Pages

Saturday, November 19, 2011

မြန်မာနိုင်ငံ ပြည်တွင်း ပြဿနာများနှင့် ပြည်ပ အကျိုးစီးပွားများ (၁၅)


ပြင်ပ ဆောင်းပါးရှင် ဦးအောင်သူငြိမ်းက အမေရိကန်နိုင်ငံ၊ ၀ါရှင်တန်ဒီစီမြို့မှာ ရှိတဲ့ The Brookings Institution အဖွဲ့က ထုတ်ဝေတဲ့ "မြန်မာနိုင်ငံ ပြည်တွင်းပြဿနာများနှင့် ပြည်ပအကျိုးစီးပွားများ " (Myanmar/ Burma: Inside Challenges, Outside Interests) ဆိုတဲ့ စာအုပ်အကြောင်းကို တင်ဆက်နေပါတယ်။ ဒီစာအုပ်မှာ မြန်မာနဲ့ အိမ်နီးချင်းနိုင်ငံတွေနဲ့ နိုင်ငံတကာက ပညာရှင်တွေရဲ့ ဆောင်းပါးတွေ ပါဝင်ပါတယ်။ ဒီတပတ်မှာတော့ သြစတြေလျပညာရှင် Andrew Selth ရေးသားထားတဲ့ မြန်မာ-မြောက် ကိုရီးယား-နျူကလီးယား ချိတ်ဆက်မှုပြဿနာကို ဆွေးနွေးထားပါတယ်။

သောတရှင်မိတ်ဆွေများ ခင်ဗျား
မြန်မာနိုင်ငံအရေးကို ပြည်ပနိုင်ငံတွေက စိတ်ဝင်စား ပူပန်နေကြတဲ့ အကျိုးစီးပွားကိစ္စ တခုက မြန်မာစစ်အစိုးရက အနုမြူ လက်နက် ရရှိရေးကို တိတ်တဆိတ်ကြိုးပမ်းနေတယ်။ မြောက်ကိုရီးယားနဲ့ ပူးပေါင်းဆက်ဆံမှုတွေက တိုးတက်လာနေပြီး အဆင့်မြင့် လက်နက် နည်းပညာ ရယူမှုတွေလည်း ရှိနေနိုင်တယ်ဆိုတဲ့ ကိစ္စလည်း တခုအပါအ၀င် ဖြစ်ပါတယ်။ ဒီအသံက မကြာသေးမီက ပိုမို ကျယ်လောင်လာခဲ့ပါတယ်။ ဒီကိစ္စကို အခုဆွေးနွေးပွဲမှာ သြစတြေလျက ပညာရှင် အင်ဒရူးဆဲ့လ်သ် က လေ့လာစူးစမ်း တင်ပြ ခဲ့ပါတယ်။ အခု စာရေးသူ အင်ဒရူး ဆဲ့လ်သ်က တချိန်က သံတမာန်၊ ထောက်လှမ်းရေးကိစ္စ သုံးသပ်သူ၊ နောက်တော့ ပညာရှင် တယောက်အဖြစ် ရပ်တည်နေသူ ဖြစ်ပါတယ်။ မြန်မာ့တပ်မတော်အကြောင်း လေ့လာ ပြီး စာအုပ်တအုပ်လည်း ပြုစုထုတ်ဝေ ခဲ့ပါသေးတယ်။ "ဂုဏ်သိက္ခာမရှိတဲ့ အာဏာ" (Power without Glory) လို့ စာအုပ် နာမည်ပေးခဲ့ပါတယ်။

