Pages

Tuesday, September 19, 2017

ငါဖော်ပြချင်တာ (I would like to describe)

အရိုးရှင်းဆုံး ခံစားချက်ကို ငါ ဖော်ပြချင်တာ 
ပျော်ရွှင်မှုဖြစ်ဖြစ်၊ ဝမ်းနည်းမှုဖြစ်ဖြစ်
ဒါပေမယ့် တခြားသူတွေ လုပ်သလိုမဟုတ်ဘဲ
မိုး၊ ဒါမှမဟုတ် နေရဲ့ ဝင်ရိုးကို ရောက်တဲ့အထိ။

ငါ့ကိုယ်ထဲ မွေးဖွားလာတဲ့
အလင်းကိုဖော်ပြချင်တာ
ဒါပေမယ့် ဘယ်ကြယ်တာရာနဲ့မှ မတူဘူးဆိုတာ
ငါသိတယ်။
သိပ်မတောက်ပ
သိပ်မသန့်စင်
ပြီးတော့ သိပ်မသေချာ။

ငါက ဖုန်ပေနေတဲ့ ခြင်္သေ့တကောင်နောက်
ဆွဲချခံရတာမျိုး မဟုတ်ဘဲ သတ္တိကိုဖော်ပြချင်တာ
ပြီးတော့ ရေအပြည့်နဲ့ဖန်ခွက် တုန်လှုပ်နေပုံမျိုး မရှိတဲ့
စိုးရိမ်ပူပန်မှုတွေနဲ့။

တနည်းဆိုရရင်
ငါကဝေါဟာရ တခုအတွက်
အတုံ့အလှယ်အနေနဲ့
တင်စားဖော်ပြမှုတွေ အားလုံး ပေးနိုင်ပါတယ်။
စကားတလုံးအတွက်
ငါ့အရေပြား နယ်နမိတ်မျဉ်းများကြား
ထိန်းသိမ်းထားတဲ့
ငါ့ရင်အုံကို နံရိုးတချောင်းလို ဆွဲထုတ်ပေးသလိုပေါ့။
ဒါပေမယ့် မဖြစ်နိုင်ဘူးဆိုတာ သိသာပါတယ်။ 

ပြီးတော့ ငါချစ်တယ် လို့ ပြောဖို့
အရူးတယောက်လို ငါပတ်ပြေး
ငှက်များကို လက်ထဲဆုပ်ကိုင်လို့
ပြီးတော့ ငါ့ရဲ့ကြင်နာမှုများက
အဆုံးမှာ ရေနဲ့ လုပ်ထားတာ မဟုတ်ပေဘူး။
မျက်နှာတခုအတွက် ရေကိုတောင်းဆို

ပြီးတော့ ဒေါသတွေက
မီးနဲ့ ကွာခြားတယ်
အဲဒါတွေက ချေးငှားပြီး
စကားဖောင်ဖောင် လျှာတချောင်းဖြစ်လာ။

ဒါကြောင့် ဝေဝါးနေတာ
ဒါကြောင့် ငါ့အတွင်းမှာ
မပြတ်သားတာ
အားလုံးထဲက ဆံဖြူလူကြီးမင်းကို
တခါတည်း ခွဲခြားလိုက်ပြီး ဆိုတယ်
ဒါက ကြိယာပုဒ်
ဒါက ကံပုဒ်။

ငါတို့က လက်တဖက်ကို ခေါင်းအောက်ထားလို့
ငါတို့ အိပ်ပျော်ကြတယ်
တခြားလက်ကိုတော့ြ၈ိုဟ်ကမ္ဘာများရဲ့ တောင်ပူစာများထဲထား။

ငါတို့ခြေများက စွန့်ခွာပြီး
သူတို့ရဲ့ သေးငယ်တဲ့အမြစ်တွေနဲ့
မြေကမ္ဘာကို မြည်းစမ်း 
နောက်တနေ့ နံနက်မှာတော့
ငါတို့ နာကျဉ်စွာ ငိုရှိုက်တယ်။

Zbigniew Herbert

No comments:

Recent Comments