Pages

Saturday, September 17, 2011

မြန်မာနိုင်ငံ ပြည်တွင်း ပြဿနာများနှင့် ပြည်ပ အကျိုးစီးပွားများ (၈)


ပြင်ပ ဆောင်းပါးရှင် ဦးအောင်သူငြိမ်းက အမေရိကန်နိုင်ငံ၊ ၀ါရှင်တန်ဒီစီမြို့မှာ ရှိတဲ့ The Brookings Institution အဖွဲ့က ထုတ်ဝေတဲ့ "မြန်မာနိုင်ငံ ပြည်တွင်းပြဿနာများနှင့် ပြည်ပအကျိုးစီးပွားများ " (Myanmar/ Burma: Inside Challenges, Outside Interests) ဆိုတဲ့ စာအုပ်အကြောင်းကို တင်ဆက်မှာ ဖြစ်ပါတယ်။ ဒီစာအုပ်မှာ မြန်မာနဲ့ အိမ်နီးချင်းနိုင်ငံတွေနဲ့ နိုင်ငံတကာက ပညာရှင်တွေရဲ့ ဆောင်းပါးတွေ ပါဝင်ပါတယ်။ ဒီတပတ်မှာတော့ စတော့ဟုမ်းအခြေစိုက် နိုင်ငံတကာ လုံခြုံ ရေးနဲ့ ဖွံ့ဖြိုးရေးမူဝါဒ လေ့လာ ရေးအဖွဲ့က တရုတ်အမျိုးသမီးပညာရှင် ရှောင်လင် ဂေါင် (Xiaolin Guo) ရဲ့ "ရွှေလီမှသည် မန္တလေးကြား လမ်းတလျှောက် စီးပွားရေးဖွံ့ဖြိုးမှု" ဆိုတဲ့ ဆောင်းပါးကို တင်ပြမှာ ဖြစ်ပါ တယ်။

