Pages

Saturday, December 24, 2011

တရုတ်နဲ့ အိန္ဒိယတွေ့ဆုံလေရာ။ မြန်မာနိုင်ငံ နှင့် အာရှ၏ လမ်းဆုံလမ်းခွအသစ် (၅)

ပြင်ပ ဆောင်းပါးရှင် ဦးအောင်သူငြိမ်းက Faber & Faber Ltd. London စာအုပ်တိုက်က ထုတ်ဝေတဲ့ "တရုတ်နဲ့ အိန္ဒိယ တွေ့ဆုံလေရာ။ မြန်မာနိုင်ငံနှင့် အာရှလမ်းဆုံလမ်းခွ အသစ်" (Where China Meets China: Burma and the New Crossroads of Asia) ဆိုတဲ့ စာအုပ် အကြောင်းကို တင်ဆက်နေပါတယ်။ ဒီစာအုပ်ကို ဦးသန့်မြင့်ဦးရေးသားထားပြီး ၂၀၁၁ ခုနှစ် တွင်းမှာမှ ထုတ်ဝေထားတာ ဖြစ်ပါတယ်။ ဒီတပတ်မှာတော့ အခုကာလမန္တလေးမှာ တရုတ် လူမျိုးတွေသြဇာ ကြီးထွား လာနေပုံနဲ့ တချိန်တုန်းက ဧရာဝတီမြစ်ဝှမ်းလွင်ပြင်က မြန်မာ့ လူ့ယဉ်ကျေးမှုသမိုင်းအကြောင်း ဆက်လက်တင်ပြပေးမှာ ဖြစ်ပါတယ်။

သောတရှင် မိတ်ဆွေများခင်ဗျား။
စာရေးသူဦးသန့်မြင့်ဦးက မန္တလေးကိုလည်း ရောက်ပါတယ်။ အရင်ခရီးစဉ်တွေမှာ သူငယ်စဉ် က မိသားစုနဲ့အတူ ရထားနဲ့ သွားဖြစ်တာ များပေမယ့်၊ ဒီတခေါက်တော့ လေယာဉ်ငယ် ကလေးနဲ့သွားပါတယ်။ သူက ခရီးသွားတဲ့နေရာမှာ မြင်တွေ့ရ တာတွေ ဖော်ပြတဲ့အခါ ထင်ဟပ်နေတဲ့ မြန်မာ့ယဉ်ကျေးမှု၊ စရိုက်၊ လက္ခဏာတွေကိုလည်း ယှဉ်တွဲရေးသားခဲ့ပါ တယ်။ ဥပမာအားဖြင့်-လေယာဉ်တက်တဲ့အခါ ရှေ့ဆုံးခုံတန်းတွေမှာ စစ်တပ်ကအရာရှိ ၂ ဦးနဲ့ ဘုန်းတော်ကြီးတွေ ယှဉ်တွဲ ထိုင်နေတာ တွေ့တဲ့အခါ မြန်မာ့လူမှုအသိုင်းအ၀ိုင်းမှာ လူအများကိုးကွယ်ယုံကြည်ရာ ဗုဒ္ဓဘာသာဘုန်းတော်ကြီးတွေနဲ့ စစ်တပ် က အခွင့်ထူးခံ ဦးစားပေးနေရာရကြတယ်လို့ ယှဉ်တွဲဖော်ပြမှုမျိုးပါ။ ပုဆိုး၊ လုံခြည်ကို စွဲစွဲမြဲမြဲဝတ်ကြတဲ့ မြန်မာလူမျိုးတွေရဲ့ စရိုက်ကိုလည်း ဖော်ပြခဲ့တဲ့အပြင်၊ အခုခေတ်ပေါ်ဝတ်စားဆင်ယင်မှုတွေ ထိုးဖောက်ဝင်ရောက်နေတာကိုလည်း ဖော်ပြပါ တယ်။

