Pages

Monday, November 28, 2011

တရုတ်နဲ့ အိန္ဒိယတွေ့ဆုံလေရာ။ မြန်မာနိုင်ငံ နှင့် အာရှ၏ လမ်းဆုံလမ်းခွအသစ် (၁)

ပြင်ပ ဆောင်းပါးရှင် ဦးအောင်သူငြိမ်းက Faber & Faber Ltd. London စာအုပ်တိုက်က ထုတ်ဝေတဲ့ "တရုတ်နဲ့ အိန္ဒိယ တွေ့ဆုံလေရာ။ မြန်မာနိုင်ငံနှင့် အာရှလမ်းဆုံလမ်းခွ အသစ်" (Where China Meets China: Burma and the New Crossroads of Asia) ဆိုတဲ့ စာအုပ်အကြောင်းကို တင်ဆက်မှာ ဖြစ်ပါတယ်။ ဒီစာအုပ်ကို ဦးသန့်မြင့်ဦးရေးသားထားပြီး ၂၀၁၁ ခုနှစ်တွင်းမှာမှ ထုတ်ဝေထားတာ ဖြစ်ပါတယ်။ ဒီတပတ်မှာတော့ စာအုပ်အကြောင်းနဲ့ စာအုပ်ရေးသူဦးသန့်မြင့်ဦး အကြောင်း၊ ဒီစာအုပ်ကို သတင်းစာကြီးတွေက သုံးသပ်တင်ပြ ထားပုံ၊ စာရေးသူကိုယ်တိုင်က ဖြေဆိုထားတဲ့စာအုပ် အကြောင်း အင်တာဗျူး စတာတွေကို မိတ်ဆက်ကို တင်ပြပေးမှာ ဖြစ်ပါတယ်။

