Pages

Sunday, September 11, 2011

မြန်မာနိုင်ငံ ပြည်တွင်း ပြဿနာများနှင့် ပြည်ပ အကျိုးစီးပွားများ (၇)


ပြင်ပ ဆောင်းပါးရှင် ဦးအောင်သူငြိမ်းက အမေရိကန်နိုင်ငံ၊ ၀ါရှင်တန်ဒီစီမြို့မှာ ရှိတဲ့ The Brookings Institution အဖွဲ့က ထုတ်ဝေတဲ့ "မြန်မာနိုင်ငံ ပြည်တွင်းပြဿနာများနှင့် ပြည်ပအကျိုးစီးပွားများ " (Myanmar/ Burma: Inside Challenges, Outside Interests) ဆိုတဲ့ စာအုပ်အကြောင်းကို တင်ဆက်မှာ ဖြစ်ပါတယ်။ ဒီစာအုပ်မှာ မြန်မာနဲ့ အိမ်နီးချင်းနိုင်ငံတွေနဲ့ နိုင်ငံတကာက ပညာရှင်တွေရဲ့ ဆောင်းပါးတွေ ပါဝင်ပါတယ်။ ဒီတပတ်မှာတော့ ဟားဗတ်တက္ကသိုလ်က ပါမောက္ခ ဒေးဗစ် ဒါပိစ်ရေးသားတဲ့ "ကျေးလက် စီးပွားရေးကို ငွေအရင်းအနှီးအားဖြည့်ခြင်း"ဆိုတဲ့ ဆောင်းပါးကို တင်ပြမှာ ဖြစ်ပါတယ်။

သောတရှင်မိတ်ဆွေများ ခင်ဗျား
ပါမောက္ခဒေးဗစ် ဒါပိစ်က အမေရိကန်နိုင်ငံ၊ တဖ်တက္ကသိုလ် (Tuft university) မှာ ၁၉၇၃ ခုနှစ် ကတည်းက စီးပွားရေး ပညာပါမောက္ခအဖြစ် ထမ်းဆောင်နေတဲ့ပညာရှင်ပါ။ ဟားဗတ်တက္ကသိုလ် ဗီယက်နမ်နိုင်ငံနဲ့ ပတ်သက်တဲ့ အစီအစဉ်မှာ လည်း ပင်မစီးပွားရေး ပညာရှင်ပါ။ သူက အခုအခါမှာ ဗီယက်နမ်၊ အင်ဒိုနီးရှား၊ ကမ္ဘောဒီးယား၊ မြန်မာနိုင်ငံတွေမှာ အကြံပေးနေပါတယ်။ အခု စာတမ်းက ၂၀၀၉ ခုနှစ်၊ ဇန်န၀ါရီလမှာ မြန်မာနိုင်ငံကို လာရောက်လေ့လာတဲ့အခါ ကျေးလက်ဒေသ စီးပွားရေးအခြေအနေ တွေ့ရှိချက်တွေကို အတိုချုပ်သုံးသပ်ပြထားတာ ဖြစ်ပါတယ်။ စာတမ်းအရှည်ကိုတော့ ဟားဗတ် တက္ကသိုလ်၊ ဒီမိုကရေစီ စီမံ အုပ်ချုပ်မှုစနစ်နဲ့ တီထွင်ဖန်တီးမှုဆိုင်ရာ အက်ရှ် စင်တာ (Ash center) က အင်တာနက်စာ မျက်နှာမှာသွားပြီး ဖတ်ရှုနိုင်တယ် လို့ ဖော်ပြထားပါတယ်။