သူက လေယာဉ်ပေါ်ကမြင်ရတဲ့ ရှုခင်းတွေအပါအ၀င်၊ ဧရာဝတီမြစ်ကြီးနဲ့ ဆက်စပ်လို့ မြန်မာနိုင်ငံ လူ့ယဉ်ကျေးမှု စတည်လာပုံ သမိုင်းကိုလည်း အကျဉ်းဖော်ပြခဲ့ပါသေးတယ်။ ခရစ်တော်မပေါ်မီ နှစ် ၂၀၀၀ လောက်ကတည်းက ဧရာဝတီမြစ်ဝှမ်းမှာ နေထိုင်ခဲ့ကြသူတွေဟာ ကြေးကိုသန့်စင်လို့ လက်နက်ကိရိယာတွေ ထုတ်လုပ်နေခဲ့ကြပါပြီ။ ဆန်စိုက်တာ၊ အိမ်မွေး တိရိစ္ဆာန် မွေးမြူတာတွေ တတ်ကျွမ်းနေကြပါပြီ။ ခရစ်တော်မပေါ်မီ နှစ် ၅၀၀ လောက် ရောက်လာတော့၊ သံလက်နက် ကိရိယာတွေ ထုတ်လုပ်တာ၊ ရေသွင်းစိုက်ပျိုးရေးစနစ်တွေနဲ့ စိုက်ပျိုးတာအထိ လူ့ယဉ်ကျေးမှု ဖွံ့ဖြိုးနေခဲ့ပြီလို့ အထောက် အထားတွေ တွေ့ရတယ်လို့ ဆိုပါတယ်။ နောက်ပိုင်းတော့ မန္တလေးရဲ့အောက်ဖက် ပုဂံအရပ်မှာ မင်းနေပြည်တော်မြို့ပြ ထူထောင်တဲ့အထိ တိုးတက်လာပါတယ်။ ခရစ်ပေါ်ပြီး အေဒီ ၁ ရာစုတော့ အရပ်လေးမျက်နှာကို ဒီဒေသကနေသြဇာ ဖြန့်ကျက် သက်ရောက်မှု တွေ ရှိခဲ့ပါတယ်။ မြောက်ဖက်ဆိုရင် ဒီကနေ့ယူနန်ပြည်နယ်လို့ ခေါ်နေတဲ့ ဒေသအထိသြဇာစက် ရောက်ခဲ့ပါတယ်။ ဥရောပ တိုက်မှာ အမှောင်လွှမ်းတဲ့ခေတ် (Dark age) လို့ တင်စားခေါ်ဝေါ်နေတဲ့အချိန် တရုတ်ပြည်မှာ တန်မင်းဆက် အုပ်စိုးစဉ် ကာလမှာ မြန်မာဒေသဖက်က အကဂီတ ယဉ်ကျေးမှုအဖွဲ့တဖွဲ့ ရောက်လာခဲ့ကြောင်း တရုတ် သမိုင်းမှတ်တမ်းတွေမှာ ဖော်ပြ ခဲ့ဖူးပါတယ်။ မြန်မာနဲ့ ရှေးခေတ်တရုတ်ပြည် ဆက်ဆံမှုတွေ ရှိခဲ့ဖူးတာ အခိုင်အမာပါပဲ။ ဒါပေမယ့် တောတောင်ထူထပ်လွန်းတဲ့ လမ်းပန်းခရီးကြောင့် အဆက်အသွယ်မများခဲ့တာတော့ သေချာပါတယ်။ တရုတ်နဲ့ အလားတူပဲ မြန်မာဒေသနဲ့ ရှေးခေတ် အိန္ဒိယအကြားမှာလည်း လမ်းပန်းခရီးက ခက်ခဲကြမ်းတမ်းပါတယ်။ ဒါပေမယ့် ပင်လယ်ရေလမ်းခရီးသွားလာမှုတွေကြောင့် မြန်မာနဲ့ အိန္ဒိယက ပိုလို့နီးစပ်သလို ရှိခဲ့ကြပါတယ်။ အထူးသဖြင့် သြရိသ၊ ဘင်ဂေါလ်၊ ကိုရိုမန်ဒါကမ်းခြေက တီထွင်ဖန်တီးမှု၊ အိုင်ဒီယာ အတွေးအခေါ်တွေက မြန်မာ့မြေကို ရောက်လာခဲ့ကြပါ တယ်။ အထူးခြားဆုံးကတော့ သင်္ချာ၊ ဗုဒ္ဓဘာသာ ကိုးကွယ် ယုံကြည်မှုနဲ့ စာပေရောက်ရှိလာခဲ့တာ ဖြစ်ပါတယ်။ မြန်မာ ဝေါဟာရစာလုံးထဲက တက္ကသိုလ်ဆိုရင် အိန္ဒိယမြောက်ပိုင်း၊ အခု အာဖဂန်နစ္စတန်နိုင်ငံထဲက "တက္ကစီလာ" ဆိုတဲ့ ဒေသကိုစွဲလို့ ပေါ်ပေါက်လာတာ ဖြစ်ပါတယ်။ တချိန်တုန်းက အဲဒီအရပ်မှာ ဗုဒ္ဓကျမ်းဂံအယူအဆတွေ သင်ကြားပို့ချမှုတွေ နဲ့ စည်ပင်ခဲ့ပါတယ်။ ဒီနေ့အချိန်မှာသာ မြန်မာ-တရုတ်-အိန္ဒိယနယ်စပ်တွေက ထိစပ်လာတာ ဖြစ်ပါတယ်။ ဗြိတိသျှကိုလိုနီကျွန်ပြုခဲ့တဲ့ ၁၉ ရာစု ကာလအထိ ဒီနိုင်ငံတွေကြားထဲမှာ ကျယ်ပြန့်ပြောတဲ့ တော တောင်၊ လူသူမရှိတဲ့ဒေသ အများအပြားက နေရာယူ ထားခဲ့တာ ဖြစ်လေတော့၊ ဆက်သွယ်ရေး၊ ဆက်စပ်ထိတွေ့နိုင်မှု ကလည်း နည်းပါးခဲ့ကြမှာ သေချာပါတယ်။ ဒါပေမယ့်ပြော ရမယ်ဆိုရင်တော့ မြန်မာ့ယဉ်ကျေးမှု ထီးနန်းဟန်တွေမှာ အိန္ဒိယ ယဉ်ကျေးမှုရဲ့ သြဇာလွှမ်းမိုးမှုကပဲ အဓိကကဲနေခဲ့တာကို စာရေးသူက ထောက်ပြခဲ့ပါတယ်။

