Pages

Saturday, November 19, 2011

မြန်မာနိုင်ငံ ပြည်တွင်း ပြဿနာများနှင့် ပြည်ပ အကျိုးစီးပွားများ (၁၆)

ပြင်ပ ဆောင်းပါးရှင် ဦးအောင်သူငြိမ်းက အမေရိကန်နိုင်ငံ၊ ၀ါရှင်တန်ဒီစီမြို့မှာ ရှိတဲ့ The Brookings Institution အဖွဲ့က ထုတ်ဝေတဲ့ "မြန်မာနိုင်ငံ ပြည်တွင်းပြဿနာများနှင့် ပြည်ပအကျိုးစီးပွားများ" (Myanmar/ Burma: Inside Challenges, Outside Interests) ဆိုတဲ့ စာအုပ်အကြောင်းကို တင်ဆက်နေပါတယ်။ ဒီစာအုပ်မှာ မြန်မာနဲ့ အိမ်နီးချင်းနိုင်ငံတွေနဲ့ နိုင်ငံတကာက ပညာရှင်တွေရဲ့ ဆောင်းပါးတွေ ပါဝင်ပါတယ်။ ဒီတပတ်မှာတော့ စာအုပ်နောက်ဆုံးအခန်းအဖြစ် အမေရိကန် အရှေ့အာရှနဲ့ ပစိဖိတ် ရေးရာ ဗျူရို လက်ထောက်နိုင်ငံခြားရေးဝန်ကြီး ကာ့တ် ကင်းဘဲလ်က အမေရိကန် ကွန်ဂရက်လွှတ်တော်မှာ ၂၀၀၉ ခုနှစ်က တင်ပြခဲ့တဲ့ အမေရိကန်နိုင်ငံရဲ့ မြန်မာနိုင်ငံ အပေါ် မူဝါဒကို ဖော်ပြထားပါတယ်။

သောတရှင်မိတ်ဆွေများ ခင်ဗျား
"မြန်မာနိုင်ငံ ပြည်တွင်းပြဿနာများနှင့် ပြည်ပအကျိုးစီးပွားများ" စာအုပ် နောက်ဆုံးခန်း မှာ အမေရိကန်နိုင်ငံ၊ အရှေ့အာရှ နဲ့ ပစိဖိတ်ဆိုင်ရာဗျူရို လက်ထောက်နိုင်ငံခြားရေး ၀န်ကြီး ကာ့တ် ကင်းဘဲလ်က အောက်လွှတ်တော် ကြားနာပွဲမှာ ၂၀၀၉ ခုနှစ်၊ အောက်တိုဘာလက တင်ပြခဲ့တဲ့ မြန်မာပြည် ဆိုင်ရာ မူဝါဒမိန့်ခွန်းကို ထည့်သွင်းဖော်ပြထားတာတွေ့ရပါတယ်။ စာအုပ်အဖွင့်ပိုင်းမှာ တည်းဖြတ်သူ Lex Riffel က အမှာစာ ရေးခဲ့တဲ့အခါမှာ ဒီစာအုပ်အဖြစ် ဖြစ်လာစေမယ့် ဆွေးနွေးပွဲကို ၀ါရှင်တန်ဒီစီမြို့မှာ ကျင်းပခဲ့တဲ့နေရာမှာ၊ အထူးသဖြင့် အမေရိကန် အစိုးရ အရာရှိတွေ မြန်မာအရေးနဲ့ ပတ်သက်လို့ ပိုမို ကျယ်ပြန့်တဲ့ သဘောထားအမြင်တွေ ရစေအောင် ကျင်းပခဲ့ တယ်လို့ ဆိုပါတယ်။ အရေးပါတဲ့ အမေရိကန်အစိုးရ အရာရှိ အများအပြားလည်း တက်ရောက်ခဲ့ကြပါတယ်။ အခု အစည်း အဝေးဖြစ်တာတောင်မှ အမေရိကန် လက်ထောက် နိုင်ငံခြား ရေးဝန်ကြီး ကာ့တ် ကင်းဘဲ (Kurt Campbell) မြန်မာပြည်ခရီး မသွားခင် ၄-ရက် အလိုမှာ ဖြစ်ပြီး သူကလည်း တက် ရောက် ဆွေးနွေးခဲ့သေးတယ်လို့ ဖော်ပြပါတယ်။ ကွန်ဂရက်လွှတ်တော် မှာ ကာ့တ်ကင်းဘဲ ပြောကြားတဲ့မိန့်ခွန်းကို ပြန်လည်ဖော်ပြထားတာကတော့ အမေရိကန်အစိုးရရဲ့ မူဝါဒအပေါ် ထင်ဟပ်သိသာ စေနိုင်အောင်လို့ ယူဆမိပါတယ်။

