လူတယောက်ဟာ ဘယ်လောက်နာကျဉ်ဒဏ် ခံနိုင်သလဲ။
ဒီနေ့မှ ပြေးနေရင်း သူထူးထူးခြားခြား စဉ်းစားနေမိသည်။ ဒီနေ့ပြေးရသည်က စိတ်မပါလှ။ လေရိုင်းက နည်းနည်းလှုပ်ယမ်း တိုက်ခတ်နေသလို၊ အအေးဓါတ်ဒီကရီကလည်း လျှော့နည်းနေသည်မို့ နားရွက်များကျဉ်လာသည်။ ပြေးသည့်အခါ အတွင်း ခံ ၀တ်သည့် သာမယ်အင်္ကျီ(Thermal) မပါလာသည့်အတွက်ကြောင့်လည်း ပို၍ စိမ့်အေးနေသည်။ သို့သော်လည်း ဆက်၍ ဘေ့စ်ဘောကွင်းကလေးကို ပတ်ပြေးနေမိသည်။ ကြွက်သားများလည်း နာလာသည်။ ရပ်လိုက်မည်စိတ်ကူးသော် လည်း မရပ်ဘဲ ဆက်ပြေးနေရင်းမှ စာရေးဆရာကိုနိုင်ဇော်၏ “သံဆူးဖိနပ်” ၀တ္ထုတိုလေးကိုလည်း အမှတ်ရမိလာ ပြန်သေးသည်။ အပြေးသမားတဦး၏ နာကျဉ်နေလျှက်မှ ပန်းအ၀င် အားတင်းပြေးသည့်အကြောင်း ၀တ္ထုတိုကလေးဖြစ်သည်။ ဖတ်ခဲ့ရသည် က ကြာလှပြီ။
“ကြွက်သားလေးတို့ရေ။ အားတင်းထားလိုက်ပါကွဲ့”
“ခြေချောင်းလေးတို့ရေ။ နာကျဉ်နေပေမယ့် ဆက်လှမ်းလိုက်ပါဦးကွဲ့” အတိအကျ မဟုတ်သော်လည်း ၀တ္ထုထဲမှ အပြေး သမား က ကိုယ့်ကိုယ်ကို နာကျဉ်လျှက်မှ အားတင်းပြေးနေပုံ စာသားလေးများကို အမှတ်ရနေသေးသည်။ ဤသို့ ပြေးနေ ရင်း နာကျဉ်ခြင်းအကြောင်းကိုလည်း ဆက်တွေးနေမိခြင်း ဖြစ်သည်။
လူတယောက်ဟာ ဘယ်လောက်နာကျဉ်ဒဏ် ခံနိုင်သလဲ။
ရုပ်ပိုင်းဆိုင်ရာအရ ဒဏ်ရာဒဏ်ချက်ပြင်းလျှင် နာကျဉ်ခြင်းလည်း ပြင်းနိုင်သည်။ စိတ်ပိုင်းဆိုင်ရာအရ နာကျဉ်ခြင်း ဒဏ်ရာ ဒဏ်ချက်တွေလည်း ရှိနိုင်သည်။ အသည်းကွဲသူတွေကလည်း နာကျဉ်စွာ သီချင်းအော်ဟစ်ဆိုတတ်သည်။ သို့သော်လည်း မိခင်တို့သည် နာကျဉ်လျှက်ကပင် ရင်သွေးတွေကို ဖွားမြင်ခဲ့ကြသည်။ တုနှိုင်းမရနိုင်သည့် မေတ္တာတရားဖြင့် နာကျဉ်ခြင်း ကို အံတုကြသူ မိခင်များဖြစ်သည်။ ထောင်ကျခဲ့ရသော နိုင်ငံရေးအကျဉ်းသမား မိတ်ဆွေများထံမှ နာကျဉ်အောင်နှိပ်စက် ခံရပုံ များကိုလည်း သူကြားဖူးသည်။ ရေတစက် တစက်ဖြင့် ကိုယ်ခန္ဓာ တနေရာတည်းကို ချနေသည်ဆိုလျှင်လည်း နာကျဉ် မှုက ဖော်မပြနိုင်လောက်အောင် ဖြစ်စေသည်ဟု ဆိုသည်။ ဆိုက်ကယ်စီးသလို ကားယားခွထိုင်စေခြင်းဖြင့်လည်း သူတို့၏ ခြေ ထောက်များ နာကျဉ်ယောင်ကိုင်းလာအောင် နှိပ်စက်ကြသည်။ ဆီးစေ့၊ ကျောက်ခဲသေးသေးလေးများများ အပေါ် တွင်လည်း ဒူးထောက်စေ၍ မခံမရပ်နိုင်အောင် နာကျဉ်စေသည်။ ညိုသကြီးပေါ် တုတ်ဖြင့်လှိမ့်၍ ကျောရိုးစိမ့်အောင် နာကျဉ်စေသော နည်းလည်း ရှိသည်။ ဒေါ်အောင်ဆန်းစုကြည်သည်လည်း ဘယ်လောက်နာကျဉ်စွာ စိတ်အနာရ ခံစားခဲ့ရ ပါလိမ့်။ မိခင်တဦး ဖြစ်သူက သားများနှင့် ကွေကွင်းနေရသည်။ ခင်ပွန်းဖြစ်သူ၏ နောက်ဆုံးဈာပနကိုပင် နှုတ်မဆက်နိုင်ရ လောက်အောင် ရှိခဲ့သည်။ သူက ခေါင်းဆောင်တဦးဆို၍ ဟန်မပျက်နေခဲ့ရသော်လည်း ဒေါ်စု၏ နာကျဉ်ခံစားနေရမည့် ပရိဒေ၀မီးကို မှန်းဆ ကိုယ်ချင်းစာမိသည်။ သည်လို အတွင်းကြေ ဖြစ်နေသည့်၊ ကျည်းပေါင်းတက်နေသည့် စိတ်အမာရွတ် များလည်း စိတ်နာ၊ ရုပ်နာများလည်း လူအမျိုးမျိုးတွင် ရှိနေနိုင်ပါသည်။
