Pages

Saturday, October 29, 2011

မြန်မာနိုင်ငံ ပြည်တွင်း ပြဿနာများနှင့် ပြည်ပ အကျိုးစီးပွားများ (၁၄)

ပြင်ပ ဆောင်းပါးရှင် ဦးအောင်သူငြိမ်းက အမေရိကန်နိုင်ငံ၊ ၀ါရှင်တန်ဒီစီမြို့မှာ ရှိတဲ့ The Brookings Institution အဖွဲ့က ထုတ်ဝေတဲ့ "မြန်မာနိုင်ငံ ပြည်တွင်းပြဿနာများနှင့် ပြည်ပအကျိုးစီးပွားများ " (Myanmar/ Burma: Inside Challenges, Outside Interests) ဆိုတဲ့ စာအုပ်အကြောင်းကို တင်ဆက်နေပါတယ်။ ဒီစာအုပ်မှာ မြန်မာနဲ့ အိမ်နီးချင်းနိုင်ငံတွေနဲ့ နိုင်ငံတကာက ပညာရှင်တွေရဲ့ ဆောင်းပါးတွေ ပါဝင်ပါတယ်။ ဒီတပတ်မှာတော့ အိမ်နီးချင်းနိုင်ငံတွေနဲ့ မြန်မာအကြား ဆက်ဆံရေး၊ အထူးသဖြင့် အမေရိကန်နိုင်ငံက မြန်မာနဲ့ ဆက်ဆံရေးမူပြောင်းလာခဲ့ပြီးတဲ့နောက် အာဆီယံအသင်း အနေနဲ့ ဘယ်လိုဆက်လက်အခန်းသွားနိုင်မယ်ဆိုတာ ဆွေးနွေးထားပါတယ်။

သောတရှင်မိတ်ဆွေများ ခင်ဗျား
မြန်မာက ဒေသတွင်း အင်အားစုဖြစ်တဲ့ အာဆီယံအသင်းကို ၁၉၉၇ ခုနှစ်မှာ အဖွဲ့ဝင် ဖြစ်ခွင့်ရခဲ့ပါတယ်။ မြန်မာကိုအဖွဲ့ အတွင်း ဆွဲသွင်းခဲ့ရတဲ့အကြောင်း ၂-ချက်ရှိတယ်လို့ ဆိုကြပါတယ်။ မြန်မာနိုင်ငံက ဖိနှိပ်အုပ်ချုပ်နေတဲ့ မူဝါဒတွေကို တဖြည်းဖြည်း အပြု သဘောဆောင်တဲ့ ဆက်ဆံရေးနဲ့ စည်းရုံးသိမ်းသွင်းရင်း နူးညံ့လာအောင် ပြောင်းလဲစေမယ်။ ကျန်တဲ့ တချက်ကတော့ အာဆီယံအသင်းပြင်ပမှာထားရင် မြန်မာနိုင်ငံက တရုတ်နိုင်ငံရဲ့ သြဇာလောင်းရိပ်အောက်ကို ကျရောက် သွားမှာ စိုးရိမ်ကြလို့ ကိုယ့်စည်းဝိုင်းထဲ သွင်းလိုက်တယ်လို့ ဖော်ပြကြပါတယ်။ ဒါပေမယ့် မြန်မာနိုင်ငံရဲ့ အပြုအမူတွေကို ဒီနှစ်တွေအတွင်း အာဆီယံ က မပြောင်းလဲနိုင်ခဲ့ဘူး။ တဖက်မှာလည်း မြန်မာနဲ့ တရုတ်အကြား ရှုပ်ထွေးပွေလီတဲ့ ဆက်ဆံ ရေးကိစ္စတွေကိုလည်း အာဆီယံ က အတွင်းကျကျ သဘောမပေါက်နိုင်ခဲ့ဘူးလို့ စာရေးသူ ပါဗင်က သုံးသပ်ခဲ့ပါတယ်။