သောတရှင်မိတ်ဆွေများ ခင်ဗျား
အခုဆောင်းပါးရေးတဲ့သူ ရှောင်လင် ဂေါင် (Xiaolin Guo) က ဆွီဒင်နိုင်ငံ၊ စတော့ဟုမ်း အခြေစိုက် နိုင်ငံတကာလုံခြုံရေးနဲ့ ဖွံ့ဖြိုးရေး မူဝါဒလေ့လာရေးဌာနက တရုတ်အမျိုးသမီးပညာရှင် ဖြစ်ပါတယ်။ သူက ၂၀၀၉ ခုနှစ်၊ နှောင်းပိုင်း မြန်မာနိုင်ငံထဲ ကို သွားရောက်လေ့လာ ရေးသားခဲ့တဲ့ အစီရင်ခံစာတခုက ထုတ်နှုတ်ဖော်ပြတာ ဖြစ်ပါတယ်။ သူပြောတာက မြန်မာနဲ့ တရုတ်နိုင်ငံဟာ တရားဝင်နယ်နိမိတ်ချင်းသာ ခြားနေတယ်။ နယ်စပ် ၂-ဖက်က တိုင်းရင်းသား လူမျိုး တွေ၊ ယဉ်ကျေးမှု၊ ကုန်သွယ်ရေးတွေက မူလကတည်းက တည်ရှိနေခဲ့တာကို ဖော်ပြပါတယ်။ တချိန်တုန်းကတော့ ပြည်တွင်းစစ်နဲ့ လူတန်း စားအရေး တော်လှန်ရေးတွေကြောင့် ဆယ်စုနှစ်များစွာ နှစ်နိုင်ငံကြား ကုန်သွယ်မှုနဲ့ ဈေးကွက်တွေ မဖွံ့ဖြိုးဘဲ ရှိနေခဲ့ပါ တယ်။ အခြေအနေပေးလာတာနဲ့ တပြိုင် နက် ပြန်လည်ဖွံ့ဖြိုးလာပုံကိုလည်း သူက တင်ပြခဲ့ပါတယ်။ တကယ်တော့ ကီလိုမီတာ ၂၀၀၀ ကျော်ရှည်လျားတဲ့ တရုတ်- မြန်မာနယ်စပ်တလျှောက်မှာ တိုင်း၊ ဂျင်းဖော၊ လီဆူး၊ တအောင်း၊ ပလောင်၊ ၀၊ လားဟူ စသဖြင့် လူမျိုးတွေမှာ နှစ်နိုင်ငံ စလုံးမှာ ပျံ့နှံ့နေထိုင်နေကြတာ ဖြစ်ပါတယ်။ ဒါပေမယ့် စနစ် တွေအရ နှစ်ဖက်မတူကွဲပြားတဲ့ နိုင်ငံသားတွေ ဖြစ်နေကြပါ တယ်။ တချိန်တုန်းကတော့ တရုတ်ကွန်မြူနစ်ပါတီက နယ်စပ်မှာ မြန်မာဖက်က ကွန်မြူနစ်တော်လှန်ရေးတွေကို ပံ့ပိုး ကူညီခဲ့ကြတာ ရှိပြီး၊ ပြည်တွင်းစစ်ကြောင့် နှစ်နိုင်ငံ ကူးလူးဆက်ဆံမှု လည်း နည်းပါးခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ တရုတ်က ဗမာကွန်မြူနစ်တွေကို ထောက်ခံပံ့ပိုးပေးတာတွေ ရပ်ဆိုင်းလိုက် ပြီး၊ ဒီလိုနဲ့ပဲ မြန်မာနိုင်ငံမှာ တိုင်းရင်းသား အင်အားစုတွေနဲ့ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်တွေ ၁၉၈၉ ခုနှစ် လောက်က စပြီး ဖြစ်ပေါ်လာခဲ့ပါတယ်။ အဲဒီ အချိန်ကာလတွေ မတိုင်မီမှာပဲ တရုတ်နိုင်ငံဖက်မှာ တိုင်းရင်းသားတွေကို ဒေသအုပ်ချုပ်ရေး အာဏာပိုမို ပေးအပ်လာခဲ့ပြီး၊ တိုင်းရင်းသားတွေကို ဒေသအစိုးရတွေမှာ ပါဝင်ဦးဆောင်စေခဲ့ပါတယ်။ ဆိုရှယ်လစ် လူမှုရေး ပြုပြင်ပြောင်းလဲမှုတွေ တစစ လုပ်ဆောင်လာခဲ့ပြီး ဖွံ့ဖြိုးရေးလုပ်ငန်းတွေဖက် ပိုမိုဦးတည်ခဲ့ပါတယ်။ မြန်မာနဲ့ နယ်စပ် ယူနန်ပြည်နယ်က ဗဟိုအစိုးရနဲ့ ဝေးတဲ့ ပင်လယ်ထွက်ပေါက်မရှိတဲ့ အစွန်အဖျားဒေသဖြစ်ပြီး၊ တချိန်တုန်းက တိုးတက်မှုနှေးကွေး ခဲ့ပါတယ်။ ၁၉၉၀ ခုနှစ်တွေ နောက်ပိုင်းမှာတော့ ဖြစ်ပေါ်တိုးတက်မှု ၂-ခု ရှိလာခဲ့ပါတယ်။ ၁၉၉၄ ခုနှစ်မှာ တရုတ်ဗဟိုအစိုးရ က ပံ့ပိုးငွေဘဏ္ဍာ ပိုမိုချပေးပြီး တိုးတက်မှုနှေးကွေးတဲ့ဒေသတွေမှာ ပိုမို ရင်းနှီးမြှုပ်နှံမှုတွေ လုပ်ဆောင်လာခဲ့ပါတယ်။ ယူနန်ပြည်နယ်ကလည်း ဒေသဖွံ့ဖြိုးရေးအတွက် ကြံဆလာရာကနေ၊ သူတို့ဒေသကို အရှေ့ တောင်အာရှကို ဆက်သွယ်နိုင်မယ့် အနောက်တောင်ဖက် ဂိတ်တံခါးပေါက်အဖြစ် မြင်လာကြပါတယ်။ ဒေသကြီးရဲ့ ဆုံချက် တခုအဖြစ် ပြင်ဆင်လာကြပါတယ်။ အဲဒီအချိန်မှာ မြန်မာနိုင်ငံဖက်မှာလည်း တိုင်းရင်းသားအင်အားစုတွေနဲ့ အပစ်အခတ် ရပ်စဲရေးကြောင့် အတန်တည်ငြိမ်မှု ရလာပါတယ်။ တခါ နယ်စပ်ကုန်သွယ်ရေးကိုလည်း တရားဝင်ဖွင့်ပေးပြီး ခွင့်ပြုခဲ့ပါတယ်။

တရုတ်က မြန်မာနိုင်ငံကို သဘာဝသယံဇာတ ကြွယ်ဝတဲ့ အိမ်နီးချင်းနိုင်ငံတခု၊ အနောက်နိုင်ငံတွေနဲ့ အဆင်မပြေ ဖြစ်နေတဲ့ နိုင်ငံလို့ မြင်ပါတယ်။ သူတို့မှာလည်း အရှေ့တောင်အာရှမှာရှိနေတဲ့ စင်္ကာပူ၊ ထိုင်း၊ အင်ဒိုနီးရှားတို့ထက်စာရင် မြန်မာပြည်မှာ အပြောင်းအလဲဖြစ်အောင် ဘာတွေလုပ်ပေးနိုင်မလဲ ဆိုတာ ဆွေးနွေးမှုတွေ ရှိနေခဲ့ပါတယ်။

