Pages

Thursday, September 21, 2017

ဗာလိန်း (Varlaine) *

လမ်းညွှန်က ဗာလိန်း (Verlaine) ကို ကိုးကားပြောတယ်၊ 
မိုးတဖွဲဖွဲ မြည်သံအောက်
တကယ့် နူးညံ့သက်သာတဲ့ ခံစားမှု အမူအရာတခု အဖြစ်နဲ့
သူလက်ကို ပဲရစ်ပေါ် ဝှေ့ယမ်းလို့။

ကဗျာစာပိုဒ်တွေက ပြန်မရနိုင်ဘူး
ကြယ်တွေတောက်ပတဲ့ ရေပြင်လို လှိုင်းတွန့်တွေ ထလို့၊
'အဲဒီ အသံပဲ၊ ဆရာ၊ သိပ်လှတာပဲ'
ငါ ခေါင်းညိမ့်တယ်၊ အသံက သာလိုက်တာလို့ ငါပြောတယ်။

ပဲရစ်က မေ့ထားပြီ။ ဗီလမ်သရေပြားပေါ်က ဗာလိန်း (Verlaine) ကတော့
ဘုရားသခင်ရဲ့ အမိန့်လိုတည်နေခဲ့
ဘူဇွာတွေရဲ့ စာအုပ်စင်ပေါ်မှာ ခိုင်မာနေခဲ့ပြီ။

ဂျင်မ်အရက်နဲ့ သံပုရာနဲ့ [တွဲဖက်လိုက်ရင်] ဘယ်လောက်လှပလိုက်ပါသလဲ
ညကို ကောင်းကောင်းအိပ်ပျော်စေဖို့ပေါ့
အဲဒီတိုတောင်းတဲ့၊ ညင်သာ စာဖတ်သံကပဲ ကျယ်လောင်နေတယ်၊
ဗာလိန်း (Verlaine) ကို ဂုဏ်ပြုဖို့ ဒီလို လုပ်သင့်တဲ့ကိစ္စပါပဲ။

ပြီးတော့ လှတယ်လား ?
လှတယ်။
ဒါပေမယ့် ဒါက
မင်းအမှတ်ရသလိုမျိုး ငါအမှတ်ရတာတော့ မဟုတ်ဘူး
မင်းပိုင်တယ်၊ ငါ ဒါကို မင်းကို ပြန်ပေးခဲ့တယ်။

ဗာလိန်း (Verlaine) က မင်းကို ဝေဒနာပေးတယ်။ မင်းကို ငါမသိဘူး။
မင်းရဲ့ ယစ်ရွှေရည်တွေနဲ့ မှားယွင်းလောင်ကျွမ်းတဲ့
ဘာသာကိုင်းရှိုင်းမှုတွေနဲ့ မသင့်တော်လှဘူး။ မင်း မှတ်ချက်ပေးတယ်။
ငါ အလောတကြီး ဖြစ်နေလား ? မင်းမျက်နှာတွေကို မင်းက တွန့်ခေါက်ပုံဖျက်
လှတုန်းပဲလား ?
အဲဒါက သူ့ကို တလက်မချင်း သတ်ဖြတ်တယ်။

သူက လုပ်ကြံခံခဲ့ရ၊ လမ်းထောင့်တွေက
သူ့ကို လှောင်ပြောင်အော်ဟစ်ကြ ၊ မင်းတို့ရဲ့ ကျင့်ဝတ်တရားဆိုတာတွေက
သူ့ကို ပြာကျအောင် စားခဲ့ပြီ။
အို.. တင်းကျပ်တဲ့ စည်ဗိုက်များက၊ ဗာလိန်း (Verlaine) ကို သောက်သုံးနေကြ
- အဲဒီ ကဗျာဆရာတွေကို-ကိုးကားကြသူတွေပဲ ကဗျာဆရာတွေကို သတ်နေကြသူတွေ။
ယက်ဗ်ဂေနီ ယက်ဗ်တူရှင်ကို (Yevgeny Yevtushenko)
Translated by Peter Levi and Robin Milner-Gulland