နောက်ဆုံးနာကျဉ်မှု အမြင့်ဆုံးအခြေအနေတွင်တော့ အနာဖြင့် သွေးလန့်၍ (pain shock) ဖြင့် သေသွားနိုင်သည်ပေါ့။ သို့သော်လည်း နာကျဉ်နေလျှက်က ပန်းတိုင် တခုအတွက် ပြေးနေကြသူများလည်း ရှိသည်။ အိပ်ခ်ျအိုင်ဗွီ စွဲကပ်နေသည့် ဘတ်စကက်ဘောသမား မက်ဂျစ်ဂျွန်ဆင်လိုမျိုးရှိ သလို၊ အိပ်ခ်ျအိုင်ဗွီစွဲလျှက်က မာရသွန် ပြေးနေကြသူများရှိသည်။ နာကျဉ် နေသော်လည်း ပန်းတိုင်အတွက် သူတို့ဆက်ပြေး နေကြသည်ဟု အပြေးသမားတဦး၏ အင်တာဗျူးတွင် ဖတ်ဖူးသည်။ ABSDF တွင် ရှိနေစဉ်က သူတို့ခေါင်းဆောင်တွေ ဖြစ်ဖူးသည့် ကိုနိုင်အောင်၊ ကိုမိုးသီး၊ ကိုအောင်သူငြိမ်း တို့လည်း စိတ်ရှုပ် လာလျှင်၊ စိတ်ဓါတ်ကျလာလျှင် အပြေးဖိနပ်စွပ်၍ ထထပြေးတတ်သည်ကို သူ မှတ်မိနေသေးသည်။ နာကျဉ်မှုကို လျှော့ပုံမျိုး များလား။ စိတ်ကို ကုစားနေကြပုံမျိုးလား။
မြန်မာ ကာတွန်းတခု ဖတ်ရဖူးသည်။ ကာတွန်းဆရာအမည်ကို မမှတ်မိတော့။ လူတယောက်က ၀န်ထုပ်ဝန်ပိုး အလေးကြီး တခု ထမ်း၍ လျှောက်လာသည်။ နောက်တယောက်က သူ့ကို ကူပေးမည်ဟု ဆိုသည်။ ပြီးတော့ နောက်ထပ် အထုပ် တထုပ် (သို့မဟုတ်) လမ်းဘေးမှ ကျောက်တုံးတလုံးကို ၎င်းထမ်းနေသူ၏ အပေါ်ဆင့်တင်ပေးလိုက်သည်။ ပို၍ လေးလံ သွားစေခဲ့ သည်။ ဤသို့ဖြင့် ခါးကိုင်း၍ အတော်လျှောက်ခဲ့ခါမှ ကျောက်တုံးကို ပြန်ချပေးလိုက်သည်။ ပြီးတော့ “ပေါ့သွားပြီ မဟုတ်လား” ဟု မေးသည့် ကာတွန်းလေးဖြစ်သည်။ ၀န်ထုပ်ဝန်ပိုးကတော့ မူလအတိုင်း၊ သို့သော်လည်း ပေါ့သွားသည် ဟုတော့ ပြောရ လိမ့်မည်။ ဤသို့ဆိုလျှင် နာကျဉ်မှုအပေါ် နာကျဉ်မှု ဆင့်ပေးပြီးမှ ဆူးပြန်နှုတ်ပေးလိုက်လျှင် နာကျဉ်မှု နည်းနည်းပေါ့ သွား နိုင်သည်လား။ မဆီမဆိုင် ခပ်ကြောင်ကြောင်လည်း သူ တွေးမိသေးသည်။
..... ....... ....... .......
သူကတော့ တကယ်နာကျဉ်သည့်သူများကို စစ်ပွဲများအတွင်း တွေ့ခဲ့ရဖူးသည်။
တရက်တော့ ၀တောင်ပိုင်းဌာနချုပ်ရှိ ဆေးရုံသို့ ၀ရဲဘော်လူနာတဦးရောက်လာခဲ့သည်။ သူက တိုက်ပွဲအတွင်း မိုင်းထိ ထား ပြီး၊ ခြေထောက်တဖက် ပြတ်သွားသည်။ ရှေ့တန်းရှိ သူ၏တပ်များနှင့် မတွေ့နိုင်ဘဲ ၃-၄ ရက်ခန့်ရှိနေရာမှ နောက်ဆုံး တပ် များနှင့် ပြန်တွေ့ပြီး ဆေးရုံသို့ နောက်ကျ၍ ရောက်လာခြင်းဖြစ်သည်။ သည်လူနာ ရောက်လာတော့ ခြေထောက်တခု လုံးပုတ်နေပြီ။ သွေးဆိပ်သင့်သည့် ပုတ်စော်နံ့က အတော်ကြီး နံဟောင်နေခဲ့ပြီ။ ခြေထောက်ပြတ်ပိုင်းစက ညိုမဲရောင်ကိုင်း နေသည်။ သည်ရဲဘော် ဒဏ်ရာအနာတရနှင့် ၃-၄ ညကို မည်သို့ ကုန်ဆုံးဖြတ်သန်းခဲ့ပါလိမ့်။ မိုင်းနင်းမိပြီးပြီးချင်း၊ မေ့မျော သတိလစ်သွားနိုင်သည်။ သို့မဟုတ်ပါကလည်း သူ၏ရဲဘော်များကို အော်ဟစ်ခေါ်ငင်၍ အကူအညီတောင်းလိမ့်မည်ပေါ့။ ရဲဘော်များက တိုက်ပွဲလက်နက်ကြီးသံများတွင် မကြားဘဲ ထားရစ်ခဲ့သည်လည်း ဖြစ်နိုင်သည်။ ဘယ်လောက်အားငယ် နေလိမ့်မည်လဲ။ သို့မဟုတ်ပါက ရန်ဘက်တပ်များအကြားတွင် ဖြစ်နေသောကြောင့် နာကျဉ်မှုကို အံကြိတ်ခံ၍ မအော်ဘဲ လည်း ရှိနေနိုင်သည်။ သေချာသည်ကတော့ အသည်းခိုက်အောင် နာကျဉ်နေရမည့်ကိစ္စ ဖြစ်သည်။ သူသေချာ မမှတ်မိ တော့။ ဤ၀ရဲဘော်က ဒဏ်ရာဖြင့် အားတင်းလျှောက်ပြန်လာရင်း မိခင်တပ်နှင့် ပေါင်းမိသည်လား၊ သူ၏တပ်ဖွဲ့များက ပြန်ရှာ ရင်း မေ့မျောနေစဉ် တွေ့ခဲ့သည်လား မသိ။