စာရေးသူက လတ်တလောမြန်မာ-မြောက်ကိုရီးယား-နျူကလီးယား အရေးတွေနဲ့ ပတ်သက်လို့ ၂၀၀၉ ခုနှစ်ကစလို့ လူ အများ အာရုံစိုက်ခံရတဲ့ ဖြစ်ရပ် ၇ ခုကို တင်ပြပါတယ်။ မြန်မာနိုင်ငံမှာ လူ့အခွင့်အရေးချိုးဖောက်မှု သတင်းတွေ တက်လာ လေ့ရှိပါ တယ်။ အလားတူပဲ မြောက်ကိုရီးယားနိုင်ငံမှာ လူ့အခွင့်အရေးချိုးဖောက်မှုတွေ ဆိုးရွားပြင်းထန်ကြောင်း သတင်း တွေလည်း ပေါ်ထွက်တတ်ပါတယ်။ ဒါပေမယ့် နောက်ပိုင်းကာလတွေမှာ မြန်မာ-မြောက်ကိုရီးယားတွဲချိတ်ဖော်ပြမှုတွေ ရှိ လာခဲ့ပါတယ်။ ဥပမာ-၂၀၀၅ ခုနှစ်က အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ကွန်ဒိုလီဇာ ရိုက်စ်က မြန်မာ-မြောက်ကိုရီးယား- အီရန်တို့ကို "မင်းဆိုးမင်းညစ်တွေရဲ့ နောက်ဆုံးလက်ကျန်ခံကတုတ်" နိုင်ငံအဖြစ် ဖော်ပြမှုမျိုးပါ။ တဖက်မှာ အမေရိကန်က အီရတ်ကို ကျူးကျော်မှုအပြီးကာလမှာ မြန်မာနိုင်ငံကို ကျူးကျော်လာနိုင်တယ် ဆိုတာမျိုး၊ မြန်မာစစ်ဗိုလ်ချုပ်တွေဖက်က ပူပန်စိုးရိမ် နေခဲ့ကြပါတယ်။ ဒါကြောင့် အနုမြူလက်နက်တွေ ပိုင်ဆိုင်ရေးကြိုးပမ်းနေတယ်ဆိုတာမျိုး ပြောဆိုတာတွေရှိလာ ပါတယ်။ ဒါပေမယ့် အင်ဒရူး ဆဲ့လ်သ်က ၂၀၀၉ ခုနှစ်နောက်ပိုင်း ထူးခြားတဲ့ ဖြစ်ရပ် ၇-ခုကို လေ့လာသုံးသပ်ဖော်ပြပါ တယ်။

ပထမဖြစ်ရပ်က မြန်မာနိုင်ငံမှာ မြေအောက်ဥမင်တွေ အကြီးအကျယ်ဆောက်နေတယ်ဆိုပြီး ဇွန်လလောက်မှာ ဓာတ်ပုံ အထောက်အထားတွေ ထွက်လာတာပါ။ ဥမင် ၆၀၀ ကနေ ၈၀၀ လောက်အထိရှိတယ်။ ဗုံးလက်နက်ဒဏ် ခံနိုင်တဲ့ ဥမင် တွေ လျှို့ဝှက်တည်ဆောက်နေကြတယ်ဆိုတာ နော်ဝေအခြေစိုက် ဒီဗွီဘီ သတင်းဌာနက ဖော်ထုတ်ခဲ့ပါတယ်။ မြောက် ကိုရီးယားက ကူညီနေတယ်လို့လည်း စွပ်စွဲကြပါတယ်။