၂၀၀၉ ခုနှစ်၊ ဇန်န၀ါရီလမှာ သူရောက်လာတာက မြန်မာနိုင်ငံမှာ လူမှုရေးအရ စွန့်ဦးတီထွင်လုပ်ဆောင်တဲ့လုပ်ငန်းတွေကို အားပေးနေတဲ့၊ IDE လို့ခေါ်တဲ့ International Development Enterprises အဖွဲ့က ဖိတ်ကြား ကမကထပြုစီစဉ်ပေးလို့ ရောက်လာခဲ့တာပါ။ ဒီ IDE အဖွဲ့က အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းတခုပါ။ သူ့ခရီးစဉ်ကာလမှာ မန္တလေးအထက်ပိုင်းကနေ မြစ်ဝကျွန်းပေါ်အထိ လယ်သမားအုပ်စုတွေများစွာနဲ့ ပြောဆိုဆွေးနွေးနိုင်ခဲ့ပါတယ်။ အစိုးရအာဏာပိုင်တွေ စွက်ဖက်မှု ကင်းကင်းနဲ့ ပြောဆိုလေ့လာနိုင်ခဲ့ပြီး အခြေအနေမှန်ကို သိရှိနိုင်ခဲ့တယ် ပြောရမှာပါ။ ဧရာဝတီတိုင်းက လယ်သမားဦးကြီး တွေဆိုရင် ၂၀၀၈ ခုနှစ်၊ နာဂစ်မုန်တိုင်းဒဏ်ကနေ အလူးအလဲ ပြန်ထရုန်းကန်နေကြရဆဲ ရှိပါတယ်။ သူ့တွေ့ရှိချက်တွေကို IDE အဖွဲ့ရယ်၊ မြန်မာအစိုးရဆီကို တင်ပြခဲ့ပါတယ်။ သူတွေ့ခဲ့ရတဲ့ အခက်အခဲက မြန်မာနိုင်ငံက လယ်သမားတွေမှာ ငွေအရင်း အနှီးအားဖြည့်ဖို့ ချို့ငဲ့နေကြတာကို ပြဿနာအဖြစ် မြင်မိပါတယ်။ လယ်သမားတွေက မြေပိုင်ရှိလို့ အပေါင်ခံတာတောင် တစ်လ ၁၀% လောက်အတိုးနဲ့ ငွေချေးလို့ မရနိုင်ကြပါဘူး။ ကျေးလက်နေမိသားစု အတော်များများက အတိုးကြီးကြီးနဲ့ ငွေချေးယူနေ ကြရပြီး၊ ကြွေးနွံနစ်နေတာ တွေ့ကြရပါတယ်။ ငွေအရင်းအနှီးမရှိတော့ လယ်ယာ စိုက်ပျိုးရေးလုပ်ငန်း တွေကို သွင်းအားစု၊ လိုအပ်ချက်တွေကို ကောင်းကောင်းမွန်မွန် မထည့်နိုင်ကြတော့ပါဘူး။ လယ်လုပ်သားမငှားနိုင်တော့ စပါးခင်တွေကို ဒီအတိုင်းကျဲစိုက်ကြပါတယ်။ အဲသည်တော့ အထွက်ကျပါတယ်။ မြေသြဇာ ပိုးသတ်ဆေးလည်း ကောင်းကောင်း မသုံးနိုင်ပြန် ပါဘူး။ တခါ ပြီးခဲ့တဲ့နှစ်တွေက ကမ္ဘာ့ဈေးကွက်မှာပါ သီးနှံဈေးကျတဲ့အခါ ပြည်ပတင်ပို့ ရောင်းချသူ တွေက မရောင်းနိုင်၊ လယ်သမားတွေအကြီး အကျယ် ဒုက္ခရောက်ကြရပါတယ်။

မြန်မာနိုင်ငံမှာ ဆန်အထွက်ကိုလေ့လာထားတဲ့ ကုလအစားအစာနဲ့ စိုက်ပျိုးရေးအဖွဲ့ (UNFAO) မြန်မာနိုင်ငံမှာ တနှစ်ကို ဆန်တန်ချိန် ၁၈ သန်းထွက်တယ်လို့ ခန့်မှန်းပါတယ်။ အဲဒီထဲကမှ တန် ၁၀ သန်းလောက်ကို မြန်မာပြည်သူတွေက စားသုံး ပါတယ်။ ဒီလိုဆိုရင် တန်ချိန် ၈ သန်းလောက်ရောင်းဖို့ ကျန်နေပါသေးတယ်။ တကယ်တော့ UNFAO အဖွဲ့ရဲ့ ကိန်းဂဏန်း တွေက အစိုးရဆီက ယူထားတာပါ။ သိပ်တော့ မမှန်လောက်ဘူးဆိုပါတယ်။ တခါ အမေရိကန်ပြည်ထောင်စု စိုက်ပျိုးရေး ၀န်ကြီးဌာန ကိန်းဂဏန်းတွေအရ မြန်မာပြည်မှာ တနှစ်ဆန်အထွက် ၁၁ သန်းလောက်သာ ရှိတယ်ဆိုပါတယ်။ သူတို့လူ တွေက စိုက်ဧက၊ အထွက်နှုန်းစတာတွေ လေ့လာတွက်ချက်တာပါ။ ဒီကိန်းဂဏန်းက ပိုမှန်နိုင်ပါတယ်။ မြန်မာနိုင်ငံက ဆန် နိုင်ငံခြား ကို တင်ပို့တာ တန် ၁ သန်းအောက်မှာပဲ ရှိပါတယ်။ လယ်သမားတွေက အရင်းအနှီးနည်းတော့ ကောင်းကောင်း မထုတ်နိုင်၊ အထွက်လည်း ကျပါတယ်။ လယ်ကူလီ ကျပမ်းအလုပ်သမားတွေလည်း ကျေးလက်မှာ အလုပ် လက်မဲ့ဖြစ်ရပါတယ်။ ဆင်းရဲတွင်းနက်ရပါတယ်။ လယ်သမားတွေကလည်း တသက်လုံးစုဆောင်းလာတဲ့ ကျွဲနွား၊ ရွှေ၊ စုဆောင်းငွေလေးတွေ ချသုံးရတာ အခုတော့ ဖြူကာပြာကာကျနေပါပြီ။ နာဂစ်မုန်တိုင်း ၀င်မွှေခံရသူတွေအဖို့ ပိုဆိုးပါတယ်။

