Pages

Sunday, December 4, 2011

တရုတ်နဲ့ အိန္ဒိယတွေ့ဆုံလေရာ။ မြန်မာနိုင်ငံ နှင့် အာရှ၏ လမ်းဆုံလမ်းခွအသစ် (၂)

ပြင်ပ ဆောင်းပါးရှင် ဦးအောင်သူငြိမ်းက Faber & Faber Ltd. London စာအုပ်တိုက်က ထုတ်ဝေတဲ့ "တရုတ်နဲ့ အိန္ဒိယ တွေ့ဆုံလေရာ။ မြန်မာနိုင်ငံနှင့် အာရှလမ်းဆုံလမ်းခွ အသစ်" (Where China Meets China: Burma and the New Crossroads of Asia) ဆိုတဲ့ စာအုပ် အကြောင်းကို တင်ဆက်နေပါတယ်။ ဒီစာအုပ်ကို ဦးသန့်မြင့်ဦးရေးသားထားပြီး ၂၀၁၁ ခုနှစ် တွင်းမှာမှ ထုတ်ဝေထားတာ ဖြစ်ပါတယ်။ ဒီတပတ်မှာတော့ စာအုပ်အကြောင်းကို စတင် မိတ်ဆက်တင်ပြပေးမှာ ဖြစ် ပါတယ်။