ဆေးရုံရောက်တော့ လူနာက စိတ်လျှော့ချလိုက်သည်။ သွေးလွန်ထားသောကြောင့်လည်း ဖြူလျော်နေပြီ။ သူက ဒဏ်ရာ အနာ၏ အတိမ်အနက်သိရန် ခြေထောက်က သွေးစများကို ဂွမ်းစဖြင့် သုတ်ချလိုက်စဉ်မှာပင် မဲပုပ်နေသော အသားစများ ပြတ်ပါ လာသည်။ ခြေချောင်းကလေးများ၏ အရိုးများ သံဇလုံထဲသို့ အသံပြုရင်း ကြွေကျသွားခဲ့သည်။ လက်တွင် သွေးခုန် နှုန်း တိုင်း၍ မရတော့။ လည်ပင်းရှိ သွေးကြောကြီးတွင်သာ သွေးခုန်နှုန်း ခပ်နည်းနည်းရတော့သည်။ သေချာ သည်က ခြေထောက်ဖြတ်ရမည်။ ပြီးတော့ သွေးဆိပ်သင့်နေပြီ။ သွေးလိုနေသည်။ ဖြစ်နိုင်လျှင်တော့ ပစ္စည်းကိရိယာပြည့်စုံ သည့် မြို့ကြီးဆေးရုံတခုခု သို့ ပို့သင့်သည်။ သူတို့အဖွဲ့တိုင်ပင်လိုက်ကြသည်။ သည်အတိုင်း မြို့ကိုပို့လျှင်ဖြင့် လမ်းတွင်ပင် သေသွား နိုင်သည်။ သွေး သွင်းရန် လိုလာပြီ။ အနာကိုဆေးကျောသုတ်သင် ခြေထောက်ကိုဖြတ်ရင်း၊ သွေးသွင်းဖို့ ပြင်ဆင်ရသည်။ သူက O သွေး၊ ကိုဇော်ထွန်းက AB၊ ကိုထွန်းခင်က သွေးအမျိုးအစားမသိ။ ကိုဝင်းနိုင်က ကူညီခွဲစိတ် ရမည့်သူ၊ ဤသို့ဖြင့် သူ့သွေးကို ဤ အတိုင်းဖောက်၍ လူနာထံထည့်ရသည်။ နောက်တနေ့တွင်တော့ ချင်းမိုင်မြို့က ဆေးရုံသို့ လွှဲပြောင်းပို့ လိုက်ရသည်။ သည်လူနာ ခြေထောက်တဖက်ဆုံးရှုံးရသော်လည်း အသက်ရှင်နိုင်ခဲ့သည့်အတွက် သူတို့တအုပ် ကြည်နူး ရသည်။
ဤသို့ ခြေထောက်မိုင်းထိပြီး အနာကျဉ်ခံ လျှောက်ခဲ့ကြရသည့် သာမန်ရဲဘော်၊ ဗိုလ်ကလေးများ၏ ဇာတ်လမ်းမျိုးက အခြား တော်လှန်ရေး ဒေသတွေမှာလည်း သူ ကြားဖူးသည်။ ကေအန်ယူ တပ်မဟာ ၂- သို့မဟုတ် ၃ တွင်ဖြစ်မည်။ ဗိုလ် လေးက မိုင်းထိ၍ ခြေထောက်ပြတ်သည်။ သူ၏ ရဲဘော်တယောက်ကလည်း ဒဏ်ရာရသည်။ လူနာအထမ်းခေါ်ရန် မှာ လည်း တောင် ပေါ်ဒေသများတွင် မလွယ်လှ။ ဤသို့ဖြင့် ဒဏ်ရာပိုပြင်းသည့် ရဲဘော်လေးကို ထမ်းစေသည်။ ခြေထောက် မိုင်းထိထားသည့် ကရင်ဗိုလ်လေးကတော့ ဒဏ်ရာဖြင့် ငုတ်တိုဖြစ်နေသော ခြေထောက်ကို ၀ါးဖြင့်စွပ်၍ ၃-ရက်ခရီး လောက် နောက်တန်းသို့ လျှောက်၍ ပြန်ခဲ့ရသည့် ဇာတ်လမ်းမျိုး သူကြားဖူးခဲ့ရသည်။ ဤရဲဘော်များ၏ ကိုယ်ခန္ဓာနာကျဉ် ရမှုကို စဉ်းစားကြည့်လျှင် ပင် ကျောချမ်းဖွယ် ကောင်းလှသည်။
တကြိမ်တွင်လည်း သူတို့ဆေးရုံသို့ ရဲဘော်တဦး၏ ဇနီး သွေးသွန်ပြီးရောက်လာခဲ့သည်။ ကလေးမီးဖွားပြီးစ သားအိမ် အတွင်း အချင်းမကျ နိုင်ဘဲ တရဟော သွေးသွန်နေခြင်း ဖြစ်သည်။ ဤ ၀အမျိုးသမီးငယ်လေး၏ ၀ါဖျော့နာကျဉ်နေသည့် မျက်နှာ ကိုလည်း သူမြင်ယောင် နေမိသေးသည်။ ဤအမျိုးသမီးကိုလည်း သွေးသွင်း၍ ကုပေးခဲ့ရသည်။ မည်သူက သွေးလှူမှန်း မသိ။ သူ သို့မဟုတ် ကိုထွန်းခင် ဖြစ်မည်ဟု ထင်သည်။ လူနာတယောက် ပျောက်ကင်းသွားတိုင်း သူတို့ ကျေနပ်မိသည်။ သူတို့ အဖွဲ့ကလည်း စေတနာဖြင့် အစွမ်းကုန် ကုကြသည်။ ယခုတိုင်မှတ်မှတ်ရရ ရှိနေသေးသည်မှာ သူတို့ ၀ဒေသအတွင်း တာဝန်ကျခဲ့သည့် ၄-လတာ ကာလတွင် လူနာ ၂၅၀ ကျော် ကုသပေးနိုင်ခဲ့သည်။ အများစုက စစ်ပွဲမှ ရသော ဒဏ်ရာ၊ အနာတရများဖြစ်ကြသည်။ တဦးတယောက်မျှ မသေဆုံးခဲ့။ ချင်းမိုင် ဆေးရုံသို့ လွှဲပြောင်းပို့၍ ဆေးကုသ ခံစေရသူဟူ၍ ဆေးရုံသို့ နောက်ကျ မှရောက်လာသည့် မိုင်းထိထားသည့် အထက်ဖော်ပြပါ လူနာ တဦးသာ ရှိခဲ့သည်။ သည်စွမ်းဆောင်နိုင် မှု အတွက်တော့ သူတို့ ဂုဏ်ယူသည်။
...... ........ ....... ....... ..........