အခု ဆောင်းပါးရေးသူ ပါဗင် ချာချာဝါလောင်ပန် ကတော့ တချိန်က ထိုင်းနိုင်ငံက သံအရာရှိတဦးဖြစ်ခဲ့ပြီး၊ အင်္ဂလန်နိုင်ငံ က အရှေ့တိုင်းနဲ့ အာဖရိကလေ့လာရေး တက္ကသိုလ် (SOAS) က ပါရဂူဘွဲ့ရလာသူ ဖြစ်ပါတယ်။ အခုတော့ စင်္ကာပူနိုင်ငံ၊ အရှေ့ တောင်အာရှ လေ့လာရေးဌာနမှာ နိုင်ငံရေးနဲ့ မဟာဗျူဟာဆိုင်ရာ သုတေသီတဦးအဖြစ် တာဝန်ယူနေပါတယ်။ သူ တင်ပြတာ ကတော့ အာဆီယံနဲ့ မြန်မာအကြား ဆက်ဆံရေးက အပြုသဘော ချည်းကပ်ဆက်ဆံမှုကနေ တခါ ပျော့ပြောင်းတဲ့ ချည်းကပ် ဆက်ဆံမှု၊ တခါ တိုးမြှင့် အပြန်အလှန် ဆက်ဆံရေး စသဖြင့် ကာလရွေ့လျော တဖြည်းဖြည်း ပြောင်းလာခဲ့ပါတယ်။ မြန်မာ စစ်အစိုးရရဲ့ ဖိနှိပ်အုပ်ချုပ်က အမူအကျင့်က သိသိသာသာ မပြောင်းခဲ့ပါဘူး။ အခုနောက်ဆုံး တိုးမြှင့် အပြန်အလှန် ဆက်ဆံရေး မူအပေါ်မှာလည်း ဒေသတွင်း ၁၀-နိုင်ငံက ကိုယ့်ဘာသာ အဓိပ္ပါယ်ဖွင့် ဆက်ဆံနေကြတော့ ခရီး မရောက်နိုင် ဖြစ်နေရတယ် ဆိုပါတယ်။ သူက လတ်တလောကိုကြည့်ပြီး ထောက်ပြတာက ၂၀၀၉ ခုနှစ်မှာပဲ အရေးပါတဲ့ အဖြစ်အပျက် ၃-၄ ခုလောက် မြန်မာနိုင်ငံမှာ ဖြစ်ခဲ့ပါတယ်။ ပထမတခုက ဒေါ်အောင်ဆန်းစုကြည် အိမ်ထဲကို မဖိတ်မခေါ် ရောက်လာတဲ့ အမေရိကန် ရေကူးသမားကို အကြောင်းပြလို့ သူ့အပေါ်အိမ်အကျယ်ချုပ် ထပ်တိုးတာပါ။ ဒီလိုတိုးခြင်းဖြင့် ၂၀၁၀ ရွေးကောက်ပွဲမှာ NLD မပါနိုင်အောင် တားမြစ်လိုက်ရာလည်း ရောက်ပါတယ်။ ဒါကိုဒေသတွင်း နိုင်ငံတွေက ကန့် ကွက်ကြပေမယ့် မြန်မာက နားမထောင်ပါဘူး။ ဒုတိယတချက်ကတော့ ၂၀၀၉၊ သြဂုတ်လောက်မှာ ကိုးကန့်ဒေသမှာ စစ် အစိုးရတပ်တွေက ၀င်တိုက်ပြီး စစ်ပွဲတွေ တဖန်ဖြစ်လာတာပါ။ အရင်ကတော့ တိုင်းရင်းသားအရေး ကျေအေးပြေလည်ပြီ ယူဆထားရာက ပြန်စလာတဲ့ အခြေအနေပါ။ တတိယအချက်ကတော့ စက်တင်ဘာလလောက်မှာ အမေရိကန်နိုင်ငံခြား ရေးဝန်ကြီး ဟေလာရီ ကလင်တန် က မြန်မာအပေါ် ဆက်ဆံတဲ့မူဝါဒ ပြောင်းလဲကျင့်သုံးတော့မယ်လို့ ကြေညာခဲ့တဲ့ ကိစ္စ ပါ။ တဖက်က ပိတ်ဆို့အရေးယူမှုတွေ ဆက်လက် ထားရှိဦးမှာ ဖြစ်ပေမယ့်၊ မြန်မာစစ်အစိုးရနဲ့လည်း တိုးမြှင့်ဆက်ဆံ ပြော ဆိုသွားမယ်လို့ ကြေညာခဲ့ပါတယ်။