သောတရှင် မိတ်ဆွေများခင်ဗျား။
ဒီတပတ်မှာ စာအုပ်သစ်တအုပ်ကို စတင်မိတ်ဆက်ပေးဖို့ ရွေးချယ်ထားပါတယ်။ အရင်တုန်း က RFA အစီအစဉ်တွေမှာ အခု စာရေးသူ ဦးသန့်မြင့်ဦးရဲ့စာအုပ်တအုပ်ဖြစ်တဲ့ "ပျောက်ဆုံး သွားတဲ့ ခြေရာတွေနဲ့မြစ်- The River of Lost Footsteps ကို တင်ဆက်ပေးခဲ့ဘူးပြီ ဖြစ်ပါတယ်။ အခုစာအုပ်အမည်ကတော့ တရုတ်နဲ့ အိန္ဒိယတွေ့ဆုံလေရာ။ မြန်မာနိုင်ငံ နှင့် အာရှ ၏ လမ်းဆုံလမ်းခွအသစ် လို့ နာမည်ပေးထားပြီး ၂၀၁၁ ခုနှစ်ထဲမှာမှ ထုတ်ဝေဖြန့်ချိခဲ့တာ ဖြစ်ပါတယ်။ မကြာသေးမီ လ တွေက မြန်မာနိုင်ငံ သမ္မတ ဦးသိန်းစိန် အိန္ဒိယနိုင်ငံ အလည်အပတ်ခရီးစဉ်မှာ ဦးသန့်မြင့်ဦးရဲ့ အခုစာအုပ်တွေ အလွန် ရောင်းကောင်းခဲ့တယ်လို့ သတင်း တွေမှာ ဖတ်လိုက်ရပါသေးတယ်။ အခုစာရေးသူ ဦးသန့်မြင့်ဦးက တချိန်တုန်းက ကုလ သမဂ္ဂမှာ မြန်မာပြည်က အထွေထွေ အတွင်းရေးမှူးချုပ် တာဝန်ယူခဲ့ဖူးတဲ့ ဦးသန့်ရဲ့ မြေးတော်သူတဦးလည်း ဖြစ်ပါတယ်။ သူက ဟားဗတ်၊ ကိန်းဘရစ် စသဖြင့် နာမည်ကျော်တက္ကသိုလ်ကြီးတွေမှာ လေ့လာဆည်းပူးခဲ့ပြီး၊ သမိုင်းပညာရပ်နဲ့ Ph. D ပါရဂူဘွဲ့ရယူလာတာလည်း ဖြစ်ပါတယ်။ သူက တချိန်တုန်းက ကုလသမဂ္ဂက ကမ္ဘောဒီးယားနိုင်ငံအရေး ၀င်ရောက်ဖြေရှင်း ပေးချိန်ကလည်း ကြားဖြတ်အာဏာပိုင်အဖွဲ့ ကုလအရာရှိတဦးအဖြစ် တာဝန်ယူခဲ့ဖူးပါသေးတယ်။ သူက သမိုင်းပညာရှင် တဦး ဖြစ်လေတော့ မြန်မာနိုင်ငံနဲ့ ပတ်သက်တဲ့ သမိုင်းစာအုပ်တွေကိုလည်း အမြင်သစ်နဲ့ ပြန်ရေးပြခဲ့ဘူးပါတယ်။ ပြင်ပ ကမ္ဘာမှာလည်း ဒီစာအုပ်တွေက လူသိများခဲ့ပါတယ်။ "ခေတ်သစ် မြန်မာနိုင်ငံ တည်ထောင်ခြင်း" The Making of Modern Burma၊ "ပျောက်ဆုံးလေတဲ့ ခြေရာတွေနဲ့မြစ်" The River of Lost Footsteps စသဖြင့် စာအုပ်တွေမှာ မြန်မာ့ သမိုင်းကို ရှုထောင့်အမြင်သစ်တွေနဲ့ ရေးသားခဲ့ဘူးပါတယ်။ အခုစာအုပ်မှာလည်း အိန္ဒိယ-မြန်မာ-တရုတ် သုံးနိုင်ငံ ဆက် စပ်နေရာ ဒေသကို သမိုင်းအမြင်သစ်နဲ့သာမက၊ ခေတ်သစ်ကာလ သူ့ရဲ့ခရီးစဉ်တလျှောက် မြင်ကွင်းတွေ၊ ပုဂ္ဂိလ်ရေးနဲ့ မိသားစုဆိုင်ရာ ဆက်နွယ်နေတဲ့ နောက်ကြောင်းပြန် အဖြစ်အပျက် ဖော်ပြချက်တွေ၊ နိုင်ငံတကာ ဆက်ဆံရေးနဲ့ မူဝါဒ ဆိုင်ရာသုံးသပ်ချက် တစုံတရာကို ရောနှောဖော်ပြထားတာ ဖြစ်ပါတယ်။ သူရဲ့ကြွယ်ဝတဲ့ သမိုင်းအမြင်၊ ဆွဲဆောင်မှုရှိတဲ့ ရေးသားပုံတွေ၊ ကျနော်တို့နဲ့ နီးစပ်နေတာတောင်မှ လူသူအရောက် အပေါက် နည်းနေသေးတဲ့ အိန္ဒိယနိုင်ငံ အရှေ့မြောက် ပိုင်းဒေသ၊ တရုတ်နိုင်ငံ အနောက်တောင်ပိုင်းဒေသ အကြောင်းတွေ၊ အဲဒီ ဒေသတွေနယ်ခြားမှာ ရှိနေတဲ့ မြန်မာနိုင်ငံက တိုင်းရင်းသား လူမျိုးစုတွေရဲ့ ယဉ်ကျေးမှု၊ ဓလေ့ထုံးတမ်း၊ သမိုင်း၊ ဒီနေ့ဖြစ်ပေါ် တိုးတက်မှုအကြောင်းတွေကို တ၀ကြီး လက်က မချချင်အောင် ဖတ်ရမှာဖြစ်ပါတယ်။