သူတို့က စေတနာထား ကုသသောကြောင့်လည်း ၀တောင်ပိုင်းဌာနချုပ်တခုလုံးမှ လူအများက ကျေးဇူးတင်ကြသည်။ တခါ တရံ ထမင်းဖိတ်ခေါ်ကြွေးကြသည်။ အရက်ကတော့ ထမင်းဝိုင်းဆိုလျှင် မပါမဖြစ်။ စားမြိန်ဆေးဖြစ်သလို၊ ရိုးရာလည်း ဖြစ်သည်။ သူတို့ကလည်း အရက် သိပ်မကြိုက်လှပါ။ အားနည်၍ သောက်ရပုံမျိုးထက်တော့ ပိုသည်။ ၀ရဲဘော်များ ကလည်း သူတို့နှင့်တွေ့လျှင် တတ်သမျှ ဗမာစကားနှင့် ပျူပျူငှာငှာ နှုတ်ဆက်လေ့ရှိကြသည်။ “နေကောင်းလား” “လာ... စား” စသဖြင့် စကားတလုံး၊ နှစ်လုံးဖြင့် ဖော်ရွေမှုကို ပြကြသည်။ အနည်းဆုံး သူတို့ကို “ဆရာလုံ” ဟု ခေါ်၍ အော်ဟစ် နှုတ်ဆက် တတ် သည်။ သူ့တို့အဖွဲ့ကိုလည်း အားကိုးသည်ကတော့ သိသာလှ သည်။ ဤသို့ဖြင့် ညပိုင်းခပ်ထွေထွေ၊ ဗမာ စကားသံ အော်ကျယ် အော်ကျယ်ဖြင့် ပြန်လာပြီဆိုလျှင် သူတို့အဖွဲ့မှန်း အားလုံးက သိထားကြသည်။ ညကင်းစောင့် ရဲဘော် များ ပင် လျှင် သူတို့ကို ညစာ (စကားဝှက်) မမေးကြတော့။
ကြားထဲတွင် ဘာကိစ္စကြောင့်မှန်း သူ မမှတ်မိတော့။ ဒေါက်တာပါကျင်က တာဝန်တခုဖြင့် မာနယ်ပလောဌာနချုပ်သို့ ခေတ္တ ပြန်သွားခဲ့သည်။ သူတို့ကို ယုံ၍လည်း ပုံအပ်ထားခဲ့သည်။ သူတို့ ၄-ဦးက မတူသော စရိုက်များရှိနေကြသော်လည်း ဤ ကာလ တွင် တယောက်အကြောင်း တယောက် အူမချေးခါး မကျန် ဖွင့်ဟ ဖြစ်ကြသည်။ မတူသည့် စရိုက်များကိုလည်း မတူသည့် အတိုင်း ထားလိုက်သည်။ ညီရင်းအစ်ကို ပမာ ဖြစ်လာခဲ့ကြသည်။
သူနှင့် ကိုဝင်းနိုင်က ရန်ကင်းသား ၂-ဦး၊ ယခင်ကတည်းက အနည်းနှင့် အများဆိုသလို သိကျွမ်းလာသူ။ ကိုဇော်ထွန်းက အင်းစိန်ဖက်က၊ ကိုထွန်းခင်က အုတ်ဖို ဖက်မှ ဖြစ်သည်။ ကိုဇော်ထွန်းနှင့် ကိုထွန်းခင်က လက်ဝဲအယူအဆဖက် နည်းနည်း သန်သည်။ လက်ဝဲစာအုပ်များကို ဖတ်သည်။ ဥက္ကဋ္ဌမော်၏ စစ်ရေးခြောက်စောင်၊ အဘိဓမ္မာ ၄-စောင် စသဖြင့် စာအုပ်ငယ် များကို အိပ်ထဲထည့်ထားတတ် ကြသည်။ သူတို့ ရန်ကင်းသား ၂-ဦးက မနက်အေးအေး ကွေးလို့ ကောင်းတုန်းတွင်၊ ကိုဇော်ထွန်းနှင့် ကိုထွန်းခင်က ထ၍ လေ့ကျင့်ခန်းဆင်းသည်။ တောင်ပတ်လမ်းကို ပတ်၍ ပြေးသည်။ သူတို့ ၂-ဦးက တခါမှ မလိုက်ဖြစ်ပါ။ ဤသို့ ပုဂ္ဂိုလ် ၂-ဦး အပြေးကောင်း၍လည်း ပြဿနာဖြစ်ရသေးသည်။ ကိုဇော်ထွန်းနှင့် ကိုထွန်းခင်က ရိုးရိုး မပြေး၊ “ဘာလုပ်နေလဲ... လေ့ကျင့်နေ တယ်။ ဘာလုပ်ဖို့လဲ... တိုက်ပွဲဝင်ဖို့။ ၁-၂-၃-၄- ၁-၂-၃-၄ ပြည်သူ့စစ်သား၊ ပြည်သူ့ စစ်သား” စသဖြင့် အော်ပြီး ပြေးသည်။ နောက်ပိုင်းတွင် ဆေးရုံမှ နာလံထရဲဘော်အချို့ကပါ သူတို့နှင့် လိုက်ပြေးသည်။ ပြေးသည့် လူအုပ်က များလာခဲ့သည်။ နောက်ဆုံး တပ်မှူး ချန်ချင်းက မသင်္ကာ ဖြစ်လာပုံရသည်။ ယခင်ကလည်း ဆေးရုံ လူနာများက ဆေးရုံ အစားအသောက် မကောင်းကြောင်း ပြဿနာရှာထားသေးသည် မဟုတ်ပါလား။ အချို့လူများကလည်း သူတို့က ၀ရဲဘော်များကို စည်းရုံး၍ မြှောက်ပေးနေသည်ဟု တဦးဦးက သွား၍ သွေးထိုးသောကြောင့်လည်း ဖြစ်နိုင်ပါသည်။ နောက်တော့ ဗမာစကားရေလည်သည့် ချန်ချင်းလူယုံ တရုပ်အဖိုးကြီး တယောက်က ယောင်ပေပေနှင့် သူတို့ကုတင်အနားမှာ လာအိပ်သည်။ သူတို့ ပြောသမျှကို နားစွင့်သည်။ သူတို့က မဟုတ်တာ မလုပ်နေ၍လည်း ကိစ္စ မရှိလှ။ စိတ်ကသန့်သည်။