သောတရှင် မိတ်ဆွေများခင်ဗျား။
စာရေးသူဦးသန့်မြင့်ဦးက စာအုပ်အဖွင့်မှာ တချိန်ရှေးခေတ်က တရုတ်နိုင်ငံက အိန္ဒိယနဲ့ အဆက်အသွယ် လမ်းပေါက်ဖို့ ကြိုးပမ်းခဲ့ပုံ ဖြစ်ရပ်တခုကို ဖော်ပြပါတယ်။ တချိန်တရုတ်ပြည် အလယ်ပိုင်း ဘုရင့်နေပြည်တော် (Middle kingdom) ခေတ် ခရစ်တော်မပေါ်မီ ဘီစီ ၁၂၂ ခုနှစ်မှာ တရုတ်အင်ပိုင်ယာပြည့်ရှင်က အိန္ဒိယကို လမ်းပေါက်ဖို့ အနောက်တောင်ဖက် ဒေသကို နယ်မြေသစ်ရှာဖွေရေးအဖွဲ့တခု နန်းတော်က စေလွှတ်ခဲ့ပါတယ်။ အဲဒီမတိုင်ခင် နှစ်အနည်းငယ်လောက်မှာ တရုတ်ပြည်က နယ်မြေသစ်ရှာဖွေသူ ဇန်ချင်း (Ziang Qian) က ခက်ခဲရှည်လျားတဲ့ ခရီးကြမ်း ကြီးကို ဖြတ်လို့ အနောက် ဖက်ကို ခြေဆန့်ခဲ့ပါတယ်။ လမ်းတလျှောက်မှာ သူက သဲကန္တာရကြီး၊ တောင်တန်းကြီးတွေကို ကျော်ဖြတ်သွားခဲ့ရသလို၊ သားစားလူရိုင်း ရှောင်နူးဘာဘေးရီးယန်း (Xiongnu barbarians) တွေ လက်ထဲမှာလည်း ဖမ်းဆီးတာခံခဲ့ရပါသေးတယ်။ အဲဒီလူရိုင်းတွေဆိုတာက နောက်ပိုင်း တူရကီနဲ့ မွန်ဂိုလီးယား ဘာသာစကားပြောလူမျိုးတွေ ဖြစ်ပါတယ်။ သူဖြတ်သွားတဲ့ လမ်းကြောင်းက နောက်ပိုင်းမှာ ပိုးလမ်းမကြီးလို့ လူသိများလာမယ့် လမ်းကြောင်းပါ။ အဲဒီမှာ နောက်ဆုံး ဘက်ထရီးယား (Bactria) လို့ခေါ်တဲ့ဒေသ၊ အိန္ဒိယရဲ့ ရှန်ဒူး (Shendu) ဒေသတွေကို ရောက်ပါတယ်။ ဘက်ထရီးယားဆိုတာက ဒီကနေ့ အာဖဂန်နစ္စတန်လို့ခေါ်တဲ့ ဒေသဖြစ်ပြီး၊ တချိန်က ဗုဒ္ဓဘာသာထွန်းကားခဲ့ရာလည်း ဖြစ်ပါတယ်။ သူက အဲဒီရဲ့အဝေးမှာ ထပ်ရှိနေသေးတဲ့ ပါရှား၊ မက်ဆိုပိုတေးမီးယားဒေသအကြောင်းတွေကို တရုတ်ပြည့်ရှင်ကို ပြန်ပြောပြပါတယ်။ ထူးဆန်း တာက အဲဒီအချိန်က အာဖဂန်နစ္စတန်မှာ တရုတ်ပြည်ကထုတ်တဲ့ အ၀တ်အထည်တွေ၊ တူတွေကို ရောင်းချနေတာကို တွေ့ ရပါတယ်။ ဒါဆိုရင် သူ့အရင်က ဒီနေရာကို တစုံတယောက်က အရင်ကြိုရောက်နှင့်သလားဆိုတာ မေးခွန်းထုတ်စရာဖြစ် လာပါတယ်။ သူက ပထမဦးဆုံး ခက်ခဲကြမ်းတမ်းတဲ့လမ်းကို ဖြတ်ပြီးမှ ရောက်လာရတဲ့သူပါ။ သူသိခဲ့ရ တာက ဒီဒေသကို တရုတ်ပြည်ကပစ္စည်းတွေ ကုန်သွယ်နေတဲ့လမ်းကြောင်း နောက်ထပ်တခုရှိနေတယ်။ ဒီလမ်းကြောင်းက အနောက်တောင် ဖက်က တဆင့်ဖြတ်ပြီး ရောက်လာတယ်ဆိုတာ သိခဲ့ရပါတယ်။ ဒါကြောင့် တရုတ်ပြည့်ရှင်မင်းက ဘီစီ ၁၂၂ ခုနှစ်မှာ အနောက်တောင်ဖက်ကို နယ်မြေသစ်ရှာဖွေရေးအဖွဲ့ ထပ်ပြီးစေလွှတ်ခဲ့တာပါ။ သူတို့က လူတွေတကြိမ်တခါမှ မရောက်ဖူး သေးခဲ့တဲ့ တရုတ်ပြည်ရဲ့အတွင်းပိုင်းကျကျဒေသတွေကို ဖြတ်ပြီး လာခဲ့ရပါတယ်။ လပေါင်းများစွာ ခရီးနှင်လာတာ နောက် ဆုံးသူတို့သိတဲ့ အစွန်အဖျားတိုင်းပြည် ယီလန်းကိုရောက်ပါတယ်။ အဲဒီကနေတောင်ဖက်ကို ဆက်ဆင်းလာတော့ ဒီယန် (Dian) လို့ခေါ်တဲ့ မင်းနေပြည်ကို ရောက်ပါတယ်။ ဒီနေရာက အခုယူနန်လို့သိကြတဲ့ တရုတ်ပြည်က ပြည်နယ်ပါ။ ဒီယန် ပြည့်ရှင်က တရုတ်မင်းနေပြည်တော်ကလာတဲ့ အဖွဲ့ကို ကောင်းကောင်းမွန်မွန် ဧည့်ခံပါတယ်။ ဒါပေမယ့် ရှေ့ဆက်သွားလို့ မရဘူး။ အဲဒီရှေ့မှာ လူမျိုးတခုခံနေတယ်လို့ ပြောပါတယ်။ အကွာအဝေး လီပေါင်းထောင်ချီဝေးတဲ့နေရာမှာ ဒီယန်ယူး (Dianyue) လို့ခေါ်တဲ့ မင်းနေပြည်ရှိတယ်။ လူတွေက ဆင်စီးကြတယ်။ တရုတ်ပြည်က ကုန်ပစ္စည်းတွေ ဒီလမ်းကတဆင့် ကုန်သွယ်ခဲ့ကြတာ ရှိတယ်ဆိုတာ သတင်းပေး ပြောပြခဲ့ပါတယ်။ နယ်မြေသစ်ရှာဖွေရေး အဖွဲ့က ခရီးတော့ဆက်ခွင့်မရပါ ဘူး။ ဒီယန်မင်းနိုင်ငံက သူတို့အကျိုးစီးပွား အခွန်အတုတ်ရရာ လမ်းကြောင်းကို မပြလိုတာလည်း ဖြစ်နိုင်ပါတယ်။ အဲဒီ အချိန်တွေ ကတည်းက၊ တရုတ်မင်း နေပြည်တော်က အိန္ဒိယဖက်၊ အနောက်ဖက်ဒေသတွေဆီကို လမ်းပေါက်ဖို့ ကြိုးပမ်းခဲ့ပေမယ့် ထောင်စုနှစ်သာ ချီသွားတယ် လမ်းကြောင်းကောင်းကောင်း မချိတ်ဆက်ခဲ့ဘူးလို့ စာရေးသူက အဖွင့်မှာရေးပါတယ်။

