Pages

Sunday, October 16, 2011

မြန်မာနိုင်ငံ ပြည်တွင်း ပြဿနာများနှင့် ပြည်ပ အကျိုးစီးပွားများ (၁၂)

ပြင်ပ ဆောင်းပါးရှင် ဦးအောင်သူငြိမ်းက အမေရိကန်နိုင်ငံ၊ ၀ါရှင်တန်ဒီစီမြို့မှာ ရှိတဲ့ The Brookings Institution အဖွဲ့က ထုတ်ဝေတဲ့ "မြန်မာနိုင်ငံ ပြည်တွင်းပြဿနာများနှင့် ပြည်ပအကျိုးစီးပွားများ " (Myanmar/ Burma: Inside Challenges, Outside Interests) ဆိုတဲ့ စာအုပ်အကြောင်းကို တင်ဆက်နေပါတယ်။ ဒီစာအုပ်မှာ မြန်မာနဲ့ အိမ်နီးချင်းနိုင်ငံတွေနဲ့ နိုင်ငံတကာက ပညာရှင်တွေရဲ့ ဆောင်းပါးတွေ ပါဝင်ပါတယ်။ ဒီတပတ်မှာတော့ အိန္ဒိယနိုင်ငံ၊ မြေပြင်စစ်ဆင်ရေးဌာန က ဗိုလ်မှူးချုပ် ဂါမိ ကန်ဝေါ (Gurmeet Kanwal) ရဲ့ဆောင်းပါးကို ဆက်လက်တင်ပြမှာ ဖြစ်ပါတယ်။ အိန္ဒိယ-မြန်မာ ဆက်ဆံ ရေးနဲ့ ပတ်သက်လို့ အိန္ဒိယနိုင်ငံရဲ့ ဗျူဟာရှုမြင်ချက်များ" ဆိုတဲ့ ဆောင်းပါးကို သုံးသပ်တင်ပြထားပါတယ်။

သောတရှင်မိတ်ဆွေများ ခင်ဗျား
မြန်မာ-အိန္ဒိယဆက်ဆံရေးအပေါ် ဗျူဟာအမြင်ကို အိန္ဒိယနိုင်ငံ စစ်တပ်ထိပ်တန်းအရာရှိ ကြီးတဦး တင်ပြထားတဲ့ အမြင်ကို ဆက်လက်တင်ပြ ချင်ပါတယ်။ စာတန်းရေးသားသူ ဂါမိကန်ဝေါက အိန္ဒိယနိုင်ငံ နယူးဒေလီအခြေစိုက် မြေပြင်စစ်ဆင်ရေး ဗဟိုဌာန (CLAW) က ဗိုလ်မှူးချုပ်တဦး ဖြစ်ပါတယ်။ အိန္ဒိယနဲ့ မြန်မာဟာ ဗြိတိသျှကိုလိုနီ ကျွန်ပြုမှုအောက်အတူ ကျ ရောက်ခဲ့ရပြီး၊ ဒုတိယကမ္ဘာစစ် အပြီးမှာ လွတ်လပ်ရေး ရလာကြပါတယ်။ လွတ်လပ်ရေးရပြီးခါစ နှစ်နိုင်ငံခေါင်းဆောင်တွေ ဖြစ်တဲ့ ဂျာဝါဟာရာနေရူး၊ ဦးနု တို့က အတော့်ကိုချစ်ကြည် ဆက်ဆံခဲ့ကြပါတယ်။ ဘက်မလိုက်နိုင်ငံတကာ လှုပ်ရှားမှုကို တောင် အတူစတင်ဦးဆောင်လာ ကြသူတွေပါ။ နောက်တော့ ဦနေ၀င်း စစ်အာဏာသိမ်းပြီးနောက် ဆက်ဆံရေးတွေ အေးစက်ခဲ့ပါတယ်။ အိန္ဒိယက မြန်မာ ပြည်မှာ ဒီမိုကရေစီအရေးကို ထောက်ခံပါတယ်။ ၁၉၈၈ စစ်အာဏာသိမ်းပြီးစ မှာလည်း အိန္ဒိယက ဒီမိုကရေစီအင်အားစုတွေဖက်ကို ထောက်ခံခဲ့ပါသေး တယ်။ ၁၉၉၃ ခုနှစ်မှာတောင် ဒေါ်အောင် ဆန်းစုကြည်ကို ဂျာဝါဟာလာနေရူး နိုင်ငံတကာ နားလည်မှုဆုကို ချီးမြှင့်ခဲ့ပါ သေးတယ်။ အဲဒီနောက်ပိုင်းတော့ အိန္ဒိယရဲ့ နိုင်ငံခြားရေးမူဝါဒတွေ ပြောင်းလဲလာခဲ့ပါတယ်။ ၀န်ကြီးချုပ် နာရာဆင်ဟာရောင်း လက်ထက်မှာ အရှေ့တောင်အာရှ နိုင်ငံ တွေဖက်ကို အကျိုးစီးပွားမျက်စေ့ကျလာပြီး၊ "အရှေ့မျှော်ဝါဒ" ကို စတင်ကျင့်သုံး ခဲ့ပါတယ်။ ဒီအထဲမှာ မြန်မာနိုင်ငံနဲ့ ပြန်လည်သင့်မြတ်အောင် ဆက်ဆံရေးကိစ္စတွေက လက်တွေ့အကောင်အထည်ဖော်ရေး ကိစ္စတွေမှာ ပါဝင်လာခဲ့ပါတယ်။ အိန္ဒိယအတွက် မြန်မာက မဟာဗျူဟာအရ အရေး ပါတဲ့အကြောင်းကို သူက အချက်အလက် တွေနဲ့ တင်ပြပါတယ်။