ပါဗင်က သူရဲ့ဆောင်းပါးအမည်ကို "နေပြည်တော်သို့ နောက်ဆုံးဘတ်စ်ကား" လို့ နာမည်ပေးထားပါတယ်။ နောက်ဆုံး ဘတ်စ်ကားဆိုတာက အခု အမေရိကန် မူဝါဒအပြောင်းအလဲ ဖြစ်လာတာကို ဆိုလိုတာပါ။ ဘတ်စ်ကားတော့ ထွက်သွား ပြီ၊ လိုက်တဲ့လူတွေ ဘယ်လိုလိုက်ကြမလဲဆိုတာ မေးခွန်းထုတ်ထားတာပါ။ အမေရိကန်ကတော့ သူရဲ့အကျိုးစီးပွားအရ မြန်မာစစ်အစိုးရနဲ့ တိုးမြှင့်ဆက်ဆံမယ်။ ဒါပေမယ့် ပိတ်ဆို့အရေးယူမှုတွေလည်း ဆက်ပြီးထားရှိမယ်ဆိုတာ ပြောထားပါ တယ်။ ဒီမူဝါဒထွက်ထွက်လာချင်းမှာပဲ အာဆီယံအသင်းနိုင်ငံတွေက ပစ်ပြီး ထောက်ခံခဲ့ကြပါတယ်။ ဒါပေမယ့် အာဆီယံ အသင်းအနေနဲ့ ဘေးရောက်သွားမယ့် အခြေအနေရှိတယ်လို့လည်း သူက သုံးသပ်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ တရုတ် နိုင်ငံကြားဝင်မှုနဲ့ ၂၀၀၇၊ ဇူလိုင်လောက်ကတည်းက ဘေဂျင်းမှာ မြန်မာ-အမေရိကန် ဆွေးနွေးပွဲတွေ စပြီးလုပ်လာခဲ့ပါ တယ်။ အာဆီယံရဲ့ အခန်းကဏ္ဍ မရှိခဲ့ပါဘူး။ အဲဒါအပြင် အာဆီယံအဖွဲ့ဝင် နိုင်ငံတခုချင်းစီမှာလည်း သူတို့ပြဿနာနဲ့ သူတို့ ရှိနေကြ ပါသေးတယ်။ သူတို့က မြန်မာအပေါ် ဖိအားပေးနိုင်လောက်အောင် ညီညွတ်တဲ့ ပူးပေါင်းဆောင်ရွက်မှု မရှိကြသလို၊ ဆရာကြီး လုပ်ရလောက်အောင် သူတို့နိုင်ငံတွေကိုယ်၌က ဒီမိုကရေစီအပြည့်ရှိကြတဲ့ နိုင်ငံတွေ မဟုတ်သေး ပါဘူး။

သူက ထိုင်းနိုင်ငံရဲ့ အခက်အခဲနဲ့ ပတ်သက်လို့ တင်ပြရာမှာ ထိုင်းက အကျိုးစီးပွားအရ မြန်မာနိုင်ငံက ဓာတ်ငွေ့လောင်စာ တင်ပို့ တာကို မှီခိုနေရပါတယ်။ အရင်အစိုးရလက်ထက်မှာလည်း ထိုင်းက သူ့ပြည်တွင်း နိုင်ငံရေးတင်းမာမှုတွေ၊ ပဋိပက္ခ တွေအပြီး တက်လာတဲ့ ၀န်ကြီးချုပ်အဖိချစ်အဖို့ သူ့တရားဝင်မှုအတွက် အရင်လုပ်ဆောင်နေရပါသေးတယ်။ အာဆီယံ အသင်းအကျိုး ရည်ရွယ်ပြောဆိုတာထက်စာရင် ပြည်တွင်း မဲဆန္ဒရှင်အုပ်စုတွေအကြိုက် သူပြောဆိုလုပ်ဆောင်နေရတာ ရှိပါတယ်။ အမေရိကန်အခုလို မူဝါဒပြောင်းတာကို ထိုင်းက သိပ်သဘောမကျလှဘူးလို့ စာရေးသူက ဆိုပါတယ်။ အနောက်တိုင်းနဲ့ သူတို့အကြား ရည်ရွယ်ချက်ပန်းတိုင် တူလိမ့်မယ်လို့ သူတို့မယူဆဘူးလို့ ပြောဆိုခဲ့သလို၊ အမေရိကန် မြန်မာနဲ့ ပြေလည်တဲ့အခါ သူတို့ဘယ်လိုအခန်းကဏ္ဍ ကရမယ်ဆိုတာ သေချာ မသိသေးပါဘူး။ ဗီယက်နမ်အနေနဲ့ကျ တော့ ၂၀၁၀ မှာ သူက အသင်း ဥက္ကဋ္ဌ လုပ်ရမယ့်အချိန်မှာ မြန်မာအရေးကိုတော့ အသံထွက် ပြောဆိုခဲ့ရတာ ရှိပါတယ်။ ဒါပေမယ့် သူက "အာဆီယံနည်းလမ်း" နဲ့ ကိုယ့်နည်းကိုယ့်ဟန်သာ သွားချင်သလို၊ စီးပွားဒဏ်ခတ်မှု ဆန်ရှင်ကိုလည်း ဆန့်ကျင်ပါတယ်။ ဒါပေမယ့် မြန်မာနိုင်ငံမှာ နိုင်ငံရေးအပြောင်းအလဲတွေ လိုအပ်တယ်ဆိုတာလောက်တဲ့ ပြောခဲ့ပါတယ်။