သူတို့ ပြောနေသည်ကလည်း သူတို့လွမ်းနေရသည့် ကောင်မလေး အကြောင်းတွေ။
ကိုဇော်ထွန်းက ရည်စားသနာ ရှိပုံမရ။ ပြောသံမကြားရ။ သူကလည်း ရန်ကင်းက ဇာတ်လမ်းလေးတွေ ပြန်ပြောပြဖူးသည်။ သူတို့ စကားအရဆိုလျှင်တော့ “အီစီကလီ ဘာလိုလို..ညာလိုလိုလေးတွေ” ပေါ့။ ကိုဝင်းနိုင်ကတော့ သူထက်အတန်းငယ် သည့် ဆေးကျောင်းသူတဦးကို ကြိတ်ပုန်းသဘောကျနေသည်။ သူ့ သူငယ်ချင်းညီမ။ ဤအကြောင်းကိုလည်း တခုတ်တရ ပြန်ပြောတတ်သည်။ သူတို့တောထဲမှာက “သပိတ်ဖြစ်မှ စော်ကြည်တာပါကွာ။ သိပ်အရည်အချင်း မရှိပါဘူး” ဟု တယောက် နှင့် တယောက် နှိမ်ပြောပြော၍ စနောက်တတ်ကြသည်။ တက္ကသိုလ်ကာလကလည်း အလားတူ စကားပုံရှိဖူး သည်။ “မကြည် စာပြ၊ စာမပြ ရေကူး၊ မကူး လှေလှော်။ မလှော် တောင်တက်” စသဖြင့် ကောင်မလေးများနှင့် တခုမဟုတ် တခု ညိသွား နိုင်သည့် အခွင့်အရေးများနှင့် ပတ်သက်၍ နောက်ပြောင်ကြခြင်း ဖြစ်သည်။ ယခု တောထဲမှာက ဤသို့ မဟုတ်။ ကျောင်းသား သပိတ်၊ ကျောင်းသား သမဂ္ဂတွေ ၁၉၈၈ ခုနှစ် လျှမ်းလျှမ်းတောက် ဖြစ်နေချိန်မှာတော့ ကျောင်းသား ခေါင်းဆောင်များ၊ သပိတ်ခေါင်းဆောင်များက ပျိုတိုင်းကြိုက်သည့် နှင်းဆီခိုင်။ ယခင်က အရည်အချင်းနည်းလျှင်သော်မှ သပိတ်တွင် တယောက် ယောက်ချိတ်မိနိုင်သည်ဟု ယူဆကာ ဤသို့ နောက်ပြောင်ကျီဆယ်ကြခြင်း ဖြစ်သည်။
ကိုဝင်းနိုင်ကိုလည်း အလားတူ “သပိတ်မှာ တွေ့တာမဟုတ်လား” ဟု နှိပ်ကွပ်လိုက်လျှင် ငြိမ်ဆင်းသွားတတ်သည်။ ကိုထွန်းခင်မှာလည်း သူကြိုက်နေသည့် ကောင်မလေးရှိသည်။ တိုက်တိုက်ဆိုင်ဆိုင် ကောင်မလေးကလည်း ဆေးတက္က သိုလ် (၂) မှ ကျောင်းသူ တဦးဖြစ်သောကြောင့် အတန်းမတူလျှင်သော်မှ အချင်းချင်း သိနေကြသည်။ ကိုထွန်းခင်က သူ့ ဇာတ် လမ်းကို မူးလာပြီဆိုလျှင် ဆွေးဆွေးမြေ့မြေ့ ပြန်ပြောတတ်သည်။ “ကောင်လေးက တောက၊ ကောင်မလေးက မြို့က။ အဲဒါ ဘုရားပွဲဈေးမှာ တွေ့ကြတာ။ ဒါပေမယ့် ကောင်မလေးက ဘယ်သိမှာလဲ။ နောက်တော့ သပိတ်တွေ ဖြစ်လာတော့...” ကိုထွန်းခင်နှင့် ထိုဆေးကျောင်းသူလေး တကယ် ပြေလည်၊ မပြေလည်တော့ သူတို့ မသိပါ။ သေချာသည်ကတော့ ၁၉၈၈ အရေးတော်ပုံကြီးနောက်ပိုင်း၊ စစ်အာဏာသိမ်းအပြီးတွင်တော့ ဤအချစ်ဇာတ်လမ်းလေးများ ဇာတ်မသိမ်းနိုင်ခဲ့ခြင်းပင်။
ကိုထွန်းခင်ကလည်း လူရိုး၊ မူးလာလျှင် မမောတန်း မပန်းတန်း သူ့ဇာတ်လမ်းကို ပြန်ပြောပြသည်။ ကြာတော့ ကြားရသူများ လည်း ရိုးအီနေပြီ။ ဘယ်လို ဆက်လာတော့မည်ကို သိနေကြပြီ။ သူ မူးနေပြီဆိုလျှင် ပိုဆိုးသည်။ သူတို့က ပြောင်နောက်လို လျှင် ဇာတ်လမ်းကို နည်းနည်း အစဖော် ထောက်ပေးလိုက်ရုံပင်။ “ကိုထွန်းခင် လုပ်ပါဦးဗျ။ ကောင်လေးက တောက၊ ကောင်မလေးက မြို့က၊ နောက်တော့ ဘယ်မှာတွေ့ကြတာ လုပ်ပါဦး”။ သူက အစမှအဆုံး ပြန်ပြောတတ်သည်။ ပြောပုံက နာနာကျဉ်ကျဉ် လွမ်းလွမ်းဆွေးဆွေး၊ ကျနော်တို့က ရယ်စရာအဖြစ် စကြသော်လည်း အချင်းချင်း မရယ်ရက်ကြပါ။