အိန္ဒိယနဲ့ တရုတ်ဟာ ထူးခြားတဲ့ လူ့ယဉ်ကျေးမှုကြီး ၂ ခု ဖွံ့ဖြိုးခဲ့ရာ ဒေသဖြစ်ပေမယ့်၊ ဒေသတခုနဲ့တခု ထူးထူးခြားခြား မချိတ်ဆက်မိဘဲ ရှိနေခဲ့ကြပါတယ်။ အပေါ်ဖက်အပိုင်းမှာ ဟိမ၀န္တာတောင်တန်းကြီးကြောင့် ခက်ခဲတဲ့လမ်းပန်း၊ လူမပေါက် မရောက်နိုင်တဲ့ သစ်တောကြီးတွေ၊ သေစေလောက်တဲ့ငှက်ဖျား ရောဂါဘယတွေ၊ ကြောက်မက်ဖွယ်သားရဲ တိရိစ္ဆာန်တွေနဲ့ ထောင်စုနှစ်ချီပြီး လမ်းကောင်းကောင်း မပေါက်နိုင် ဖြစ်နေခဲ့ရပါတယ်။ ဒါပေမယ့် ပထ၀ီဝင်ဆိုတာက ပြောင်းလဲနေတဲ့ သဘာဝ ရှိပါတယ်။ သဘာဝအကြောင်းတရားကြောင့်လည်း ပြောင်းပါတယ်။ မြေလွှာပြတ်ရွေ့၊ သောင်ထွန်းကျွန်းပေါ် စသဖြင့် ပထ၀ီ ပြောင်းလဲတတ်သလို၊ သစ်တောတွေ ပါးလျားလို့ လမ်းပန်းဆက်သွယ်ရေး ပိုမိုကောင်းမွန် ပြောင်းလဲလာ တာမျိုးလည်း ရှိနိုင်ပါတယ်။ ဒါမှမဟုတ်ဘဲ လူတွေရဲ့လုပ်ရပ်ကြောင့်လည်း ပထ၀ီဝင်တွေက ပြောင်းလဲတတ်ပါတယ်။

ဆူးအက်စ်တူးမြောင်းကြီး ပြီးတဲ့အခါ ဥရောပ၊ အိန္ဒိယ ကူးသန်းသွားလာရေး ပိုမိုလွယ်ကူလာရသလို၊ ကုန်စည်ကူးသန်း ရောင်း ၀ယ်မှု၊ သွားလာမှုတွေ ပိုမိုမြန်ဆန်လာတတ်တာမျိုးလည်း ဖြစ်တတ်ပါတယ်။ အဲဒီအခါ အရင်တုန်းက တစိမ်း တရံဆန်ဖြစ်ခဲ့သူ တွေက အိမ်နီးချင်းတွေ ဖြစ်လာကြရပါတယ်။ အရင်တုန်းက တောကြီးမျက်မည်း ခေါင်ခေါင်ကနေ၊ မဟာဗျူဟာအရ အရေးပါ တဲ့ဒေသတွေ၊ ကုန်သွယ်ရေး လမ်းမကြီးတွေ ဖြစ်လာရတာမျိုး ရှိတယ်လို့ စာရေးသူက ပြောပါတယ်။ တချို့လူမျိုးတွေက ပျောက်သုဉ်း ဆိတ်ကွယ်သွားရသလို၊ တချို့လူမျိုးတွေက ပိုလို့အရေးပါလာတာမျိုးလည်း ဖြစ်တတ်ပါတယ်။