ပထမအချက်က မြန်မာနိုင်ငံ တည်နေရာက အရှေ့တောင်အာရှ၊ တောင်အာရှ ဆုံချက်ပေါ်မှာ တည်ရှိနေတာပါ။ မြန်မာ နိုင်ငံ အနေနဲ့ တဖက်မှာ အိန္ဒိယနဲ့ ဆက်ဆံခြင်းအားဖြင့် တရုတ်အပေါ် အလွန်အကျူးမှီခိုအားထားနေရာတာကို လျော့ချ နိုင်မယ် လို့လည်း မြင်ပါတယ်။

နောက်တချက်က မြန်မာနိုင်ငံက အိန္ဒိယနဲ့ နယ်နိမိတ်ချင်း ထိစပ်နေတဲ့ နိုင်ငံတွေထဲမှာ ဒုတိယအကြီးဆုံးဖြစ်ပါတယ်။ ကီလို မီတာ ၁၆၄၀ လောက် နယ်နိမိတ်ချင်း ထိစပ်နေကြပါတယ်။ ဒီလိုထိစပ်နေရာဟာ အိန္ဒိယနိုင်ငံရဲ့ မအေးချမ်းတဲ့ အရှေ့မြောက် သူပုန်တွေ ဆူပူထကြွရာ နေရာလည်း ဖြစ်နေပါတယ်။

နောက်တချက်က ဘင်္ဂလားပင်လယ်အော်ဒေသမှာလည်း မြန်မာနဲ့ အိန္ဒိယ ရေပိုင်နက်ချင်း ထိစပ်နေကြပါသေးတယ်။ ဒီနေရာမှာ အိန္ဒိယနဲ့ ပြိုင်ဖက်နိုင်ငံတွေကို ရေတပ်စခန်းခွင့်ပြုလိုက်မှာကိုလည်း စိုးရိမ်မကင်းဖြစ်နေရပါတယ်။ နောက် တချက်က မြန်မာက တရုတ်နဲ့ နယ်နိမိတ်ချင်း အရှည်အလျားထိစပ်နေပြီး၊ တချိန်က ရန်ဖက်ဖြစ်ဖူးတဲ့ တရုတ်-အိန္ဒိယ နယ်စပ်နဲ့လည်း နီးကပ်နေပါတယ်။ နောက်ဆုံးတချက်ကတော့ မြန်မာက ကမ္ဘာပေါ်မှာ ၁၀ ခုမြောက်အကြီးဆုံး သဘာဝ ဓာတ်ငွေ့သိုက်ကြီး ရှိနေပြီး၊ ကုဗပေ ၉၀ ထရီလီယံလောက်တောင် ရှိနေတယ်လို့ ခန့်မှန်းထားကြပါတယ်။ အိန္ဒိယက နည်း ပညာ၊ တူးဖောက်ရေးအထောက်အကူတွေပေးလို့ ဒီဓာတ်ငွေ့သိုက်ကို ဖော်ထုတ် ရယူလိုပါသေးတယ်။

