Pages

Tuesday, September 27, 2011

မြန်မာနိုင်ငံ ပြည်တွင်း ပြဿနာများနှင့် ပြည်ပ အကျိုးစီးပွားများ (၉)

ပြင်ပ ဆောင်းပါးရှင် ဦးအောင်သူငြိမ်းက အမေရိကန်နိုင်ငံ၊ ၀ါရှင်တန်ဒီစီမြို့မှာ ရှိတဲ့ The Brookings Institution အဖွဲ့က ထုတ်ဝေတဲ့ "မြန်မာနိုင်ငံ ပြည်တွင်းပြဿနာ များနှင့် ပြည်ပအကျိုးစီးပွားများ " (Myanmar/ Burma: Inside Challenges, Outside Interests) ဆိုတဲ့ စာအုပ်အကြောင်းကို တင်ဆက်မှာ ဖြစ်ပါတယ်။ ဒီစာအုပ်မှာ မြန်မာနဲ့ အိမ်နီးချင်းနိုင်ငံတွေနဲ့ နိုင်ငံတကာက ပညာရှင်တွေရဲ့ ဆောင်းပါးတွေ ပါဝင်ပါတယ်။ ဒီတပတ်မှာတော့ ဂျီနီဗာအခြေစိုက် ဟင်နရီဒူးနန့် လူသား ချင်းစာနာမှုဆိုင်ရာ ဆွေးနွေးပြောဆိုမှုများ စင်တာ (Henry Dunant Center for Humanitarian Dialogue) အဖွဲ့က ဒေသဆိုင်ရာ ဒါရိုက်တာ မိုက္ကယ်လ် ဗာတီကီယိုတစ်ရေးသားတဲ့ ဆောင်းပါးကို တင်ပြမှာ ဖြစ်ပါတယ်။ "မြန်မာ့အနာဂတ် ဖြစ်နိုင်ခြေ ၃-ခု" ဆိုပြီး နာမည်ပေးထားပါတယ်။

