Pages

Saturday, December 17, 2011

တရုတ်နဲ့ အိန္ဒိယတွေ့ဆုံလေရာ။ မြန်မာနိုင်ငံ နှင့် အာရှ၏ လမ်းဆုံလမ်းခွအသစ် (၄)

ပြင်ပ ဆောင်းပါးရှင် ဦးအောင်သူငြိမ်းက Faber & Faber Ltd. London စာအုပ်တိုက်က ထုတ်ဝေတဲ့ "တရုတ်နဲ့ အိန္ဒိယ တွေ့ဆုံလေရာ။ မြန်မာနိုင်ငံနှင့် အာရှလမ်းဆုံလမ်းခွ အသစ်" (Where China Meets China: Burma and the New Crossroads of Asia) ဆိုတဲ့ စာအုပ် အကြောင်းကို တင်ဆက်နေပါတယ်။ ဒီစာအုပ်ကို ဦးသန့်မြင့်ဦးရေးသားထားပြီး ၂၀၁၁ ခုနှစ် တွင်းမှာမှ ထုတ်ဝေထားတာ ဖြစ်ပါတယ်။ ဒီတပတ်မှာတော့ အခုခေတ်သစ်ကာလ အိန္ဒိယနဲ့ တရုတ်တို့က ကမ္ဘာ့ အင်အားကြီးနိုင်ငံအဖြစ် တက်လှမ်းလာတဲ့အခါ မြန်မာနိုင်ငံအတွက် ဘယ်လိုအကျိုးသက်ရောက်မှုရှိလာမယ်ဆိုတဲ့ အကြောင်း ဆက်လက် တင်ပြပေးမှာ ဖြစ်ပါ တယ်။

သောတရှင် မိတ်ဆွေများခင်ဗျား။
စာရေးသူဦးသန့်မြင့်ဦးက စာအုပ်အဖွင့်မှာ ရန်ကုန်မြို့အကြောင်း ရေးခဲ့ပါတယ်။ ရန်ကုန်မြို့ မတည်မီ ကတည်းက ရွှေတိဂုံ ဘုရားရှိခဲ့ပါတယ်။ တဖုဿနဲ့ ဘာလိက ညီနောင်က ဗုဒ္ဓ ဘုရားရှင်ရဲ့ဆံတော်တွေကို ဌာပနာပြီး တည်ခဲ့ကြတယ်လို့ ဆိုကြပါတယ်။ ဒါပေမယ့် အဆက် ဆက်သောသူတွေ ပြုပြင်မွမ်းမံလာခဲ့တာ တချိန်အင်္ဂလိပ်ခေတ်ကတည်းက ရွှေတိဂုံဘုရားမှာ ဌာပနာထားတဲ့ တန်ဖိုးက အင်္ဂလန်ဘဏ်ထဲကပိုင်ဆိုင်မှုထက်တောင် များမယ်လို့ ပြောစမှတ်ပြုခဲ့ကြတာလည်း ရှိပါတယ်။ အဖိုးတန် ရွှေ၊ ငွေ၊ ကျောက် သံပတ္တမြားတွေနဲ့ စိန်ချည်းပဲ ကာရက် ၂,၀၀၀ ကျော်လောက် ရွှေတိဂုံဘုရားကိုပူဇော်ခဲ့ကြ တယ် ဆိုပါတယ်။ ဦးသန့်မြင့်ဦး ကတော့ ဖြစ်နိုင်ရင်သူက ရွှေတိဂုံစေတီတော်ကို ကမ္ဘာ့အံ့ဖွယ်နေရာထဲတောင် ထည့်သွင်း ချင်သေးတယ်လို့ ဆိုပါတယ်။ ရွှေတိဂုံဟာ အခုတော့ ရန်ကုန်မြို့လယ်ခေါင် နေရာလို ဖြစ်နေပါပြီ။ ဒီနေရာက ဗုဒ္ဓဘာသာ ကိုးကွယ်ကြတဲ့ ၈၅% သော မြန်မာ နိုင်ငံသားတွေအတွက် အထွဋ်အမြတ်နေရာ ဖြစ်ပါတယ်။ ဒါတင်မကပါဘူး။ နိုင်ငံရေး အရလည်း အရေးပါခဲ့ပါတယ်။ အင်္ဂလိပ် ကို ဆန့်ကျင်အာခံကြတဲ့ ကျောင်းသားသပိတ်ခေါင်းဆောင်တွေ အောင်မြေနင်းခဲ့ ကြတဲ့ နေရာတခုဖြစ်ရုံမက အခုအချိန်တိုင် စစ်အစိုးရဆန့်ကျင်ရေး သပိတ်၊ ဆန္ဒပြပွဲတွေဆိုရင် ရွှေတိဂုံက စုဆုံရပ်တခုလို အရေးပါနေပါသေးတယ်။

