Pages

Saturday, October 29, 2011

မြန်မာနိုင်ငံ ပြည်တွင်း ပြဿနာများနှင့် ပြည်ပ အကျိုးစီးပွားများ (၁၃)

ပြင်ပ ဆောင်းပါးရှင် ဦးအောင်သူငြိမ်းက အမေရိကန်နိုင်ငံ၊ ၀ါရှင်တန်ဒီစီမြို့မှာ ရှိတဲ့ The Brookings Institution အဖွဲ့က ထုတ်ဝေတဲ့ "မြန်မာနိုင်ငံ ပြည်တွင်းပြဿနာများနှင့် ပြည်ပအကျိုးစီးပွားများ " (Myanmar/ Burma: Inside Challenges, Outside Interests) ဆိုတဲ့ စာအုပ်အကြောင်းကို တင်ဆက်နေပါတယ်။ ဒီစာအုပ်မှာ မြန်မာနဲ့ အိမ်နီးချင်းနိုင်ငံတွေနဲ့ နိုင်ငံတကာက ပညာရှင်တွေရဲ့ ဆောင်းပါးတွေ ပါဝင်ပါတယ်။ ဒီတပတ်မှာတော့ အိမ်နီးချင်းနိုင်ငံတွေနဲ့ မြန်မာအကြား ဆက်ဆံရေး၊ အထူးသဖြင့် အာဆီယံအသင်းနဲ့ ဆက်ဆံရေးကိစ္စတွေကို ဆွေးနွေးထားပါတယ်။

သောတရှင်မိတ်ဆွေများ ခင်ဗျား
မြန်မာနဲ့ ဒေသတွင်း အင်အားစုဖြစ်တဲ့ အာဆီယံအသင်းကြီးအကြား ဆက်ဆံရေးကို အာဆီယံအတွင်းရေးမှူးချုပ်ရုံးက အရာရှိတဦးဖြစ်သလို နိုင်ငံရေးနဲ့ လုံခြုံရေးဌာန ဒါရိုက်တာ တမ်ဆက် ချာလမ်ပလာနုပပ် (Termsak Chalermpalan--upap) က ဆွေးနွေးတင်ပြထားပါတယ်။ သူက အာဆီယံအသင်းကြီး ပေါ်ပေါက်လာပုံသမိုင်းကိုလည်း အကျဉ်းပြန်ရေး ပြပါတယ်။ စစ်အေးတိုက်ပွဲ ပြင်းထန်နေချိန်၊ ဗီယက်နမ်မှာ အမေရိကန်နဲ့ စစ်မီးတောက်ကောင်းနေချိန်မှာ ပေါ်ပေါက်လာ တာပါ။ စတင်ဖွဲ့စည်းချိန်က ၅-နိုင်ငံ၊ အင်ဒိုနီးရှား၊ မလေးရှား၊ ဖိလစ်ပိုင်၊ စင်္ကာပူ၊ ထိုင်းတို့ ပါဝင်ခဲ့ကြပြီး ၁၉၆၇ ခုနှစ်၊ သြဂုတ်လမှာ ဖွဲ့စည်းခဲ့ပါတယ်။ မြန်မာနိုင်ငံကို အဖွဲ့ဝင်ဖို့ ဖိတ်ကြားခဲ့ပေမယ့် အဲဒီအချိန်က