တရုတ်နိုင်ငံကတော့ ပြည်ပကုန်သွယ်ရေးဆိုတာ နိုင်ငံချင်းကူးသန်းရောင်းဝယ်ကြတာ၊ ငွေပေးငွေယူကိစ္စတွေ ဒေါ်လာနဲ့ ဖြေရှင်းကြတာလို့ မြင်ပါတယ်။ နယ်စပ်ကုန်သွယ်ရေးကတော့ နယ်စပ်က ဒေသခံအချင်းချင်း ကူးလူးရောင်းဝယ်ကြတာ၊ ငွေပေးငွေယူကိုလည်း ဒေသခံငွေနဲ့ ဖြေရှင်းကြတာလို့ မြင်ပါတယ်။ နယ်စပ်တရိုးမှာ ကုန်သွယ်ဂိတ် ၂၀ ကျော် ရှိနေပါ တယ်။ ဒီဂိတ်တွေမှာ ရောင်းဝယ်နေကြတာက စည်းမျဉ်းလည်း လျော့လျဲပါတယ်။ ဥပဒေကြောင်းတွေကို လက်တလုံးခြား လုပ် ရှောင်လွှဲရောင်းဝယ်ကြတာလည်း ရှိပါတယ်။ အဲဒီနေရာတွေမှာ ဟိုဖက်သည်ဖက် ဘာလိုအပ်နေတယ်ဆိုတာ သိကြတဲ့ ပွဲစားတွေက ပိုလို့အလုပ်ဖြစ်ကြပါတယ်။ ဒီပွဲစားတွေကလည်း တရုတ်ပြည်နဲ့ တနည်းဆက်စပ်နေကြသူတွေ ဖြစ်ကြတာ များပါတယ်။ တရုတ်-မြန်မာကုန်သွယ်ရေးရဲ့ ၆၀% က နယ်စပ်ကုန်သွယ်ရေးကနေ ရောင်းဝယ်နေကြတာပါ။ မြန်မာဖက် ကတော့ တဲ့ဟုန်တိုင်း၊ ကျယ်ဂေါင်ဂိတ်ကနေ ရောင်းဝယ်နေကြတာ နိုင်ငံခြားကုန်သွယ်မှုရဲ့ ၈၀% ဖြစ်နေပါတယ်။ ဒီအခါ မှာ နယ်စပ်မြို့ ရွှေလီက အရေးပါတဲ့ နယ်စပ်ကုန်သွယ်ဂိတ် ဖြစ်လာခဲ့ပါတယ်။ တရုတ်ရွှေလီဖက်ကတော့ နယ်စပ် ကုန်သွယ်ရေး အပြင်၊ တိုင်းရင်းသားတွေ ထွေပြားလို့ ခရီးသွားလုပ်ငန်းကိုလည်း ချဲ့ထွင်အားပေးခဲ့ပါတယ်။ အရှေ့တောင်အာရှ ကိုတောင် မြန်မာနိုင်ငံကတဆင့် ခြေလှမ်းချဲ့ထွင်ဖို့ ပြင်ဆင်လာခဲ့ပါတယ်။ ဒီနောက်တော့ မြန်မာပြည်ကိုဖြတ်သန်းမယ့် ရေနံ- သဘာဝ ဓာတ်ငွေ့ပိုက်လိုင်းတွေ၊ လျှပ်စစ်စွမ်းအင် စီမံကိန်းတွေ ဖြစ်လာပါတယ်။