သူက သူဖတ်ဖူးသည့် ဂျွန်စတိန်းဘက် ၀တ္ထုတအုပ်ထဲမှ ဇာတ်လမ်းကို ပြန်အမှတ်ရနေမိသေးသည်။ ဇာတ်လမ်းက အမေ ရိကန် ပြည်တည်စ လူနီရိုင်းများကြားမှ အနောက်ဖက်သို့ စွန့်စားအခြေချခဲ့သည့် အဖိုးအိုတဦး၏ အကြောင်းလည်း ဖြစ်သည်။ ထိုစဉ်က လူနီရိုင်းများ၏ မျှားမိုးများအောက်တွင် စွန့်စား၍ သွားကြရသည်။ အခြေချကြရသည်။ နယ်ချဲ့ကြ သည်။ လှည်းဘီး များက ယခုလိုမဟုတ်။ သစ်သားအပြည့်ဖြင့် ဖြစ်သောကြောင့် ဒိုင်းကာများသဖွယ် ဖြစ်နေသည်။ လှည်းဘီးများကို အကာအရံ ယူ၍ သူတို့ခရီးသွားခဲ့ကြရသည်။ ၎င်းဝတ္ထုဇာတ်လမ်းပါ အဖိုးအိုက လူစုံလာလျှင် သူ့ဘ၀၏ ငယ်စဉ်ကာလ စွန့်စားမှုကို စကားဝိုင်းတွင် ပြန်စသည်။ “အဲသည်တုန်းကပေါ့ကွာ၊ လှည်းဘီးတွေကို တို့က အကာအကွယ် ယူပြီး လာကြရတာ... မျှားတွေ ကလည်း မိုးသီးမိုးပေါက်တွေလိုပဲ။ လေးဘက် လေးတန်က ၀ိုင်းပစ်ကြတာ...”။ ကြာတော့လည်း သည်ဇာတ်လမ်းကို မြေးများ က နားငြီးကြပြီ။ ဇာတ်လမ်းထဲက အဖိုးကြီး ကတော့ ပြောကောင်းဆဲ။ ကျန်သူများက ထမင်းဝိုင်းမှ အလျှိုလျှို ထွက်သွားကြ သည်။ အပ်ကြောင်းထပ်သည့် နာကျဉ်ဖွယ် ဒီဇာတ်လမ်းလေးကို ကျန် ရဲဘော်များသို့လည်း သူပြောပြဖြစ်သေးသည်။ “ကိုထွန်းခင် လှည်းဘီးကြီးနောက်မှာ မျှားတွေကို ကွယ်လို့ သွားကြရတယ် ဆိုတာမျိုး ဖြစ်နေပြီနော်” ဟု ပြောပြဖြစ်သည်။ “ကောင်လေးက တောက၊ ကောင်မလေးက မြို့က.. နည်းနည်း ပြင်ဦးဗျာ”။ ကိုထွန်းခင်ကတော့ မပြင်ပါ။ ကောင်မလေးကို သူချစ်သည် မဟုတ်ပါလား။
...... ........ ....... ....... ..........
အမေရိကန်၏ ဆောင်းရက်များက ပိုအေးလာခဲ့ပြီ။ တော်ရုံတန်ရုံဆိုလျှင် အပြင် မထွက်ချင်တော့။ အ၀တ်ကို အထပ်ထပ် ကျပ်စည်းသလို ၀တ်နေရသည်မှာလည်း မသက်သာလှ။ ညမှောင်ချိန်ကလည်း စောလာသည်။ အမှောင်စောပုံက စိတ်ဓါတ် ကျဖွယ် ကောင်းလှသည်။ နှလုံးကို အေးခဲနေအောင် ဆွဲဆုပ်ထားသည့်နှယ် ရှိသည်။ တရက်တော့ သူတို့ မြို့အနီးအစပ်က မိတ်ဆွေတဦးအိမ်သို့ ထမင်းသွားစားဖြစ်သည်။ တကယ်တော့ သူနှင့် မသိ။ သူ၏ သူငယ်ချင်း ဆရာဝန်ဖြစ်သူတဦးဖြစ်သူ ဒေါက်တာအေးဝင်းနှင့်သာ ရင်းနှီးသည့်မိတ်ဆွေ ဖြစ်သည်။ အမေရိကန်မှာကလည်း မြန်မာ လူမျိုး အသိုက်အ၀န်း ဟူ၍ ကြီးကြီးမားမား မရှိလှ။ အချို့မြို့ကြီးများတွင် ထောင်ဂဏန်းမျှ ရှိတတ်သော်လည်း အချို့သော မြို့များ တွင် ဆယ်ဂဏန်းမျှသာ ရှိတတ်သည်။ ခင်ရာဆွေမျိုး၊ မြိန်ရာ ဟင်းကောင်းလုပ်၍ ပေါင်းကြရသည်။ သို့သော်လည်း အနည်းဆုံး မြန်မာလူမျိုး အချင်း ချင်းဟူ၍ ခင်မင်ပေါင်းသင်းမှုတော့ ရှိကြသည်။ သူ့ သူငယ်ချင်း ဒေါက်တာအေးဝင်းက ABSDF အဖွဲ့ဝင်ဟောင်းတဦး ဖြစ်သလို၊ ယခင်ကတည်းက တပ်ရင်းတခုတည်းတွင် အတူတာဝန်ယူခဲ့ကြသူများ ဖြစ်သော ကြောင့်လည်း ညီအစ်ကိုလို ဖြစ်နေကြသည်။ ယခုအိမ်ကိုလည်း သူခေါ်၍ပါလာခဲ့ခြင်း ဖြစ်သည်။ အိမ်ရှင်ယောက်ျားက ယခင်က မြန်မာ အစိုးရ ဌာန တခုတွင် ညွှန်ကြားရေးမှူးလားမသိ၊ တာဝန်ယူခဲ့ဖူးသူ ဖြစ်သည်။ သို့သော်လည်း ယခုတော့ ဒေါက်တာအေးဝင်းနှင့် မြို့၏ ရပ်ဆွေရပ်မျိုး ဖြစ်နေခဲ့ပြီ။
သူ၏ သားက လူပျိုအရွယ်၊ တက္ကသိုလ်တခုခု တက်ခွင့်ရရန် ကြိုးပမ်းနေသည်။ အိမ်ရှင်မိတ်ဆွေက ဘယ်လိုရည်ရွယ်၍ ပြောမှန်း မသိ။ သူတို့ကိုလည်း ရည်ရွယ်ပြောလိုခြင်းလည်း ဟုတ်ပုံမရ။ သူ၏ သားကို ကျနော်တို့ရှေ့မှာပင် လှမ်းပြောခဲ့ သည်။
