ဆရာလှသန်း ဆုံးသွားတဲ့သတင်းကြားရတယ်။ သူ့ကဗျာ တပုဒ်ကို ကျနော်ကိုးကားခဲ့ဖူးတယ်။ အခုတော့ တိုက်ဆိုင်လွန်းလို့ ကျနော် ပြန်တင်လိုက်ပါရဲ့။ ကဗျာဟောင်းပါ။
=============================
တံတား
“ကောင်မလေးရေ
ဒုက္ခသည်စခန်းဆိုတာ
ဘဝရဲ့ပန်းတိုင်လို့တော့ မထင်လိုက်လေနဲ့...၊”1
ငါက ရည်ရွယ်နေတာပါ
ငါက မင်းကို
နိုင်ငံတော်ကို အပ်ချင်တယ်။
လွတ်လပ်ခွင့်နဲ့ ဂုဏ်သိက္ခာ
သာယာတဲ့ကလေးတွေရဲ့ အနာဂတ်
အကြွင်းမဲ့ ပေးအပ်ချင်လို့။
မင်းကတော့
ငါ့ကိုပဲ လိုတယ်တဲ့။
ချစ်ခြင်းမေတ္တာ
ကမ္ဘာဦးမီးဖို
သားသမီး တစ်ဦး၊ နှစ်ဦးဆို တော်ပြီတဲ့။
လပြည့်ညကို
အရှေ့ကမ်း၊ အနောက်ကမ်းကကြည့်
အိပ်မက်တွေကို ညှိဖို့ကြိုးစား
ကမ်းနှစ်ခုကြား ဆောက်ထားတဲ့တံထားပေါ်မှာ
တစ်ယောက်ကို တစ်ယောက်ကကူလို့
စောင့်ရလို့ ဖြူရော်နေတယ်။
သင်နဲ့ငါ
မပြတ်သားမှုတစ်ရာ
ဆင်ခြေတစ်ရာ
ဘဝအကြောင်းခဏပဲ ပြောပါတယ်။
မောတယ်၊ မောတယ်။
သူရော ငါရောညည်းလိုက်တယ်....။
ယောဟန်အောင်
၁၉၉၁ နိုဝင်ဘာ (၁၁)
1 လှသန်းရဲ့ ခင်ဗျားတို့ပြောပြောနေတဲ့ဘဝသရုပ်ဖော်ဝတ္ထုမှ။ စာပေဂျာနယ်၊ ဇန် ၁၉၉၅။
No comments:
Post a Comment