Pages

Wednesday, February 8, 2012

တရုတ်နဲ့ အိန္ဒိယတွေ့ဆုံလေရာ။ မြန်မာနိုင်ငံ နှင့် အာရှ၏ လမ်းဆုံလမ်းခွအသစ် (၁၀)

ပြင်ပ ဆောင်းပါးရှင် ဦးအောင်သူငြိမ်းက Faber & Faber Ltd. London စာအုပ်တိုက်က ထုတ်ဝေတဲ့ "တရုတ်နဲ့ အိန္ဒိယ တွေ့ဆုံလေရာ။ မြန်မာနိုင်ငံနှင့် အာရှလမ်းဆုံလမ်းခွ အသစ်" (Where China Meets China: Burma and the New Crossroads of Asia) ဆိုတဲ့ စာအုပ် အကြောင်းကို တင်ဆက်နေပါတယ်။ ဒီစာအုပ်ကို ဦးသန့်မြင့်ဦးရေးသားထားပြီး ၂၀၁၁ ခုနှစ် တွင်းမှာမှ ထုတ်ဝေထားတာ ဖြစ်ပါတယ်။ ဒီတပတ်မှာတော့ သူရဲ့ရှမ်းပြည်နယ်ဖက် ခရီးစဉ်၊ ဆက်စပ်ရာသမိုင်းတွေကို တင်ပြပေးထားပါတယ်။

သောတရှင် မိတ်ဆွေများခင်ဗျား။
စာရေးသူဦးသန့်မြင့်ဦးက မေမြို့ကနေ သီပေါမြို့ကို ခရီးဆက်ထွက်ပါတယ်။ သီပေါမြို့ကို ရောက်တော့ အတော်အေးချမ်းတဲ့ မြို့ကလေးတမြို့ဆိုတာ တွေ့ရပါတယ်။ တကယ်တော့ အေးချမ်းတဲ့မြို့ကလေးလို့ သူထင်နေတာလည်း လှည့်ဖျားမှုတခု ဖြစ်ကောင်း ဖြစ်နိုင်ပါသေး တယ်။ ဒုတိယကမ္ဘာစစ်အတွင်းတုန်းက ဂျပန်၊ တရုတ်၊ ဗြိတိသျှ၊ အမေရိကန်စစ်သားတွေ ဒီမြို့ကလေးကို ဖြတ်သန်းသွားခဲ့ဖူးတဲ့ သမိုင်းကိုလည်း သူက ပြန်ဖော်ပြပါသေးတယ်။ မြို့ကလေးကနေ နည်းနည်း အပြင် ထွက်လိုက်တာနဲ့ အပစ်အခတ်ရပ်စဲရေးယူထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ တွေရဲ့ ထိန်းချုပ်ရာရွာတွေ ရှိနေပါ သေးတယ်။ အခု အချိန်မှာ ဒီပြည်တွင်းစစ်ကရော နိဂုံးချုပ်တော့မှာလား။ ဒေသတွင်းမှာ ကြီးထွာလာတဲ့ တရုတ်ရဲ့သြဇာ လွှမ်းမိုးမှုတွေကြောင့် အခုလို ပြည်တွင်းစစ် တိုက်ပွဲတွေက နိဂုံးချုပ် ဇာတ်သိမ်းသွားမှာလား။ ဒါမှမဟုတ် အကြမ်းဖက်မှု တွေက လောင်စာဆီထိုးပေးလိုက်သလို တဖန်ပြန်လည်ထကြွလာလေမလား။ တိုင်းရင်း သားတွေက လိုချင်တဲ့ မိမိရဲ့ ကြန်အင်လက္ခဏာတွေကို ဖော်ပြခွင့်နဲ့ အမျိုးသားရေးကရော ဘယ်လို ရှိလေမလဲ။ ဒါတွေကို သူက မေးခွန်း ထုတ်ခဲ့ပါ သေးတယ်။

