတွက် တွေးစရာတွေလည်း အများကြီးရခဲ့တယ်။ မြန်မာ နိုင်ငံမှာ ဒီမိုကရေစီ လက်ငင်းရယုံနဲ့တော့ ဒီပြဿနာတွေက ချက်ချင်း ဥုံဖွ ရှင်းသွားမှာ မဟုတ်ပေဘူး။ ဒီလို နယ်မြေ လုနေကြတဲ့ စစ်ပွဲတွေလည်း ရပ်သွားကြမှာ မဟုတ်ဘူး။ ဘိန်းပြဿနာကလည်း ကင်းရှင်းအောင်ဆိုရင် တကယ်လုပ်ဖို့ ကြာနိုင်ပါ သေးတယ်။ တကယ်တော့ ဘိန်းစိုက်တာ မကောင်းဘူး၊ ရပ်လိုက်ကြပါလို့ ပြောရုံနဲ့လည်း ဒီရွာသားတွေက ဘိန်းအစိုက် ရပ်သွားမှာ မဟုတ်ပါဘူး။ သူတို့ ဘ၀ရပ်တည်ရေးအတွက် အခြားရွေးချယ်စရာ တစုံတရာ မရှိဘဲနဲ့၊ သူတို့ကို ပညာပေးမှု မရှိဘဲနဲ့၊ သူတို့ရဲ့ လူမှုရေး၊ ပညာရေး၊ ကျန်းမာရေး၊ ငြိမ်းချမ်းရေး၊ အမျိုးသား အခွင့်အရေး ဘက်ပေါင်းစုံ တိုးတက်မှု မရှိလာဘဲနဲ့ ဒီလိုပြဿနာတွေ ပပျောက်သွားမှာ မဟုတ်ပါဘူး။ ပြဿနာ အားလုံးဟာ အပြန်အလှန် ဆက်စပ် နေကြတယ်ဆိုတာ သတိပြုမိလာတယ်။ ဒီမိုကရေစီ ရပြီဆိုပါစို့။ ဒီပြဿနာတွေ ဖြေရှင်းဖို့ လမ်းစတော့ ပေါ်လာနိုင်ကောင်း ရဲ့လို့ တွေးမိကြတယ်။

[ အခုနောက်ပိုင်းမှာ ကြားရတာကတော့ ၀ဒေသမှာ (၀သပ) ဥက္ကဋ္ဌ ပေါက်ယူချန်းက ၂၀၀၅ ခုနှစ် ဇွန်လ ၂၆ ရက်နေ့မှာ သူတို့ UWSA ထိန်းချုပ်ထားတဲ့ ဒေသတခုလုံး ဘိန်းစိုက်ပျိုးမှု ကင်းရှင်းတဲ့ နေရာ ဖြစ်စေရမယ်လို့ ကြေငြာခဲ့တယ်။ ဒီလို သာ အမိန့်နဲ့ ဘိန်းပပျောက်ရေး လုပ်မယ်ဆိုရင်တော့ အောင်မြင်ဖို့ ခက်ခဲလိမ့်မယ်။ ဒေသခံ ပြည်သူလူထုရဲ့ အခြေအနေကို မြှင့်တင်ပေးဖို့ နိုင်ငံတကာ အကူအညီတွေလည်း လိုအပ်လာလိမ့်မယ်။ ဒီလိုသာ မဟုတ်ခဲ့ရင်တော့ ၀ပြည်ထဲက လူထုတွေ အခြေအနေက အတော့်ကို ပိုဆိုးသွားနိုင်တယ်။ လူမှုရေး၊ စီးပွားရေးအရ ချွတ်ခြုံကျလောက်အောင် ထိခိုက်သွားစေ နိုင် တယ်။ ဆင်းရဲ မွဲပြာကျသွားစေနိုင်တယ်။ (၂၀၀၃) ခုနှစ်မှာ ထုတ်ပြန်တဲ့ ကုလသမဂ္ဂ မူးယစ်ဆေးနဲ့ ရာဇ၀တ်မှု ထိန်းချုပ် ရေးရုံး (UNODC) ရဲ့ အဆိုအရ ရှမ်းပြည်နယ်ထဲမှာရှိတဲ့ ဘိန်းစိုက်ပျိုးမှု အပေါ် မှီခိုသက်မွေးနေကြရတဲ့ လူထု ၂-သန်း လောက်ရှိနေတယ်။ ဒီလို မူးယစ်ဆေးဝါး ပပျောက်ရေး စီမံချက်တွေကြောင့် လူထုတွေရဲ့ ဘ၀ရပ်တည်ရေးအပေါ် ဆိုးကျိုး သက်ရောက်မှု ရှိစေနိုင်တယ်လို့ တွက်ဆထားကြတယ်။ သူတို့မိသားစု ရပ်တည်ရေးအတွက် ပင်မ ငွေဝင်ပေါက်၊ ငွေဝင် လမ်းတွေ ပိတ်သွားလိမ့်မယ်။ သူတို့ ပျမ်းမျှဝင်ငွေရဲ့ ၇၀% လောက် လျှော့နည်းသွားမယ်လို့ တွက်ဆထားတယ်။ “ကြောင်လိမ်လှေခါးလို ထိုးကျဆင်းသွားနိုင်တဲ့ လူမှုရေး ကပ်ဒုက္ခတွေ (Downward spiral) ” ဖြစ်ပေါ်လာနိုင်တယ်လို့ ဆိုကြတယ်။]