ဦးနေ၀င်းက မြန်မာ နိုင်ငံရဲ့ နိုင်ငံခြားရေးရပ်တည်ချက်ဖြစ်တဲ့ ကြားနေရေး မူဝါဒကို ထိခိုက်လေမလားဆိုပြီး ဖိတ်ကြားမှုကို ငြင်းပယ်ခဲ့ပါတယ်။ အခုလို ၂၁-ရာစု ရောက်တဲ့တိုင်အောင် အာဆီယံအသင်းကြီး သက်တန်းရှည်ခဲ့တာကိုလည်း ခေါင်းဆောင်ဖွဲ့စည်းခဲ့ကြတဲ့ သူတွေ တောင် အံ့သြ၀မ်းသာနေကြရတယ် ဆိုပါတယ်။ အကြောင်းကတော့ ပဋိပက္ခ၊ အတိုက်အခိုက်တွေကြားထဲ ရှင်သန် ခဲ့ကြရ လို့ပါ။ နောက်တော့ ဆိုဗီယက်ယူနီယံ ပြိုကွဲလို့ စစ်အေးတိုက်ပွဲလည်း ပြီးဆုံးချိန်၊ ကမ်ပူးချားနိုင်ငံက ဗီယက်နမ်တပ် တွေ ပြန်ဆုတ်ခဲ့တဲ့အချိန်၊ ပဲရစ်ငြိမ်းချမ်းရေး သဘောတူညီချက်ကို ၁၉၉၁ ခုနှစ်မှာ ချုပ်ဆိုနိုင်ချိန်မှာတော့ ဒေသတွင်း ငြိမ်းချမ်း ရေး ခေတ်ကာလသစ်ကို ရောက်လာခဲ့တယ် ဆိုရမှာပါ။ ဒီလိုနဲ့ အာဆီယံအသင်းကို ချဲ့ထွင်ဖို့၊ အိမ်နီးချင်း အခြား နိုင်ငံတွေ ကိုပါ ဖိတ်ခေါ်ဖို့ ဖြစ်လာခဲ့ပါတယ်။ အိမ်နီးချင်းနိုင်ငံသစ်တွေကလည်း အရှေ့တောင်အာရှ မိတ်ဆွေဖြစ် ချစ်ကြည်ရင်းနှီး ဆက်ဆံရေးနဲ့ ပူးပေါင်းဆောင်ရွက်ရေး သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးကြပြီး၊ အာဆီယံအသင်း အစည်းအဝေး တွေမှာ လေ့လာသူအဖြစ် တက်ရောက်ခဲ့ကြပါတယ်။ ဘရူနိုင်း နိုင်ငံက ၁၉၈၄ ခုနှစ်မှာ အဖွဲ့ဝင်သစ် ဖြစ်လာ ပြီးတော့ ဗီယက်နမ်က ၁၉၉၅ ခုနှစ်မှာ အဖွဲ့ဝင် ဖြစ်လာခဲ့ပါတယ်။ မြန်မာနဲ့ လာအိုက ၁၉၉၇ ခုနှစ်မှာ အာဆီယံအသင်းဝင်တွေ ဖြစ် လာခဲ့ကြပါတယ်။ အဲဒီအချိန်မှာ ကမ်ဘောဒီးယားက သူ့နိုင်ငံတွင်း ပြဿနာရှိနေလို့ ၁၉၉၉ ခုနှစ်မှာမှ နောက်ဆုံး ၁၀-နိုင်ငံ မြောက် အဖွဲ့ဝင် ဖြစ်လာခဲ့ပါတယ်။