အဲသလိုပဲ ရန်ကုန်က တချိန်တုန်းက လှုပ်ရှားစည်ပင်နေတဲ့ မြို့ကြီးပြကြီး ဖြစ်ခဲ့ဖူးပါတယ်။ ၁၉၂၀ ခုနှစ်များ အင်္ဂလိပ်တို့ သိမ်း ပိုက်ထားစဉ်ကာလမှာ ရန်ကုန်ဟာ ဒေသတွင်းမှာ စီးပွားရေးအရ အချက်အခြာ ဗဟိုနေရာတခု ဖြစ်ခဲ့ပါတယ်။ ရန်ကုန်ကို တသဲသဲဝင်လာ အခြေချနေကြတဲ့သူတွေဟာ အဲသည်အချိန်က နယူးယောက်မြို့ကို လာရောက်အခြေချတဲ့ နှုန်းထက်များတယ် လို့ ဦးသန့်မြင့်ဦးက ဖော်ပြခဲ့ပါသေးတယ်။ ဒါတင်သာမက အဲဒီအချိန်က ကမ္ဘာမှာ အကြီးဆုံးလေကြောင်း လိုင်းတွေဖြစ်တဲ့ ဗြိတိသျှအင်ပီရီယယ် အဲဝေး၊ ကေအယ်လ်အမ် စသဖြင့် လေကြောင်းလိုင်းတွေက ဥရောပနဲ့ သြစတြေ လျ၊ အာရှ ခရီးစဉ်တွေ မှာ ရန်ကုန်မှာ တထောက်နားကြပါတယ်။ ရန်ကုန်လေဆိပ်က ဒေသမှာ ကွန်ရက်အချက်အခြာပါ။ ပညာရေးမှာလည်း အားလုံး က လေးစားခဲ့ကြရပါတယ်။ ကျောင်းတွေက ကမ္ဘာ့ထိပ်တန်းလို လေးစားခံခဲ့ကြရပါတယ်။ အဲဒါ တင်မက နိုင်ငံတကာလူမျိုးစုံ မက်ထရိုပိုလီတန်မြို့ကြီးလိုလည်း ရှိခဲ့တယ်လို့ ပြန်ဖော်ပြပါတယ်။ နာမည်ကြီးကုန်တိုက်ကြီး တွေဖြစ်တဲ့ ရိုး (Rowe & Co.) ကုမ္ပဏီတို့ ရှိခဲ့သလို၊ နာမည်ကျော် ပြဇာတ်ရုံ၊ ရုပ်ရှင်ရုံတွေနဲ့ စည်းကားခဲ့ပါတယ်။ လွိုဒ်၊ ဟောင်ကောင်-ရှန်ဟိုင်းဘဏ်၊ သောမတ်စ်ကွက်ဘဏ်တွေအပြင် ကုမ္ပဏီကြီးအတော်များများလည်း ရုံးစိုက်ခဲ့ကြပါတယ်။

အဲဒီအင်္ဂလိပ်ကိုလိုနီ ကာလက ရန်ကုန်လူဦးရေအများစုက အိန္ဒိယက လာရောက်အခြေချတဲ့ လူမျိုးတွေပါ။ အဲဒါအပြင် အိန္ဒိယ မှာ အင်္ဂလိပ်ကို ပုန်ကန်ထကြွမှုဖြစ်တဲ့ အိန္ဒိယက ဇဖားရှားဘုရင်ကို မြန်မာပြည်ကို နယ်နှင်ဒဏ်ပေး ထိန်းသိမ်းထား ခဲ့ပါတယ်။ သူတို့ရဲ့ အဆက်အနွယ် မဂိုလူမျိုးတွေလည်း အခုတိုင် မဂိုလမ်းမှာ ရောင်းဝယ်ဖောက်ကားနေခဲ့ကြပါတယ်။ သူတို့အပြင် ရန်ကုန်နေသူတွေက ဘာသာမျိုးစုံကိုးကွယ်ခဲ့ကြလို့ ခရစ်ယာန်ဘုရားကျောင်းတွေ၊ ဟိန္ဒူကျောင်းတွေ၊ ဂျူးတွေရဲ့ ၀တ်ပြု ကျောင်းတွေ၊ မူစလင်ဗလီကြီးတွေ အစုံရှိခဲ့ကြပါတယ်။ ပင်လယ်ရပ်ခြားက အခြေချလာသူ တရုတ်လူမျိုး အများအပြားလည်း ရန်ကုန်မှာ ရှိခဲ့ကြပါတယ်။ သူတို့က ကုန်လမ်း၊ ရေလမ်းနဲ့ တရုတ်ပြည် ဒေသအသီးသီးက လာခဲ့ကြ တာ ဖြစ်ပေမယ့် မြန်မာ လူမျိုးတွေက လက်တို-လက်ရှည်ဆိုပြီး ခွဲခြားခေါ်တာလောက်ကလွဲရင် ထူးထူးခြားခြား စိတ်ဝင်စား မှုလည်း မရှိခဲ့ကြပါဘူး။ တရုတ်နွယ်ဖွားတွေကတော့ ကြိုးစားလုပ်ကိုင်ကြသလို၊ စီးပွားရေးလည်း အောင်မြင်ကြပါတယ်။

