Pages

Sunday, December 11, 2011

တရုတ်နဲ့ အိန္ဒိယတွေ့ဆုံလေရာ။ မြန်မာနိုင်ငံ နှင့် အာရှ၏ လမ်းဆုံလမ်းခွအသစ် (၃)

ပြင်ပ ဆောင်းပါးရှင် ဦးအောင်သူငြိမ်းက Faber & Faber Ltd. London စာအုပ်တိုက်က ထုတ်ဝေတဲ့ "တရုတ်နဲ့ အိန္ဒိယ တွေ့ဆုံလေရာ။ မြန်မာနိုင်ငံနှင့် အာရှလမ်းဆုံလမ်းခွ အသစ်" (Where China Meets China: Burma and the New Crossroads of Asia) ဆိုတဲ့ စာအုပ် အကြောင်းကို တင်ဆက်နေပါတယ်။ ဒီစာအုပ်ကို ဦးသန့်မြင့်ဦးရေးသားထားပြီး ၂၀၁၁ ခုနှစ် တွင်းမှာမှ ထုတ်ဝေထားတာ ဖြစ်ပါတယ်။ ဒီတပတ်မှာတော့ တချိန်က မြန်မာနိုင်ငံက ဧရာဝတီအပါအ၀င်၊ အနောက် ဖက်ပေါက်က တရုတ်နိုင်ငံကို ခရီးပေါက်ဖို့ ကြိုးပမ်းခဲ့ကြ ပုံအကြောင်းတွေကို တင်ပြပေးမှာ ဖြစ်ပါတယ်။

သောတရှင် မိတ်ဆွေများခင်ဗျား။
စာရေးသူဦးသန့်မြင့်ဦးက ဒီစာအုပ်ကို ရေးသားတဲ့နေရာမှာ သူရဲ့ခရီးမှတ်တမ်းတခုလို စိတ်ဝင်စားဖွယ် ရေးသားတဲ့အပြင် လိုအပ်တဲ့ နေရာတွေမှာ သမိုင်းတွေကို ပြန်ဖော်ပြလို့၊ နေရာဒေသ၊ ကိစ္စတခုရဲ့ အရေးပါပုံကို ပြန်ဖော်ညွှန်းတတ်ပါတယ်။ သူက တင်ပြပုံက ပျင်းရိညီးငွေ့ဖွယ် မကောင်းသလို၊ အချိတ်အဆက် တခုနဲ့တခု ဆက်စပ်ပြီး စာအုပ်ကို ဆက်ဖတ်ချင် အောင် ဆွဲဆောင်နိုင်ပါတယ်။ အရင်တပတ်ကတော့ တရုတ်ပြည်ကနေ အရင်ပြည့်ရှင် အင်ပိုင်ယာတွေက အနောက်ဖက် ကို လမ်းပေါက်ဖို့ ကြိုးပမ်းခဲ့ကြပုံကို ဖော်ပြခဲ့ပါတယ်။ ဒီတပတ်မှာတော့ တချိန်က အာရှမှာ နယ်မြေသစ် ရှာဖွေ ကိုလိုနီ သိမ်း ပိုက်ခဲ့ကြသူတွေက တရုတ်ပြည်ကို အရှေ့ဖက် ပင်လယ်ရေလမ်းကသာ မကဘဲ၊ အနောက်ဖက်လမ်းကြောင်း ပေါက်ဖို့ကြိုး ပမ်းခဲ့ကြပုံကို ဆက်လက်တင်ပြပါမယ်။