အာဆီယံအသင်းဝင် နိုင်ငံတွေအကြားမှာ စွဲစွဲမြဲမြဲ ကိုင်စွဲထားကြတဲ့မူက နိုင်ငံတခုရဲ့ ပြည်တွင်းရေးကို တခြားနိုင်ငံတခုက ၀င်ရောက် မစွက်ဖက်ရေးပါ။ ဒီလိုမူကို ကိုင်စွဲထားကြပေမယ့်လည်း ဖြတ်သန်းခဲ့တဲ့ ကာလတွေအတွင်းမှာ ဒီမူနဲ့ပတ်သက် လို့ ချဲ့ထွင်လုပ်ကိုင်ခဲ့ကြတာတွေတော့ ရှိပါတယ်။ ၁၉၉၇ ခုနှစ်မှာ ကမ်ဘောဒီးယားနိုင်ငံမှာ ပြဿနာတက်တော့ Trioka လို့ခေါ်တဲ့ သုံးပွင့်ဆိုင် ကြားဝင်စေ့စပ်ရေးအဖွဲ့ လွှတ်ခဲ့ရတာမျိုး ရှိပါတယ်။ အဲသည်နောက်ပိုင်းမှာလည်း ဒီမူနဲ့ပတ်သက်လို့ လုပ်သာကိုင်သာ ဖြစ်အောင် တခြားနာမည်တွေနဲ့ ဆွေးနွေးခဲ့ကြတာတွေ ရှိပါတယ်။ အပြုသဘောဆောင်တဲ့ ၀င်ရောက် စွက်ဖက်ရေး (Constructive intervention)၊ ပျော့ပြောင်းတဲ့ ချည်းကပ်ဆက်ဆံမှု (Flexible engagement)၊ တိုးမြှင့်ပြီး အပြန်အလှန် ဆက်ဆံရေး (enhenced interactions) စတဲ့ မူဝါဒနာမည်တွေနဲ့ ချဲ့ထွင်လုပ်ကိုင်ခဲ့ကြတာတွေ ရှိခဲ့ပါတယ်။ မလေးရှားနိုင်ငံက ဒုဝန်ကြီးချုပ်ဟောင်း အန်န၀ါ အီဗရာဟင်က အပြုသဘော ၀င်ရောက်စွက်ဖက်ရေးဆိုတဲ့မူကို အဆိုပြုခဲ့ တဲ့သူပါ။ ကမ်ဘောဒီးယားနိုင်ငံမှာ ပြဿနာတွေ ကြုံနေရတုန်းက အဆိုပြုခဲ့ဖူးတာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံနဲ့ ပတ်သက် လို့တော့ အခု အာဆီယံအသင်း အတွင်းရေးမှူးချုပ် ဆူရင် ပစ်ဆူဝန်က ပျော့ပြောင်းတဲ့ ချည်းကပ်ဆက်ဆံမှုဆိုတဲ့ မူကို စပြီး အဆိုပြုခဲ့ပါတယ်။ သူဆိုလိုတာက မိတ်ဆွေအချင်းချင်း ပြောဆိုဖိအားပေးမှုမျိုး၊ မိတ်ဆွေချင်း အကြံပြုတာမျိုး ရှိသင့်တယ် ဆိုတဲ့ အယူအဆပါ။ ပြည်တွင်း အခြေအနေ ဆိုပေမယ့် ဒေသတွင်း တည်ငြိမ်ရေးနဲ့ လုံခြုံရေးကို ထိခိုက်ဖို့ ခြိမ်းခြောက်မှုတွေ ရှိလာမယ်ဆိုရင် မိတ်ဆွေချင်း သတိပေးသလို ပြောဆိုအကြံပေးသင့်တယ်ဆိုတဲ့ မူပါ။ ဒါပေမယ့် ထိုင်းက တင်တဲ့အဆိုကို သိပ်ပြီး ထောက်ခံမှုမရခဲ့ပါဘူး။ တိုးမြှင့်ပြီး အပြန်အလှန် ဆက်ဆံရေးဆိုတဲ့မူကိုတော့ အင်ဒိုနီးရှား နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး အလီ အလာတပ်စ်က ၁၉၉၈ ခုနှစ်မှာ အကြံပြုခဲ့တာ ဖြစ်ပါတယ်။

