Pages

Friday, October 14, 2011

မြန်မာနိုင်ငံ ပြည်တွင်း ပြဿနာများနှင့် ပြည်ပ အကျိုးစီးပွားများ (၁၁)

ပြင်ပ ဆောင်းပါးရှင် ဦးအောင်သူငြိမ်းက အမေရိကန်နိုင်ငံ၊ ၀ါရှင်တန်ဒီစီမြို့မှာ ရှိတဲ့ The Brookings Institution အဖွဲ့က ထုတ်ဝေတဲ့ "မြန်မာနိုင်ငံ ပြည်တွင်းပြဿနာများနှင့် ပြည်ပအကျိုးစီးပွားများ " (Myanmar/ Burma: Inside Challenges, Outside Interests) ဆိုတဲ့ စာအုပ်အကြောင်းကို တင်ဆက်နေပါတယ်။ ဒီစာအုပ်မှာ မြန်မာနဲ့ အိမ်နီးချင်းနိုင်ငံတွေနဲ့ နိုင်ငံတကာက ပညာရှင်တွေရဲ့ ဆောင်းပါးတွေ ပါဝင်ပါတယ်။ ဒီတပတ်မှာတော့ တရုတ်နိုင်ငံ၊ ယူနန်တက္ကသိုလ်က ပါမောက္ခ လီချင်ယန်း (Li Chenyang) ရဲ့ဆောင်းပါးကို ဆက်လက်တင်ပြမှာ ဖြစ်ပါတယ်။ "မြန်မာ့နိုင်ငံနဲ့ ပတ်သက် လို့ တရုတ်နဲ့ အိန္ဒိယနိုင်ငံတို့ရဲ့ မူဝါဒများ" ဆိုပြီး သူက ဘာတွေ ကွာခြားသလဲဆိုတာ နှိုင်းယှဉ်ဆွေးနွေးထားပါတယ်။