သူက အခုခေတ်မန္တလေးအကြောင်း သူမြင်ရတဲ့အတိုင်း ဖော်ပြတဲ့နေရာမှာတော့ အများက အလွယ်တကူစွပ်စွဲပြောနေကြ သလို တရုတ်မြို့ဖြစ်နေပြီဆိုတာမျိုးတော့ မဟုတ်ဘူးလို့ ဆိုပါတယ်။ အသစ်တွေရော-အဟောင်းတွေပါ ပေါင်းစပ်ရှိနေသေး တဲ့မြို့လို့ ပြောပါတယ်။ ဗုဒ္ဓဘာသာထွန်းကားခဲ့တဲ့ အစဉ်အလာတွေ အများအပြား ကျန်သေးသလို၊ ၁၈၆၀ ခုနှစ်များ မင်းတုန်းမင်းလက်ထက်ကတည်းက ရှိခဲ့တဲ့ မက်သဒစ်ခရစ်ယာန် ဘုရားကျောင်းစတာတွေ ရှိနေသေးသလို၊ ဒီနေ့ခတ် အသွင်အပြင်တွေကလည်း အတော်လွှမ်းနေပါပြီ။ ရွှေခြင်္သေ့ ၀ိုင်ယာကြိုးနဲ့ ကေဘယ်ရောင်းဝယ်ရေး၊ အာရှသတ္တုကုမ္ပဏီ၊ မြန်မာသစ်ထွင်းလုပ်ငန်း စသဖြင့် လက်မှုစက်မှုလုပ်ငန်း၊ ဈေးဆိုင်တွေမှာလည်း တရုတ်ဆိုင်ကြီးတွေ၊ မြန်မာဆိုင်တွေရော၊ နီယွန်မီးရောင်တွေနဲ့ စူပါမားကက်ဈေးကြီးတွေ၊ လှုပ်ရှားရှင်သန်နေတဲ့ ဈေးကွက်ကို တွေ့ရတယ် ဆိုပါတယ်။ ရုပ်ဝတ္ထု ပစ္စည်း အရ ခေတ်မီတိုးတက်ပြောင်းလဲလာတာ၊ တိုက်တာလမ်းမကြီးတွေ ပြောင်းလဲလာတာကို သူသတိပြုမိ ပါတယ်။ ခေတ်ဟောင်း က အဆောက်အဦတွေ ဖြိုချလို့ အသစ်တွေ ပြန်ဆောက်နေကြတာ စိတ်ပျက်စရာလို့လည်းသူက ပြောပါတယ်။