တခါ မြန်မာပြည်က လယ်ကွက်ပေါက်ဈေး ဆန်ဈေးက ဗီယက်နမ်မှာရတဲ့ဈေးရဲ့ တ၀က်လောက်ပဲ ရှိပါတယ်။ အကြောင်း က ဆန်အရည်အသွေးညံ့တာ၊ ဆန်ကျိတ်ခွဲပုံညံ့တာ၊ အစိုဓာတ်မကင်းတာ၊ ပြည်ပပို့ရာမှာ နာမည်ကောင်းမရတာတွေ ကြောင့်ပါ။ တဖက်မှာ ဆန်ကို တင်ပို့ဖို့ သယ်ယူပို့ဆောင်ရေးလမ်းကြောင်းနဲ့ ခေတ်ပေါ်ကျိတ်ခွဲစက်တွေ၊ သိုလှောင်ရုံတွေ၊ ဆိပ်ကမ်းတွေ လည်း ကောင်းကောင်းအစိုးရက မထောက်ပံ့ထားပြန်ပါဘူး။ ကျန် ဗီယက်နမ်နဲ့ ထိုင်းလယ်သမားတွေမှာ ဗဟိုစနစ်က လာတဲ့ လျှပ်စစ်မီးကိုသုံး ကျိတ်ခွဲ၊ အခြောက်ခံနိုင်ပေမယ့်၊ မြန်မာလယ်သမား၊ ဆန်စက်ပိုင်ရှင်တွေက ကိုယ်တိုင်ဒီဇယ်နဲ့ မီးစက် မောင်းနေကြရပါတယ်။ အဲဒါအပြင် ဆန်ကိုနိုင်ငံခြားတင်ပို့ဖို့ ပါမစ် (ခွင့်ပြုချက်) က လူနည်းစုပဲ အခွင့်ထူးခံသဖွယ် ရကြတာပါ။ ဒီအခါ လက်ဝါးကြီးအုပ်သဘောဖြစ်လာပြီး လယ်သမားတွေက ကမ္ဘာ့ပေါက်ဈေးအတိုင်း မရကြတော့ဘဲ ပေးသမျှဈေးနဲ့ပဲ ချရောင်းကြရပါတယ်။ အဲသည်အခါ လယ်သမားတွေက ရနိုင်သမျှ သဘာဝအရင်းအမြစ် တွေကို ပိုသုံးရပါတယ်။ ထင်းများများ ခုတ်ရောင်းတော့ တောပြုန်းပါတယ်။ ရေခမ်းလာပါတယ်။ ငါးများများ ပိုဖမ်းတော့ သားငါး ရှားပါးလာပါတယ်။ ဒီလယ်တခုထဲ အကြိမ်ကြိမ်ပြန်စိုက်တော့ မြေဆီခမ်း၊ အထွက်ကျပါတယ်။ တောင်ယာတော ချဲ့ထွင်တော့ သစ်တောပြုန်းပါတယ်။ လယ်သမား တွေက ဒီလိုစနစ်အောက်မှာ ကိုယ့်ရဲ့စိုက်ပျိုးရေး ဂေဟစနစ်ကို ကိုယ့် ဘာသာ ပြန်ဖျက်သလို ဖြစ်လာခဲ့ပါတယ်။ ဆိုးကျိုးတွေက များပါတယ်။ အာဟာရချို့တဲ့မှု၊ ဆင်းရဲမွဲတေမှု၊ ကလေးတွေ ကျောင်းမထားနိုင်တာ၊ မိသားစုတွေ ကြွေး လည်ပင်းနစ်တာတွေ ဖြစ်လာပါတယ်။ ပြင်မယ်ဆိုရင် တကြောလုံးပြင်ဆင်ရ မယ့်ကိစ္စ ဖြစ်ပါတယ်။ ဒါတောင် သူလေ့လာခဲ့ ရတဲ့ နေရာတွေက တောင်တန်းဒေသ၊ တိုင်းရင်းသားဒေသတွေ မပါဝင်သေး ဘူးဆိုတာ ဒေးဗစ်ဒါပိစ်က ဖော်ပြခဲ့ပါတယ်။