စာရေးသူပြောတာကတော့ လွန်ခဲ့တဲ့ နှစ်တရာကျော်မှာ ဗြိတိသျှတွေက မြေပုံကိုကြည့်ပြီး အာရှနဲ့ပတ်သက်လို့ သူတို့ အိပ်မက် တွေ ရှိခဲ့ကြလိမ့်မယ်လို့ ဆိုပါတယ်။ ၁၈၅၂ ခုနှစ်၊ ဒုတိယအင်္ဂလိပ်-မြန်မာစစ်ပွဲအပြီးမှာ အောက်မြန်မာပြည်ကို အင်္ဂလိပ်တို့က သိမ်းလိုက်ပါတယ်။ အဲဒီနောက်ပိုင်းမှာ ကလကတ္တား၊ လန်ဒန်မှာရှိတဲ့ အရာရှိမင်းကလပ်တွေ၊ အစည်း အဝေးခမ်းတွေမှာ ဧရာဝတီမြစ်ကိုဆန်လို့ တရုတ်ပြည်နောက်ဖေးပေါက် တံခါးပေါက်နိုင်အောင် ကြိုးပမ်းကြဖို့စိတ်ကူးယဉ် နေနိုင်ဖွယ် ရှိတယ် လို့လည်း ဆိုပါတယ်။ အဲဒီအချိန်က ရန်ကုန်ဆိုတာ ရွှေတိဂုံစေတီကြီးဘေးက သာမာန်မြို့ကလေးပါ။ ဒါပေမယ့် အရေးပါတဲ့ ဆုံချက်မှာ ရှိနေပါတယ်။ အဲဒီကနေ ဧရာဝတီမြစ်ကိုဆန်တက်သွားရင် နှင်းတွေသိပ်သိပ်သည်းသည်း ကျတဲ့ ဟိမ၀န္တာ တောင်တန်းကြီးတွေထိ ရောက်နိုင်ပါသေးတယ်။ နောက်ပိုင်းမှာ ဗြိတိသျှတွေက အိန္ဒိယတိုက်ငယ်တခွင်မှာ အနှိုင်းမရှိ သြဇာကြီးလာသလို၊ အရှေ့အိန္ဒိယကုမ္ပဏီကလည်း ဒေသတွင်းပြိုင်ဖက်တွေကို ရှင်းပြီးဖြစ်နေပါပြီ။ အဲဒီအချိန် တရုပ်ပြည် ဖက်မှာလည်း စီးပွားရေးလက်ဝါးကြီးအုပ် လုပ်ပိုင်ခွင့်တွေရထားသလို၊ အိန္ဒိယကထွက်တဲ့ ဘိန်းနဲ့ တရုတ်ငွေထည်တွေ ရောင်းဝယ်လဲလှယ်ရင်း အမြတ်အစွန်း အကြီးအကျယ် ဖြစ်နေကြပါတယ်။ သေချာတာက အဲဒီအချိန်မှာ မြန်မာပြည်ဆိုတာ သူတို့အုပ်စီးထားရာ အိန္ဒိယတိုက်နဲ့ လူသူအရောက်အပေါက်နည်းသေးတဲ့ တရုတ်ပြည်အတွင်းပိုင်းဒေသကြား ထဲမှာ ရှိနေ ပါတယ်။ တရုတ်ပြည်ကလည်း အဲဒီအချိန်မှာ လူမမာကြီးလို့ တင်စားရလောက်အောင် ချိနဲ့နေပါတယ်။ မန်ချူး ဒါမှမဟုတ် ချင်မင်းဆက်က ၁၈၅၀-၁၈၆၀ ခုနှစ်တွေမှာ တိုင်ပင်းသူပုန်ထမှုတွေကြောင့် လူသန်းချီသေဆုံး၊ နောက်ဆုံးခြေ တဖက်ပေါ် ရပ်တည်နေရတဲ့ အချိန်ပါ။ တရုတ်ပြည်ကို စင်္ကာပူဖက်ကနေလှည့်ပြီး ပင်လယ်ရေကြောင်းနဲ့သွားရင်တော့ ရနိုင်ပါတယ်။ ဒါပေမယ့် မြန်မာပြည်ကို ဖြတ်သွားရင် အချိန်ပိုသက်သာနိုင်သလို၊ အကျိုးအမြတ်လည်း ပိုများနိုင်ပါတယ်။ ဧရာဝတီမြစ်ကို ရနိုင်သလောက်ဆန်တက်ပြီး၊ တရုတ်ပြည်ကို သွားနိုင်သလို၊ ရှမ်းပြည်နယ်ဆိုတာလည်း တရုတ်ပြည်နဲ့ ခဲ တပစ်ပဲ ရှိပါတော့ တယ်။ ဒီနောက်ပိုင်းမှာတော့ စူးစမ်းလေ့လာသူတွေ၊ နယ်မြေသစ် ရှာဖွေရေးသမားတွေ အများအပြား ခရီးသွားရှာဖွေကြတာ ဖြစ်လာပါတယ်။ တရုတ်ပြည်ကြီးရဲ့ ဆွဲဆောင်အားကလည်း ကောင်းလွန်းလှတယ်လို့ စာရေးသူ ဦးသန့်မြင့်ဦးက ဆိုပါတယ်။