နောက်ပိုင်း မြန်မာက ကမ္ဘာနဲ့တံခါးပိတ်ပြီး အထီးကျန် အဆက်ဖြတ်ခဲ့သလို၊ မြန်မာပြည်က နိုင်ငံခြားသားတွေကိုလည်း ပြန်မောင်းနှင်ထုတ်ခဲ့ပါတယ်။ အခုအချိန်မှာတော့ စစ်အစိုးရလက်အောက်မှာ စီးပွားရေးဒဏ်ခတ် ပိတ်ဆို့မှု၊ ပြစ်တင်ဝေဖန် မှုတွေနဲ့ မြန်မာပြည် ရင်ဆိုင်နေကြရသလို၊ အရင် တချိန်က မက်ထရိုပိုလီတန်မြို့ကြီး ဖြစ်ခဲ့တယ်ဆိုတာ ယုံတမ်းစကားလို ဖြစ်နေပါပြီ။ မြန်မာပြည်က ရတဲ့ နိုင်ငံရပ်ခြားအကူ အညီကလည်း ရှက်စရာကောင်းလောက်အောင် နည်းနေတယ်လို့ စာရေး သူက ဆိုပါတယ်။ အိမ်နီးချင်း ကွန်မြူနစ် လာအို နိုင်ငံက နိုင်ငံရပ်ခြားအကူ လူတဦးချင်းစီ ဒေါ်လာ ၅၀ လောက်ရ နေချိန်မှာ၊ မြန်မာပြည်က ၄ ဒေါ်လာနှုန်းလောက်ပဲ ရနေခဲ့ ပါတယ်။ ဒီကြားထဲ ၂၀၀၈ ခုနှစ်မှာ နာဂစ်မုန်တိုင်းဒဏ်ခံခဲ့ရ သေးသလို၊ အချို့သူတွေက စားနပ်ရိက္ခာရှားပါး ကပ်ဆိုက်မှု မျိုး ကြုံရတော့မှာလား ဆိုပြီး စိုးရိမ်ပူပန်နေရတဲ့ အခြေဆိုက် နေခဲ့ပါတယ်။ ဒီအချိန်မှာ အိမ်နီးချင်းတွေနဲ့ ကမ္ဘာကြီးက အများကြီး ပြောင်းလဲသွားခဲ့ပါပြီ။ အိန္ဒိယ-တရုတ်နိုင်ငံတွေက ကမ္ဘာ့စီးပွားအင်အား ကြီးတွေ အဖြစ် တက်လှမ်းလာပါတယ်။

သူက ရွှေတိဂုံပေါ်က ဆင်းတဲ့အခါ ရင်းနှီးသူ မြန်မာမိတ်ဆွေနဲ့ တွေ့ပါတယ်။ သူက စီးပွားရေးချွတ် ခြုံကျနေတာ၊ လုပ်ကိုင် စားမရတာတွေ ညည်းတာ ကြားရပါတယ်။ လူတစုပဲ ချမ်းသာနေတာ၊ လာဘ်စားမှုတွေက ကြောက်ခမန်းလိလိ ကြီးထွား နေတာတွေ ပြောပြပါတယ်။ သူတို့က ဒေသတွင်းမှာ တရုတ်-အိန္ဒိယတွေ အင်အားကြီး ထိုးဖောက်လာတာ သိတယ်လို့ ပြောပါတယ်။ သူ့မိတ်ဆွေ တက္ကသိုလ်ဆရာဆိုရင်လည်း စာမပြတ်ဖတ်နေသူတွေပါ။ ဒါပေမယ့် ရန်ကုန်မှာက မီးပျက်ဆဲ၊ ရေပျက်ဆဲ၊ လူတွေကလည်း အာဆီနယ်-မန်ချက်စတာ ဘောလုံးပွဲတွေနဲ့ အလုပ်ရှုပ်ဆဲ၊ အိန္ဒိယ-တရုတ်စီးပွားတက်လာ လို့လည်း ထူးခြားခံစားရတာမျိုး မရှိကြဘူး။ သတိလည်း မထားမိကြဘူးဆိုတာ ပြောပြပါတယ်။ ကျနော်တို့က စီးပွား အောင်မြင်နေတဲ့ အိန္ဒိယ-တရုတ်ကြား နေရာကောင်းရှိနေတာတောင်မှ အကျိုးဖြစ်အောင် လုပ်တတ်ဖို့ အတော်လုပ်ယူကြ ရဦးမယ်လို့ သူ့မိတ်ဆွေတွေက ဆိုပါတယ်။