Micro-finance လို့ခေါ်တဲ့ အသေးစား ငွေချေးလုပ်ငန်းတွေ အချို့နေရာတွေမှာ ရှိပါတယ်။ ဒါတွေက လိုအပ်ချက်ကို အလုံးစုံ မဖြည့်ဆည်းနိုင်ပါဘူး။ မြန်မာ့စိုက်ပျိုးရေးနဲ့ ကျေးလက်ဖွံ့ဖြိုးရေးဘဏ်က ထုတ်ချေးပေးတဲ့ ချေးငွေကလည်း လယ်သမား တွေလိုအပ်ချက်ရဲ့ ၁၀% လောက်ပဲ ပံ့ပိုးနိုင်ပါတယ်။ စိုက်/ဘဏ်က စုစုပေါင်းချေးငွေက တနိုင်ငံလုံးမှ ဒေါ်လာသန်း ၂၀ သာရှိပြီး လိုအပ်နေတာက ဒေါ်လာသန်း ၂၀၀၀ လောက် ရှိပါတယ်။ အစိုးရက ပုဂ္ဂလိကလုပ်ငန်းရှင်တွေကို ပံ့ပိုးငွေချေးဖို့ အားပေးနေပေမယ့်လည်း ဘဏ်အများစုက လက်ငင်းမှာ ကျေးလက်ကို အခြေမပြုနိုင်ကြသေးပါဘူး။ မြို့ပေါ်လောက်သာ ရှိတာပါ။ သူအကြံပြုတာကတော့ စိုက်ပျိုးရေးဘဏ်ကို ပိုမိုပံ့ပိုးပေး၊ ငွေတိုးတက်ချေးမယ် ဆိုရင်လည်း ၀န်ထမ်းတွေကို လေ့ကျင့်သင်တန်းပေးမှုတွေ၊ ဆည်မြောင်းကိစ္စတွေမှာလည်း လေ့ကျင့်သင်တန်းပေးတာတွေ လိုမယ်လို့ ဖော်ပြပါတယ်။ နောက်တော့ ကျေးလက်က လူတွေ အလုပ်အကိုင်များများဖန်တီးပေးဖို့ အခြေခံအဆောက်အဦ လုပ်ငန်းတွေ ချပေးဖို့ လိုလိမ့်မယ် ဖော်ပြပါတယ်။ နိုင်ငံတကာကလည်း ကူညီမယ်ဆိုရင် ချေးငွေသဘောထက်၊ လုံးဝအလွတ် ကူညီပေးတာမျိုးသာ ပိုအလုပ်ဖြစ်နိုင်မယ်၊ အစိုးရဖက်ကလည်း မူဝါဒ၊ အုပ်ချုပ်ရေး လူအရင်းအမြစ်၊ ဘဏ္ဍာငွေ ဖက်ပေါင်းစုံ ပံ့ပိုးပေးဖို့ လိုအပ်မယ် ဆိုတာမျိုး တင်ပြခဲ့ကြောင်းပါ ခင်ဗျား။ အားလုံး ငြိမ်းချမ်း ပျော်ရွှင်ကြပါစေ။

(ယခု ဆောင်းပါးကို လွတ်လပ်သောအာရှအသံ မြန်မာပိုင်းအစီအစဉ် RFA မှ ထုတ်လွှင့်သွားခဲ့ပြီး ဖြစ်ပါသည်။ RFA ၏ မူပိုင်သာဖြစ်ပြီး ပြန်လည်ဖော်ပြခြင်း ဖြစ်သည်။)

No comments:

Recent Comments