တရုတ်နဲ့ အိန္ဒိယတွေ့ဆုံလေရာနေရာ ဆိုတာက မြန်မာနိုင်ငံကို ပြောတာပါ။ အာရှတိုက် သာမက၊ ကမ္ဘာပေါ်မှာပါ မဟာ အင်အားကြီးနိုင်ငံ ၂-ခု ဖြစ်လာနေတဲ့ အိန္ဒိယနဲ့ တရုတ်တို့ကြားမှာ မြန်မာနိုင်ငံတည်ရှိနေတာပါ။ တချိန်တုန်းက ရေမြေ တောတောင် သဘာဝကြောင့်၊ သစ်တော ရောဂါဘယထူပြောတာကြောင့် အိန္ဒိယ-တရုတ် ဆက်သွယ်နိုင်မယ့်ဖြတ်လမ်း ကို လူသူအရောက်အပေါက် နည်းခဲ့ကြပါတယ်။ တခါကိုလိုနီခေတ် နယ်ချဲ့သိမ်းပိုက်မှုတွေအောက်မှာ နိုင်ငံတကာ ဆက် ဆံရေး အခြေအနေအရ၊ ဒုတိယကမ္ဘာစစ်လို စစ်ကြီးတွေ၊ မြန်မာနိုင်ငံထဲက မငြိမ်းချမ်းသေးတဲ့ ပြည်တွင်းစစ်လို စစ် ကလေးတွေ အခြေအနေအရလည်း ဒီလမ်းက မပေါက်နိုင် ဖြစ်ခဲ့ရပါတယ်။ ဒါပေမယ့် အခြေအနေတွေက ပြောင်းလဲလာပါ တယ်။ သစ်တောတွေပါးလျ လူသူအရောက်အပေါက်များလာသလို၊ စစ်ပွဲတွေလည်း လျော့ပါးပြီး တည်ငြိမ်အေးချမ်းမှု တစုံတရာ ရှိလာခဲ့ပါတယ်။ တချိန်တုန်းက ကိုယ့်ပြည်တွင်းပြဿနာတွေနဲ့ မဖွံ့ဖြိုးမှုတွေနဲ့ လုံးချာလည်နေခဲ့တဲ့ အိန္ဒိယ၊ တရုတ်လို လူဦးရေသန်းထောင်ချီရှိတဲ့ နိုင်ငံကြီးတွေက စီးပွားရေးအရပါ အောင်မြင်ဖွံ့ဖြိုးလာပြီး ကမ္ဘာ့မဟာအင်အားကြီးတွေ ဖြစ်လာကြ ပါတယ်။ သူတို့က ပြည်တွင်းဖွံ့ဖြိုးတည်ငြိမ်မှုတွေ ရှိလာတဲ့အခါ အပြင်ကိုခြေလှမ်းချဲ့ထွင်ဖို့ လှမ်းမျှော်ကြည့် လာကြတဲ့ အချိန်ပါ။ ဒီအချိန်မှာ ဦးသန့်မြင့်ဦးက အခုစာအုပ်ကို အဆိုတရပ်အနေနဲ့ ရေးသားတင်ပြလာပါတယ်။ သူက ဒီ စာအုပ်ထဲမှာ မြန်မာနိုင်ငံ ကို ဗဟိုချက်မဆုံရာ၊ အရေးပါတဲ့ ဒေသတခုအဖြစ် တင်ပြထားတာပါ။ ပထ၀ီဝင်အနေအထားအရ ယဉ်ကျေးမှုအရ၊ သမိုင်းအရ မြန်မာက ဒီ ၃-နိုင်ငံဆုံလေရာမှာ အချက်အခြာ တည်ရှိနေပုံကို ထောက်ပြပါတယ်။ အိန္ဒိယရဲ့ အရှေ့မြောက် မဏိပူ၊ အာသံ လိုပြည်နယ်တွေနဲ့ တရုတ်ရဲ့ ယူနန်ပြည်နယ် (တချိန်တရုတ်သမိုင်းကာလမှာတုန်းက သီးခြား လွတ်လပ်တဲ့ ဒါလီပြည်နယ်) ဟာ ယဉ်ကျေးမှုအရ၊ သမိုင်းအရ၊ ပထ၀ီအရ ဆက်စပ်မှုတွေ အများကြီး ရှိခဲ့ကြပါတယ်။