ဒီအချိန်မှာ တရုတ်ကတော့ ဒီလိုမနေပါဘူး။ တချိန် လွန်ခဲ့တဲ့ နှစ်တရာကျော်က ဗြိတိသျှတွေက မြေပုံချလို့ ကြည့်နေကြ သလို ဘေဂျင်းက မူဝါဒချမှတ်သူတွေကလည်း အကြံထုတ်နေကြမှာ မလွဲဘူးလို့ စာရေးသူ ဦးသန့်မြင့်ဦးက ဆိုပါတယ်။ သူတို့က မဖွံ့ဖြိုး နောက်ကျနေသေးတဲ့ ကုန်းတွင်းပိုင်း ပြည်နယ်တွေအတွက် ထွက်ပေါက်ရအောင်၊ စီးပွားခြေဆန့်နိုင်အောင် ကြံဆောင် နေကြမှာ မလွဲပါဘူး။ ဒီလိုနဲ့ ဧရာဝတီကိုဖြတ်လို့ အိန္ဒိယသမုဒ္ဒရာ လမ်းကြောင်းပေါက်အောင် ကြံဆနေ နိုင်ပါတယ်။ ဒါကို တချို့တရုပ်ပညာရှင်တွေက "သမုဒ္ဒရာနှစ်ခု မူဝါဒ" ဆိုပြီး စာတမ်းတွေရေး တင်ပြခဲ့ကြတာတွေလည်း ရှိပါတယ်။ တရုတ်ပြည် မှာ သုံးနေတဲ့ ရေနံလောင်စာက မလက္ကာရေလက်ကြားကို ဖြတ်ပြီး ၈၀% လောက် တင်ပို့နေရပါ တယ်။ ဒါထက်လုံခြုံရေး ကောင်းတဲ့ မြန်မာပြည်ဖြတ် ပိုက်လိုင်းကိုလည်း တွက်ဆထားကြပါလိမ့်မယ်။ ဦးသန့်မြင့်ဦးဖော်ပြ တာကတော့ ဒီတခါ တရုတ် တွေ စဉ်းစားတာက အိပ်မက်သက်သက် မဟုတ်ဘူး။ လက်တွေ့စီမံကိန်းကြီးတွေပါ လိုက်ပါလာ ပါတယ်။ ဒီအချိန်အထိ ကျနော် တို့ မြန်မာတွေက ကိုယ့်အတွင်းကိုပဲ သည်းသည်းမည်းမည်း ကြည့်နေတုန်းပါ။ ပဋိပက္ခတွေ နဲ့ လုံးခြာလည် လိုက်နေတုန်းပါ။ "မန္တလေးကတော့ တရုတ်မြို့ ဖြစ်နေပြီ" လို့ သူ့ကို ပြောပြကြတဲ့သူတွေလည်း ရှိပါတယ်။ ဒါလည်း ကျနော်တို့က ကမ္ဘာ့အပြောင်း အလဲတွေကို သိပ်တော့အရေးထားပုံ မရသေးပါဘူး။

နောက်တပတ်မှာတော့ မြန်မာနိုင်ငံအတွင်း စာရေးသူ ဦးသန့်မြင့်ဦး ရှမ်းပြည်နယ်ဖက်သွားရောက်ခဲ့တဲ့ ခရီးစဉ်တွေ၊ အဲဒါနဲ့ ဆက်စပ်ရာ သမိုင်း ထင်ဟပ်ချက်၊ အမြင်တွေအကြောင်း ဆက်လက်တင်ပြပါမယ်။ အားလုံးငြိမ်းချမ်းပျော်ရွှင်ကြပါစေ။

(ယခု ဆောင်းပါးကို လွတ်လပ်သောအာရှအသံ မြန်မာပိုင်းအစီအစဉ် RFA မှ ထုတ်လွှင့်သွားခဲ့ပြီး ဖြစ်ပါသည်။ RFA ၏ မူပိုင်သာဖြစ်ပြီး ပြန်လည်ဖော်ပြခြင်း ဖြစ်သည်။)

No comments:

Recent Comments