ဒီလိုဆိုရင် ၀တပ်မှူး ကိုအိုက်သောင်း ပြောပြတဲ့ သူ့အမေလို ဆင်းရဲသား ၀လူမျိုးတွေက ဘယ်လိုရပ်တည်ကြမှာပါလိမ့်လို့ သူတွေးနေမိပြန်တယ်။
တရက်တော့ စကားဆုံကြလို့ ကိုအိုက်သောင်းက ၀ဒေသမြောက်ပိုင်းက သူ့အမေအိုအကြောင်း သတိတရ ပြန်ပြောပြ တယ်။ သူတို့ ၀လူမျိုးတွေ ဆင်းရဲတွင်းနက် ဒုက္ခရောက်ရပုံအကြောင်းကို သူရှင်းပြရင်း သူ့အမေအကြောင်းကို ကိုယ်တွေ့ ပြန်ပြောပြ လာတာ ဖြစ်တယ်။

“ကျနော်တို့လည်းဗျာ... ရှေ့တန်းသွားလိုက်၊ အိမ်ပြန်လာလိုက်နဲ့ နေကြတယ်။ အမေအိုကြီးကိုလည်း သိပ်တော့ ကရု မစိုက် နိုင်ကြဘူး။ သူကတော့ မြောက်ပိုင်း ပန်ဆန်းနားက ရွာကလေးတခုမှာ နေတယ်။ တနေ့တော့ဗျာ... ကျနော် ရှေ့ တန်းက ပြန်အလာ သူ့ကို နှုတ်ဆက်ပြီး ကိုယ့်ဘာသာပဲ နားနေမိတယ်။ သူကတော့ နောက်ဖေးမှာ ဟင်းချက်နေလေရဲ့။ တခုခု ပြုတ်ထားတယ် ထင်တာပဲ။ တော်တော်နေကြာတော့မှ အနံ့မကောင်းပါဘူးလို့ ထင်လာတော့ မီးဖိုထဲ ၀င်ကြည့်မိ တယ်။ ကျနော့်အမေ ပြုတ်ထားတာ ဘာထင်သလဲ...။ စစ်မျက်နှာသုတ် ပုဝါကို ပြုတ်ထားတာဗျာ...”

ကိုအိုက်သောင်းက ပြောရင်း မျက်ရည်တွေတောင် ၀ဲလာတယ်။ သူ့စကားသံကလည်း လှိုက်လှိုက်လှဲလှဲ ရှိတယ်။
“မေးကြည့်တော့ တနေ့က အိမ်အနီးက လူတွေက အမဲသားချက်စားတယ် ပြောတယ်။ အဲသည်တော့ ဒီလူတွေက အမဲ ပုဆိုး ကြမ်းကို ပြုတ်စားကြတယ်။ အမေကလည်း သူတို့လို စားချင်တာနဲ့ တွေ့တဲ့ ကျနော်တို့ စစ်မျက်နှာ သုတ်ပုဝါကို ထည့်ပြုတ်နေ တာ..”