ကာ့တ်ကင်းဘဲက တင်ပြတဲ့နေရာမှာ မြန်မာပြည်ဆိုင်ရာမူဝါဒတွေနဲ့ ပတ်သက်လို့ ၂၀၀၉ ခုနှစ် နှစ်ဆန်းပိုင်းကတည်းက ပြန်လည်စိစစ်နေခဲ့တယ်လို့ ဆိုပါတယ်။ ဒီလိုစိစစ်တဲ့နေရာမှာ သူတို့အသိအမှတ်ပြုတာက မြန်မာနိုင်ငံက နိုင်ငံရေးနဲ့ လူသား ချင်းစာနာထောက်ထားမှု ဆိုင်ရာ အခြေအနေတွေက ဆိုးရွားနေတုန်းပဲ။ တပြိုင်နက်တည်းမှာ မြန်မာစစ်အစိုးရ အပေါ် ချည်း ကပ်ဆက်ဆံရေးမူကိုရော၊ ပိတ်ဆို့ ဒဏ်ခတ်ရေးမူကိုပါ ခွဲခြားခွဲခြား အကောင်အထည်ဖော်နေကြတဲ့အခါ ဒီအခြေအနေတွေက မတိုးတက်လာသလို၊ မြန်မာနိုင်ငံအဖို့ ဒီမိုကရေစီအပြောင်းအလဲတွေ ရှေ့ဆက်ဖော်ဆောင်နိုင်ဖို့ ရှေ့ခရီးမတွင်ခဲ့ဘူး ဆိုတာ အသိအမှတ်ပြုပါတယ်။ ဒီတော့ လက်တွေ့ကျတဲ့ ချည်းကပ်ဆက်ဆံရေးမူသစ်ကို ချမှတ်ကျင့် သုံးဖို့ သူတို့ ဆုံးဖြတ်ခဲ့ပါတယ်။ ဒီမူဝါဒသစ်ရဲ့ အရေးပါတဲံ အစိတ်အပိုင်းကတော့ မြန်မာအစိုးရ အာဏာပိုင် ထိပ်တန်းအရာ ရှိတွေနဲ့ တိုက်ရိုက်ချည်းကပ် ပြောဆို ဆွေးနွေးဖို့ ဖြစ်ပါတယ်။ ဒါပေမယ့် စီးပွားဒဏ်ခတ်ပိတ်ဆို့မှုတွေကို အစားထိုးပစ်ပယ် လိုက်တာ မဟုတ်ဘဲ၊ ဒီမူကို နောက်ထပ်ဖြည့်စွက် ဆောင်ရွက်ချက်သာ ဖြစ်တယ်လို့လည်း သူက ပြောပါတယ်။ ဒီလို ဆွေးနွေးပြောဆိုမှုတွေကနေ ရှေ့ဆက် ရမယ့်လမ်းကို တွေ့လာလိမ့်မယ်လို့လည်း သူတို့က ယူဆပါတယ်။ ဒီလိုနဲ့ အခု တလော အမေရိကန်အစိုးရ အရာရှိတွေ မြန်မာ နိုင်ငံကို ခဏမကြာဆိုသလို လာနေကြတာ သတိထားမိပါလိမ့်မယ်။