မြန်မာဖက်မှာလည်း မူဆယ်ကနေ၊ လားရှိုးအထိ လမ်းမကြီးတွေ ပေါက်လာပါတယ်။ မြန်မာနိုင်ငံမှာတောင် အကောင်းဆုံး လမ်းမကြီးလို့ ပြောရင်ရနိုင်တယ် ဆိုပါတယ်။ လားရှိုးကနေ၊ မန္တလေးကုန်သွယ်ကြပြီး မန္တလေးက ကုန်သွယ်ရေးဆုံချက်မြို့ ဖြစ်လာခဲ့ပါတယ်။ ဒီလိုနဲ့ မြန်မာပြည်မှာတရုတ်တွေရဲ့ အခြေချမှု ခြေရာတွေလည်း ပိုမို ထင်ရှားလာခဲ့ပါတယ်။ မြန်မာပြည် မှာ တရုတ်လူမျိုးတွေ အခြေချမှု တရားဝင်ကိန်းဂဏန်းတွေအရ ၃ သိန်းလောက်ရှိတယ်ဆိုပေမယ့်၊ တရားမ၀င် ၂ သန်း လောက် ရှိတယ် ဆိုပါတယ်။ မန္တလေးမှာ ယူနန်တရုတ်တွေက လူဦးရေရဲ့ ၂၀% လောက်ရှိတယ်လို့ မှန်းကြပြီး၊ လားရှိုးမှာတော့ ဒေသခံ လူဦးရေရဲ့ ၅၀% နီးပါးတောင် ဖြစ်လာတယ် ဆိုပါတယ်။ အရင်က ရှိနေတဲ့ တရုတ်လူမျိုးတွေရော၊ အသစ် ရောက်လာသူတွေပါ ရောနှောနေထိုင်နေကြပါတယ်။ တရုတ်လူမျိုးဆန့်ကျင်ရေး စိတ်ဓာတ်တွေ ဖြစ်ပေါ်လာနေတာကို လည်း သတိပြုမိတယ် ဆိုပါတယ်။ တရုတ်အခြေချတွေက အရင်အမူအကျင့်တွေအတိုင်း ဆက်လက်နေထိုင်သလို၊ ဗဟို အစိုးရကြိုးနီစနစ်တွေ ကျော်လွှားလို့ နယ်မြေခံအာဏာပိုင်တွေ၊ ယူနန်ပြည်နယ်က သူတို့သူဌေးတွေ၊ ဒေသအစိုးရခေါင်း ဆောင်တွေနဲ့ အလုပ်လုပ်ကြပါတယ်။ ငွေရလွယ်တဲ့ သဘာဝရင်းမြစ် ရောင်းဝယ်ရေးလုပ်ငန်းတွေကိုလည်း စည်းမျဉ်းသိပ် လိုက်နာတာ မရှိဘဲ ကြုံသလို လုပ်ကြပါတယ်။ မြန်မာအစိုးရဖက်က စောဒကတက်လာတာကြောင့် ၂၀၀၅ ခုနှစ်မှာတော့ မြန်မာပြည်က သစ်တွေ တရုတ်ဖက်တင်သွင်းတာ တင်းကျပ်တားမြစ်မှုတွေ လုပ်လာရပါတယ်။ တရုတ်နိုင်ငံရဲ့ အကျိုးစီး ပွား၊ သြဇာလွှမ်းမိုးမှုတွေ ကျယ်ပြန့်လာလို့ နိုင်ငံတကာစိုးရိမ်မှုတွေလည်း ဖြစ်ပေါ်လာရပါတယ်။ ၂၀၀၉ ခုနှစ်မှာ အမေရိကန် အထက်လွှတ်တော်အမတ် ဂျင်မ် ၀က်ဘ်လာတော့ အနောက်နိုင်ငံတွေရဲ့ ပိတ်ဆို့မှုတွေကြောင့် မြန်မာပြည်မှာ တရုတ်က စီးပွားရေး၊ နိုင်ငံရေး သြဇာ လွှမ်းမိုးမှုတွေ ကြီးထွားလာနေပြီ။ ဒီလိုဆက်ဖြစ်နေရင် ဒေသတွင်းမှာ အန္တရာယ်ရှိတဲ့ မဟာဗျူဟာအရ မမျှတမှုတွေ ဖြစ်လာမယ်ဆိုတာ သတိပေးခဲ့ပါသေးတယ်။ တရုတ်-မြန်မာ ကုန်သွယ်ရေးရှေ့အလား အလာတွေက ဘယ်လို ဖြစ်လာမလဲ။ မြန်မာအစိုးရသစ်အဖို့ စီးပွားရေး ပြုပြင်ပြောင်းလဲမှုတွေ အများကြီး ဆက်လုပ်ဖို့ လိုအပ်သလို၊ နိုင်ငံရေးနဲ့လည်း ဆက်စပ်နေ သေးတယ်။ နိုင်ငံ တည်ဆောက်မှုကိစ္စတွေလည်း ထပ်တိုးလုပ်ရဦးမယ် ဆိုတာ စာရေးသူ ရှောင်လင် ဂေါင် က တင်ပြခဲ့ ကြောင်းပါ ခင်ဗျား။ အားလုံး ငြိမ်းချမ်း ပျော်ရွှင်ကြပါစေ။

(ယခု ဆောင်းပါးကို လွတ်လပ်သောအာရှအသံ မြန်မာပိုင်းအစီအစဉ် RFA မှ ထုတ်လွှင့်သွားခဲ့ပြီး ဖြစ်ပါသည်။ RFA ၏ မူပိုင်သာဖြစ်ပြီး ပြန်လည်ဖော်ပြခြင်း ဖြစ်သည်။)

No comments:

Recent Comments