အိန္ဒိယ-မြန်မာ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုစာချုပ် အများအပြားလည်း ချုပ်ဆိုခဲ့ပါသေးတယ်။ ၁၉၈၀-၈၁ မှာ နှစ်နိုင်ငံ ကြားကုန်သွယ်မှုက ဒေါ်လာ ၂၇၃ သန်းပဲ ရှိနေရာကနေ၊ ၂၀၀၇-၀၈ မှာတော့ ဒေါ်လာ ၉၉၅ သန်းအထိ တိုးတက်လာခဲ့ပါ တယ်။ အိန္ဒိယက စတုတ္ထမြောက်အကြီးဆုံး ကုန်သွယ်ဖက်ပါ။ ၁၉၉၄ ခုနှစ်ကတည်းက နယ်စပ်ကုန်သွယ်ရေးသဘောတူ ညီချက်တွေ ချုပ်ဆိုလုပ်ကိုင်လာခဲ့ပါတယ်။ အခြေခံ အဆောက်အဦကဏ္ဍမှာလည်း နယ်စပ်မှာ ၁၆၀ ကီလိုမီတာအရှည် ကားလမ်း ဖောက်လုပ်ပေးခဲ့ပါသေးတယ်။ အိန္ဒိယ-မြန်မာ-ထိုင်း ဆက်သွယ်မယ့်ကာလမ်းရဲ့ တစိတ်တပိုင်းလို့လည်း ပြော ကြပါတယ်။ အဲဒါအပြင် ကုန်သွယ်ရေးဝန်ကြီးဌာနကလည်း စစ်တွေရေနက်ဆိပ်ကမ်းနဲ့ အဲဒီကနေ မီဇိုရမ်-အရှေ့မြောက် ဒေသအထိ ကားလမ်းဆက်သွယ်ဖို့လည်း လျာထားပါသေးတယ်။ မဲခေါင်-င်္ဂဂါဖက်စုံကဏ္ဍ နည်းပညာ၊ စီးပွားရေးပူးပေါင်း ဆောင်ရွက်မှုတွေကိုလည်း ကြည့်ထားပါသေးတယ်။ ရေအားလျှပ်စစ်မှာလည်း လက်မနှေးခဲ့ပါဘူး။ ရခိုင်ပြည်နယ်မှာ သူဌေးချောင်း ရေအားလျှပ်စစ်၊ ချင်းတွင်းမြစ်ဝှမ်း ရေအားလျှပ်စစ်၊ ထံမသီရေအားလျှပ်စစ် စီမံကိန်းတွေ သဘောတူထား ပါသေးတယ်။ မြန်မာပြည်က သဘာဝဓာတ်ငွေ့ကို ၀ယ်ယူလို့ စစ်တွေ၊ အိုက်ဇော၊ ဆီလချာ၊ ဂွာတိ၊ ဂါယာ ပိုက်လိုင်းကို လည်း အဆိုပြုထားပါသေးတယ်။

အဲဒါအပြင် စစ်တပ်အချင်းချင်း ပူးပေါင်းဆောင်ရွက်မှုတွေလည်း သဘောတူညီခဲ့ပါတယ်။ သောင်းကျန်းသူနှိမ်နင်းရေး ကိစ္စ တွေ ပူးပေါင်းလုပ်ဆောင်ဖို့ ၁၉၉၅ ခုနှစ် ကတည်းက သဘောတူညီခဲ့သလို၊ စစ်မြေပြင်သင်တန်းတွေကို ပံ့ပိုးဖို့ သဘောတူ ခဲ့ပါတယ်။ မြန်မာစစ်တပ်အတွက် ယူနီဖောင်းတွေ ပံ့ပိုးဖို့၊ ရဟတ်ယာဉ်အုပ်စုတစု ငှားရမ်းဖို့၊ ရုရှားက ၀ယ်ထားတဲ့ ဂျက် လေယာဉ်တွေ ပြုပြင်ထိန်းသိမ်းရေးကိစ္စတွေကူညီပေးဖို့ အိန္ဒိယက သဘောတူညီထားပါသေးတယ်။