၂၀၀၉ ခုနှစ်၊ စက်တင်ဘာလမှာ ထုတ်ပြန်ကြေညာခဲ့တဲ့ အဲဒီမူဝါဒအသစ်အတွက် သူတို့က အမေရိကန်လွှတ်တော်ထဲက အင်အားစုတွေအပြင်၊ အခြားဌာနဆိုင်ရာပေါင်းစုံ၊ အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းတွေ၊ NLD အပါအ၀င် မြန်မာအတိုက်အခံ အင်အားစုတွေနဲ့လည်း ဆွေးနွေးအကြံရယူတာ အများအပြားလုပ်ဆောင်ခဲ့ကြတယ် ဆိုပါတယ်။ အမေရိကန်အနေနဲ့ ထပ်ပြီး အတည်ပြု ပြောဆိုထားတာကတော့ သူတို့ဟာ တစည်းတလုံးတည်း ဖြစ်တဲ့၊ ငြိမ်းချမ်းတဲ့၊ သာယာဝပြောတဲ့၊ ဒီမိုကရေစီရှိတဲ့ မြန်မာနိုင်ငံကို မြင်လိုပါတယ်။ အဲသလိုဖြစ်ဖို့ မြန်မာပြည်သူတွေကပဲ သူတို့ အနာဂတ်ကို ဆုံးဖြတ်ခရီးနှင်ကြ ရမှာလည်း ဖြစ်ပါ တယ်။ အဲသလို ခရီးနှင်နိုင်ဖို့အတွက် အမေရိကန်နိုင်ငံက ယူဆထားတာကတော့ အဲဒီအချိန်က မလွတ် မြောက်သေးတဲ့ ဒေါ်အောင်ဆန်းစုကြည် အပါအ၀င်၊ နိုင်ငံရေးအကျဉ်းသားတွေ အားလုံးလွတ်မြောက်တာ မြင်လိုပါတယ်။ တိုင်းရင်းသား အင်အားစုတွေနဲ့ ပဋိပက္ခတွေ ရပ်စဲဖို့လည်း လိုပါတယ်။ လူ့အခွင့်အရေး ချိုးဖောက်ခဲ့သူတွေကို တာဝန်ခံ တာဝန်ယူမှု ရှိစေ ဖို့လည်း တောင်းဆိုထားပါတယ်။ မြန်မာအစိုးရ၊ ဒီမိုကရေစီအင်အားစုတွေနဲ့ တိုင်းရင်းသားတွေအကြား အစစ်အမှန် တွေ့ဆုံဆွေးနွေးပွဲတွေ ဖြစ်မြောက်စေဖို့ကိုလည်း တိုက်တွန်းပါတယ်။ ဒါပေမယ့် မြန်မာနိုင်ငံအပေါ် ချမှတ်ထားတဲ့ သူတို့ ဒဏ်ခတ် အရေးယူမှု မူဝါဒတွေ ပြောင်းသွားဖို့ကတော့၊ အချိန်ယူရမယ်၊ နှေးမယ်၊ တဆင့်ပြီး တဆင့်သွားရမယ် ဆိုတာလည်း ယူဆထားပါတယ်။ အဲဒီလိုပင်မကျတဲ့ ဒီမိုကရေစီ၊ လူ့အခွင့်အရေး စိုးရိမ်ပူပန်ချက်ကိစ္စတွေအပြင် သူတို့က မြန်မာ အစိုးရ အနေနဲ့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီဆုံး ဖြတ်ချက် အမှတ် (၁၇၁၈) နဲ့ (၁၈၇၄) ကို တိတိကျကျ လိုက်နာ စေချင်ပါတယ်။ ဒါတွေကတော့ မြောက်ကိုရီးယားနိုင်ငံနဲ့ ဆက်ဆံတဲ့အခါမှာ သမားရိုးကျဖြစ်စေ၊ ဖျက်အားပြင်းဒုံး၊ အနုမြူ၊ လူအများအပြား သေကြေစေတဲ့ လက်နက်မျိုး ဖောက် ကားရောင်းဝယ်မှုတွေကို ပိတ်ဆို့ထားတဲ့ ဆုံးဖြတ်ချက်ပါ။ မြန်မာ-မြောက်ကိုရီးယား ဆက်ဆံရေးအပေါ်မှာလည်း အမေရိကန်က ပွင့်လင်းမြင်သာရှိပြီး၊ သင်္ကာရှင်းစေလိုပါတယ်။