ဒုတိယဖြစ်ရပ်ကတော့ ဇွန်လထဲမှာပဲ ကမ်နန်-၁ အမည်ရ သင်္ဘောက မြောက်ကိုရီးယားက ထွက်လာပြီး မြန်မာနိုင်ငံကို ဦးတည်ခုတ်မောင်းလာတယ်လို့ ဆိုပါတယ်။ အမေရိကန် ရေတပ်က နောက်ယောင်ခံလိုက်လာပြီး နောက်မှာ နောက်ကြောင်း ပြန်လှည့်သွားခဲ့ပါတယ်။ အချို့ကတော့ ဒီသင်္ဘောဟာ စကဒ်အမျိုးအစား ဒုံးကျည်တွေ သယ်ဆောင်လာတယ်လို့ ယူဆကြပါ တယ်။ တတိယဖြစ်ရပ်ကတော့ ဇူလိုင်လမှာ ထိုင်းနိုင်ငံမှာလုပ်တဲ့ သတင်းစာရှင်းပွဲတခုမှာ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးက မြန်မာ-မြောက်ကိုရီးယားအကြား စစ်ရေးအရ ပိုမိုနီးကပ်ဆက်ဆံလာတာကို စိုးရိမ်ပူပန်ကြောင်း၊ ဒါဟာ ဒေသတွင်း တည်ငြိမ် ရေးကို ထိခိုက်နိုင်ကြောင်း ဆိုခဲ့ပါတယ်။ စတုတ္ထဖြစ်ရပ်အနေနဲ့ သိပ်မကြာခင်မှာပဲ ဂျပန်ရဲ တွေက တိုကျိုအခြေစိုက် Ri Gyong Go ကုမ္ပဏီအကြီးအကဲကို ဖမ်းဆီးခဲ့ပါတယ်။ မြန်မာနိုင်ငံကို ဒုံးပျံထိန်းချုပ်ရေး အတွက် အရေးပါတဲ့ သံလိုက်တွေ ရောင်းချ ခဲ့တယ်လို့ ယူဆလို့ပါ။ ပဉ္စမဖြစ်ရပ်အနေနဲ့ ဗိုလ်ချုပ်ရွှေမန်းဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့ မြောက်ကိုရီးယားကို ၂၀၀၈ ခု၊ ဒီဇင်ဘာလမှာ သွားရောက်လည်ပတ်တဲ့ ဓာတ်ပုံတွေလည်း ပေါက် ကြား လာခဲ့ပါတယ်။ ဒီခရီးစဉ်မှာ နှစ်နိုင်ငံအကြား ကာကွယ် ရေးကိစ္စ တွေ ပူးပေါင်းလုပ်ဆောင်ဖို့ ဆွေးနွေးခဲ့ကြတယ် ဆိုပါတယ်။ အင်တာနက်တွေအပေါ်မှာတော့ မြန်မာနိုင်ငံက အနုမြူ လက်နက်ပိုင်ဆိုင်ရေး လုပ်ကိုင်နေပြီးလားဆိုတာ ဆွေး နွေးငြင်းခုန်မှုတွေ ပိုမိုပြင်းထန်လာခဲ့ပါတယ်။ ဂြိုဟ်တုမြေပုံတွေ ညွှန်းဆိုပြီး အနုမြူလက်နက်စက်ရုံ တည်ဆောက်ရာနေရာ ဆိုတာပါ ဖော်ပြလာခဲ့ပါတယ်။ နောက်ဆုံးဖြစ်ရပ်ကတော့ ၂၀၀၉ ခုနှစ်မှာ မြန်မာဖက်က ကူးပြောင်းခိုလှုံလာတဲ့သူ ၂-ဦးက အနုမြူအစီအစဉ် ရှိနေတယ်ဆိုတာ အတွင်းကျကျ ထုတ်ဖော်ပြောဆို လာခဲ့တာပါပဲ။ သူတို့မှာ အထောက်အထားတွေပါ လာပြီး ၂၀၁၄ ခုနှစ်ကျရင် မြန်မာက အနုမြူလက်နက် ထုတ်နိုင်တော့မယ် ဆိုတာမျိုးအထိ ခန့်မှန်းပြောဆိုလာကြပါတယ်။