အိန္ဒိယအနေနဲ့ မြန်မာပြည်နဲ့ ပတ်သက်လို့ ရတက်မအေးရတဲ့ ကိစ္စတွေလည်း ရှိနေပါသေးတယ်။ တရုတ်သြဇာလွှမ်းမိုးလာ မှုကို သူတို့က ထိန်းညှိချင်ပါတယ်။ သူတို့အမြင်မှာ မြန်မာပြည်ကတဆင့် တရုတ်အနေနဲ့ အိန္ဒိယသမုဒ္ဒရာထဲမှာ သြဇာကြီး လာနေတယ်လို့ မြင်ပါတယ်။ မြန်မာဖက်က ရေဒါစခန်း၊ နိုင်ငံခြားတပ် အခြေချမှုတွေ ခွင့်မပြုပါဘူး ကတိပေးထားပေမယ့် ရတက်မအေးနိုင်ပါဘူး။ ပုလဲလုံးတွေလို သီကုန်းပြီး အိန္ဒိယကို ၀ိုင်းပတ်မယ့် တရုတ်ရဲ့ နိုင်ငံခြားရေးဗျူဟာမှာ မြန်မာက ပုလဲလုံးတလုံးလို့ မြင်ထားပါတယ်။ နောက်တခုက အနုမြူလက်နက်နဲ့ ပတ်သက်လို့ ဒီလောက်ကြီး ခရီးမရောက်နိုင်ဘူး ဆိုတာသိထားပေမယ့်၊ မြန်မာဖက်မှာ ရည်မှန်းချက်ရှိနေတယ်လို့ အိန္ဒိယက ယူဆထားပါတယ်။ မြောက်ကိုရီးယားဆီက လည်း နည်းပညာတွေ ရသွားနိုင်ပါသေးတယ်။ အိန္ဒိယနိုင်ငံရဲ့ နောက်ထပ်စိုးရိမ်ချက်တခုကတော့ မြန်မာပြည်ပေါက် အိန္ဒိယနွယ်ဖွား တွေကို ချိုးနှိမ်ဆက်ဆံမှုပဲ ဖြစ်ပါတယ်။ သူတို့တွေက မြန်မာနိုင်ငံလူဝင်မှုကြီးကြပ်ရေးဥပဒေအရ နိုင်ငံသား အခွင့်အရေး အပြည့်အ၀ မရရှိကြပါဘူး။ ဘာပဲဖြစ်ဖြစ် အိန္ဒိယက မြန်မာနိုင်ငံမှာ အမျိုးသားပြန်လည်သင့်မြတ်ရေးပေါ်ထွန်း လာတာ၊ ဒီမိုကရေစီစနစ်ကို ဖြည်ဖြည်းချင်း အသွင်ပြောင်းလာတာကို မြင်ချင်ပါတယ်။ ဒီမိုကရေစီမြန်မာနိုင်ငံကသာ အိန္ဒိယနိုင်ငံရဲ့ ရေရှည်အကျိုးစီးပွားကို ပိုမိုစွမ်းဆောင်ပေးနိုင်မယ်လို့လည်း ယုံကြည်ထားကြောင်းပါခင်ဗျား။ အားလုံး ငြိမ်းချမ်း ပျော်ရွှင် ကြပါစေ။

(ယခု ဆောင်းပါးကို လွတ်လပ်သောအာရှအသံ မြန်မာပိုင်းအစီအစဉ် RFA မှ ထုတ်လွှင့်သွားခဲ့ပြီး ဖြစ်ပါသည်။ RFA ၏ မူပိုင်သာဖြစ်ပြီး ပြန်လည်ဖော်ပြခြင်း ဖြစ်သည်။)

No comments:

Recent Comments