သောတရှင်မိတ်ဆွေများ ခင်ဗျား
အခုဆောင်းပါးရေးတဲ့သူ မိုက္ကယ်လ် ဗာတီကီယိုတစ် (Michael Vatikiotis) က ဂျီနီဗာအခြေစိုက် ဟင်နရီဒူးနန့် လူသား ချင်းစာနာမှုဆိုင်ရာ ဆွေးနွေးပြောဆိုမှုများ စင်တာက ဒေသဆိုင်ရာ ဒါရိုက်တာ အရာရှိတဦးဖြစ်ပါတယ်။ သူက မြန်မာနိုင်ငံ ရဲ့ အနာဂတ်ကို နိမိတ်ဖတ်ကြည့်တယ်ဆိုတော့ ခပ်ဆန်းဆန်းပါ။ မှော်ဓာတ်လုံး၊ ဒါမှမဟုတ် ဒိဗ္ဗစက္ခုရှိမှသာပဲ မြန်မာနိုင်ငံ အနာဂတ်မှာ ဘယ်လိုဖြစ်မယ်ဆိုတာ အတိအကျ ပြောနိုင်ပါလိမ့်မယ်။ ဒါပေမယ့် စာရေးသူ မီခေးလ် ဗာတီကီယိုတစ်က တော့ မြန်မာနိုင်ငံရဲ့ အနာဂတ်ဖြစ်နိုင်ခြေ ၃-ခုကို ဆွေးနွေးထားပါတယ်။ အထူးသဖြင့်တော့ သူက အရှေ့တောင်အာရှနိုင်ငံ တွေနဲ့ ဆက်ဆံရေးရှုထောင့်ကို အခြေခံပြီး ဆွေးနွေး တင်ပြထား တာ ဖြစ်ပါတယ်။ သူကတချိန်တုန်းက အရှေ့ဖျားဒေသ စီးပွားရေးစာစောင်မှာလည်း အယ်ဒီတာအဖြစ် ဆောင်ရွက်ဖူးသလို၊ အာရှဒေသမှာ အနှစ် ၂၀ လောက် ၀ါရင့်သတင်း ထောက် လုပ်သွားဖူးတော့လည်း ဒေသတွင်း အခြေအနေတွေ ကို နှံ့စပ်လိမ့်မယ်လို့ ယူဆရပါတယ်။ ကိုလိုနီဘ၀က လွတ် မြောက်ပြီးခါစမှာတော့ မြန်မာနိုင်ငံဟာ ဒေသရဲ့ စီးပွားရေး၊ ပညာရေး၊ ဘဏ္ဍာရေး၊ ဆက်သွယ်ရေး ဆုံချက်သဖွယ်ဖြစ်ခဲ့ တယ်လို့ ဖော်ပြပါတယ်။ ဒါပေမယ့် အခုအခြေအနေ မှာတော့ ပြဿနာတခုသဖွယ် ဖြစ်နေပါတယ်။ ဝေဖန်ပြောဆိုခံရတဲ့ အသံတွေနဲ့ ညံနေသလို၊ မြန်မာနိုင်ငံက နယ်ကျွံထွက်လာ တဲ့ ပြဿနာတွေကို အိမ်နီးချင်းနိုင်ငံတွေက ခံစားနေရတဲ့ အခြေ အနေတောင် ဆိုက်လာပါတယ်။ ဒေသထဲက မလေးရှား၊ စင်္ကာပူတို့ဆိုရင် မြန်မာနိုင်ငံကို အရှေ့အောင်အာရှနိုင်ငံများ အသင်း (အာဆီယံ) ထဲ လက်ခံမိတာ မှားပြီဆိုပြီး တိတ်တဆိတ် ၀န်ခံရတဲ့ အနေအထားတိုင် ရောက်လာတယ်လို့ ဆိုပါ တယ်။ ဘာဖြစ်လို့ ဒီလိုပြဿနာဖြစ်လာရသလဲဆိုတာ သူက သမိုင်းကို အခြေခံဆန်းစစ်ပါတယ်။ အရှေ့တောင်အာရှ ဆိုတဲ့ ခေါ်ဝေါ်သုံးစွဲမှုက ဒုတိယကမ္ဘာစစ်အပြီးလောက်မှသာ စလာတာပါ။ ဒီဒေသဟာ တချိန်တုန်းကတော့ ကိုလိုနီကျွန် ပြုတာကို နိုင်ငံအသီးသီးခံခဲ့ကြရပါတယ်။ စာရေးသူက မြန်မာနိုင်ငံကို သုံးသပ်တော့ ကိုလိုနီခေတ် သူ့ကျွန်ဘ၀မရောက် ခင် မြန်မာပြည်ကလည်း သိပ်ပွင့်လင်းလှတာ မဟုတ်ဘူးလို့ သုံးသပ်ပါ တယ်။ ရှေးဗမာဘုရင်တွေ အုပ်ချုပ်စဉ်က မြန်မာ နိုင်ငံက တရုတ်သြဇာစက်ကျတဲ့၊ တရုတ်နဲ့ ခပ်ပါးပါးချိတ်ထားတဲ့ ဒေသလို့ သုံးသပ်ပါတယ်။ ကိုလိုနီခေတ်အောက်ရောက် တော့ မြန်မာနိုင်ငံက အိန္ဒိယကိုလိုနီနဲ့ ပိုနီးစပ်ခဲ့ပါတယ်။ လွတ်လပ်ရေးတွေရ ကြပြီး ၁၉၆၀ ခုနှစ်များမှာတော့ တခါ မြန်မာ နိုင်ငံက အထီးကျန်ဘ၀ ပြန်ဆိုက်ရောက်ခဲ့ရတယ်လို့ သူက သုံးသပ်ပါတယ်။ အဲဒီအချိန်မှာ ဒေသတွင်းက ထိုင်း၊ အင်ဒို နီးရှား၊ စင်္ကာပူ၊ လွတ်လပ်ခါစ မလေးရှားတို့က ပိုလို့ကူးလူးဆက်ဆံ ကုန်သွယ်မှုတွေ ရှိခဲ့ကြပါတယ်။ တချိန်က တင်းမာ တာတွေ ဖယ်ရှားလို့ ပိုလိုပွင့်လင်း ကွဲပြားတဲ့အယူအဆတွေကို လက်ခံတဲ့ အနေ အထား ဖြစ်လာပါတယ်။ မြန်မာကတော့ ဆိုရှယ်လစ်ဝါဒဆိုပြီး၊ တံခါးပိတ် အထီးကျန်နေထိုင်ခဲ့ပါတယ်။ ၁၉၈၈ နောက်ပိုင်း မှာတော့ မြန်မာနိုင်ငံက တံခါးဖွင့်ဈေး ကွက်ကို တစုံတရာ ပြန်ကျင့်သုံးလာသလို၊ အာဆီယံအဖွဲ့ဝင်ဖြစ် ဖို့ ပြန်လုပ်ဆောင် ခဲ့ပါတယ်။ ဒါပေမယ့် ၁၉၉၆ ခုနှစ် နောက်ပိုင်းမှာ မြန်မာခေါင်းဆောင်ထဲက ရှေးရိုးဆန်သူတွေက တစုံတရာ ပွင့်လင်းနေတဲ့ အနေအထားကနေ နောက်ပြန်ဆွဲ ခဲ့ပြန်တယ် ဆိုပါတယ်။ သူဆောင်းပါးရေးစဉ်က အခု ၂၀၁၀ ရွေးကောက်ပွဲ မတိုင်မီပါ။ သမ္မတဦးသိန်းစိန်ရဲ့ အကောင်းဖက် ပြောင်းလဲဖို့ ကတိက၀တ်တွေ မကြားရသေးခင် ဖြစ်ပါတယ်။ အဲဒီတော့ သူခန့်မှန်းနိုင် သလောက်နဲ့ ဖြစ်လာနိုင်ခြေ မြင်ကွင်း ၃-ခုကို တွက်ဆဖော်ပြပါတယ်။

