တလောက ရန်ကုန် အိမ်ပြန်ရောက်တော့ အဖေ၊ အမေတွေက သိမ်းထားတဲ့ ဒိုင်ယာရီအဟောင်း၊ ရေးထားတဲ့ကဗျာတို အဟောင်းတွေ ပြန်ထုတ်ပေးတယ်။ ရည်းစားစာအဟောင်းတွေလည်း ပါတာပေါ့။ အဲသည်တော့ အဟောင်းတွေလည်း အစုတ် (အဲလေ.. အသစ်) ဖြစ်ရပြန်တယ်။ သူတို့က ပြီးခဲ့တဲ့ ၂၄-နှစ်မှာ ကျနော်ရေးထားတဲ့ ကဗျာတို၊ စာတိုတွေကို တခုတ်တရ သိမ်းထားပေးထားတာကိုလည်း ဝမ်းသာမိတယ်။ အဲဒီကဗျာတွေကိုလည်း ဖြည်းဖြည်းချင်းရိုက်ပြီး ပြန်တင် ပေးမယ်လို့ စိတ်ကူး ပါတယ်။
တခုတောင်းပန်ချင်တာကတော့ အခုစာတွေ၊ ကဗျာတွေက လွန်ခဲ့တဲ့ ၂၄-နှစ် ငယ်နုစဉ်က ရေးထားတာ ဖြစ်ပါတယ်။ ပျိုမြစ် တက်ကြွမှုကို မြင်ရနိုင်သလို၊ ကျနော့်ရဲ့ မရင့်ကျက်မှုကိုလည်း မြင်ရမှာပါ။ အမှားအယွင်းတွေလည်း ရှိနိုင်ပါတယ်။ စုတုပြု ကာလဖြစ်တာကိုး ခင်ဗျ။ အဲသည်ကာလက ဆရာမောင်သာနိုးရဲ့ ထင်းရှုးပင်ရိပ်၊ ဘောင်းဘီဝတ်မိုးတိမ်၊ အဲဒီထဲက မှ ပြင်သစ် ကဗျာဆရာ အာသာရမ်းဘိုး ရဲ့ ကဗျာတွေကို ကျနော် စွဲစွဲ လမ်းလမ်း ရှိခဲ့ဖူးပါတယ်။ အဲသည် အရိပ်အငွေ့တွေလည်း လွှမ်းမိုးနေ မှာ မလွဲပါဘူး။ သည်းခံဖတ်ကြပါဗျာ။
ယောဟန်အောင်
(၂၀၁၂)
.... ..... ......
ဂျူတီကုတ် တထည်ကြားက
ပုန်းရှိုးတွားတက်လာခဲ့ရ
ဘဝ
အသားမသေ၊ အနေမကျ
အော်..
အယူတိမ်း နတ်စိမ်း သူ့ဘဝ။
ဆူပူကြ
အားကိုးကြ
လက်ညှိုးထိုးကြ
ရှူးတိုက်ပေးကြ
ပဋိပက္ခတွေကြားမှာ
တခါတခါ
ဝါးပြီးသားပီကေလို
ဟိုမှာ တွယ်ညိ
သည်မှာဆုပ်ဖမ်း
အိပ်မက်တွေကို ထမ်းထားရင်း
သူ့သီချင်းသံ ပျက်ခဲ့
သူ့လက်တွေ ညောင်းညာနေခဲ့
သူ့ရင်မှာ ကိုးရာမဲ့။
ကြယ်ရောင်အလင်းမှာ
မှန်းရင်းလျှောက်၊ လျှောက်ရင်းလဲ
အသည်းမှာ အတွင်းကြေ
ဖြေဆေး မသိ မရှိ။
သူ့ညတွေမှာ
စာအုပ်တွေလှန် မင်တံကိုက်ရင်း ခြင်ရိုက်ရင်း
မျက်တောင်စင်းကျလာတဲ့အခါ
ပိတ်သေတ္တာထဲဝင်
စာလုံးတွေ လွင့်စင်ဖွာကျ
ည အဓိပ္ပါယ်သေးသိမ်ခဲ့ရ။
သူ့ညတွေမှာ
မနက်ဖြန်ကို သယ်လာရင်း
ပျင်းရိစွာ
စာအုပ်ကို အဖုံးမကျန်မြိုချ
ဝမ်းဗိုက်က ရွှဲလာ
မျက်လုံးများက ပြူးလာ
ခေါင်းမှာဝေရီ
ခေါင်းအုံးဆီမှာ အေးစက်လို့
မနက်နေထွက်တော့
ကိုယ်လက်နာတာ အဖတ်တင်တယ်။
<< ငါဟာ ဉာဏ်နည်းပါးလှပါပေါ့
ဖျော့တော့သွေးအား
ပါမွှား အင်းဆက်တကောင်ပါကွယ်၊
ငါဟာ
ပိုးဟပ်လို
ခြင်တကောင်လို
ပုရစ်တကောင်လို
ဘာဆိုဘာမှ အသုံးမကျ
ငါဟာ
ဉာဏ်နည်းလွန်းလှပါရဲ့>>
သူ့နေ့တွေမှာ
အိပ်ငိုက်နေရင်း၊ ပူအိုက်နေရင်း
အနှိမ်ခံ အသားတွေက ဖျဉ်းစပ်
မျက်စိတွေက ခုတ်ဖြတ်
ပါးစပ်မှာ ဟာသချည်းမို့
သူ့သည်းခံ ရယ်မောသံထဲ
သွေးစက်များရဲ။
သူ့နေ့တွေမှာ
မုတ်ဆိတ်ရှည်တာ၊ ခြေညောင်းတာ
ဒုက္ခတွေ ထပ်လောင်းလာ
အကြွေးတွေ ထပ်ဆောင်းကာ
တရာသီမှာ
ဘယ်လိုခံစားနိုင်တာပဲ အခါခါတွေးခဲ့
သူဟာ ဖျားနာနေလျှက်နဲ့ပေါ့။
ခြေလှမ်းများ.... လေး ကန်... လျှက်...က
ဂျူတီကုတ်များထဲ ထုပ်ပိုးခံရ
ဗုဒ္ဓပွင့်ချိန်ကာလကို
သူမျှော်ဆ
ကြာ လှ ချည် လား ကွယ်။
ယောဟန်အောင်
ဇွန် ၁၅၊ ၁၉၈၇။
No comments:
Post a Comment