သူက သူ့မိတ်ဆွေဟောင်းတွေ၊ မိသားစု မိတ်ဆွေတွေနဲ့ တွေ့ပါတယ်။ သူတို့က တရုတ်တွေ တဖွဲဖွဲရောက်လာတာကို ပြောပြ ကြပါတယ်။ တချို့သူတွေက ရောက်ခါစက ဘာမှမရှိပေမယ့် ပေးကမ်းထောက်မမယ့် ဘုံကျောင်းတွေ၊ တရုတ် အသင်းအပင်း တွေ အကူအညီနဲ့ စီးပွားထူထောင်လာနိုင်ကြသလို၊ ကြီးပွားလာကြပါတယ်။ ငွေလုံးငွေရင်းနဲ့ ၀င်ရောက် လာသူတွေလည်း ရှိပါတယ်။ "တရုတ်တွေ မြို့ထဲဝင်လာတော့၊ ဗမာတွေ မြို့ပြင်ထွက်ပေးကြရတယ်။ မြို့လည်ခေါင်ဆိုရင် တရုတ်တွေကလွဲပြီး နေထိုင်နိုင်တဲ့သူ လူနည်းစုပဲ ရှိတော့တယ်။ အဲဒီမှာ တရုတ်တွေက ၀င်းကြီးခြံကြီးတွေနဲ့ တသီးတသန့် အိမ်တွေ ဆောက်ပြီး နေကြတယ်။ သူတို့ကိုယ်တိုင်က ခွဲခြားပြီး နေချင်ကြတယ်" လို့လည်း ပြောပြကြပါတယ်။ တရုတ် သွေးပါပေမယ့်၊ အခုအခါ မြန်မာလို ပုဆိုးဝတ် မြန်မာယဉ်ကျေးမှုနဲ့ အသားကျနေတဲ့ တရုတ်တွေနဲ့တောင် အသစ်ရောက် လာသူတွေက မပေါင်းလှဘူးလို့ ပြောပြကြပါတယ်။

ရောက်လာကြတဲ့ တရုတ်တွေ လုပ်တဲ့အလုပ်အကိုင်က သာမာန်အသေးစား စက်မှုလက်မှု အလုပ်ရုံတွေပါပဲ။ ထူးထူးခြား ခြားမဟုတ်သလို၊ စက်မှုနည်းပညာလည်း မမြင့်ပါဘူး။ ဒါပေမယ့် သူတို့မှာသာတာက ငွေရင်းနှီးနောက်က ထောက်ပံ့ မတည် ပေးမယ့်သူတွေ ရှိတယ်။ ဗမာတွေမှာက အဲသည်လိုပြိုင်ဖို့ အခွင့်အလမ်း ကျောထောက်နောက်ခံမရှိဘူး။ ကျနော် တို့က သူတို့ကို မနာလိုတာမဟုတ်ဘူး။ သည်လိုပြိုင်ဆိုင်ဖို့ ကျောထောက်နောက်ခံ အခွင့်မသာတာကို ၀မ်းနည်းတာလို့ မန္တလေးက မိတ်ဆွေတွေက ပြောပြကြပါတယ်။ သူတို့တွေနဲ့ ပြိုင်ဆိုင်ဖို့ မြန်မာလုပ်ငန်းရှင်တွေက နည်းသလို၊ အနောက် တိုင်းကုမ္ပဏီကြီး တွေကလည်း စီးပွားဒဏ်ခတ် ပိတ်ဆို့မှုကြောင့် မရောက်နိုင်သေးပုံကို သူက ထောက်ပြပါတယ်။

မန္တလေးမှာ တရုတ်သြဇာ ကြီးထွားလာနေတာတော့ သိသိသာသာပါ။ ဒါကို ဦးသန့်မြင့်ဦးက အခုတရုတ်ပြည်မှာ ဖြစ်ပေါ် တိုးတက်နေမှုရဲ့ ပျံ့ပွားထွက်လာတဲ့အဆက်၊ သက်ရောက်မှုတွေလို့ မြင်ပါတယ်။ အင်အားကြီးထွားလာတဲ့ တရုတ်ပြည်က နေ ပေါက်ကွဲထွက်လာမှုတွေပါ။ လှိုင်းလုံးတွေလို မန္တလေးကို လာရောက်ရိုတ်ခတ်နေကြပါတယ်။ နောက်တပတ်မှာတော့ စာရေးသူ ဦးသန့်မြင့်ဦးက မန္တလေးကနေ၊ ရှမ်းပြည်နယ်ကိုဖြတ်ရင်း တရုတ်ပြည်လမ်းဖက်သွားရောက်ခဲ့တဲ့ ခရီးစဉ်တွေ၊ အဲဒါနဲ့ ဆက်စပ်ရာ သမိုင်း ထင်ဟပ်ချက်၊ အမြင်တွေအကြောင်း ဆက်လက်တင်ပြပါမယ်။ အားလုံးငြိမ်းချမ်း ပျော်ရွှင်ကြပါစေ။

(ယခု ဆောင်းပါးကို လွတ်လပ်သောအာရှအသံ မြန်မာပိုင်းအစီအစဉ် RFA မှ ထုတ်လွှင့်သွားခဲ့ပြီး ဖြစ်ပါသည်။ RFA ၏ မူပိုင်သာဖြစ်ပြီး ပြန်လည်ဖော်ပြခြင်း ဖြစ်သည်။)

No comments:

Recent Comments