သောတရှင်မိတ်ဆွေများ ခင်ဗျား
အရင်တပတ်က တရုတ်ပါမောက္ခ လီချန်ယန်းရဲ့ ဆောင်းပါး၊ မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီး တရုတ်-အိန္ဒိယနိုင်ငံတွေရဲ့ ချည်း ကပ်ဆက်ဆံရေး မူဝါဒတွေမှာ ဘာတွေတူညီသလဲဆိုတာ တင်ပြခဲ့ပါတယ်။ ဒီတပတ်မှာတော့ ဘာတွေကွာခြားသလဲဆို တာ ဆက်လက်တင်ပြပါမယ်။ ပါမောက္ခ လီချင်ယန်းက တရုတ်-မြန်မာ ဆက်ဆံရေးက လွတ်လပ်ရေးရချိန်ကစလို့ နှိုင်းယှဉ်ချက်အရတလျှောက်လုံး တည်ငြိမ်တယ် ဆိုပေမယ့်၊ အိန္ဒိယ-မြန်မာ ဆက်ဆံရေးမှာတော့ အတက်အကျတွေ ရှိတယ်လို့ ဆိုပါတယ်။ တကယ်တော့ ဒီလိုမဟုတ်ပါဘူး။ တရုတ်အစိုးရက ဗမာပြည် ကွန်မြူနစ်ပါတီကို လက်နက်လူသူ ထောက်ပံ့ပေးခဲ့တဲ့ ကာလတွေရှိပြီး၊ ဦးနေ၀င်းအစိုးရနဲ့ တင်းမာခဲ့တဲ့ကာလတွေလည်း ရှိဖူး ပါတယ်။ ဒါကို သူက မဖော်ပြပါ ဘူး။ သူက အိန္ဒိယ-မြန်မာ ဆက်ဆံရေးကို ၁၉၈၈ ကနေ- ၁၉၉၂ ခုနှစ်အထိ ဝေဖန်မှုတွေနဲ့ ဆန့်ကျင်မှုတွေ ရှိနေတဲ့အပိုင်း၊ ၁၉၉၃ ကနေ ၂၀၀၀ အထိ ဆက်ဆံရေး ပုံမှန်ဖြစ်လာအောင် ပြန်တည်ဆောက်တဲ့အပိုင်း၊ ၂၀၀၀ ဒီဖက်နောက်ပိုင်း ဆက်ဆံရေး ဖက်စုံတိုးမြင့်လာတဲ့အပိုင်းအဖြစ် တင်ပြပါတယ်။ ဒေါ်အောင်ဆန်းစုကြည်အပေါ်၊ အနောက်တိုင်း နိုင်ငံတွေက ချမှတ်ထားတဲ့ ဆန်ရှင် (စီးပွားရေးဒဏ်ခတ် ပိတ်ဆို့မှု) တွေအပေါ်မှာလည်း အိန္ဒိယနဲ့ တရုတ်တို့က ရပ်တည်ပုံချင်း မတူကြ ဘူးလို့ သူက ပြောပါတယ်။ အထူးသဖြင့် ၂၀၀၇ ခုနှစ် ရွှေဝါရောင်သံဃာ လှုပ်ရှားမှုတွေကို ချေမှုန်းဖြိုခွဲ အပြီးမှာ အိန္ဒိယက ကုလသမဂ္ဂက ဒဏ်ခတ်ပိတ်ဆို့ အရေးယူတာမျိုး နောက်ဆုံးလမ်းမရှိသာ လုပ်ဆောင်သင့်တယ်လို့ ပြောဆို တုံ့ပြန်ခဲ့ပါ တယ်။ မြန်မာအစိုးရအနေနဲ့ ဒီမိုကရေစီရေး ဆန္ဒပြပွဲတွေကို အင်အားသုံးချေမှုန်းတာကို စုံစမ်းစစ်ဆေးမှုတွေ ဆောင်ရွက်ဖို့ လည်း တိုက်တွန်းခဲ့ပါသေးတယ်။ တရုတ်နိုင်ငံကတော့ မြန်မာအစိုးရက သူ့ပြည်တွင်းရေးကို ထိန်းထိန်းသိမ်း သိမ်း ကိုင် တွယ်ဖို့သာ တိုက်တွန်းခဲ့ပါတယ်။ တရုတ်က မြန်မာနိုင်ငံကို ကုလသမဂ္ဂ အထူးသံ အီဗရာဟင် ဂမ်ဘာရီကို ပြန်ဝင် ခွင့်ပေးဖို့ တော့ တိုက်တွန်းခဲ့ပါသေးတယ်။ ဘာပဲဖြစ်ဖြစ် တရုတ်အစိုးရက မြန်မာပြည်အပေါ်မှာ နိုင်ငံတကာက ဒဏ်ခတ် ပိတ်ဆို့မှု တွေ လုပ်မယ်ဆိုတာမျိုးကို တလျှောက်လုံး ဆန့်ကျင်ခဲ့ပါတယ်။