အရင်တချိန်တုန်းက လူသူအရောက်အပေါက်ခက်ခဲခဲ့တဲ့ မြန်မာနိုင်ငံကို ဖြတ်ပြီး၊ တရုတ်-အိန္ဒိယဆက်သွယ်ရေး လမ်းကြောင်း က အခုအရေးပါဖို့ ဖြစ်လာတာကို စာရေးသူက သတိပြုမိတာကို ပြောပါတယ်။ တရုတ်နိုင်ငံက အိန္ဒိယသမုဒ္ဒရာကို ပေါက်မဲ့ ဆက်သွယ်ရေးလမ်းကြောင်းကို ရှာဖွေနေပြီး၊ အခုအခါမှာ ရခိုင်ကမ်းရိုးတန်းကနေ ပိုက်လိုင်းကြီးတွေသွယ်တန်းပြီး အရှေ့ အလယ်ပိုင်းက ၀ယ်လာတဲ့ ရေနံ၊ သဘာဝဓာတ်ငွေ့ လောင်စာတွေကို တရုတ်ပြည်အတွင်းပိုင်းပြည်နယ်တွေဆီ တင်ပို့ဖို့ ဖြစ်လာပါတယ်။ မြန်မာနိုင်ငံကို ဖြတ်သန်းသွားမယ့် ဒီပိုက်လိုင်းကြီးနဲ့အတူ အဝေးပြေးလမ်းမကြီးတွေ၊ ရထားလမ်းတွေလည်း ပေါ်ပေါက်လာမှာပါ။ တချိန်တည်းမှာပဲ အိန္ဒိယနိုင်ငံကလည်း အရှေ့မျှော်မူဝါဒ (Look east policy) နဲ့ အရှေ့ဖက်ရှိ အရှေ့ တောင်အာရှနိုင်ငံတွေကို ချိတ်ဆက်ဖို့ ကြိုးစားလာခဲ့ပါတယ်။ ဒီနေရာမှာလည်း မြန်မာပြည်က အရေးပါတဲ့ မဟာဗျူဟာ ကျရာဆုံချက်တခု ဖြစ်လာပြန်ပါတယ်။ မြန်မာနိုင်ငံနဲ့ ချိတ်ဆက်မိလေရာ အိန္ဒိယဖက်က ပြည်နယ်တွေက လူဦးရေ ၄၀ သန်းလောက်ရှိနေသလို၊ တရုတ်ပြည် အိမ်နီးနားချင်း နယ်နိမိတ်ဖြစ်တဲ့ ယူနန်ပြည်နယ်က လူဦးရေ သန်း ၁၅၀ လောက် နေထိုင်ရာဒေသ ဖြစ်နေပါတယ်။ နောက်ထပ် အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နဲ့ အနောက်ဘင်ဂေါဒေသတွေမှာ လူဦးရေ သန်း ၂၃၀ လောက်နေထိုင်နေပါသေးတယ်။ ဒီလိုအရေးပါတဲ့ ဗျူဟာမြောက်နေရာမှာ တည်ရှိနေခြင်းကိုက အရင်းအမြစ်တခုပါလို့ ဦးသန့်မြင့်ဦးက မြင်ပါတယ်။ မြန်မာပြည်ထဲ ထုတ်ဝေတဲ့ The Voice ဂျာနယ်နဲ့ တွေ့ဆုံမေးမြန်းခန်း မှာ သူက "သဘာဝ ဓာတ်ငွေ့၊ ကျွန်းသစ်၊ ကျောက်စိမ်း၊ ဆန်စပါးတွေကို ကျနော်တို့က ရင်းမြစ်လို့ ထင်တတ်ကြပါတယ်။ ဒါပေမယ့် မဟာ အင်အား ကြီးလောင်းလျာနိုင်ငံ ၂ ခုကြားမှာ မဟာဗျူဟာမြောက်တည်ရှိနေခြင်းကိုက မြန်မာနိုင်ငံရဲ့ အကြီး ဆုံးရင်းမြစ်ပါ" လို့ သူက ပြောပြခဲ့ပါတယ်။ ကျနော်တို့ ဘယ်လောက်အောင်အောင်မြင်မြင် စီမံခန့်ခွဲနိုင်တဲ့အပေါ်မှာ မူတည်ပြီး ကျနော်တို့ နိုင်ငံသား တွေရဲ့ ကံကြမ္မာကို ဆုံးဖြတ်ပေးပါလိမ့်မယ်လို့ သူက ထပ်ပြောပါသေးတယ်။

နောက်တပတ်မှာတော့ ဒီဒေသတွေအတွင်း သူလေ့လာခဲ့တဲ့ ခရီးစဉ်တွေ၊ နိုင်ငံကြီးတွေက မြန်မာပြည်နဲ့ ဧရာဝတီအပေါ် မြင်မက်ခဲ့တဲ့ အိပ်မက်တွေအကြောင်း ဆက်လက်တင်ပြပါမယ်။ အားလုံးငြိမ်းချမ်းပျော်ရွှင်ကြပါစေ။

(ယခု ဆောင်းပါးကို လွတ်လပ်သောအာရှအသံ မြန်မာပိုင်းအစီအစဉ် RFA မှ ထုတ်လွှင့်သွားခဲ့ပြီး ဖြစ်ပါသည်။ RFA ၏ မူပိုင်သာဖြစ်ပြီး ပြန်လည်ဖော်ပြခြင်း ဖြစ်သည်။)

No comments:

Recent Comments