ဗြိတိသျှတွေကို မြန်မာနိုင်ငံကို သိမ်းပိုက်အုပ်ချုပ်ခဲ့တဲ့နေရာမှာ ဗမာအများစု ရှိတဲ့ဒေသကို (Burma Proper) လို့ ခေါ်တဲ့ ပြည်မဒေသနဲ့ တိုင်းရင်းသားတွေ အများစုရှိရာဒေသကို (Frontier area) တောင်တန်းဒေသဆိုပြီး ခွဲခြားအုပ်ချုပ်ခဲ့ ပါတယ်။ အိန္ဒိယမှာ ဗြိတိသျှတွေက အုပ်ချုပ်ပုံ ပြုပြင်ပြောင်းလဲမှုတွေ လုပ်ပြီးတဲ့နောက်မှာ မြန်မာပြည်မမှာလည်း ဗမာ နိုင်ငံရေးပါတီ တွေ ပေါ်ပေါက်လာ၊ ပါလီမာန်တွေ၊ ရွေးကောက်ပွဲတွေနဲ့ ဆူဆူညံညံတော့ ရှိခဲ့ပါတယ်။ တောင်တန်းဒေသ တွေမှာတော့ ကွာခြားပါတယ်။ ရှမ်းပြည်နယ်မှာဆို ဒေသခံစော်ဘွားတွေကို ဒီအတိုင်း အာဏာဆက်ပေးထားခဲ့ပါတယ်။ ခရစ်ယာန် သာသနာပြု အဖွဲ့အစည်းတွေကလည်း ကျောင်းတွေ၊ ဆေးရုံတွေ တည်ထောင်ခဲ့ကြပါတယ်။ စီးပွားရေး ဖွံ့ဖြိုးမှုလည်း အတော် နှေးကွေးခဲ့တဲ့ ဒေသတွေလို့ ဆိုနိုင် ပါတယ်။ ပြည်မနဲ့ ဆက်သွယ်ဖို့ဆိုရင် မန္တလေး၊ လားရှိုး ရထားလမ်း တကြောင်းသာပဲ ဖောက်ထားခဲ့ပါတယ်။ ဗြိတိသျှ အုပ်ချုပ်သူတွေကတော့ သူတို့အပေါ် သစ္စာခံဖို့နဲ့ ဘဏ္ဍာတော်အတွက် ငွေကြေးတချို့ ဒီပြည်နယ်တွေဆီကရဖို့လောက်ပဲ မျှော်လင့်ခဲ့ကြတာပါ။

