Pages

Tuesday, September 12, 2017

ခွဲခွာချိန် (Breaking up)

ငါ အချစ်တွေ ကုန်သွားပြီ၊ ဒါက ငါတို့ ငြီးငွေ့ဖွယ် ဇာတ်သိမ်းခန်းပဲ 
ဘဝလိုပဲ ပြားချပ်၊ သုဿာန်လို မှုန်မှိုင်း။
ခွင့်ပြုပါ၊ ဒီအချစ်သီချင်းရဲ့ ကြိုးတွေက ငါခွာတော့မယ်
ပြီးတော့ ဂီတာကို ရိုက်ခွဲမယ်။ ငါတို့ ဘာမှ စုဆောင်းစရာ မလိုပါဘူး။

ခွေးငယ်လေးက နားမလည်ဖြစ်နေရ။ ငါတို့ရဲ့ အမွေးထူ သတ္တဝါကလေးက
လွယ်ကူလှတဲ့ကိစ္စတွေက ဘာကြောင့်ရှုပ်ထွေးနေရမှန်း သူမဆုံးဖြတ်နိုင် ဒါနဲ့
တံခါးဝမှာ သူက တအီအီ၊ ငါ သူ့ကိုပေးဝင်လိုက်တယ် 
မင်းထွက်သွားနေကျ တံခါးကို သူကကုတ်ခြစ်လို့။

ခွေးလေး၊ သံယောဇဉ် တွယ်ငြိနေတဲ့ ခွေးလေး၊ မင်းကတော့ သေချာရူးမှာပဲ 
ဒီလို ဟိုဘက်သည်ဘက် ပြေးလို့
ရှေးကျတဲ့ အိုင်ဒီယာတွေကို စိတ်ကူးနိုင်ဖို့ သူက သိပ်ငယ်လွန်းသေးတယ် 
ပြီးသွားပြီ၊ အသုံးမကျတဲ့ဟာနဲ့ ကိစ္စပြီးပေါ့။ အပြီးပဲ။

သံယောဇဉ်တွေ ဖြစ်ခဲ့၊ နောက်ဆုံး 'အချစ်ကို ကယ်တင်ခြင်း' ဆိုတဲ့
ခေတ်ဟောင်း ဇာတ်ဆန်လွန်းတဲ့ ဖြစ်ရပ်တွေ ကခုန်ရင်း ငါတို့ပြီးခဲ့ပြီ။
'ခွင့်လွှတ်တယ်' ငါတို့ တိုးတိုးပြောကြတယ်၊ ပဲ့တင်သံတခုကို မျှော်လင့်ရင်းနဲ့ 
ဒါပေမယ့် တိတ်ဆိတ်တဲ့ ထက်ကောင်းကင်က ဘာမှ ပြန်မလာခဲ့ဘူး။

အစပိုင်း အစောကတည်းက အချစ်ကို သိမ်းဆည်းထားခဲ့ရင် ကောင်းမယ်
စိတ်လှုပ်ရှားလွယ်တဲ့ 'ဘယ်တော့မှ' 'ထာဝရ' ဆိုတာတွေ ရှောင်ရှားရင်းနဲ့ပေါ့
ရထားဘီးတွေက အော်ဟစ်နေချိန်ကတည်းက ငါတို့ကြားသင့်တာပေါ့
'ကတိတွေ မပေးပါနဲ့'၊ ကတိများဆိုတာ ဖိအားမောင်းတံတွေပါပဲ။

ချစ်သူများရဲ့ ရူးသွပ်တဲ့ အယောင်ဆောင်မှုများကို သတိပေးနေတဲ့
ဒီလိုကျိုးကြေ သစ်ကိုင်းတွေကို ငါတို့မှတ်စု လုပ်ထားသင့်တယ် 
ငါတို့ မီးခိုးမှောင်နေတဲ့ ကောင်းကင်ကို မော့ကြည့်ခဲ့သင့်တယ် 
မျှော်လင့်ချက် ကြီးမားလေလေ၊ လိမ်လည်မှု ပိုကြီးလေလေပဲ။

အချစ်မှာ စစ်မှန်တဲ့ကြင်နာမှုဆိုတာ သိပ်အလွန်အကျွံမလုပ်ဘဲ နေတာပဲ 
မင်းကိုချည်နှောင်မယ့် သံကြိုးကွင်းဆက်တိုင်းကို ချိန်ဆနေတာပါပဲ
သူ့ကို နိဗ္ဗာန်ဆိုတာ ကတိမပေးပါနဲ့၊ မြေဧကဝက်ပဲ ပေးပေါ့ 
'သေသည့်တိုင်' မပြောပါနဲ့၊ နောက်တနှစ်အထိ အနည်းဆုံးပေါ့။

'မင်းကို ငါချစ်တယ်၊ မင်းကို ငါချစ်တယ်' လို့ ကြော်ညာမနေဘူး
ဒီစကားစုငယ်က တည်မြဲတဲ့ဘဝကို ဖြစ်စေတယ်။
ဒီနောက်ပိုင်း တချို့ အချစ်မဲ့တဲ့ကိစ္စတွေ ပြန်သတိရမိရင် 
ဒါက ပျားတူ (ပဒူ) လို အဆိပ်တက်စေတယ်။ ဓားတစင်းနဲ့ ထိုးမိသလို ဖြစ်စေတယ်။

တို့ရဲ့ခွေးငယ်ကလေးက လုံးဝစိတ်ရှုပ်ထွေးနေ
တံခါးပေါက်တခုကနေ တခုကို လူးလားလို့
ငါက ထားခဲ့တာကြောင့် 'ငါ့ကို ခွင့်လွှတ်ပါ' လို့ ငါမပြောဘူး 
တခုပဲ ငါတောင်းပန်ချင်တယ်။ အရင်ကတော့ မင်းကိုချစ်ခဲ့ပါတယ်။ 

ယက်ဗ်ဂေနီ ယက်ဗ်တူရှင်ကို (Yevgeny Yevtushenko)

No comments:

Recent Comments