အင်ဒိုနီးရှားကတော့ တနည်းတဖုံပါ။ သမ္မတ ဘမ်ဘန်း ယွတ်ဟိုယိုနိုက အာဆီယံထဲမှာ အင်ဒိုနီးရှားအခန်းကဏ္ဍကို ပြန် မြှင့်တင်ဖို့ ကြိုးပမ်းခဲ့ပေမယ့်၊ သူ့နောက်က လွှတ်တော်၊ နိုင်ငံရေးပါတီတွေက ပြန်ဆွဲချပါတယ်။ သူတို့က အာဆီယံအသင်း က အရေးမပါဘူး။ Post-ASEAN foreign policy ခေါ်တဲ့ အာဆီယံမလိုအပ်တဲ့ နိုင်ငံခြားရေးမူဝါဒမျိုး ချမှတ်ကျင့်သုံးဖို့ အချိန်လို့ ဆိုပါတယ်။

စင်္ကာပူကျတော့ မြန်မာစစ်အစိုးရနဲ့လည်း အဆင်ပြေပါတယ်။ မြန်မာစစ်အစိုးရကို ပြောင်ဝေဖန်မှုတွေ ရှိခဲ့ပေမယ့် မြန်မာ ပြည်မှာ နှစ်စဉ်ကုန်သွယ်မှု ဒေါ်လာ ၁ ဘီလီယံလောက်ရှိနေတဲ့ ထိပ်တန်းကုန်သွယ်ဖက် နိုင်ငံပါ။ အကယ်၍ အမေရိကန် က မြန်မာနဲ့ တိုးမြှင့် ဆက်ဆံတဲ့ကာလ၊ အာဆီယံအခန်းကဏ္ဍကလည်း လိုအပ်တယ်ဆိုရင် စင်္ကာပူက ဦးဆောင်ပြီး ၀င်ရောက် လုပ်ဆောင်ပေးနိုင်တဲ့ အနေအထားရှိတယ်လို့ စာရေးသူက သုံးသပ်ထားပါတယ်။ နာဂစ်မုန်တိုင်းကယ်ဆယ်ရေး ကာလတုန်း ကလည်း စင်္ကာပူသံအမတ်ကြီးက အာဆီယံအသင်းကိုယ်စားပြုပြီး ၃-ပွင့်ဆိုင် ကိုယ်စားလှယ်အဖွဲ့အနေနဲ့ ကူညီခဲ့ဖူးတဲ့ အစဉ်အလာရှိပါတယ်။

စာရေးသူ ပါဗင်ကတော့ အခု အမေရိကန် ဘတ်စ်ကားကြီးကတော့ ထွက်စပြုနေပြီ။ အာဆီယံအသင်းထဲက အိမ်နီးချင်း ဆိုတဲ့ နိုင်ငံတွေက ဘယ်လိုဘယ်ပုံအခန်းကဏ္ဍ ကပြကြမလဲဆိုတာ မေးခွန်းထုတ်ခဲ့ကြောင်းပါခင်ဗျား။ အားလုံး ငြိမ်းချမ်း ပျော်ရွှင် ကြပါစေ။

(ယခု ဆောင်းပါးကို လွတ်လပ်သောအာရှအသံ မြန်မာပိုင်းအစီအစဉ် RFA မှ ထုတ်လွှင့်သွားခဲ့ပြီး ဖြစ်ပါသည်။ RFA ၏ မူပိုင်သာဖြစ်ပြီး ပြန်လည်ဖော်ပြခြင်း ဖြစ်သည်။)

No comments:

Recent Comments