“ဟေ့ကောင်... ဒီမှာကြည့်စမ်း။ တောထဲက လာတဲ့ကောင်တွေတောင် ဆရာဝန်တွေ ဖြစ်နေကြပြီ။ ဟားဗတ်တို့ ဘာတို့ က ဘွဲ့တွေ ရနေကြပြီ။ မင်းက မိဘက အပြည့်အစုံနဲ့ စာဖတ်ခိုင်းနေတာတောင် မကြိုးစားချင်ဘူး။” သူ့သားကို သူလှည့်၍ ဆူပူလိုက်ခြင်း ဖြစ်သည်။
ဒီပုဂ္ဂိုလ်က ကိုယ့်စကား ဘယ်ကိုရောက်မှန်းမသိ။ သူတို့ကို နှိမ်ပြော ပြောလိုချင်း ဟုတ်ချင်မှတော့ ဟုတ်မည်။ သူ့နှာခေါင်း ပြားကနဲ ဖြစ်သွားသည်။ စိတ်ထဲတင်းသွားခဲ့သည်။ ငုံ့လျှိုးနေခဲ့သည့် စိတ်က အမောက်ထောင်လာသည်။
“အာ ဟား.... ငါတို့က လူဆိုးတွေမိုလို့၊ ငတုံးတွေမိုလို့ တောခိုခဲ့ကြတာမှ မဟုတ်တာ။ ၀ရမ်းပြေးမိုလို့ ထွက်ပြေးခဲ့ကြတာမှ မဟုတ်တာ။ ငါတို့က ယုံကြည်ချက်တခုအတွက် ငါတို့ရဲ့ ဘ၀ အကောင်းဆုံးအချိန်တွေ ပေးခဲ့ကြတာ။” ဤသို့ သူ ဖွင့်မပြော ဖြစ်ပါ။ စိတ်ထဲကတော့ ဤသို့ ပြောဖြစ်သည်။ ဒီပုဂ္ဂိုလ်နှင့်လည်း စကားပြောချင်စိတ် မရှိတော့ပါ။ သူတို့ ဖြတ်သန်းခဲ့သည့် အတွေ့အကြုံက သင်ခဲ့ပြီ။ သူ့မျက်နှာက ပြုံးနေလိမ့်မည်။ သံတမာန် ဆန်ဆန်။ သေချာသည်ကတော့ ဤအိမ်သို့ နောက် တကြိမ် သူအလည်ရောက်လာတော့မည် မဟုတ်ချင်းပင်။ တော်ရုံကိစ္စလေးတွေနှင့်လည်း သူ ရန်မဖြစ် ချင်တော့ပါ။ ဤသို့ အသေးအဖွဲများနှင့်သာ ရန်စများနေကြလျှင် ကမ္ဘာကြီးလည်း စစ်ပွဲများ ငြိမ်းသတ်၍ မကုန်နိုင်အောင် ရှိချေတော့မည်။ သူ့ဘ၀အတွက် နောက်ထပ်အပိုဆာဒါး ကိစ္စများ လည်း သိပ်များများ မလိုချင်တော့ပါ။ သို့သော် သူဝမ်းနည်းသလို ဖြစ်မိ သည်။
သေချာသည်ကတော့ သူတို့ဘ၀၏ အချိုမြိန်ဆုံး ပျိုရွယ်ချိန်များကို စွန့်ခဲ့ရခြင်းပင်။ ဤအကြောင်းများကို ဂုဏ်ပြုခံလို၍ လျှောက်ပြောနေကြခြင်းလည်း မဟုတ်။ သူ့အထွာနှင့်သူ ပေးဆပ်ခဲ့ကြရသည့် သူများချည်းပင်။ မျိုးဆက်တခုလုံး အတွက် ၀ရုန်းသုန်းကား ဖြစ်ခဲ့သောနှစ်များဟု ဆိုရမည်။ ယုံကြည်ချက်အတွက် ထောင်အတွင်း နှစ်ရှည်လများ ပေးဆပ်ဒုက္ခခံခဲ့ကြ ရသည့် သူတို့ရဲဘော်များရှိသလို၊ သူတို့လည်း ယုံကြည်ချက်ကျောပိုး၍ တောတိုးခဲ့ကြသည်။ ကောင်းမည်ထင်ရာ စွန့်လုပ် ခဲ့ကြသည်။ ဖြူစင်မွန်မြတ်စွာ သူတို့စွန့်လွှတ်လုပ်ကိုင်ခဲ့ကြသည်။ သူလုပ်ခဲ့သမျှ ကိစ္စတွေအတွက် မှားသည်ဟုတော့ မဆိုချင်။ သို့သော်လည်း အနာလေးတပြပြ မလုပ်နေချင်တော့ပါ။
“ကျနော်တို့ဟာ
ယုံကြည်ချက်တွေနဲ့ချည်း
မုန်ယိုနေကြတဲ့ ကောင်တွေ
ဒီလိုနဲ့
ကိုယ့်အိမ်ကိုယ် ပြန်နေခဲ့ကြတယ်
အနှစ် နှစ်ဆယ်လုံးလုံး။” (ကိုအောင်မွန်) ကဗျာလေးကို သူသဘောကျသည်။ အနှစ်နှစ်ဆယ်လုံးလုံး သူတို့ပြေးနေခဲ့ကြ သည်။ နာကျဉ်လျှက် ပြေးနေကြသည်။ ရည်ရွယ်ချက် တခုအတွက် ပြေးနေကြသည်။ အမေရိကန်နိုင်ငံကို အကြောင်း အမျိုးမျိုး ကြောင့် ခြေချခိုလှုံလာခဲ့ကြရသော်လည်း အိမ်ကိုပြန်နိုင်ဖို့ ကြိုးစားနေကြဆဲ ဖြစ်သည်။ အမေရိကန်သည် သူတို့ အိမ် မဖြစ်သေး။ သူတို့အိမ်က မြန်မာပြည်တွင် ရှိနေသည်ကို သူတို့ သိထားကြသည်။ မည်သို့ဖြစ်စေ သူတို့ပေးဆပ်ခဲ့ရ သော အချိန် များကိုတော့ ပြန်တသနေဆဲ ဖြစ်သည်။ နာကျဉ်သည့် ဒဏ်ရာကို လျှက်နေသည့် ကြောင်တကောင်လို တသသ ချိုမြိန် နေဆဲ ဖြစ်သည်။