၁၉၄၈ ခုနှစ်၊ မြန်မာနိုင်ငံကို လွတ်လပ်ရေးပေးခါနီးတော့ ဗြိတိသျှတွေက ရှမ်းပြည်နယ် အပါအ၀င်၊ တိုင်းရင်းသားတွေကို ဗမာတွေ လက်ထဲထားခဲ့ရမှာကို စိုးရိမ်ကြပါတယ်။ နှိုင်းယှဉ်ချက်အရ ပြောရရင် ရှမ်းပြည်နယ် အပါအ၀င် တောင်တန်း ဒေသတွေက အေးချမ်းနေပြီး၊ ဗမာကျောင်းသားတွေကနေ အမျိုးသားရေးဝါဒီ လွတ်လပ်ရေးလှုပ်ရှားသူတွေ ဖြစ်လာတဲ့ ပြည်ပမှာတော့ အခြေအနေက ပြောင်းလဲနေခဲ့ပါပြီ။ ဗမာ အမျိုးသားရေးဝါဒီတွေက ဒုတိယကမ္ဘာစစ်ကာလမှာ ဂျပန် တပ် တွေနဲ့ ပေါင်းလို့ ပိုလို့စစ်သွေးကြွ သဘောထားပြင်းထန်တဲ့ လူမှုအသိုက်အ၀န်းမျိုး ဖြစ်လာသလို၊ လွတ်လပ်ရေးရပြီး မကြာ ခင်မှာပဲ ဒီခေါင်းဆောင်တွေက ဗြိတိသျှ ဓနသဟာယနယ်ပယ်ထဲက မြန်မာပြည်ကို ဆွဲထုတ်ခဲ့ကြပါတယ်။ လွတ်လပ်ရေး မတိုင်မီကာလ ၁၉၄၆ ခုနှစ်မှာ ဗြိတိသျှတွေက ကော်မရှင်တခုဖွဲ့ပြီး ဗမာမဟုတ်တဲ့ တိုင်းရင်းသားဒေသတွေ အနာဂတ် အရေးကို လေ့လာခဲ့ကြပါသေးတယ်။ ၀လူရိုင်းလို့ ခေါ်ခဲ့ကြတဲ့ ၀ခေါင်းဆောင်နဲ့ မေးမြန်းခဲ့တဲ့ စာပိုဒ်တခုကိုတောင် ဦးသန့် မြင့်ဦးက ထည့် ဖော်ပြခဲ့ပါသေးတယ်။ ဒါကြောင့်ပဲ လွတ်လပ်ရေးအတူ ယူကြမယ်ဆိုတဲ့ ပင်လုံစာချုပ်ကို တိုင်းရင်းသား ခေါင်းဆောင်တွေနဲ့ ဗိုလ်ချုပ်အောင်ဆန်းတို့ လက်မှတ်ရေးထိုးရတာတွေ ဖြစ်လာခဲ့ရတာပါ။ ဒီသဘောတူညီချက်မှာ တိုင်းရင်းသားတွေ တန်းတူရေးနဲ့ ပြည်တွင်းမှာ ဒီမိုကရေစီကျင့်သုံးရေးကို သဘောတူညီခဲ့ကြပါတယ်။

မြန်မာပြည် လွတ်လပ်ရေးရပြီး များမကြာမီမှာပဲ ပြည်တွင်းစစ်မီး တောက်လောင်လာပါတော့တယ်။ ပြည်တွင်းစစ်က အထူး သဖြင့် ယခင်က ကျောင်းသားခေါင်းဆောင်တွေ ဖြစ်ခဲ့ကြတဲ့ အစိုးရခေါင်းဆောင်တွေနဲ့ ကွန်မြူနစ်သူပုန်တွေအကြား၊ နောက်တော့ အရင်တချိန်က ဗြိတိသျှတို့ ပစားပေးခံခဲ့ရတဲ့ ကရင်တိုင်းရင်းသားစစ်တပ်တွေနဲ့ မြန်မာတွေအကြား၊ ရခိုင် ပြည်နယ်နဲ့ အဲဒီအချိန်က အရှေ့ပါကစ္စတန်နယ်စပ်မှာတော့ မူဂျာဟီဒင် အစ္စလမ်သူပုန်တွေအကြား ဖြစ်လာခဲ့ပါတယ်။ ဗြိတိသျှ တွေ ခွာပြီး လပိုင်းအကြာမှာပဲ မြန်မာပြည်က ချောက်ထဲကျဖို့ တည်းတည်းအခြေအနေ ကြုံလာရပါတော့တယ်။ ဒါပေမယ့် ပြောရမယ်ဆိုရင် အဲဒီအချိန်က ရှမ်းပြည်နယ်တခုလုံးက ဒီပြည်တွင်းစစ်နဲ့ မပတ်သက်ခဲ့ပါဘူး။ သူ့ဘာသာ အေးအေးဆေးဆေး ရှိနေခဲ့ပါတယ်။ ရှမ်းပြည်နယ် စော်ဘွားတွေတောင် အစိုးရခေါင်းဆောင်ပိုင်းမှာ နေရာပေးတာ ခံခဲ့ကြရပါ တယ်။ ဥပမာ- ညောင်ရွှေစော်ဘွား စ၀်ရွှေသိုက်က မြန်မာပြည်ရဲ့ ပထမဦးဆုံးသမ္မတ ဖြစ်လာခဲ့သလို၊ ကက်ဘိနက်ဝန်ကြီး တွေထဲ၊ ပါလီမာန်လွှတ်တော်ထဲ၊ ပညာရှင်တွေထဲမှာ ရှမ်းတိုင်းရင်းသားတွေကို မြင်ခဲ့ကြရပါတယ်။