၁၈၉၀ ခုနှစ်တွေမှာ စွန့်စားရေးသမား စူးစမ်းရှာဖွေသူ အာချီဘောလ် ရို့စ် ကိုလ်ဟန် (Archibald Ross Colquhoun) က သူ့တွေ့ရှိချက်တွေကို ကန်တုံကနေ တရုတ်ပြည်တောင်ပိုင်းကိုဖြတ်လို့ မန္တလေးခရီးစဉ်ကို စာအုပ်ထုတ်ဝေခဲ့ပါတယ်။ နောက် တအုပ်က အပြောင်းအလဲတွေကြားက တရုတ်ပြည်ဆိုတဲ့ စာအုပ်လည်း ရေးခဲ့ပါတယ်။ သူက မြန်မာပြည်ကနေ တဆင့် အဲဒီ ဒေသကြီးရဲ့ နှလုံးသားဗဟိုချက်ကို ထိဖို့ လမ်းရှာဖွေဖို့ တိုက်တွန်းခဲ့ပါတယ်။ တခြားထောက်လှမ်းရေးအရာရှိ အိပ်ခ်ျ၊ အာ ဒေးဗီးစ် (H. R. Davies) ကလည်း "ရထားခေတ်မှာ ကမ္ဘာပေါ်က အဝေးကွာဆုံးနေရာတွေကို တိုးရိုပေါက် နိုင်သလို၊ လူဦးရေအထူထပ်ဆုံး နိုင်ငံ ၂-ခုဖြစ်တဲ့ အိန္ဒိယနဲ့ တရုတ်ကြား ရထားလမ်းဆက်သွယ်ဖို့ မဖြစ်နိုင်ဘူးဆိုတာ မရှိပါဘူး" လို့ တိုက်တွန်းခဲ့ပါသေးတယ်။ အဲဒီအချိန်က ကလကတ္တားနဲ့ တရုတ်အလယ်ပိုင်း ယန်ဇီးမြစ်ဝှမ်းကို ချိတ်ဆက်ဖို့ စိတ်ကူးယဉ်ခဲ့ ကြပါတယ်။

ပြင်သစ်ရှာဖွေရေးသမားတွေလည်း အလားတူစိတ်ကူးတွေ ရှိခဲ့ပါတယ်။ ဒီကာလတွေထက်စောပြီး ပြင်သစ်လူမျိုး အားနက်စ် ဒေါင်းဒတ် ဒီ လာဂရေး (Ernest Doudart de Largree) နဲ့ ဖရန်စစ် ဂါနီယေး (Francis Garnier) တို့က မဲခေါင်မြစ်ကို ဆန်တက်ပြီး တရုတ်ပြည်ကိုပေါက်ဖို့ ကြိုးပမ်းခဲ့ကြပါတယ်။ တောတောင်ထူထပ်တာ မြစ်ကြောင်းအထက် ဖက်မှာ ကျောက် ဆောင်ထူ၊ ရေစီးသန်တာကြောင့် သူတို့ခရီးစဉ် မအောင်မြင်ခဲ့ပါဘူး။ ပြင်သစ်မင်းသား လူးဝစ်၊ ဖိလစ် ဘုရင်ရဲ့မြေးတော်သူ ဟင်နရီ ဒီ၊ အော်လင်းစ် (Prince Henri d' Orleans) ကလည်း တရုတ်-မြန်မာ-အိန္ဒိယနယ်စပ် တရိုး ရှာဖွေရေးခရီး ထွက်ခဲ့ ပါသေးတယ်။ အင်္ဂလိပ်တွေက ဗြမ္မပုတ္တရမြစ် အထက်ကိုဆန်လို့ တရုတ်ပြည်ကို ပေါက်ဖို့စဉ်းစားပါ သေးတယ်။ မိုင်ရာကျော် သွားတော့ တောထောင်ထူထပ်တာ၊ ရောဂါဘယပြွမ်းလွန်းတာကြောင့် စဉ်းစားချက်က အထ မမြောက် ဖြစ်ရပြန်ပါတယ်။ ဒီလမ်းကြောင်းမှာ ဧရာဝတီမြစ်က လမ်းအသာဆုံး ဖြစ်နေပါတယ်။ ဒါပေမယ့် ဗြိတိသျှတွေ ဧရာဝတီက ဖြတ်သွားမယ် စဉ်းစား တော့လည်း လက်တွေ့မှာ အခက်အခဲတွေရှိနေတော့ မအောင်မြင်ပြန်ပါဘူး။ ဧရာဝတီ မြစ်ဆုံးရင် ရောက်မယ့်နေရာက တရုတ်ပြည်မကြီး မဟုတ်သေးဘဲ၊ တောတောင်ထူထပ်တဲ့ ယူနန်ပြည်နယ် ဖြစ်နေပါ တယ်။ ပြည်မကြီးထိဆိုရင် အတော် လှမ်းပါသေးတယ်။ နိုင်ငံရေးအရလည်း တရုတ်ပြည်မှာ သွေးထွက်သံယို တိုင်ပင်း သူပုန်ထမှုကြီး ဖြစ်နေသလို၊ မြန်မာပြည်နဲ့ ကပ်နေရာ ယူနန်ပြည်နယ်မှာလည်း မူစလင်သူပုန်တွေက သြဇာလွှမ်းမိုး သိမ်း ပိုက်ထားတဲ့အချိန် ဖြစ်နေပါတယ်။ ဒီလိုနဲ့ မြန်မာနိုင်ငံက အင်္ဂလိပ်ကိုလိုနီသိမ်းပိုင်ထားတဲ့ ကာလမှာ တရုတ်ပြည်ကို ပေါက် ရာ နောက်ဖေးပေါက် မဖြစ်နိုင် ဖြစ်ခဲ့ရပါ တယ်။