* Paul-Marie Verlaine (၁၈၄၄-၁၈၉၆)။ ပြင်သစ်မှ နာမည်ကျော် ကဗျာဆရာဖြစ်သည်။ မောင်သာနိုးဘာသာပြန်သည့် ထင်းရူးပင်ရိပ်စာအုပ် (နှာ-၂၃၂) တွင် သူ့အကြောင်း ဖော်ပြထားပြီး၊ ဗဲရလဲန်းဟု အသံထွက်ဖော်ပြထားသည်။ ပြင်သစ် နှင့် နိုင်ငံတကာတွင် ပြိုင်စံရှား ကဗျာဆရာအဖြစ် အသိအမှတ်ပြုခံရပြီး။ သင်္ကေတလှုပ်ရှားမှုကို ဦးဆောင်သူတဦး ဖြစ်သည်။ Decadent movement ကို ဦးဆောင်သည်ဟု ဖော်ပြသည်။ ယင်း အနုပညာ လှုပ်ရှားမှုမှာ အနောက်ဥရောပ အနုပညာ၊ စာပေတွင် ၁၉ ရာစုအတွင်း၌ ပေါ်ထွန်းခဲ့ပြီး၊ အလွန်အကျူးနှင့် အတုအယောင်သဘော ဖော်ကျူးခြင်း ဖြစ်သည်။ ဗာလိန်းက လူပေလိုနေသည်။ သူ၏ ဘဝနောက်ဆုံးကာလများတွင် မူးယစ်ဆေးသုံး၊ အရက်စွဲ၊ ဆင်းရဲ မွဲတေပြီး သေဆုံးခဲ့ရသည်။ သူက ကျူးကျော်ရပ်ကွက်များ၊ အစိုးရဆေးရုံတို့တွင် လှည့်နေသည်။ ပဲရစ်ရှိ ကော်ဖီဆိုင် များတွင် တနေ့တနေ့ အရက်ပြင်း (absinthe) သောက်၍ နေသည်။ သူ၏အနုပညာကို ချစ်သူများက ဗာလိန်းဝင်ငွေရ အောင် ပံ့ပိုးမှုပြုပေးကြသည်။ ၁၈၉၄ ခုနှစ်တွင် သူ့ကိုမိတ်ဆွေများက ပြင်သစ်ပြည်၏ "ကဗျာ့မင်းသား (Prince of Poets) အဖြစ် တင်မြှောက်ကြသည်။


ဆရာမောင်သာနိုးက ထင်းရူးပင်ရိပ်ကို သူ့ကို မိတ်ဆက်ထားရာ၌ "ခံစားမှုရအောင် ဘိန်းစားတယ်။ 'ပျက်စီးနေတဲ့လူ' လို့ အခေါ်ခံရတာ ဂုဏ်ယူတယ်" ဟု ဖော်ပြခဲ့သည်။ ဗာလိန်း၏ ကဗျာများနှင့် ပတ်သက်၍ ဆရာမောင်သာနိုးက မိတ်ဆက်ရာ ၌ "သူ့ကဗျာဝါဒက အာပေါဓာတ် ရှိရမယ်၊ ပေါ့ပါးရမယ်၊ ဝါစနာလင်္ကာရ မရှိရဘူး။ ကုန်ကုန်ပြောရရင် 'စာပေ' ကို မရှိရဘူး" တဲ့ဟု ဖော်ပြသည်။ "သူ့ကဗျာဟာ အင်ပရက်ရှင်စနစ် ပန်းချီကားတွေနဲ့ တော်တော်တူတယ်။ သူ့မှာ ချို့ယွင်း ချက်တွေကတော့ သိမ်သိမ်မွေ့မွေ့နဲ့ ဝေဝေဝါးဝါးနိုင်တယ်။ နူးနူးညံ့ညံ့နဲ့ အသေးအဖွဲနိုင်တယ်။ အတွေးရော ပုံသဏ္ဌာန်ပါ မြဲမြဲမြံမြံ မရှိဘူး။ သူ့ကဗျာ ကြာကြာဖတ်ရင် အူကြောင်ကြောင် ဖြစ်ရမယ်" ဟု ဆိုသည်။  

No comments:

Recent Comments