ဒါပေမယ့် တရုတ်ပြည်မှာ မော်စီတုန်း ဦးဆောင်တဲ့ ကွန်မြူနစ်ပါတီက ၁၉၄၉ ခုနှစ်မှာ အာဏာသိမ်းပိုက်နိုင်လိုက်တဲ့အခါ အမျိုးသားရေးဝါဒီ ချန်ကေရှိတ်တပ်တွေက မြန်မာပြည်ဖက်ကို ထွက်ပြေးလာကြ၊ တရုတ်ပြည်ကို ပြန်တိုက်မယ်လို့ အခြေပြု စခန်းချကြပါတယ်။ အမေရိကန် စီအိုင်အေနဲ့ ထိုင်းအစိုးရကလည်း ကွန်မြူနစ် ဆန့်ကျင်ရေးအဖြစ် ဒီအင်အားစုတွေကို ထောက်ပံ့နေကြပါတယ်။ မြန်မာစစ်တပ်က တရုတ်ကျူးကျော်သူတွေကို တိုက်ထုတ်ဖို့ စစ်ပြင်ဆင်၊ စစ်ဆင်ရေးတွေလုပ် တော့ ရှမ်းပြည်နယ်ထဲကို ဗမာစစ်တပ်တွေ အများအပြား ရောက်လာခဲ့ပါတယ်။ ၁၉၆၀ နှောင်းပိုင်းတွေအထိ တရုတ်ဖြူ တပ်တွေက ရှိနေခဲ့ကြပါတယ်။ အချို့တွေက နောက်ပိုင်းမှာ တိုင်ဝမ်ကို ထွက်သွားကြပေမယ့် ရှမ်းပြည်နယ်ထဲဒေသခံ တိုင်းရင်းသားတွေနဲ့ အိမ်ထောင်ကျ ကျန်နေခဲ့ကြတာလည်း ရှိပါတယ်။ ဘိန်းဘုရင်အဖြစ် နာမည်ကြီးတဲ့ ခွန်ဆာဆိုရင် လည်း တရုတ်-ရှမ်းကပြားပါ။ လော်စစ်ဟန်ဆိုရင်လည်း တရုတ်ပြည်နယ်စပ်က ကိုးကန့်အနွယ်တွေ ဖြစ်ပါတယ်။ တရုတ် ဖြူစစ်ပွဲနောက်ပိုင်းမှာတော့ မြန်မာပြည်မှာလည်း စစ်အာဏာသိမ်း၊ ရှမ်းအမျိုးသားရေး ၀ါဒီတချို့ကလည်း စတင်ပုန်ကန် တာတွေ ဖြစ်လာပါတော့တယ်။