ပထမဖြစ်နိုင်ခြေကတော့ ဗိုလ်နေမြဲ-ကျားနေမြဲ၊ ဆက်ပြီး အတိအလင်း တံခါးဆက်ပိတ်ထားဦးမယ့် အခြေအနေလည်း ဖြစ်နိုင် ပါသတဲ့။ ဘာဖြစ်လို့ ဒီလိုပြောသလဲဆိုတော့ သဘာဝဓာတ်ငွေ့၊ ရေနံ၊ အခြားတွင်းထွက်ပစ္စည်းတွေကနေ ငွေပိုပို လျှံလျှံ ရနေတော့ အာဏာပိုင်တွေက အခြားတိုင်းပြည်တွေနဲ့ ကူးသန်းရောင်းဝယ်တာကို ကရုမစိုက်ဘဲ နေနိုင်တယ်လို့ ဆိုပါတယ်။ တခါ တရုတ်-အိန္ဒိယ နိုင်ငံကြီး ၂-ခုနဲ့ ဆက်ဆံရုံတင်လုံလောက်ပြီ။ အာဆီယံအသင်းက အရေးမပါဘူးလို့ လည်း မြင်ထားနိုင် ပါတယ်။ တရုတ်ကလည်း သူတို့နိုင်ငံ ဓာတ်ငွေ့လောင်စာ လိုအပ်ချက် ၇% ကို ဖြည့်ဆည်းပေးမယ့် ရွှေဓာတ်ငွေ့သိုက်ကို မျက်စေ့ကျနေသလို၊ အိန္ဒိယကလည်း ဒီဓာတ်ငွေ့တွေကို အပြိုင်အဆိုင် လိုချင်နေတာ ဖြစ်ပါတယ်။ ဒါကြောင့် အာဆီယံ အသင်းအနေနဲ့ သိပ်ပြီး လုပ်ကိုင်နိုင်ခြေ မရှိနိုင်ဘူးလို့ တွက်တာပါ။ ဒီလိုအထီးကျန်နေရင်း နိုင်ငံကြီး ၂ ခုရဲ့ လက်အောက် ခံနိုင်ငံလေးလည်း ဖြစ်သွားနိုင်ပါသေးတယ်။