ဒါပေမယ့် ကျန်တဲ့ ကုန်သွယ်မှု-စီးပွားရေးကိစ္စတွေမှာ ယှဉ်ကြည့်တော့ အိန္ဒိယက အများကြီးနောက်ကျ ကျန်နေတာတွေ့ ရပါတယ်။ မြန်မာနဲ့ အိန္ဒိယကုန်သွယ်မှုတန်ဖိုး ပမာဏက ထိုင်း၊ စင်္ကာပူတို့ထက်တောင် ပိုနည်းနေပါသေးတယ်။ ၂၀၀၈-၀၉ ခုနှစ် စရင်းတွေအရ အိန္ဒိယ-မြန်မာကုန်သွယ်မှုက ဒေါ်လာ ၉၅၁ သန်းပဲ ရှိပါတယ်။ တရုတ်-မြန်မာ ကုန်သွယ်မှုရဲ့ တ၀က် ထက်တောင် နည်းနေပါသေးတယ်။ ဒါပေမယ့် မြန်မာပြည်က အိန္ဒိယကနေ ကုန်အတော်များများ တင်သွင်းပြီး ဒုတိယ အများဆုံး ကုန်တင်သွင်းနေတဲ့နိုင်ငံပါ။ ၂၀၀၈-၂၀၀၉ မှာ သွင်းကုန်တန်ဖိုး ဒေါ်လာ ၈၀၅ သန်းအထိ ရှိပါတယ်။ ရင်းနှီးမြှုပ်နှံမှု မှာတော့ ၂၀၀၈ ခုနှစ်မှာ အိန္ဒိယနိုင်ငံက ဒေါ်လာသန်း ၂၂၀ ကျော် ရင်းနှီးမြှုပ်နှံထားတယ် ဆိုပေမယ့်လည်း တရုတ်နဲ့ ယှဉ်တော့ (၆ ပုံတစ်ပုံ) လောက်ပဲ ရှိနေပါတယ်။ ဒီငွေထဲကမှ ဒေါ်လာ ၁၃၇ သန်းက ရေနံ-သဘာဝဓာတ်ငွေ့ လုပ်ငန်းတွေမှာ မြှုပ်နှံထားတာပါ။ ရေနံ-သဘာဝဓာတ်ငွေ့ ကဏ္ဍမှာလည်း အိန္ဒိယက တရုတ်ထက်စာရင် နောက်ကျနေပြန် ပါတယ်။ ဘာဖြစ်လို့ ဒီလိုဖြစ်ရသလဲဆိုတော့ ပါမောက္ခလီ ချင်ယန်းက အကြောင်းပြချက် ၂-ခု ပေးပါတယ်။ တခုကတော့ အိန္ဒိယက လက်နှေးတယ်။ မြန်မာပြည်နဲ့ ဆက်ဆံရေးမှာ ရေရှည်မျှော်မှန်းချက် ခိုင်ခိုင်မာမာ မရှိထားဘူးလို့ ဆိုပါတယ်။ တရုတ်မှာတော့ ရေရှည်မျှော်မှန်းချက် ခိုင်ခိုင်မာမာ ရှိထားသလို၊ လက်လည်းသွက်ပါတယ်။

သြဇာလွှမ်းမိုးမှုမှာလည်း မူဝါဒအရ ကွာခြားမှုတွေ ရှိနေပါတယ်။ တရုတ်က မြန်မာနဲ့ ဆက်ဆံရေးမှာ အခွင့်ထူးခံ အနေ အထား ရပါတယ်။ မြန်မာဖက်က တိုင်ဝမ်နဲ့ တိဘက်ကိစ္စကို တရုတ်အစိုးရဖက်က ခိုင်ခိုင်မာမာ ရပ်တည်ပေးခဲ့ပါတယ်။ တရုတ်-မြန်မာ နိုင်ငံရေးနဲ့ စီးပွားရေး ဆက်ဆံရေးတွေက ပိုပြီး နက်ရှိုင်းကျယ်ပြန့်ပါတယ်။ ဒီလို သြဇာထက်ရတဲ့ ပထမ အကြောင်းကတော့ တရုတ်က ဗီတိုအာဏာသုံးခွင့် ရှိတဲ့နိုင်ငံဖြစ်ပြီး၊ မြန်မာ စစ်အစိုးရကို နိုင်ငံတကာမှာ အမြဲတမ်းအကာ အကွယ်ပေးခဲ့ပါတယ်။ အိန္ဒိယက ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အမြဲတမ်း အဖွဲ့ဝင် မဟုတ်ပါဘူး။ နောက်တချက်က တရုတ်ရဲ့ စီးပွားရေးအင်အားက အိန္ဒိယထက် အပုံကြီးအားသာပါတယ်။ မြန်မာနိုင်ငံကိုပေးတဲ့ အကူအညီ၊ ရင်းနှီးမြှုပ်နှံမှု တွေကလည်း အများကြီး များပါတယ်။ နောက်တခုက နိုင်ငံရေးစနစ်ချင်းလည်း ကွာခြားကြပါတယ်။ တရုတ်က နိုင်ငံခြား ရေး မူဝါဒချမှတ်တဲ့အခါ ပြည်တွင်း အတိုက် အခံပြုမှုတွေကို စိုးရိမ်ကြောင့်ကြမှု ကင်းကင်းနဲ့ ဆောင်ရွက်နိုင်ခွင့် ရှိပါတယ်။ အိန္ဒိယကတော့ မြန်မာနဲ့ပတ်သက်တဲ့ မူဝါဒ ချမှတ်ရေးမှာ ပြည်တွင်းမှာ ဝေဖန်နေတဲ့အုပ်စု၊ လွှတ်တော်တို့က တုံ့ဆွဲထား တာမျိုး ရှိပါတယ်။ ဒါကြောင့်ပဲ ရေနံ-သဘာဝ ဓာတ်ငွေ့လုပ်ကွက်တွေ ရရေးမှာ အိန္ဒိယက တုံ့နှေးနေတယ်လို့ လီချန်ယန်း က သုံးသပ်ထားပါတယ်။ ဒါပေမယ့် နိုင်ငံတကာ ဖက်ကျတော့ မြန်မာပြည် မူဝါဒတွေနဲ့ ပတ်သက်လာရင် တရုတ်ကို ပိုလို့ ဝေဖန်မှုတွေ ရှိတယ်လို့ သူက ဆိုပါတယ်။

