Pages

Thursday, October 6, 2011

မြန်မာနိုင်ငံ ပြည်တွင်း ပြဿနာများနှင့် ပြည်ပ အကျိုးစီးပွားများ (၁၀)

ပြင်ပ ဆောင်းပါးရှင် ဦးအောင်သူငြိမ်းက အမေရိကန်နိုင်ငံ၊ ၀ါရှင်တန်ဒီစီမြို့မှာ ရှိတဲ့ The Brookings Institution အဖွဲ့က ထုတ်ဝေတဲ့ "မြန်မာနိုင်ငံ ပြည်တွင်းပြဿနာ များနှင့် ပြည်ပအကျိုးစီးပွားများ " (Myanmar/ Burma: Inside Challenges, Outside Interests) ဆိုတဲ့ စာအုပ်အကြောင်းကို တင်ဆက်မှာ ဖြစ်ပါတယ်။ ဒီစာအုပ်မှာ မြန်မာနဲ့ အိမ်နီးချင်းနိုင်ငံတွေနဲ့ နိုင်ငံတကာက ပညာရှင်တွေ ရဲ့ ဆောင်းပါးတွေ ပါဝင်ပါတယ်။ ဒီတပတ်မှာတော့ တရုတ်နိုင်ငံ၊ ယူနန်တက္ကသိုလ်က ပါမောက္ခ လီချင်ယန်း (Li Chenyang) ရဲ့ဆောင်းပါးကို တင်ပြမှာ ဖြစ်ပါတယ်။ "မြန်မာ့နိုင်ငံနဲ့ ပတ်သက်လို့ တရုတ်နဲ့ အိန္ဒိယနိုင်ငံတို့ရဲ့ မူဝါဒများ" ဆိုပြီး သူက နှိုင်းယှဉ်ဆွေးနွေး ထားပါတယ်။

သောတရှင်မိတ်ဆွေများ ခင်ဗျား
အခုစာအုပ်ရဲ့ နောက်ပိုင်းအခန်းတွေမှာ ပြည်ပနိုင်ငံတွေက မြန်မာပြည်အပေါ် ကျရောက်နေတဲ့ စိတ်ဝင်စားမှုတွေ၊ အကျိုး စီးပွားတွေ အကြောင်းကို ဆက်လက်ဆွေးနွေး ထားပါတယ်။ အခုဆောင်းပါးရေးတဲ့သူ လီချင်ယန်းက တချိန်က ကျနော် တင်ဆက်ခဲ့ဖူး တဲ့ မြန်မာနိုင်ငံနဲ့ ပတ်သပ်တဲ့ တရုတ်ရဲ့ အကျိုးစီးပွား၊ ဆက်ဆံရေးကိစ္စတွေအကြောင်း စာအုပ်တအုပ်ကို တည်းဖြတ် ထုတ်ဝေခဲ့ဖူးသူ၊ တရုတ်နိုင်ငံ ယူနန်တက္ကသိုလ်က ပါမောက္ခဖြစ်ပါတယ်။ အခုဆောင်းပါးမှာ ရေးသားထားတဲ့ မြန်မာပြည်နဲ့ ပတ်သက်တဲ့ တရုတ် မူဝါဒတွေအကြောင်းကလည်း အရင်စာအုပ်တုန်းက ဆွေးနွေးတင်ပြခဲ့ဖူးပြီ ဖြစ်ပါတယ်။ အခုဆောင်းပါးမှာ ထူးခြားတာကတော့ အိန္ဒိယနဲ့ တရုတ် ချည်းကပ်ပုံ ကို နှိုင်းယှဉ်တင်ပြထားတာပဲ ဖြစ်ပါတယ်။