အင်ဒရုး ဆဲ့လ်သ်က ကောလာဟလတွေနဲ့ အမှန်သတင်းတွေကို တွက်ချက်သုံးသပ်နိုင်သူပါ။ သူသုံးသပ်တာမှာ အရေးပါ တဲ့ တချက်က အမေရိကန်က ဒီိကိစ္စတွေကို အနီးကပ် စောင့်ကြည့်လေ့လာနေပေမယ့် အခုအချိန်အထိ မြန်မာနိုင်ငံမှာ အနုမြူ အစီအစဉ် ရှိနေတယ်ဆိုတာ ပွင့်ပွင့်လင်းလင်း ထုတ်ဖော်စွပ်စွဲတာ မရှိသေးတာပါပဲ။ တချိန်တုန်းက အီရတ်က အမှားမျိုး မဖြစ်ရအောင် ဆင်ခြင်တာ ဖြစ်နိုင်တယ်လည်း ဆိုပါတယ်။ မြန်မာမှာ ဒီအစီအစဉ်လုပ်ဖို့ဆိုရင် ဘဏ္ဍာ၊ နည်း ပညာ၊ လက်တွေ့ အခက်အခဲတွေ များစွာရှိနိုင်တာကိုလည်း သူကတွက်ဆပါတယ်။ မြောက်ကိုရီးယားက မြန်မာကို သမား ရိုးကျလက်နက်တွေ တော့ ရောင်းချခဲ့တာ ၁၉၈၃ ခုနှစ် ကတည်းကပါ။ အခုကိစ္စမှာလည်း ကာကွယ်ရေးပစ္စည်းထုတ်စက်ရုံ၊ နည်းပညာတွေကိစ္စ ပူးပေါင်းဆောင်ရွက်တာမျိုး ဖြစ်နိုင်ပါတယ်။ အနုမြူကိစ္စအထိကတော့ ခရီးပေါက်ချင်မှ ပေါက်မှာပါ။

သူနောက်ဆုံး သုံးသပ်ဖော်ပြတာကတော့ မြန်မာစစ်ခေါင်းဆောင်တွေက နိုင်ငံလုံခြုံရေး၊ သူတို့လုံခြုံရေးအတွက် စိုးရိမ် ပူပန်မှုတွေ၊ ကာကွယ်နိုင်ဖို့ ပြင်ဆင်တာတွေ ရှိနိုင်ပါတယ်။ ကောလာဟလတွေ အခြေပြုလို့ နေပြည်တော်ဆန့်ကျင်ရေး၊ ပြုံယမ်းဆန့်ကျင်ရေး အပြင်းအထန် မလုပ်မိစေဖို့ လိုအပ်တယ်လည်း ဖော်ပြပါတယ်။ သေချာတာက အခုလိုသတင်းတွေ ထွက်ပေါ်နေတာဟာလည်း နိုင်ငံတကာ ဆက်ဆံရေးမူဝါဒတွေအတွက် ပြဿနာတခုပါ။ ဒါပေမယ့် သူပြောတာက လူ အများကတော့ အမေရိကန်အစိုးရ လူသိရှင်ကြားထုတ်ပြောလာမယ့် သုံးသပ်ချက်ကို စောင့်မျှော်နေကြတယ်ဆိုပါတယ်။ အဲဒီအချိန်ကျမှသာပဲ မြန်မာနိုင်ငံမှာ အနုမြူလက်နက်ထုတ်လုပ်တာတွေအတွက် လုံလောက်တဲ့ အထောက်အထားတွေ ရှိမနေဘူးဆိုတဲ့ ပညာရှင်အဖွဲ့အချို့ရဲ့ သုံးသပ်ချက်ကို အတည်ပြုနိုင်လိမ့်မယ်။ မြန်မာ-မြောက်ကိုရီးယား ဆက်ဆံရေး အပေါ် သင်္ကာရှင်းနိုင်ကြလိမ့်မယ်ဆိုတာ ဖော်ပြခဲ့ကြောင်းပါခင်ဗျား။ အားလုံး ငြိမ်းချမ်း ပျော်ရွှင်ကြပါစေ။

(ယခု ဆောင်းပါးကို လွတ်လပ်သောအာရှအသံ မြန်မာပိုင်းအစီအစဉ် RFA မှ ထုတ်လွှင့်သွားခဲ့ပြီး ဖြစ်ပါသည်။ RFA ၏ မူပိုင်သာဖြစ်ပြီး ပြန်လည်ဖော်ပြခြင်း ဖြစ်သည်။)

No comments:

Recent Comments