“ခင်ဗျားတို့ စဉ်းစားကြည့်ပါဦး။ ကျနော့ အမေဟာ ဒီအသက်အရွယ်အထိ အမဲသား ပုဆိုးကြမ်းကို မစားဖူးခဲ့ရဘူး။ ဘယ် လောက်ဆင်းရဲခဲ့သလဲ ဆိုရင် အမဲ ပုဆိုးကြမ်းဆိုတာ ဘယ်လိုနေမှန်းတောင် မသိခဲ့ရဘူး။ တခါလာ ဆန်ပြုတ်၊ တခါလာ
ပြောင်းဆန်ပြုတ်နဲ့ မုန်ညင်းခြောက်နဲ့ ဒီအသက်အရွယ်အထိ နေလာခဲ့ရတာ” ကိုအိုက်သောင်းက ငေးငေးငိုင်ငိုင်နှင့် အဝေး ကို မှန်းဆကြည့်နေခဲ့တယ်။

အခုကာလဆိုလျှင်ဖြင့် ကိုအိုက်သောင်းအမေလို ၀လူမျိုးတွေ ဘယ်လိုနေထိုင်စားသောက်နေကြမည် မသိ။ သူ သတိတရ တွေးနေမိသေးတယ်။

ယောဟန်အောင်
ဆက်လက်ဖော်ပြပါမည်။ မျှော်....

အကိုးအကား
1. http://www.fas.org/irp/congress/1998_cr/980507-l.htm
2. Troy J. Sacquety (ed.), Behind Japanese Lines in Burma, The Stuff of Intelligence Legend
avialable online at https://www.cia.gov/library/center-for-the-study-of-intelligence/csi-publications/csi-studies/studies/fall_winter_2001/article07.html
3. Tom, Kramer (TNI), A Downward Spiral, Irrawaddy Journal, October 13, 2005.

3 comments:

khin said...

Very nice and the presentation really strike the reader heart..I ( THIDA ,Jap.) am not enought though to provide comments,but this is worth of reading and let me support to write more.We really need to try to raise up our nation people.

Anonymous said...

I absolutely agree khin's said.

မသက်ဇင် said...

ဗမာဆိုရင် လူဆိုးတွေချည်းပဲလို ဖြစ်ကြရတယ်။ စစ်ပွဲ အတွင်းမှာတော့ စစ်ဦး ဘီလူး ဆိုတဲ့အတိုင်း ရိုင်းပြစော်ကားမှုတွေ၊ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ၊ နှိပ်စက်ညှဉ်းပမ်းမှု တွေချည်း ကြုံခဲ့ကြရတော့ သူတို့ရဲ့ အတွင်းစိတ်မှာကိုက ဗမာလူမျိုးတွေအပေါ် ဆူးတွေ ပေါက်နေတော့တယ်။ မြေရိုင်းမှာ ရှင်သန်ကြီးထွားရတဲ့ အပင် တွေလို ထွားကြိုင်း အရိုင်းဆန်ဆန် ရှင်သန်ကြီးပြင်း လာရတော့တယ်။ သူတို့မှာ မယုံသင်္ကာစိတ် သံသယတွေ ကြီးနေရ တာလည်း မဆန်းတော့ဘူး။ ဒါက မျိုးရိုးစဉ်ဆက်အလိုက် ဘ၀နဲ့ရင်းပြီး သူတို့ ရလာခဲ့ကြတဲ့ သင်ခန်းစာပဲ။ သူတို့ မျိုးရိုးဗီဇ ထဲမှာတောင် ထည့်ရေးထားနိုင်တာပေါ့။ တကယ်တော့ သူတို့တိုင်းရင်းသား တွေဟာ ရန်လိုနေကြသူတွေ မဟုတ်သလို၊ ဖန်တီးတီထွင်လိုစိတ် ရှိတဲ့၊ အေးအေး ချမ်းချမ်းနဲ့ ကိုယ့်ဘ၀ ကိုယ်ကျောင်း လိုကြတဲ့ သူတွေပါပဲ။

မှတ်သားသင့်ပါတယ် ( အနာဂတ် အတွက် )

Recent Comments