အခုစာရေးသူ ပါမောက္ခက မြန်မာလိုပြောတတ်၊ ဖတ်တတ်မယ် ယူဆရပါတယ်။ သူက တရုတ်ပြည်သူ့လွတ်မြောက်ရေး တပ်မတော် (PLA) ရဲ့ နိုင်ငံခြားဘာသာသင်တက္ကသိုလ်က မြန်မာစာနဲ့ ဘွဲ့ယူလာသူပါ။ နောက်ပိုင်းတော့ ယူနန်တက္ကသိုလ်မှာ ကမ္ဘာ့သမိုင်းနဲ့ ပါမောက္ခဘွဲ့ အတွက် လေ့လာထားသူ ဖြစ်ပါတယ်။ မြန်မာနိုင်ငံအပေါ်မှာ တရုတ်ကရော၊ အိန္ဒိယနိုင်ငံကပါ ပထ၀ီနိုင်ငံရေးအရရော၊ ပထ၀ီစီးပွားရေးအမြင်အရပါ စိတ်ဝင်စားမှု ရှိနေတယ်လို့ စာရေးသူက ဆိုပါတယ်။ ဒါပေမယ့် သူတို့သြဇာညောင်းဖို့၊ သူတို့ရဲ့ အမျိုးသားအကျိုးစီးပွားကို ကာကွယ်နိုင်ဖို့ ချည်းကပ်ပုံတော့ မတူကြပါဘူး။ သူက တရုတ် ပြည်နဲ့ ပတ်သက်လို့ ဖော်ပြရာမှာ ၁၉၄၉ ခုနှစ် တရုတ်ပြည်သူ့သမ္မတနိုင်ငံ စတင်ထူထောင်စဉ်ကာလကတည်းက မြန်မာ နိုင်ငံဟာ မဟာဗျူဟာတွက်ချက်မှုမှာ အရေးပါခဲ့တယ်လို့ ဆိုပါတယ်။ ဒါပေမယ့် ၁၉၈၈ စစ်အာဏာသိမ်းအစိုးရလက်ထက် ကျမှ ၂-နိုင်ငံဆက်ဆံရေး ပိုမိုကောင်းမွန်လာခဲ့တာပါ။ တရုတ်က မြန်မာပြည်နဲ့ပတ်သက်လို့ မဟာဗျူဟာရည်ရွယ်ချက်တွေ မှာ အိန္ဒိယသမုဒ္ဒရာကို လမ်းပေါက်ရရေး၊ (ဒါကိုတချို့ ပညာရှင်တွေကတော့ သမုဒ္ဒရာ ၂-ခု ဗျူဟာလို့ ကင်ပွန်းတပ်ကြပါ တယ်။) တရုတ်-မြန်မာနယ်စပ်ဒေသ တည်ငြိမ်ရေး၊ စွမ်းအင်လောင်စာ လုံခြုံရေး၊ စီးပွားရေးပူးပေါင်းဆောင်ရွက်ရေးနဲ့ ဖွံ့ဖြိုးဆဲနိုင်ငံတွေနဲ့ တရုတ်အကြား မိတ်ဆွေဖြစ် ဆက်ဆံရေးကို ထိန်းသိမ်းထားရေးလို့ ဆိုပါတယ်။ မြန်မာပြည်နဲ့က ဆွေမျိုးပေါက်ဖော် ဆက်ဆံရေးဆိုပြီး သတ်မှတ်ပြောဆိုကြ သလို၊ မြန်မာပြည် ကို ဖြတ်ပြီး အိန္ဒိယသမုဒ္ဒရာကို ပေါက်မယ့် စီမံကိန်းမှာ ဓာတ်ငွေ့-ရေနံပိုက်လိုင်းသာမက၊ ဖက်စုံ လမ်းကြောင်း၊ ရထားလမ်း စသဖြင့် စီမံကိန်းတွေပါ ပါဝင်နေပါတယ်။ တရုတ်က ပြည်ပကရေနံတင်သွင်းမှုကို ၂၀၀၀ ခုနှစ်မှာ ၂၉% အထိ မှီခိုနေရသလို၊ လာမယ့် ၂၀၂၀ မှာ ဖွံ့ဖြိုးလာတာနဲ့ အမျှ ၆၀% အထိ တက်လာမယ်လို့ ဆိုကြပါတယ်။ ဒီရေနံတွေရဲ့ ၈၀% က မလက္ကာရေလက်ကြား ကို ဖြတ်ပြီး သင်္ဘော တွေနဲ့ သယ်ပို့နေရတဲ့ မလုံခြုံစိတ်မချနိုင်ပါဘူး။ ဒီတော့ ကျောက်ဖြူရေနက်ဆိပ်ကမ်းနဲ့ ရေနံ-ဓာတ်ငွေ့ပိုက်လိုင်းက သူတို့ အတွက် အရေးပါလာပါတယ်။