တရုတ်-မြန်မာ ဆက်ဆံရေးမှာ ပြဿနာစိန်ခေါ်မှုတွေလည်း ရှိပါသေးတယ်။ မြန်မာအစိုးရဖက်က နိုင်ငံခြားကုမ္ပဏီတွေကို အမျိုးသားရေးစိတ်ဓာတ်နဲ့ အမြဲသံသယရှိနေတတ်ပါတယ်။ အထူးသဖြင့် တို့ရဲ့ သယံဇာတတွေကို လာပြီးခေါင်းပုံဖြတ် အမြတ်ထုတ်နေတာလားလို့ မြင်ကြပါတယ်။ အမှန်တော့ ယူနန်ပြည်နယ်ထဲက ကုမ္ပဏီတချို့ကလည်း စည်းမဲ့ကမ်းမဲ့ လာ လုပ်နေကြတာပါ။ ဘေဂျင်း ဗဟိုအစိုးရက တားပေမယ့် ဆက်လုပ်နေကြဆဲ ဖြစ်ပါတယ်။ နောက်တခုက တရားမ၀င် လူခိုးဝင် နေတဲ့ကိစ္စ ဖြစ်ပါတယ်။ လီချန်ယန်း ဖော်ပြချက်အရ ရန်ကုန်က ရာဇ၀တ်မှု ၈၀% လောက်ကို ကျူးလွန်သူတွေ ဟာ တရုတ် တွေလို့ ဆိုတော့ လူမျိုးရေး တင်းမာမုန်းတီးမှုတွေ ရှိလာပါတယ်။ ၈၀% ဆိုတဲ့ ကိန်းဂဏန်းက များတော့များ နေပါတယ်။ သူက ဘယ်ကကိုးကားရယူထားမှန်း မသိပါဘူး။ မူးယစ်ဆေးဝါးကိစ္စကလည်း နောက်ထပ် ပြဿနာ တခုပါ။ မြန်မာအစိုးရဖက်ကို မူးယစ်ဆေးဝါးကိစ္စ တာဝန်ရှိတယ်လို့ ပြောနေပေမယ့်၊ မြန်မာဖက်ကလည်း အခု မူးယစ်ဆေးချက်ဖို့ ဓာတုကုန်ကြမ်းတွေက မြန်မာပြည်က ထွက်တာမဟုတ်ဘူး။ တဖက်နိုင်ငံက တင်သွင်းလာတာ၊ ပြန်ရောင်းချတင်ပို့နေတာလည်း တဖက်နိုင်ငံ ဖြစ်လေ တော့ သူတို့ပါ တာဝန်ခွဲဝေယူမှု ရှိသင့်တယ်လို့ ပြောနေကြပါတယ်။ အိန္ဒိယ-မြန်မာ ဆက်ဆံ ရေးကြားထဲက အခက်အခဲ ကတော့ အိန္ဒိယအတိုက်အခံတွေ၊ နိုင်ငံရေးသမားတွေက ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD ကို ထောက်ခံနေကြပါတယ်။ အိန္ဒိယအစိုးရက မူဝါဒ ပြတ်ပြတ်သားသား မချမှတ်နိုင်တာတွေအပြင်၊ ရေရှည်ကြည့်တဲ့ မဟာ ဗျူဟာ ကင်းမဲ့နေတယ်လို့ ပါမောက္ခ လီက ပြောပါတယ်။ အဲဒါအပြင် မြန်မာနိုင်ငံဟာ တရုတ်လက်အောက်ခံ ပဏ္ဏာဆက် နိုင်ငံတခု ဖြစ်နေပြီဆိုပြီး အိန္ဒိယနိုင်ငံရေး သမားအချို့ကလည်း ဝေဖန်နေပါသေးတယ်။