နောက်ပိုင်းကာလတွေမှာတော့ တရုတ်ပြည်က အကူအညီနဲ့ ဗမာပြည်ကွန်မြူနစ်ပါတီက ၁၉၇၀ ခုနှစ်များမှာ တရုတ် နယ်စပ် မှာ အခြေခံစခန်းကြီးတွေ ဆောက်ခဲ့ကြပြန်ပါတယ်။ စစ်ပွဲကြီးတွေလည်း အပြင်းအထန် ဖြစ်ခဲ့ပြီး၊ မြန်မာစစ်တပ် ဖက်ကရော၊ တိုင်းရင်းသားတွေဖက်ကပါ အကျအဆုံးတွေ များခဲ့ပါတယ်။ ရွာတွေလည်း ရွှေ့ပြောင်း ဖျက်ဆီးခံရ၊ ထွက်ပြေး ရတာတွေ ရှိခဲ့ပါတော့တယ်။ ကွန်မြူနစ်တွေကို တိုက်ဖို့ မြန်မာစစ်တပ်ကလည်း ဒေသခံပြည်သူ့စစ်တွေ လက်နက်တပ်ဆင် မွေးတာတွေ လုပ်ခဲ့ပါတယ်။ ဒီလိုနဲ့ ရှမ်းပြည်နယ်လည်း အရင်လို မအေးချမ်းနိုင်၊ စစ်ပွဲကြားကို နစ်ခဲ့ရပါတော့တယ်။ ၁၉၉၀ ခုနှစ်များ နောက်ပိုင်းမှာတော့ တရုတ်ပြည်က အထောက်အပံ့တွေ ဖြတ်ခဲ့လို့ ကွန်မြူနစ်ပါတီလည်း ပြိုကွဲခဲ့ရပါတယ်။ နောက်ပိုင်း တိုင်းရင်းသားအုပ်စုတွေနဲ့ အပစ်အခတ်ရပ်စဲရေးတွေ ဖြစ်လာသလို၊ တရုတ်နိုင်ငံနဲ့လည်း ရွှေလမ်းငွေလမ်းပေါက် နယ်စပ် ကုန်သွယ်ရေးတွေ ဖြစ်လာခဲ့ပါတယ်။ တချိန်က လားတန်းနဲ့ ကုန်တင်ရောင်းချကြသူ ကိုးကန့်တွေလည်း အခုတော့ ကုန် ကားတန်း၊ ယာဉ်တန်းကြီးတွေနဲ့ ရောင်းဝယ်တာတွေ ဖြစ်နေပါပြီ။

အပစ်အခတ်ရပ်တယ်ဆိုပေမယ့် ငြိမ်းချမ်းရေးလည်း မဟုတ်သေးပါဘူး။ စစ်လည်း မဟုတ်တော့ပါဘူး။ ကြားထဲက အခြေ အနေပါ။ တဖက်မှာလည်း အနောက်နိုင်ငံတွေရဲ့ ပိတ်ဆို့အရေးယူမှုတွေကြောင့် မြန်မာစစ်အစိုးရကို တရုတ်နဲ့ ပိုနီးစပ်အောင် တွန်းပို့သလို ဖြစ်နေစေပါတယ်။ ဒီအခြေအနေ နောက်ပိုင်းမှာ နိုင်ငံကြီးတွေရဲ့ အကျိုးစီးပွားတွေအကြား တိုင်းရင်းသား အင်အားစုလေးတွေက ဘယ်လိုဖြစ်လာလေမလဲ။ မြန်မာပြည် ပြည်တွင်းစစ်ပွဲတွေက ဘယ်လိုဆက်ဖြစ်လာနိုင်သလဲ စာရေးသူ ဦးသန့်မြင့်ဦးတင်ပြထားတာကို ဆက်လက်တင်ပြပါမယ်။ အားလုံးငြိမ်းချမ်းပျော်ရွှင်ကြပါစေ။

(ယခု ဆောင်းပါးကို လွတ်လပ်သောအာရှအသံ မြန်မာပိုင်းအစီအစဉ် RFA မှ ထုတ်လွှင့်သွားခဲ့ပြီး ဖြစ်ပါသည်။ RFA ၏ မူပိုင်သာဖြစ်ပြီး ပြန်လည်ဖော်ပြခြင်း ဖြစ်သည်။)

1 comment:

Ngu Wah said...

ဆရာ..
အလုပ်တွေ များနေလား။ ကဗျာတွေ ပြီးတော့ အသစ်ထပ်တင်တာ မတွေ့ရတော့လို့ပါ။ ဆရာ နေကောင်းပါရဲ့လား။
ငုဝါ

Recent Comments