အိန္ဒိယနိုင်ငံ အနေနဲ့ကျတော့ ၁၉၈၈ နောက်ပိုင်း မြန်မာပြည် ဒီမိုကရေစီအရေးကို ထောက်ခံအားပေးခဲ့ပါသေးတယ်။ ၁၉၉၃ ခုနှစ်ကစလို့ တဖြည်းဖြည်းချင်း ပြောင်းလဲလာခဲ့ပါတယ်။ မူပေါ်အခြေခံတဲ့အနေအထားကနေ လက်တွေ့ချည်းကပ်မှု ကို ပြောင်းလာတယ်လို့ စာရေးသူက ပြောပါတယ်။ သိသာတဲ့ ရည်ရွယ်ချက်တွေကတော့ ၁၉၉၁ ခုနှစ်ကစလို့ "အရှေ့မျှော် မူဝါဒ" Look East Policy လို့ ခေါင်းစဉ်တပ်ထားတဲ့ မူဝါဒအောက်မှာ မြန်မာအပါအ၀င်၊ အရှေ့တောင်အာရှနဲ့ စီးပွားရေး အရ ပိုမိုနီးစပ်အောင် ဆက်ဆံဖို့ ကြိုးပမ်းခဲ့ပါတယ်။ ဒါ့အပြင် မြန်မာနိုင်ငံမူဝါဒနဲ့ ပတ်သက်ရင် တဖက်က တရုတ်နဲ့ သိပ်နီး လာတာကို ထိန်းချုပ်နိုင်ဖို့ စဉ်းစားချက်လည်း ပါဝင်ပါတယ်။ အိန္ဒိယနိုင်ငံပြည်တွင်းရေး ပြဿနာတခုဖြစ်တဲ့ သူတို့အရှေ့ မြောက်ပြည်နယ်က သူပုန်တွေအရေးကိုလည်း ရှင်းချင် ပါတယ်။ တဖက်မှာလည်း သဘာဝဓာတ်ငွေ့၊ စွမ်းအင်လောင်စာကို လည်း လိုချင်နေပါတယ်။ အရင် အိန္ဒိယနိုင်ငံခြားရေး ၀န်ကြီးဟောင်း M K Rasgotra ပြောတဲ့ "မြန်မာပြည်ကို ကျနော်တို့ က အထီးကျန်ထားလို့ မရဘူး။ ဆက်သွယ်ရမယ်။ ဘယ်လိုမျိုး အစိုးရပဲရှိနေနေ အာဆီယံအဖွဲ့ရဲ့ တစိတ်တပိုင်း ဖြစ်နေလို့ ပါ" ဆိုတဲ့ ဆင်ခြေကိုလည်း သူက ကိုးကားဖော်ပြပါတယ်။ မြန်မာဟာ အိန္ဒိယနဲ့ အာဆီယံ အဖွဲ့အကြား ဆက်ဆံဖို့နေရာမှာ မြေပြင်ပေါင်းကူးတံတား ဖြစ်နေတယ်လို့လည်း ပြောပါတယ်။ တဖက်မှာ အိန္ဒိယနဲ့ တရုတ် အကျိုးစီးပွား ယှဉ်ပြိုင်ရေးမှာ တော့ သူခြေလှမ်းနောက်ကျနေပြီဆိုတာလည်း အိန္ဒိယက သိထားတယ်လို့ စာရေးသူက ဖော်ပြပါတယ်။