တကယ်တော့ မြန်မာပြည်က နှစ်နိုင်ငံစလုံးအတွက် ပထ၀ီနိုင်ငံရေးအရ၊ ပထ၀ီ စီးပွားရေးအရ အရေးကြီးပါတယ်။ ဒါပေ မယ့် မြန်မာအစိုးရဖက်ကကျတော့ အမျိုးသားရေးစိတ် ပြင်းထန်တာကိုလည်း ၂-နိုင်ငံလုံးက သိထားကြပါတယ်။ အဲဒါ အပြင် မြန်မာနိုင်ငံက တရုတ်ကိုချည်း သိပ်မှီခိုနေရတာမျိုး မဖြစ်အောင်လည်း သတိထားပါတယ်။ equal distance လို့ ခေါ်တဲ့ အိန္ဒိယ-အာဆီယံ-တရုတ် နိုင်ငံအားလုံးကို တပြေးညီ အကွာအဝေးထား ဆက်ဆံတာမျိုး ကျင့်သုံးလိုက်နာတယ် လို့ ဆိုပါတယ်။ မြန်မာပြည်အပေါ် ချည်းကပ်မှုအတွက်ကြောင့် တရုတ်နဲ့ အိန္ဒိယအကြား ဆက်ဆံရေးပျက်ယွင်းရမယ့် အနေအထားမျိုး ဖြစ်လာ မှာ မဟုတ်ဘူးလို့လည်း သူက ဆိုပါတယ်။ အနောက်နိုင်ငံက ပညာရှင်တချို့ကတော့ တရုတ်- အိန္ဒိယအကြား မြန်မာပြည်နဲ့ ပတ်သက်လာရင် တကယ့်ဗျူဟာကစားပွဲကြီး Great game လို့ မြင်ထားကြတာမျိုးလည်း လက်တွေ့ ဖြစ်လာမှာ မဟုတ်ဘူးလို့ သူက ပြောပါတယ်။ တရုတ်-အိန္ဒိယ ၂-နှစ်နိုင်ငံလုံးက ဘုံအကျိုးစီးပွားအနေနဲ့ မြန်မာ နိုင်ငံမှာ တည်ငြိမ်တာ၊ ဖွံ့ဖြိုးတိုးတက် တာကို မြင်လိုတယ်လို့ ဆိုပါတယ်။

နောက်တပတ်မှာတော့ မြန်မာ-အိန္ဒိယဆက်ဆံရေးအပေါ် ဗျူဟာအမြင်ကို အိန္ဒိယ ထောက်လှမ်းရေးဌာနက အရာရှိတဦး တင်ပြထားတဲ့ အမြင်ကို ဆက်လက်တင်ပြပါမယ်။ အားလုံး ငြိမ်းချမ်း ပျော်ရွှင်ကြပါစေ။

(ယခု ဆောင်းပါးကို လွတ်လပ်သောအာရှအသံ မြန်မာပိုင်းအစီအစဉ် RFA မှ ထုတ်လွှင့်သွားခဲ့ပြီး ဖြစ်ပါသည်။ RFA ၏ မူပိုင်သာဖြစ်ပြီး ပြန်လည်ဖော်ပြခြင်း ဖြစ်သည်။)

No comments:

Recent Comments