သူပြောတာက မြန်မာက အာဆီယံအသင်းမှာ မိသားစုဝင်လို ဖြစ်လာပြီ။ သည်တော့ ချည်းကပ်ဆက်ဆံလိုသည်ဖြစ်စေ၊ မဆက်ဆံလိုသည် ဖြစ်စေ၊ ဆက်ဆံရေတော့မယ်။ ပျော့ပြောင်းမှု- မပျော့ပြောင်းမှုဆိုတာ သိပ်ပြီး အဓိပ္ပါယ်မရှိလှပါဘူးလို့ ဆိုပါတယ်။ နောက်တခုက ဘုံအကျိုးစီးပွားအတွက် တိုးမြှင့်ပြီး အပြန်အလှန် ဆက်ဆံရေး ပိုလိုအပ်တယ်။ ကိစ္စ ဘက် ပေါင်းစုံ ဆက်ဆံရေးလိုအပ်မယ်။ ရှိနေပြီးသားနေရာကနေ တိုးချဲ့ ဆက်ဆံရမယ်ဆိုတဲ့ အယူအဆနဲ့ စတင်လာခဲ့တာ ဖြစ် ပါတယ်။

သည်ဖက်နောက်ပိုင်းမှာတော့ အာဆီယံအသင်းကြီးက လူမှုအဖွဲ့အစည်း community တရပ်လို ပေါင်းစည်းလုပ်ကိုင်ကြဖို့ ဆိုတဲ့ အယူအဆကို ကျင့်သုံးလာခဲ့ပါတယ်။ ၁၉၉၇ ခုနှစ်၊ မလေးရှားမှာ ကျင်းပတဲ့ ထိပ်သီးအစည်းအဝေးမှာပဲ အာဆီယံ အမြော်အမြင် ၂၀၂၀ ကို ချမှတ် သဘောတူခဲ့ကြပါတယ်။ နောက်ပိုင်း ဘာလီ သဘောတူညီချက် ၁၊ ၂ တွေ ဆက်လက် ဆွေးနွေးခဲ့ကြပါတယ်။ ၂၀၀၇ ခုနှစ် အသင်းကြီးရဲ့ ထိပ်သီးအစည်းအဝေးမှာတော့ နောက်ဆုံး ၂၀၁၅ ခုနှစ်မှာ သတ်မှတ် ချက်ထားပြီး အာဆီယံကို လူမှုအသိုက် အ၀န်းတခုလို တည်ဆောက်ဖို့ ဆွေးနွေးခဲ့ကြပါတယ်။ အာဆီယံ ပဋိဉာဉ်စာတမ်း ကိုလည်း ၂၀၀၇ ခုနှစ်၊ နိုဝင်ဘာလမှာ ဆွေးနွေး သဘောတူညီ လက်မှတ်ရေးထိုးခဲ့ကြပါတယ်။ ဒီ ပဋိဉာဉ်စာတမ်းအရ ဆိုရင် ဒီမိုကရေစီကို ပိုမိုခိုင်မာစေဖို့၊ ကောင်းမွန်တဲ့ အစိုးရစနစ်နဲ့ ဥပဒေနည်းကျ အုပ်ချုပ်ရေးကို တိုးမြှင့်ကျင့်သုံးဖို့၊ လူ့ အခွင့်အရေး နဲ့ အခြေခံလွတ်လပ်ခွင့်တွေကို တိုးမြှင့် ကာကွယ်ပေးဖို့၊ အဖွဲ့ဝင်နိုင်ငံတွေရဲ့ တာဝန်နဲ့ အခွင့်အရေးတွေကို လိုက်နာကျင့်သုံးဖို့ ကိစ္စတွေ ပါဝင်ပါတယ်။

အာဆီယံအသင်းက ပြောရရင်တော့ ပြည်သူတွေ အဖွဲ့အစည်းထက်စာရင် အစိုးရတွေရဲ့ အဖွဲ့ ဖြစ်နေပါသေးတယ်။ အဖွဲ့ဝင် နိုင်ငံတွေအတွက် နိုင်ငံရေးအဆင့်အတန်း လိုအပ်ချက်တွေကို ဥရောပသမဂ္ဂလို သတ်မှတ်ထားတာလည်း မရှိသေးပါဘူး။ ဘရူနိုင်းက ဘုရင်စနစ်နဲ့ ရှိနေသေးသလို၊ လာအို၊ ဗီယက်နမ်တို့က တပါတီစနစ်ကို ကျင့်သုံးနေကြဆဲပါ။ တချိန်က မြန်မာ နိုင်ငံဟာလည်း စစ်အစိုးရ အုပ်ချုပ်နေခဲ့တဲ့ ကာလပါ။ မြန်မာအရေးနဲ့ ပတ်သက်လို့ အာဆီယံနဲ့ အခြားဒေသဆိုင်ရာ အသင်း တွေ၊ အထူးသဖြင့် အနောက်နိုင်ငံတွေနဲ့ ဆက်ဆံရေးမှာ မြန်မာပြည်က လူ့အခွင့်အရေး အခြေအနေနဲ့ ပတ်သက် လို့ အဖု အထစ်တွေ ရှိခဲ့ဖူးပါတယ်။ ဒါပေမယ့် အာဆီယံအသင်းက မြန်မာကို အသင်းဝင်တဦးအနေနဲ့ ရပ်တည်ကာကွယ် ပေးခဲ့တာ တွေကို အာဆီယံအကြီးတန်းအရာရှိ တမ်ဆာ့က်က တင်ပြခဲ့ကြောင်းပါ ခင်ဗျား။ ဒါပေမယ့် ပါဗင် ချာချာဝါလောင်ပန်ရဲ့ လက်တွေ့ဆက်ဆံရေးမှာ ကြုံရတဲ့ ပြဿနာတွေကို တင်ပြထားတာ နောက်အပတ်မှာ ဆက်လက်တင်ပြပါမယ်။ အားလုံး ငြိမ်းချမ်း ပျော်ရွှင်ကြပါစေ။

(ယခု ဆောင်းပါးကို လွတ်လပ်သောအာရှအသံ မြန်မာပိုင်းအစီအစဉ် RFA မှ ထုတ်လွှင့်သွားခဲ့ပြီး ဖြစ်ပါသည်။ RFA ၏ မူပိုင်သာဖြစ်ပြီး ပြန်လည်ဖော်ပြခြင်း ဖြစ်သည်။)

No comments:

Recent Comments