အဲဒါတွေအပြင် အမေရိကန်နဲ့ မြန်မာအစိုးရ နှစ်ဖက် အကျိုးတူ အကျိုးစီးပွားအတွက် ပူးပေါင်းလုပ်ဆောင်နိုင်တဲ့ ဧရိယာ၊ လုပ်ငန်းတွေ ရှိနေသေးတာလည်း ကာ့တ်ကင်းဘဲက ဖော်ပြခဲ့ပါသေးတယ်။ ဒါတွေကတော့ မူးယစ်ဆေးဝါး တိုက်ဖျက်ရေး ကိစ္စ၊ ကျန်းမာရေး၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးကိစ္စတွေ၊ ဒုတိယကမ္ဘာစစ်အတွင်းက မြန်မာ့မြေအတွင်းမှာ ကျဆုံးခဲ့တဲ့ အမေရိကန်စစ်သားတွေ ရုပ်အလောင်းကောက်ယူရေးကိစ္စတွေ ဖြစ်ပါတယ်။ အမေရိကန်နိုင်ငံက မြန်မာပြည် အရေးမှာ တဦးတည်းမစွမ်းတာကိုလည်း အသိအမှတ်ပြုပါတယ်။ အိမ်နီးချင်းနိုင်ငံတွေဖြစ်တဲ့ တရုတ်၊ အိန္ဒိယ၊ အာဆီယံ အဖွဲ့တွေက များစွာထိထိရောက်ရောက် ကူညီပေးနိုင်တာကိုလည်း သူတို့က မြင်ထားပါတယ်။ ဒါပေမယ့် ဘာပဲဖြစ်ဖြစ် မြန်မာနိုင်ငံမှာ လူမှုရေးအရကူညီဖို့ အမေရိကန်နိုင်ငံက အဆင်သင့်ရှိနေတယ်။ နာဂစ်ကပ်ဘေးမုန်တိုင်း ကြုံရတုန်းက လည်း ဒေါ်လာ ၇၅ သန်းကျော် ကူညီထောက်ပံ့ပေးခဲ့ပါသေးတယ်။ မြန်မာနိုင်ငံကို အစိုးရအိပ်ထဲမရောက်စေဘဲ၊ ပြည်သူတွေလက် ထဲ တိုက်ရိုက်ရောက်စေနိုင်မယ့် နည်းလမ်းတွေလည်း သူတို့မှာ အဆင်သင့်ရှိနေပါတယ်လို့ ပြောဆိုခဲ့ပါသေးတယ်။

ကာ့တ်ကင်း ဘဲ လွှတ်တော်မှာ အခုလိုတင်ပြချိန်က ၂၀၁၀ ရွေးကောက်ပွဲမတိုင်မီပါ။ သူတို့အနေနဲ့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ အပေါ်မှာရော၊ ကျင်းပမယ့် ရွေးကောက်ပွဲအတွက် လွတ်လပ်တရားမျှတပါ့မလားဆိုတာ သံသယရှိတယ်လို့ ပြောဆို ခဲ့ပါသေးတယ်။ အခုအချိန်တော့ အပြောင်းအလဲတချို့ လမ်းစပေါ်လာသလို၊ အမေရိကန်ဖက်က ပိုပြီးခြေလှမ်းတွေ များလာ တယ်ဆိုတာလည်း မြင်နေကြရပါတယ်။ မြန်မာပြည်လည်း ဒီမိုကရေစီရ၊ နှစ်နိုင်ငံလည်း ပြေလည်ကျေအေးနိုင်ဖို့ ကျနော်တို့ မျှော်လင့်ဆုတောင်းကြဖို့ပဲ ရှိပါတယ်။

နောက်တပတ်မှာတော့ စာအုပ်သစ်တအုပ်ကို တင်ပြဖို့ စဉ်းစားထားပါတယ်။ အားလုံး ငြိမ်းချမ်း ပျော်ရွှင်ကြပါစေ။

(ယခု ဆောင်းပါးကို လွတ်လပ်သောအာရှအသံ မြန်မာပိုင်းအစီအစဉ် RFA မှ ထုတ်လွှင့်သွားခဲ့ပြီး ဖြစ်ပါသည်။ RFA ၏ မူပိုင်သာဖြစ်ပြီး ပြန်လည်ဖော်ပြခြင်း ဖြစ်သည်။)

No comments:

Recent Comments