ဒါပေမယ့် တရုတ်နဲ့ အိန္ဒိယနိုင်ငံအကြား မြန်မာနိုင်ငံအပေါ် ချဉ်းကပ်ကြတဲ့ မူဝါဒတွေမှာတော့ ကွဲလွဲချက်တွေ ရှိနေတာ တွေ့ရတယ်လို့ ပါမောက္ခလီချင်ယန်းက သုံးသပ်ပါတယ်။ မြန်မာနဲ့ တရုတ် ၂-နိုင်ငံလုံးက ပိုမိုနီးစပ်အောင် ကြိုးပမ်းနေကြ တယ်လို့ ဆိုပါတယ်။ တချိန်က သဘောတူခဲ့တဲ့ နိုင်ငံအချင်းချင်း ဆက်ဆံရေး ဘန်ဒေါင်းမူကို တရုတ်က ကိုင်စွဲထားတယ် ဆိုပေမယ့်၊ တရုတ်က မြန်မာစစ်အစိုးရ ချမှတ်ထားတဲ့ ဒီမိုကရေစီလမ်းပြမြေပုံ ၇-ချက်ကို ရက်ရက်ရောရော ထောက်ခံမှု ပေးခဲ့ပါတယ်။ နှစ်နိုင်ငံလုံးက အနောက်တိုင်းနိုင်ငံတွေ ရဲ့ စီးပွားရေးပိတ်ဆို့ ဒဏ်ခတ်မှုကို ဆန့်ကျင်ကြပါတယ်။ တရုတ်က မြန်မာနိုင်ငံကို ခေတ်သစ်နိုင်ငံတခုအဖြစ် မရောက်သေးဘူးလို့ ယူဆထားတော့ မြန်မာနိုင်ငံမှာ နိုင်ငံရေးဖွံ့ဖြိုးတိုးတက်မှု တွေ ရှိလာစေဖို့၊ ဒီမိုကရေစီ ထွန်းကားလာစေဖို့ လိုလားတယ်လို့ ဆိုပါတယ်။ ဒါပေမယ့်လည်း အနောက်တိုင်းက ဒီမို ကရေစီစနစ်မျိုး တိုက်ရိုက်ယူသုံးလိုက်တာမျိုးကိုတော့ အားမပေးပါဘူး။ ပြဿနာတွေ ကို တွေ့ဆုံဆွေးနွေးဖြေရှင်းရမယ် ဆိုတာတော့ လက်ခံထားပါတယ်။ ဒါပေမယ့် စစ်အစိုးရက လမ်းပြမြေပုံဖြစ်ဖြစ်၊ ၂၀၁၀ ရွေးကောက်ပွဲဖြစ်ဖြစ် တရုတ်က ဒါဟာ သိသာထင်ရှားတဲ့ခြေလှမ်းဆိုပြီး ချက်ချင်း ပစ်ထောက်ခံခဲ့တာချည်း ဖြစ်ပါတယ်။ အိန္ဒိယနဲ့ မြန်မာနဲ့ အကြားမှာ တော့ ၂-နိုင်ငံ ခေါင်းဆောင်တွေ အလည်ပတ် သွားလာခဲ့ကြတာတော့ ရှိပါတယ်။ မြန်မာ အစိုးရ တောင်းဆိုမှုကြောင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ကို အိန္ဒိယဖက်က ထောက်ခံမှုတွေ ပြန်ရုပ်သိမ်းခဲ့တာတွေလည်း ရှိခဲ့ပါတယ်။ နှစ် နိုင်ငံအကြား ငြိမ်းချမ်းစွာအတူယှဉ်တွဲ နေထိုင်ရေးကို ကျင့်သုံးသွားမယ် ဆိုတာမျိုး ထုတ်ပြန်ကြေညာခဲ့ပြီး၊ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီကူးပြောင်းရေး ဖြစ်စဉ်မှာ အိန္ဒိယက ၀င်ရောက်စွက်ဖက်မှာ မဟုတ်ဘူးဆိုတာမျိုး ၀န်ခံကတိပေးခဲ့တာတွေလည်း ရှိပါတယ်။ တရုတ်၊ အိန္ဒိယ နှစ်နိုင်ငံလုံးက မြန်မာနဲ့ စီးပွားရေး ပူးပေါင်းဆောင်ရွက်ချင်ကြပါတယ်။ ရေနံ-သဘာဝ ဓာတ်ငွေ့ လောင်စာကိစ္စတွေမှာ အကျိုးစီးပွား စိတ်ဝင်စားမှုချင်းလည်း တူကြပါတယ်။ မြန်မာကို တရုတ်က စစ်လက်နက် တွေ ရောင်းပါတယ်။ ဒါပေမယ့် ပြည်ပရန်ကာကွယ်ရေးအတွက် လက်နက်ကြီးမျိုးကိုပဲ ရောင်းတယ်။ လက်နက်ငယ်တွေ မရောင်းဘူးဆိုတာမျိုး ကန့်သတ်ထားတယ်လည်း ပြောပါသေးတယ်။ အဲသလိုပဲ အိန္ဒိယကလည်း သူတို့အရှေ့မြောက် ဒေသ သူပုန်တွေကို နှိမ်နင်းနိုင်ရေး မြန်မာ စစ်အစိုးရနဲ့ စစ်ရေး ပူးပေါင်းဆောင်ရွက်မှုတွေလည်း ရှိခဲ့ပါသေးတယ်။ ဒီလို တူညီတာတွေ ရှိနေပေမယ့်၊ ကွဲပြားတာတွေလည်း အများသားပါ။ ရှေ့အပတ်မှာမှ မြန်မာအပေါ် တရုတ်-အိန္ဒိယချည်းကပ် ပုံ ဘယ်လိုကွဲပြားကြသလဲ ဆိုတာ ဆက်လက်တင်ပြပါမယ်။ အားလုံး ငြိမ်းချမ်း ပျော်ရွှင်ကြပါစေ။

(ယခု ဆောင်းပါးကို လွတ်လပ်သောအာရှအသံ မြန်မာပိုင်းအစီအစဉ် RFA မှ ထုတ်လွှင့်သွားခဲ့ပြီး ဖြစ်ပါသည်။ RFA ၏ မူပိုင်သာဖြစ်ပြီး ပြန်လည်ဖော်ပြခြင်း ဖြစ်သည်။)

No comments:

Recent Comments