ဒါပေမယ့် သေချာတာကတော့ မြန်မာနိုင်ငံအဖို့ အိန္ဒိယတိုက်ငယ်မှာရှိတဲ့ ဗြိတိသျှကိုလိုနီ ပြည်နယ်တခုအဖြစ် ပေါင်းစည်း ခံရပြီးတဲ့နောက် အိန္ဒိယနဲ့ ပိုမိုနီးစပ်ခဲ့ရပါတယ်။ တချိန်က မြို့ငယ်လေးရန်ကုန်ဟာ ဒေသစီးပွားရေးဗဟိုချက် ဖြစ်ခဲ့ရပါတယ်။ မြန်မာပြည်ကထွက်တဲ့ ကျွန်းသစ်၊ ဆန်စပါးကို ကမ္ဘာကိုတင်ပို့ရာနေရာ ကမ္ဘာ့စပါးကျီလို့တောင် တင်စားခေါ်ဝေါ်ခဲ့ရတဲ့ အခြေ ဖြစ်လာပါတယ်။ အိန္ဒိယက အုပ်ချုပ်ရေးအတွက် ဗျူရိုကရက်အရာရှိတွေ၊ ၀န်ထမ်းတွေ၊ ကျောင်းဆရာတွေ၊ ဆရာဝန်တွေ ကအစ၊ ငွေချေးငှားစားသူတွေ၊ ကူလီ အလုပ်ကြမ်းသမားတွေ မြန်မာပြည်ကို လှိမ့်ပြီးဝင်လာခဲ့ပါတယ်။ ရန်ကုန်မှာ လူဦးရေ အများဆုံးက အိန္ဒိယက ပြောင်းရွှေ့လာသူတွေ ဖြစ်လာပါတယ်။ ၁၉၂၀ ခုနှစ်မှာ ရန်ကုန်ဆိပ်ကမ်းကို တသည်းသည်းလူတွေ ၀င်ရောက်လာတဲ့နှုန်းက အဲဒီချိန် နယူးယောက်မြို့ကို ပြောင်းရွှေ့အခြေချလာသူတွေထက်တောင် များတယ်လို့ စာရေးသူက ဆိုပါတယ်။ မြန်မာနဲ့ အိန္ဒိယက ပညာရေး၊ စီးပွားရေး၊ အုပ်ချုပ်ရေး ပိုလို့နီးကပ်တဲ့အခြေဆိုက်ခဲ့ ရပါတယ်။

နောက်တပတ်မှာတော့ မြန်မာနိုင်ငံအတွင်း စာရေးသူ ဦးသန့်မြင့်ဦး သွားရောက်ခဲ့တဲ့ ခရီးစဉ်တွေ၊ အဲဒါနဲ့ ဆက်စပ်ရာ သမိုင်း ထင်ဟပ်ချက်၊ အမြင်တွေအကြောင်း ဆက်လက်တင်ပြပါမယ်။ အားလုံးငြိမ်းချမ်းပျော်ရွှင်ကြပါစေ။

(ယခု ဆောင်းပါးကို လွတ်လပ်သောအာရှအသံ မြန်မာပိုင်းအစီအစဉ် RFA မှ ထုတ်လွှင့်သွားခဲ့ပြီး ဖြစ်ပါသည်။ RFA ၏ မူပိုင်သာဖြစ်ပြီး ပြန်လည်ဖော်ပြခြင်း ဖြစ်သည်။)

No comments:

Recent Comments