ဒုတိယဖြစ်နိုင်ခြေကတော့ တစိတ်တပိုင်း ပြောင်းလဲပွင့်လင်းလာတာပါ။ ၂၀၁၀ ရွေးကောက်ပွဲအပြီး တစုံတရာတော့ အပြောင်းအလဲ ဖြစ်နိုင်ခြေလည်း ရှိပါတယ်။ စီးပွားရေးကို ဖွင့်ပေးမယ်။ အာဏာကိုတော့ မလျော့ဘူးဆိုတာလည်း ဖြစ်နိုင် ပါသေးတယ်။ ဒေသနဲ့လည်း စီးပွားရေးအရ ပိုမို ပူးပေါင်းမှု ရှိလာမယ်။ မြန်မာနိုင်ငံက လုပ်သားတွေကို ဒေသတွင်းအား ထားနေရသလို၊ ကိုရီးယား၊ စင်္ကာပူ၊ ထိုင်း၊ မလေးရှား၊ စင်္ကာပူတွေကလည်း မြန်မာအပေါ် အတော်မျက်စေ့ကျနေတာ တွေ ရှိပါတယ်။ ဒေသတွင်းနိုင်ငံတွေနဲ့ ပိုကုန်သွယ်နိုင်အောင် နယ်စပ်ဂိတ်ပေါက်တွေ ပိုဖွင့်ပေးတာလည်း ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် တကယ်စစ်မှန်တဲ့ အပြောင်းအလဲတွေကျတော့ "ကော်မီတီထဲမှာ အချိန်ကုန်" ဆိုသလို လွှတ်တော် ထဲဆွေးနွေး ပြောဆိုရင်း တကယ်မဖြစ်ဘဲ လေကုန်သံပြာ အခြေအနေမျိုးလည်း ဖြစ်နိုင်သေးတယ်။ ဒီလိုအခြေအနေကို အင်ဒိုနီးရှား အပြောင်းအလဲတုန်းကလည်း တွေ့ခဲ့ရတယ် ဆိုပါတယ်။

တတိယဖြစ်နိုင်ခြေကတော့ နိုင်ငံတော် ပြိုကျခန်း၊ အလုံးစုံ ပြောင်းသွားတာပါ။ ဖြစ်နိုင်ခြေနည်းတယ်လို့လည်း ဆိုပါတယ်။ နိုင်ငံတော် ကျရှုံးခန်း (state failure) အခြေအနေ ဆိုက်ရတာ၊ စစ်တပ်တွင်း ဗိုလ်လုကျရင်း စစ်တပ်အာဏာ ကျသွားတာ၊ လူထုအုံကြွမှုကြီးတွေ ဖြစ်လာလို့ ပြောင်းလိုက်နိုင်တာမျိုးလည်း နောက်ထပ် ဖြစ်နိုင်ခြေတခုပါ။ စာရေးသူ နိဂုံးသုံးသပ်တာ က တစုံတရာ ဖြည်းဖြည်းချင်းပြောင်းတာက ပိုဖြစ်နိုင်ခြေ ရှိတယ်လို့ ဆိုပါတယ်။ NLD ပါတီကလည်း အစိုးရသစ်ဥပဒေ ကြောင်းအရ တရားမ၀င်ဖို့ လုပ်တာတွေ ရှိနေဦးမယ်။ ဘာပဲဖြစ်ဖြစ် ဒီလမ်းကြောင်းအတိုင်း ဆိုရင် မြန်မာနိုင်ငံက ဒေသ တွင်း ပိုမိုထိတွေ့ဆက်ဆံမှုတွေ များလာမယ်။ စီးပွားရေးပွင့်လင်းလာပြီး ရေရှည်မှာ နိုင်ငံရေးပြောင်းလဲမှုတွေလည်း လိုက်လာနိုင်တယ်။ ဒါပေမယ့် အာဆီယံနိုင်ငံတွေအဖို့ အိမ်နီးချင်း အင်အားကြီး တရုတ်-အိန္ဒိယတို့နဲ့ ယှဉ်ရတဲ့အခါမှာ အကျိုးအမြတ်တွေ ရစရာ ရှိသလို၊ ဆုံးရှုံးနစ်နာစရာတွေလည်း ရှိနိုင်သေးတာ ဆွေးနွေးတင်ပြခဲ့ကြောင်းပါ ခင်ဗျား။
အားလုံး ငြိမ်းချမ်း ပျော်ရွှင်ကြပါစေ။

(ယခု ဆောင်းပါးကို လွတ်လပ်သောအာရှအသံ မြန်မာပိုင်းအစီအစဉ် RFA မှ ထုတ်လွှင့်သွားခဲ့ပြီး ဖြစ်ပါသည်။ RFA ၏ မူပိုင်သာဖြစ်ပြီး ပြန်လည်ဖော်ပြခြင်း ဖြစ်သည်။)

No comments:

Recent Comments