သူတို့ ABSDF ရဲဘော်ဟောင်း အများစုရှိသည့် ဖို့တ်ဝိန်း Ft. Wayne မြို့ကလေးလိုနေရာမျိုးတွင် ပိုသိသာသည်။ မည်သည့် စကားဝိုင်း စစ တောထဲ ပြန်ရောက်ကြသည်။ အချို့ရဲဘော်များကတော့ ဒဏ်ရာကို ထုံထား၍ ရပ်တည် ချက်အတွက် အပြောင်း အလဲ လုပ်နိုင်သူလည်း ရှိသည်။ အပြောင်းအလဲ မလုပ်နိုင်ပဲ ယခင်ဒဏ်ရာ၊ နာကျဉ်မှုထဲ အိပ်မက် နှင့် တ၀ဲလည် လည် ဖြစ်နေသူ လည်း မရှားလှ။ အပြောင်းအလဲ လှိုင်းပုတ်ဒဏ်ခပ်ကြမ်းကြမ်းတွင် ပင်ပန်း အလူးအလိမ့် ဖြစ်နေရသူလည်း ရှိသည်။ ဤအပြောင်းအလဲတွင် အောင်မြင်သူများ ရှိခဲ့သလို၊ ကျဆုံးသူများလည်း ရှိခဲ့သည်။ ပညာ မပြည့်စုံဘဲ လာခဲ့ကြ ရသူ များရှိသလို၊ သူတို့ကို အနှစ် ၂၀ လုံးလုံး သင်ကြားပေးလိုက်သည့်ကိစ္စကလည်း အမေရိကန် တွင် ရပ်တည် ရှင်သန်ရေး အတွက် မဟုတ်။ ယခုတော့ ကွန်ကရစ်တောတွင် တိုက်ပွဲအသစ် ၀င်နေကြရပြီ။
သေချာသည်ကတော့ သူတို့တွင် နာကျဉ်မှုတစုံတရာ ရှိနေပါသည်။ မသိသော တနေရာတွင် ကိန်းအောင်းနေကြသည်။ တခါ တလေတွင် ဤအငုံ့စိတ်က ပြန်ပေါ်လာသည်။ စာရေးဆရာ မောင်စူးစမ်းက ယခင်ရုရှား ကွန်မြူနစ်စနစ်ပြိုကွဲပြီး နောက်ပိုင်း ရင်တွင်း ဆွဲနှုတ်လိုက်သလို ဟာလာဟင်းလင်းသဖွယ် ဖြစ်သွားခဲ့ကြရသည့် ကွန်မြူနစ်ဝါဒီများ၏ ခံစားချက်ကို (Melancholy) (အစားထိုးမရသည့် အစွမ်းကုန်ကြေကွဲမှုကြီးဟု ဘာသာပြန်လျှင် ရမည်ထင်သည်) ဟု ရေးခဲ့ဖူးသည်။ သူတို့ရဲဘော်များ တွင် လည်း ဤသို့အလားတူ မီလန်ခိုလီ ရှိနေသည်ဟု ထင်ပါသည်။ သူတို့ ဆုံးရှုံးခဲ့ရမှုမှာ အခြားမဟုတ်၊ သူတို့ ယုံကြည်ခဲ့သည့် လက်နက်ကိုင်တော်လှန်ရေးမဟုတ်။ သူတို့၏ အငယ်ရွယ် အပျိုမြစ်ဆုံး အချိုမြဆုံး အချိန်များသာ ဖြစ်ပါသည်။
နာကျဉ်လျှက်လည်း ဆက်၍ ပြေးနေရပါဦးမည်။
ယောဟန်အောင်
ဆက်လက်ဖော်ပြပါမည်။ မျှော်....
“ပန်းတိုင်သို့ ရောက်ခါနီးတွင် အစွမ်းကုန် အားသွန်၍ အကြိတ်အနယ် လုံးပမ်းရ၍ နာကျင်လာသည်ကို လျော့ပါးသွားအောင် မည်ကဲ့သို့ လေ့ကျင့်ပါသနည်းဟု ရွှေတံဆိပ်ရ အပြေးသမားတဦး အမေးခံရဖူးပါသည်။ ၎င်း၏ အဖြေကား- နာကျင်မှုသည် မည်သည့်အခါတွင်မှ မလျော့သွားခဲ့ပါ။ နာကျင်လျက် ဆက်လက်အားစိုက်သွားနိုင်ရန်ကိုသာ လေ့ကျင့်ထားရပါသည်။ ဘ၀ဇာတ်ခုံပေါ်မှာ ကဲ့သို့ပင် အားကစားကွင်း၌လည်း လူသားတို့သည် မိမိတို့၏ စွမ်းဆောင်နိုင်မှုစံချိန်ကို တိုးမြှင့်လိုပါက ခံနိုင်ရည်မွေးကာ မိမိ၏ အားနည်းချက်များကို ကျော်လွန်ရန် မိမိကိုယ်တိုင် ပြန်လည်လုံးပမ်းရပါသည်။”
၁၉၉၂ ခုနှစ် ဇွန်လ ၁၃ ရက်နေ့၊ ဒေါ်အောင်ဆန်းစုကြည်၏ စပိန်အိုလံပစ်မိန့်ခွန်းမှ
2 comments:
အဆက်ကိုမျှော်နေတယ်
ABSDF တွင် ရှိနေစဉ်က သူတို့ခေါင်းဆောင်တွေ ဖြစ်ဖူးသည့် ကိုနိုင်အောင်၊ ကိုမိုးသီး၊ ကိုအောင်သူငြိမ်း တို့လည်း စိတ်ရှုပ် လာလျှင်၊ စိတ်ဓါတ်ကျလာလျှင် အပြေးဖိနပ်စွပ်၍ ထထပြေးတတ်သည်ကို သူ မှတ်မိနေသေးသည်။ နာကျဉ်မှုကို လျှော့ပုံမျိုး များလား။ စိတ်ကို ကုစားနေကြပုံမျိုးလား။
Post a Comment