ဒါတင်မကပါဘူး အခုမြန်မာပြည်နေရာဟာ စီးပွားရေးအရလည်း အရေးပါတဲ့ဆုံချက်ဆိုတာ ထောက်ပြပါတယ်။ တရုတ် ပြည်ရဲ့ အကျယ်ပမာဏက အမေရိကန်လောက် ရှိပါလိမ့်မယ်။ ဒါပေမယ့် အမေရိကန်ပြည်မှာ အရှေ့-အနောက်ပင်လယ် ဆိပ်ကမ်းတွေ ရှိသလို၊ တရုတ်မှာ ရှိမနေပါဘူး။ အရှေ့ဖက်ကမ်းရိုးတန်းဒေသသာ ရှိနေပြီး အဲဒီနေရာက မြို့ကြီးတွေမှာ ခြိမ့်ခြိမ့်သည်း ဖွံ့ဖြိုး နေတာ တွေ့ရပါလိမ့်မယ်။ အမေရိကန်ပြည်က ကာလီဖိုးနီးယားပြည်နယ် အနောက်ဖက်ကမ်းမှာ ရှိနေသလို၊ တရုတ်ပြည်မှာ အနောက်ဖက်ကမ်း ကာလီဖိုးနီးယားလို ပြည်နယ်မျိုး မရှိဘဲကင်းမဲ့နေတယ်။ တရုတ်ရဲ့ ကာလီဖိုးနီးယား ပြည်နယ်လို နေရာ မျိုးက မြန်မာနိုင်ငံဆိုတာ သူက ထောက်ပြထားပါတယ်။ တချိန်တည်းမှာပဲ အိန္ဒိယ ကလည်း အရှေ့မျှော်မူဝါဒ (Look East Policy) နဲ့ အရှေ့တောင်အာရှ ဒေသနဲ့ ဆက်ဆံဖို့ ကြိုးပမ်းလာခဲ့ပါတယ်။ ဒီအစဉ်အစဉ်မှာ အာရှတခွင်ဆက်သွယ်ဖို့ ဆိပ်ကမ်း တွေ၊ လမ်းမကြီးတွေ ပါဝင်ပါတယ်။ ဒီလမ်းတွေကလည်း မြန်မာပြည် ကို ဖြတ်သန်းသွားကြမှာပါ။ အခုလို မဟာ အင်အားကြီး ဖြစ်လာတဲ့ နိုင်ငံ ၂-ခုက မြန်မာပြည်က ပေါကြွယ်ဝတဲ့ သဘာဝ ဓာတ်ငွေ့၊ သစ်တော၊ သတ္တုတွင်း၊ စက်ရုံတည်ရာနေရာ၊ စိုက်ခင်းတွေ စသဖြင့်ကို သဘောကျနေကြပါတယ်။၂၁-ရာစုမှာ တန်ဖိုးကြီးလာမယ့် အရင်းအမြစ်အားလုံးကလည်း မြန်မာ နိုင်ငံမှာ ပေါကြွယ်နေတုန်းပါ။ ဒါပေမယ့် အိမ်နီးချင်းနိုင်ငံတွေရဲ့ အကျိုးအပြင် မြန်မာပြည်သူတွေအတွက် ဘယ်လိုအဓိပ္ပါယ် ရှိစေမှာတုန်းဆိုတာ စာရေးသူက မေးခွန်းထုတ်ပါတယ်။

အနောက်နိုင်ငံတွေကနေ မြန်မာစစ်အစိုးရအပေါ် ဒဏ်ခတ်ပိတ်ဆို့တဲ့ မူဝါဒက မြန်မာနိုင်ငံကို တရုတ်ပြည်ဖက်ကို ရွေ့သွား စေတယ် ဆိုတာ သူက ထောက်ပြပါတယ်။ အကယ်၍ ဒီလိုမူဝါဒဆက်လက် ကျင့်သုံးနေရင် အနောက်တိုင်းဒီမိုကရေစီ နိုင်ငံတွေရဲ့ မြန်မာပြည်အပေါ် သြဇာလွှမ်းမိုးမှုက သုညနီးပါးကျဆင်းသွားနိုင်တယ်လို့လည်း သူက သတိပေးခဲ့ပါသေးတယ်။ တချိန်တည်းမှာပဲ ဒီအခြေအနေအပေါ် အခွင့်ကောင်းယူနိုင်ခဲ့ရင် မြန်မာနိုင်ငံက ဖွံ့ဖြိုးကြီးထွားအောင်မြင်လာဖို့ အခွင့်အလမ်း ရှိနေတယ် ဆိုတာလည်း သူက တင်ပြထားခဲ့ကြောင်းပါခင်ဗျား။ ဒီစာအုပ်အကြောင်း သုံးသပ်ချက်တွေကို ရှေ့အပတ်မှာ ဆက်လက် တင်ပြပါမယ်။ အားလုံးငြိမ်းချမ်းပျော်ရွှင်ကြပါစေ။

(ယခု ဆောင်းပါးကို လွတ်လပ်သောအာရှအသံ မြန်မာပိုင်းအစီအစဉ် RFA မှ ထုတ်လွှင့်သွားခဲ့ပြီး ဖြစ်ပါသည်။ RFA ၏ မူပိုင်သာဖြစ်ပြီး ပြန်လည်ဖော်ပြခြင်း ဖြစ်သည်။)

No comments:

Recent Comments